စည်းကမ်းထိန်းသိမ်းရေးအဖွဲ့
Vol. 43 Ch. 4.163
"သူက ထျန်းလုံကျောင်းတော် စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ရဲ့ အဖွဲ့ဝင်ပါ!"
ရူယန်းက နှိမ့်ချသောအသံဖြင့် သတိပေးလာခဲ့သည်။
“ဟုတ်တယ်!”
လူလတ်ပိုင်းအရွယ်က အောင်ပွဲများနှင့် ပြည့်နေသော သူ့မျက်နှာကို မော့ပြကာ အော်ပြောလာသည်။ ထို့နောက် သူက လက်ညိုးထိုးပြပြီး
"ထျန်းလုံမြို့က စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ရဲ့ အထောက်အထားကို မင်းသိလား? ငါတို့က ထျန်းလုံကျောင်းတော်ကို ကိုယ်စားပြုတယ်... ငါတို့ကို တော်ဝင်မိသားစုကတောင် မျက်နှာသာပေးရမယ်.... ငါမင်းကို အသက်ရှင်စေချင်ရင် မင်းသေလို့ မရဘူး... ငါမင်းကို သေစေချင်တယ် ဘယ်သူမှ မင်းကို မကာကွယ်နိုင်ဘူးကွ!"
"ရူယန်း... ဦးလေးလည်း မင်းကြီးပြင်းလာတာကို ကြည့်နေခဲ့တာပါ... မင်းရဲ့မိဘတွေကို ငါသာ ဂရုမစိုက်ခဲ့ရင် သူတို့ ဟိုးအရင်ကတည်းက သေသွားလောက်ပြီ... ဘာပဲဖြစ်ဖြစ် အခုလည်း သေသွားပြီဆိုတော့ မင်းကို စောင့်ရှောက်ရမယ့် တာဝန်က သဘာဝအတိုင်းပဲ ဒီဦးလေးဆီ ရောက်လာပြီ"
"မင်းရဲ့မိဘတွေက ဒီဦးလေး ငါမပါဘဲ ဒီလိုနောက်ခံသမိုင်းနဲ့ ဒီလို ရတနာနယ်မြေကို သိမ်းပိုက်နိုင်မှာ မဟုတ်ဘူး ဆိုတဲ့အကြောင်း မင်းသိထားရမယ်နော်.... ဟမ့် မင်း နာခံမှုရှိရင် ဦးလေးက မင်းရဲ့အနာဂတ်ကို ကာကွယ်ပေးမှာပဲ.... အနာဂတ်မှာ ထျန်းလုံကျောင်းတော်ကို ဝင်ဖို့ဆိုတာလည်စ မဖြစ်နိုင်တာ မရှိဘူး"
သူက ဟစ်အော်ရင်း သူ့မျက်လုံးတွေက ညစ်ပတ်တဲ့ အကြည့်တွေကို ပေါ်လွင်လာခဲ့ကာ
"မင်းက မနာခံဘူးဆိုရင်တော့ ငါ့ရဲ့အရင်က ခံစားချက်တွေကို ဂရုမစိုက်ဘူး ဆိုပြီး မင်းဦးလေးကို အပြစ်မတင်နဲ့"
ဝမ်လင်မှာ ဆိုးယုတ်တဲ့ ခွေးတစ်ကောင် ရှိသောကြောင့် အလွန်ဒေါသ ထွက်သွားသည်။ သူ့ကိုယ်သူ မိဘမဲ့တစ်ယောက်ရဲ့ ဦးလေးလို့ ပြောနေသေးတယ်ပေါ့။ သူမကို အကူအညီ လိုနေတာကိုတောင် ရှုတ်ချတဲ့ စကားတွေချည်း ပြောနေ၏။
"ဆရာ.... ထျန်းလုံကျောင်းတော်က လူတွေ အားလုံးက ဒီလိုပဲလား?"
ဝမ်လင်မှာ အသက်ပြင်းပြင်း ရှူပြီးနောက် ရုတ်တရက် ငြိမ်သက်သွားပြီး သူမ၏ အသံမှာ စိတ်ပျက်ချင်း များစွာဖြင့် ပြည့်နှက်နေလေသည်။
လုရွှမ် ဝမ်လင်ရဲ့ ခေါင်းကို ပွတ်သပ်ရင်း သူမကို ဆက်မတွေးစေ ချင်တော့တာကြောင့်။
"လူကောင်း တချို့လည်း ရှိပါသေးတယ်.... ဒါပေမဲ့ တချို့အချိန်တွေမှာ မူးနောက်နောက်နဲ့ ပတ်ပြေးနေတဲ့ လူသေးသေးလေးတွေလည်း အမြဲရှိနေတတ်တယ် ဒါက ရှောင်လွှဲလို့ မရဘူး"
"ဒါပေမဲ့ လူယုတ်မာတွေ ဆိုတာ ဘယ်တော့မှ မအောင်မြင်နိုင်ပါဘူး.... မကြာခင် သုတ်သင်ခံရတော့မှာ... အဲဒီအချိန်ကျရင် အမှောင်ထုကို ဖြိုခွဲပြီး ဖြောင့်မတ်တဲ့သူတွေ ထွက်ပေါ်လာလိမ့်မယ်... "
ဝမ်လင် မျက်လုံးများ တောက်ပလာပြီး သူမက ခေါင်းညိတ်ပြလိုက်သည်။
"နားလည်ပါပြီ တပည့် ကြိုးစားပါ့မယ်"
အနာဂတ်တွင် ဝမ်လင်သည် ထျန်းလုံကျောင်းတော်၏ ကျောင်းအုပ်ကြီး ဖြစ်လာပြီး ထျန်းလုံကျောင်းတော်သည် တိမ်ပင်လယ် နယ်မြေတွင် မြင့်မြတ်သော နေရာတစ်ခု ဖြစ်လာခဲ့တာဟာ ယနေ့ သူ့ရဲ့အားပေးမှုကြောင့် ဆိုတာ လုရွှမ် လုံးလုံးမသိခဲ့ချေ။
လူလတ်ပိုင်းအရွယ် အမျိုးသားက
“အရူးတွေက အိပ်မက်တွေ အကြောင်း ပြောနေကြပါလား? ဒီကမ္ဘာမှာ ရူးသွပ်တယ် ဆိုတာ အမြဲ မတည်မြဲတတ်ဘူးကွ!”
ပြောပြီးနောက် ဝမ်လင်အား စိုက်ကြည့်လိုက်ကာ
“ကောင်မလေး.... မင်းက ဝယ်သူပဲ ဟုတ်တယ်မလား? ဒီနေရာမှာ ရူယန်းရဲ့ စကားက အကျုံးမဝင်ဘူး... ငါ့စကားကပဲ အကျုံးဝင်တာ”
သူ့မျက်လုံးတွေက ဝမ်လင်တို့ရဲ့ ပစ္စည်းတွေကို ဖြတ်ကျော်သွားတော့ လောဘကြီးတဲ့ အရိပ်အယောင်တွေ ဖြတ်ပြေးသွား၏။ သူက မျက်လုံးပြူးပြီး ပြုံးပြလိုက်သည်။
"ငါ့အိမ်ဝယ်ချင်ရင် ရပါတယ်...မင်းရဲ့ ဒီပစ္စည်းတွေနဲ့ဆို လုံလောက်ပြီ"
"ဘာ?? ဒီအိမ်ကြီးက အလယ်အလတ်တန်းစား ဝိညာဉ်ကျောက်တုံးပေါင်း ၁သိန်းလောက်ပဲ တန်တာ.... အဲဒီလောက်များတဲ့ ငွေနဲ့ လုံးဝ မတန်ပါဘူး"
ရူယန်းက အော်ဟစ်လာ၏။
လူလတ်ပိုင်းအရွယ် အမျိုးသားက ရူယန်းကို တစ်ချက် ကြည့်လိုက်ပြီး
"ကောင်မလေး... ဒါနင်ဝင်ပါရမယ့် နေရာ မဟုတ်ဘူး ပါးစပ်ပိတ်ထား!!"
ရူယန်းသည် မဝံ့မရဲ နောက်ဆုတ်သွားပြီး ဝမ်လင်၏လက်ကို ညင်သာစွာ ဆုပ်ကိုင်ကာ သူမကို မဝယ်ရန် အချက်ပြလိုက်သည်။
"ဟေ့ ကောင်လေး မင်းရဲ့ ကျင့်ကြံမှုအခြေခံက နည်းနည်းတော့ နိမ့်ပေမယ့် မင်းကို စကားပြောခွင့် ရှိသူလို့ သတ်မှတ်လိုက်မယ်.... မင်းပစ္စည်းတွေ အားလုံးကို ငါ့လက်ထဲ ထားခဲ့.... ဒီအိမ်ကြီးကို မင်းကိုရောင်းလိုက်မယ် ဘယ်လိုလဲ?"
သူက လုရွှမ်ရှေ့ကို မောက်မာစွာ လျှောက်လာပြီး စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ရဲ့ တံဆိပ်ကို တမင်တကာ ဝေ့ယမ်းပြလိုက်သည်။
"ကောင်လေး.... မင်းအပြင်မြို့ကနေ ဝင်လာတာမလား? မြို့တွင်းက ဘယ်လောက် အေးချမ်းသာယာတယ်ဆိုတာ ဒဏ္ဍာရီ တော်တော်များများကို ကြားဖူးကြမှာပါ.... ဒါပေမယ့် ဒီကို ရောက်ဖူးသူ တစ်ယောက်အနေနဲ့ မင်းကို မျက်စိမှိတ်ပြီး ပြောပြရမယ် ဆိုရင် ငြိမ်းချမ်းရေးက ခွန်အားနဲ့ ဆက်စပ်နေတယ်ကွ.... ထျန်းလုံ အစောင့်တွေက အိုးမဲ့အိမ်မဲ့တွေကို စောင့်ရှောက်တာ မဟုတ်ဘူး"
လုရွှမ်က ကျယ်လောင်စွာ ရယ်မောရင်း တစ်ဖက်လူရဲ့ တိုက်တွန်းမှုကို ငြင်းဆန်လိုက်သည်။
"အိုး... ဒါဖြင့် ဒီကလူကြီးမင်းက ဘာကိုဆိုလိုတာလဲ? ခင်ဗျား စကားတစ်ခွန်း ပြောလိုက်တာနဲ့ ကျုပ်က မြို့ထဲမှာ အိမ်တစ်လုံးတောင် ဝယ်လို့ မရနိုင်တော့ဘူးပေါ့ ဟုတ်လား?"
"ဟုတ်တယ်.... ငါမင်းလို ထက်မြက်တဲ့ သူတွေနဲ့ စကားပြောရတာ ကြိုက်တယ်"
လူလတ်ပိုင်းအရွယ်က ပြောပြီး သူ့မျက်လုံးတွေက ရူယန်းကို စိုက်ကြည့်လိုက်သည်။
"တကယ်လို့ တစ်ယောက်ယောက်က လာလုယက်ရင်ရော?"
ဝမ်ကျောက်က ဟစ်အော်လိုက်သည်။ လူလတ်ပိုင်းအရွယ် အမျိုးသားက တစ်ဖက်ကို လှည့်၍
“လူကြီးတွေ စကားတွေ စကားပြောနေရင် ကလေးတွေ ဝင်မပါနဲ့!"
သူက ဝမ်ကျောက်ကို လက်လွှဲ ရိုက်လိုက်သည်။ လျှပ်တပြက် အတွင်း လူလတ်ပိုင်း အမျိုးသား၏ လက်ဖဝါးကို လုရွှမ်မှ ဆုပ်ကိုင်ထားလိုက်ပြီး နောက်ပြန်လှည့်ကာ ရိုက်ချပစ်လိုက်သည်။
"ရှောက်ကျောက် နောက်ကျရင် ဒီလိုလူတွေကို ကြုံသလို စကားမပြောနဲ့.... အဲဒါ မင်းရဲ့ဂုဏ်သိက္ခာကို ကျစေတယ်"
လူလတ်ပိုင်းအရွယ် အမျိုးသားက သူ့မျက်နှာကို ဖုံးကာ လုရွှမ်ကို ကြောက်လန့်တကြား ကြည့်လိုက်သည်။ သူက ငတုံး မဟုတ်ပေ။ ဒီအချိန်မှာ သူခက်ခဲတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာကို သိသောကြောင့် ပြင်းထန်စွာ ဟစ်အော်လိုက်သည်။
"ရူယန်း.... ဟုတ်ပြီ နင်က ကျောထောက် နောက်ခံရှိတဲ့ လူကိုတွေ့သွားပြီပေါ့ ဟုတ်လား? ကောင်းတယ် ဒီနေ့ကျရှုံးတာကို ငါဝန်ခံတယ်!!"
ပြောပြီး ပြေးထွက်သွားတော့သည်။ ဝမ်ကျောက်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး
"သူကကြောက်လို့ ထွက်ပြေးသွားတဲ့ ခွေးတစ်ကောင် အတိုင်းပဲ အဟားဟား"
ဝမ်လင်လည်း မရယ်ဘဲကို မနေနိုင်လိုက်ပေ။ ရူယန်းက ပြုံးနေပေမယ့် သူမ အပြုံးတွေက ကြောက်ရွံ့ ထိတ်လန့်မှုတွေ ပြည့်နှက်နေသေးသည်။
"ဆရာ... ဘာလို့ သူ့ကို လွှတ်ပေးလိုက်တာလဲ? ကျားကို တောင်ပေါ် ပြန်လွှတ်လိုက်တာက အဆုံးမဲ့ ဒုက္ခတွေကို ဖြစ်လာစေမှာ မဟုတ်ဘူးလား?!"
ဝမ်ကျောက် အော်ပြောပြီးနောက် သူ့အစ်မဆီက ပြင်းပြင်းထန်ထန် အခေါက်ခံလိုက်ရလေသည်။
"နင် ဘယ်တုန်းက ဒီလောက် ရက်စက် တတ်သွားတာလဲ? ကရုဏာထားရမယ်လေ သက်ညှာပေးရမယ်!"
"ရှောက်ကျောက် မင်းအစ်မပြောတာ မှန်တယ်.... ရေနက်ထဲသွားမှ ငါးကြီးတွေ ဖမ်းလို့ရမှာ!"
လုရွှမ်ကလည်း ပြုံးပြီး ပြောလိုက်၏။ ဝမ်ကျောက် ရယ်မောလိုက်ပြီး ဝမ်လင်အနား တိုးကပ်သွားကာ တိုးတိုးတိတ်တိတ် ဆိုလေသည်။
"ဆရာက မထင်ရဘူးနော်"
"ကောင်းပြီ... ဒီနေရာကို ငါကြည်ရသလောက်တော့ သိပ်မဆိုးဘူး... ပစ္စည်းတွေ အိမ်ထဲကို အရင်ရွှေ့လိုက်ကြ"
လုရွှမ် ဆုံးဖြတ်ချက် ချလိုက်ပြီး မောင်နှမနှစ်ယောက်လည်း ပစ္စည်းတွေ အများကြီးကို အိမ်ထဲကို အမြန်ရွှေ့လိုက်ကြသည်။
ရူယန်းမျက်နှာမှာ အနည်းငယ် မှိန်းဖျော့နေ၏။ ဒီလူတွေက ဘယ်ကနေများ ဒီလိုယုံကြည်မှုကို ရလာခဲ့သလဲ နားမလည်တော့ပေ။ တစ်ဖက်မှာ ထျန်းလုံကျောင်းတော်၏ စည်းကမ်းထိန်းသိမ်းရေးရုံး ဖြစ်ပေ၏။
သူမ ကြောင်တက်တက်ဖြင့် အိမ်ခန်းထဲသို့ ဆွဲခေါ်သွားတာ ခံလိုက်ရသည်။
သူမ သိလိုက်သည့် အချိန်တွင် လုရွှမ်နှင့် သူ့အဖွဲ့သည် ပစ္စည်းများ အားလုံးကို အိမ်ကြီးထဲသို့ ရွှေ့ပြောင်းပြီးပြီ ဖြစ်သည်။
လုံးဝ မသန့်ရှင်းရသေးတဲ့ အိမ်အပြင်ဘက်မှာတော် လူတစ်စုက သူတော်စင် သားရဲများနဲ့အတူ ပျံဝဲလာကြသည်။ သူတို့က အောက်ဆင်းမလာဘဲ လေထဲတွင် ရပ်တန့်လျက် လုရွှမ်တို့ လူလေးယောက်ကို ငုံ့ကြည့်နေသည်။
စုစုပေါင်း လူရှစ်ယောက်ရှိပြီး ပျံဝဲနေသော သူတော်စက် သားရဲတစ်ကောင်စီ စီးနင်းလာကာ ၎င်းတို့တစ်ဦးစီသည် ငွေအမြောက်အမြား တတ်နိုင်ကြောင်း ထင်ရှားလေသည်။ လှပသော ဝတ်စုံအောက်တွင် စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့၏ တံဆိပ်တစ်ခုစီ ရှိနေကြသည်။
ကျင့်ကြံမှု အခြေခံများက အားမနည်းကြချေ။ ၎င်းတို့အားလုံးသည် သူတော်စင်တစ်ပိုင်း အဆင့်၆မှ အဆင့်၇အတွင်း ရှိနေကြသည်။
"သူတို့အားလုံး စည်းကမ်း ထိန်းသိမ်းရေးရုံးက လူတွေပဲ!"
ရူယန်းက အော်ဟစ်ပြီး ဝမ်လင်အနောက်မှာ ပုန်းနေလိုက်၏။
"ကောင်လေး... မင်းက ထျန်းလုံကျောင်းတော် စည်းကမ်းထိန်းသိမ်းရေး အဖွဲ့က လူတွေကိုတောင် ရိုက်နှက်ရဲတယ်ပေါ့ ဟုတ်လား? မင်းက သေမင်းကို ရှာနေတာပဲ... အခု မင်းအတွက် ရွေးချယ်စရာ နှစ်ခုရှိတယ်။ ပထမတစ်ခုက ဒူးထောက်ပြီး တောင်းပန်ရမယ် ... မင်းပိုင်တဲ့ အရာအားလုံးအတွက် လျော်ကြေးအဖြစ် သတ်မှတ်ပေးရလိမ့်မယ်... ဒုတိယကတော့ အဆုံးထိ တိုက်ပွဲဝင်ရမှာပဲ... ဟမ့် ရလဒ်က ဘယ်လို ဖြစ်မလဲဆိုတာ မင်းသိမယ် ထင်ပါတယ်"
ငယ်ငယ်ရွယ်ရွယ်နဲ့ သူရဲကောင်းပီသတဲ့ လူတစ်ယောက်က ဂုဏ်ယူ ဝင့်ကြွားစွာ အော်ငေါက်ရင်း ထွက်လာသည်။ သူနဲ့ မလှမ်းမကမ်းမှာတော့ လူလတ်ပိုင်းအရွယ်က ညီငယ် တစ်ယောက်လို ဒူးထောက်လျက် ရှိနေ၏။
ဝမ်လင်တို့ မောင်နှမ နှင့် ရူယန်းတို့သည် အခြေခံအားဖြင့် တိုက်ခိုက်နိုင်စွမ်း မရှိသောကြောင့် လုရွှမ် ရူယန်းကို မွေးချင်းနှစ်ယောက် အနောက်တွင် ပုန်းစေခဲ့သည်။ သူသည် ကောင်းကင်သို့ ပျံတက်သွားပြီး ထိုလူငယ်ကို မျက်နှာမူလိုက်သည်။
"မင်းတို့ ရှစ်ယောက် အတူတူ လာကြတဲ့အတွက် ငါမင်းတို့ကို အနိုင်ကျင့်တယ်လို့ ပြောနေစရာ မလိုတော့ဘူးနော်"
လုရွှမ် ပြောလိုက်သည်။
ဒီလူတွေက တကယ့်ကို မာနကြီးပြီး ဘဝင်မြင့်ကြတာပဲ။ အရင်က မြို့အပြင်မှာ ထျန်းလုံအစောင့်နဲ့ တိုက်ပွဲအကြောင်း ရှင်းရှင်းလင်းလင်း သိထားမှာကတော့ အသေအချာပင်။
အခုလို အုပ်စုဖွဲ့ပြီး ရောက်လာတာက သူတို့သည် ထျန်းလုံအစောင့်ရဲ့ မျက်နှာကို ကယ်တင်လိုသောကြောင့် သို့မဟုတ် ထျန်းလုံအစောင့်ဆီက မျက်နှာသာ ရလိုသောကြောင့် ဖြစ်မည်။