ရုပ်ထု
Vol. 43 Ch. 4.165
"ဆရာ?"
ဝမ်လင် အထိတ်တလန့်ဖြင့် အော်လိုက်ပြီး သူ့မောင်ရဲ့ လက်ကို ပြင်းပြင်းထန်ထန် ဆုပ်ကိုင်မိသွားရာ ဝမ်ကျောက်မှာ အော်ဟစ်လေတော့၏။
"အစ်မ.... လွှတ်ဦးဟ နာတယ်"
လုရွှမ်က ပြုံးလိုက်ပြီး
"သူတို့ကို ပြဿနာသွားရှာမှာ မဟုတ်ဘူး... သွားပြီး နာမည်စာရင်း သွင်းလိုက်ကြရအောင်.... ဖြစ်နိုင်တာက ငါ ထျန်းလုံကျောင်းတော်ကို လျှော့တွက်ခဲ့မိတာပဲ... အဲဲဒီကျောင်းကို သွားကြည့်ဖို့ အချိန်မဖြုန်းတာ ကောင်းမယ်"
ဝမ်လင် မျက်လုံးများ တောက်ပလာပြီး သူမ လက်သီးများကို စိတ်လှုပ်ရှားစွာ ဆုပ်ထားလိုက်သည်။ သူမသည် ထျန်းလုံကျောင်းတော်ကို ဝင်ခွင့်ရဖို့ တောင့်တနေတာ ကြာလှပြီ။
ကျောင်းသားတွေရဲ့ လုပ်ရပ်တွေကို ထပ်ခါတလဲလဲ မြင်ကြားကြားခဲ့ရတာတွေ ဆက်တိုက်ဆိုသလို စိတ်ပျက်စရာတွေ ဖြစ်လာပေမဲ့ ဒီအဖြစ်အပျက်တွေ များလာလေလေ ထျန်းလုံကျောင်းတော်နဲ့ ပတ်သက်တဲ့ နားမလည်နိုင်တဲ့ ခံစားချက်တွေ စိတ်ထဲမှာ ပေါ်လာလေပဲ။
"ဆရာ ထျန်းလုံကျောင်းတော်မှာ ကျွန်တော်တို့ ဘာလုပ်ကြမှာလဲ? သူတို့မှာရှိနေတဲ့ အဆင့်က ဆရာ့ရဲ့ အနောက်မှာချည်းပဲ.... တခါတည်း ဆရာလက်နဲ့ ရိုက်ပစ်လိုက်လို့ ရတာပဲလေ ဟိုမှာ စာသင်ပြီး အချိန်ဖြုန်းနေဖို့ မလိုပါဘူး"
ဝမ်လင်က ဝမ်ကျောက်ရဲ့ ခေါင်းနောက်ကို ရိုက်ချလိုက်ပြန်၏။
"ဘာအချိန်တွေကို ဖြုန်းတီးပစ်မှာလဲ? နင် ကိုယ်တိုင်နဲ့ ရန်သူကို ရင်ဆိုင်ရတဲ့အခါ သိလာလိမ့်မယ်"
ဝမ်ကျောက်မှာ သူ့ခေါင်းနောက်ကို ပွတ်ရင်း ပြန်အော်လိုက်လေသည်။
"နင့်မောင် လုပ်ရတာလည်း တစ်သက်လုံး အဆိပ်မိနေတဲ့ အတိုင်းပဲ"
ဝမ်လင်က သူမမောင်လေးကို ကြည့်ကာ ရူယန်းကို လှည့်ကာ နှစ်သိမ့်ပေးလိုက်သည်။
ထို့နောက် လုရွှမ် အိမ်ပတ်လည်တွင် အခင်းအကျင်းများ ချထားလိုက်သည်။ ဝမ်လင်ကလည်း ရူယန်းအတွက် နေထိုင်စရာများ စီစဉ်ပေးသည်။ နောက်တစ်ခုက သူတို့က ဒီမှာ အိမ်ငှားတွေ ဖြစ်လာပြီး အတူတူ နေကြမှာ ဖြစ်တာကြောင့် အချင်းချင်း ဖေးမသင့်တယ် မဟုတ်လား။
ဝမ်လင်သည် ရူယန်းကို တပည့်အဖြစ် လက်ခံရန် လုရွှမ်ကို အစွမ်းကုန် လှုံ့ဆော်ခဲ့သော်လည်း လုရွှမ်က သဘာဝကျကျ ငြင်းဆိုခဲ့ပြန်သည်။ အသွင်သဏ္ဌာန်ထူးခြားသော ဝမ်လင်ရဲ့ နတ်ဘုရားမျက်စိကြောင့်သာ မဟုတ်ပါက လုရွှမ်သည် သူမအား သူ့တပည့်အဖြစ် လက်ခံရန် စိတ်မ၀င်စားခဲ့နိုင်ချေ။
အခုတော့ သူမအရည်အချင်းများကို မဖြုန်းတီးချင်ပေ။ သူမရဲ့ စရိုက်အရ လုရွှမ်က အနာဂတ်မှာ သူထွက်သွားခဲ့ရင်တောင် ဝမ်လင်ဟာ သူမကိုယ်ပိုင် အစွမ်းအစနဲ့ ကမ္ဘာကြီးကို ပုံဖော်နိုင်လိမ့်မယ်လို့ ယုံကြည်ထားလေသည်။
ဒါပေမဲ့ ရူယန်းကတော့ မတူချေ။ သူမမှာ သာမန် အရည်အချင်းတွေနဲ့ အားနည်းတဲ့ စရိုက်လက္ခဏာလည်း ရှိလေသည်။ ရိုးသားတဲ့လူက အနာဂတ်မှာ ကောင်းကောင်းမွန်မွန် လက်ထပ်ပြီး ရိုးရှင်းတဲ့ဘဝကို ဖြတ်သန်းလိုက်တာက ပိုကောင်းပါ၏။
အနားယူပြီးနောက် လုရွှမ်သည် ဝမ်လင်ကို ထျန်းလုံကျောင်းတော်သို့ ခေါ်ဆောင်သွားခဲ့သည်။
ထျန်းလုံမြို့မှာ ဘယ်အရာက အခမ်းနားဆုံး နေရာလဲလို့ မေးရင် လူတွေက ထျန်းလုံကျောင်းတော်လို့ပဲ ပြောကြလိမ့်မယ်။ အခုထိဧရိယာ အကြီးဆုံးနှင့် အချမ်းသာဆုံး နေရာသည် ထျန်းလုံကျောင်းတော် ဖြစ်တယ်လို့ လူများက ပြောနေကြဆဲ ဖြစ်သည်။
လုရွှမ် ကျောက်စိမ်းပြားထဲမှ ရူးတော့မလို ဖြစ်နေတဲ့ မိုးကြိုးငှက်ကို လွှတ်ပေးလိုက်သည်။ အထူးသဖြင့် ရွှေကျီးကန်းက အဆက်မပြတ် အနိုင်ကျင့်နေရတာကြောင့် သူ့ခမျာ လွတ်မြောက်ချင်လွန်းလို့ အရူးတစ်ပိုင်း ဖြစ်နေခဲ့သည်။
နောက်ဆုံးတွင် လုရွှမ် လွှတ်ပေးလိုက် သောအခါတွင် လျှပ်စီးငှက်သည် လုရွှမ် ခန္ဓာကိုယ်အား စိတ်လှုပ်ရှားစွာဖြင့် သူ့ဦးခေါင်းနှင့်ထိကာ နောက်တစ်ကြိမ် ပြန်ထည့်ခံရမှာကို စိုးရိမ်နေပုံ သူ့မျက်လုံးများတွင် မျက်ရည်များပင် ဝဲလာတော့သည်။
ဝမ်လင်မှာ ယခင်က နတ်ဆိုးဓား လက်ရှိလျှပ်စီးငှက်ကို စတဲ့ သူမ နားမလည်နိုင်သော အရာများကို သူမဆရာက ရှင်းရှင်းလင်းလင်း ထုတ်ပြနိုင်မှုနှင် ပတ်သက်၍ သံသယများ မရှိတော့တော့ချေ။
သူမအမြင်တွင် ဆရာမှာ အလုံးစုံနီးပါး သိကျွမ်းနားလည် တန်ခိုးရှင် ဖြစ်နေလေပြီ။
ထျန်းလုံကျောင်းတော် တံခါးပေါက်သည် အလွန်ခိုင်ခံ့ ကောင်းမွန်ပြီး အဝေးမှပင် ထိတ်လန့်တုန်လှုပ်ဖွယ် စွမ်းအားကို ခံစားနိုင်သည်။ နီးကပ်လာသောအခါတွင် ထိုတန်ခိုး၏ ရင်းမြစ်ဖြစ်သည့် တံခါးနောက်တွင် ရုပ်ထုတစ်ခု ပေါ်လာခဲ့သည်။
လုရွှမ်သည် ဝမ်လင်နှင့်အတူ ဆင်းသက်လာပြီး သူ့မျက်လုံးများက ရုပ်တုကို စူးစိုက်ကြည့်နေသည်။ ၎င်းသည် ထင်ရှားစွာ ထွင်းထုထားသော အမျိုးသမီးရုပ်တု ဖြစ်ပြီး ထျန်းလုံကျောင်းတော်ကို တည်ထောင်ခဲ့သူ ဟုန်ကျင်းကော်ပဲ ဖြစ်သည်။
ဒီလူက မရိုးရှင်းဘူး!
လုရွှမ် အလွန်ရှင်းလင်းစွာ ခံစားလိုက်ရတာက ရုပ်ထုပေါ်တွင် ထူးထူးခြားခြား ကျက်သရေရှိမှုကိုပင်။ ဒါက သာမန်ပန်းပုဆရာတွေ ဒါမှမဟုတ် လက်မှုပညာရှင်တွေ အလွယ်တကူ ထွင်းထုနိုငိတဲ့ အရာ မဟုတ်ဘူး။
ဒီထဲမှာ သူတော်စင် အငွေ့အသက်တွေ ရှိနေတယ်။
၎င်းကို သူတော်စင်နယ်ပယ်ကြီးနှင့် အထက်တွင် ရှိသူသာ လုပ်နိုင်လိမ့်မည်။ သို့သော် သူတော်စင်နယ်ပယ်ကြီးတိုင်း လုပ်နိုင်ကြတယ်လို့လည်း မဟုတ်ပေ။ ဤသည်မှာ အထွဋ်အမြတ် လမ်းဆီသို့သွားရာ တစ်ခုတည်းသော နည်းလမ်းဖြစ်ပြီး လုရွှမ်လည်း တစ်ချိန်က ထိုအဆင့်ကို ဖြတ်သန်းခဲ့ဖူးသည်။
အချိန်အတော်ကြာ ဂရုတစိုက် ကြည့်ပြီးနောက် လုရွှမ် တိတ်တဆိတ် သက်ပြင်းချလိုက်သည်။
"သနားစရာပဲ... ဒီအမျိုးသမီးက အဆုံးမှာတော့ အချိန်တိုတိုလေးနဲ့ ပြုတ်ကျသွားခဲ့တယ်"
"ဆရာ ဘာပြောလိုက်တာလဲ"
"ဘာမှ မဟုတ်ဘူး... ရှောင်လင် ဒီကိုလာပြီး အရိုအသေ ပေး.... ဒီအမျိုးသမီးက အံ့သြစရာ ကောင်းတယ်"
လုရွှမ်က ပြောလိုက်သည်။
ဝမ်လင်မှာ ထက်မြက်သူ ဖြစ်သည်။ ထျန်းလုံကျောင်းတော် တည်ထောင်သူနှင့် မတွေ့ဖူးသော်လည်း ဤရုပ်တုသည် မည်သူမည်ဝါ ဖြစ်သည်ကို သူမ နားလည်သည်။ သုံးကြိမ်တိုင်တိုင် ရိုသေစွာ ဦးညွှတ်ပြီး ဆုမွန်ကောင်းပင် တောင်းခဲ့သေး၏။
"ဘယ်သူက ငါတို့ ထျန်းလုံကျောင်းတော်ရဲ့ တံခါးရှေ့မှာ စုဝေးနေတာလဲ? ဘာရည်ရွယ်ချက်နဲ့လဲ"
အဝေးမှ လူတစ်စု ဖြတ်ပြေးလာခဲ့သည်။
လုရွှန်နှင့် ဝမ်လင်တို့သည် တစ်စုံတစ်ယောက် ရောက်လာမည့် အချိန်ကို တိတ်တဆိတ် စောင့်ဆိုင်းရင်း လေထဲတွင် ရပ်တန့်နေ၏။
"ဟမ့် မင်းကိုး.... ငါ့တပည့်တွေကို အနိုင်ကျင့်ခဲ့ ပြီးတာတောင် အခု မင်းကငါတို့နေရာထိ လိုက်လာရဲသေးတယ်ပေါ့လေ"
အဘိုးအိုက ကျယ်လောင်စွာ အော်လာ၏။ သူ့နောက်တွင် ယခင်က ထွက်ပြေးသွားခဲ့သော လူတွေထဲမှ လူငယ်တစ်ဦး ရပ်နေသည်။
ဝမ်လင်သည် ထျန်းလုံကျောင်းတော်က ကျောင်းသားများ၏ မောက်မာမှုကို မြင်သောအခါ အလွန်စိတ်ပျက်ခဲ့ရသည်။ ယခု သူမကျောင်းကို ရောက်တော့လည်း ဆရာများက ခွဲခြား ဆက်ဆံပြီး တိုက်ရိုက်ဝေဖန်မှုများ ပြုလုပ်လာခဲ့ရာ သူမမျက်နှာက အနည်းငယ် အေးစက်လာခဲ့သည်။
"ဒီကအကြီးအကဲ...အကြီးအကဲက ထျန်းလုံကျောင်းတော်က ဆရာ မဟုတ်လား? ဇာတ်လမ်း တစ်ခုလုံးကို မစုံစမ်းဘဲ ဘာလို့ တစ်ဖက်သတ် စကားတွေကိုပဲ ယုံနေရတာလဲ?"
အဘိုးအိုက သူ့ရဲ့မီးခိုးရောင် မုတ်ဆိတ်မွေးများကို ပွတ်သပ်ရင်း
"ကောင်မလေး မင်းက ဘယ်သူလဲ? မင်းရဲ့ဆရာက ဘယ်သူလဲ? မင်းမှာငါ့ကို အပြစ်တင်ဖို့ သတ္တိရှိနေတယ်ပေါ့ ဟုတ်လား?"
လုရွှမ်က ရှေ့ကို လှမ်းပြီး အသံကို လွှင့်လိုက်သည်။
"သူ့ဆရာက ငါပဲ... မင်းကိုဘာလို့ အပြစ်တင်လို့ မရမှာလဲ? မင်းက အင်ပါယာရဲ့ ဧကရာဇ်လား ဒါမှမဟုတ် ထျန်းလုံကျောင်းတော်ရဲ့ ကျောင်းအုပ်ကြီးလား?"
အဘိုးအို၏ မျက်နှာသည် ဖြူဖျော့သွားကာ ခါးသီးစွာ အော်လိုက်တော့သည်။
"မင်းတို့ဒီကို ဘာလာလုပ်တာလဲ?"
"ကျောင်းတော်ကြီး လေးခုထဲက ထျန်းလုံကျောင်းတော်မှာ ဘာထူးခြားတာတွေ ရှိလဲ ကြည့်ဖို့ လာကြည့်တာ"
ထိုအခါ အဘိုးအိုက
“ပြောနေတာ နေ့တစ်ဝက်လောက် ရှိပြီ...လတ်စသတ်တော့ တပည့်ခံဖို့ လာတာကိုး.... ဟမ့် ငါတို့ကျောင်းက ကျောင်းသားတစ်ယောက်ကို ဒဏ်ရာရသွားအောင် လုပ်ပြီးတာတောင် မင်းက ကျောင်းထဲ ဝင်ချင်သေးတာလား? မင်းကို ပြောလိုက်မယ် ငါဒီမှာရှိနေသရွေ့ မင်း..."
လှံရှည် တစ်ချောင်းသည် လုရွှမ်လက်ထဲတွင် ဖျတ်ကနဲ ပေါ်လာပြီး နောက်အခိုက်အတန့်တွင် လှံရှည် ပျောက်ကွယ်သွား၏။ ရုတ်တရက် ပြန်ပေါ်လာသောအခါတွင် အဘိုးအို၏ ထိုင်ခုံအောက်တွင် ရှိသော သူတော်စင်သားရဲမှာ ထိုးဖောက်ခံလိုက်ရပြီ။
"မင်းရှိနေတော့ ဘာဖြစ်လဲ?"
"အတင့်ရဲလိုက်တာ!"
အဘိုးအိုသည် ဒေါသတကြီးဖြင့် ဓားကိုဆွဲထုတ်ကာ လုရွှမ်ဆီသို့ ပြေးသွားဖို့ ပြင်နေ၏။ လုရွှမ်၏ စိတ်ဝိညာဉ် စွမ်းအားသည် အလွန် အားကောင်းသောကြောင့် သူ့ပတ်ဝန်းကျင်ရှိ အရာအားလုံးကို လွှမ်းခြုံထားပြီးပြီ။
"လူအိုကြီး... အစောတုန်းက ပစ်ချက်က မင်းရဲ့သားရဲကို ပစ်မှတ်ထားခဲ့တာ... နောက်ပစ်ချက်ကိုတော့ မင်းရဲ့ခေါင်းကို ချိန်ထားရလိမ့်မယ်"
အဘိုးအိုမှာ ခဏမျှ အေးခဲသွား၏။ အကယ်၍ ထိုလှံရှည်ဖြင့် အပစ်ခံရလျှင် သူ့ဦးခေါင်းကို လာမည့်ပစ်မှတ်အား တားနိုင်မည် မဟုတ်ကြောင်း သူကောင်းကောင်း သိလေသည်။
"ခဏနေဦး!"
နောက်ထပ် လူတစ်စု ပြေးထွက်လာကြသည်။
ခေါင်းဆောင်မှာ အဘွားကြီးဖြစ်ပြီး ကျင့်ကြံသူများစွာကို ဦးစီးဦးဆောင်လာ၏။ သို့သော် ကျင့်ကြံသူများနှင့် မတူဘဲ ပန်းတစ်ပွင့်ကဲ့သို့ လှပပြီး လေးနက်သော အမူအရာများ၊ စွဲမက်ဖွယ်ကောင်းသော အနေအထားနှင့် မိန်းကလေးများ ဖြစ်ပြီး သူတို့ခန္ဓာကိုယ် အနှံ့ မသိစိတ်မှ ဝိညာဉ်ဆိုးများ ပွင့်လန်းနေသည့် အတိုင်းပင်။
အဘွားကြီးက ပြေးလာပြီး ဝမ်လင်ရှေ့ ရောက်လာခဲ့သည်။ ဝမ်လင်ကို အပေါ်အောက် ငုံ့ကြည့်ကာ သူမ၏ မျက်နှာပေါ်တွင် အပြုံးပန်းများ တဖြည်းဖြည်း ပွင့်လာခဲ့သည်။ သူမက ဝမ်လင်ဘက်သို့ လက်ကိုဆန့်၍
"သမီးလေး.... အဖွားကို ကြည့်ခွင့်ပြုပါဦး"
ဝမ်လင် အသိစိတ်က အံ့သြသွားသော်လည်း လုရွှမ်ကို အရင်ကြည့်လိုက်၏။ ဝမ်လင်က ပြုံးပြီး အဆင်ပြေကြောင်း အချက်ပြလိုက်သည်။
အဘွားကြီးသည် ဝမ်လင်လက်ကို ဆုပ်ကိုင်လိုက်ပြီး ဟုန်ကျင်းကော်၏ ရုပ်တုရှေ့သို့ ဆွဲတင်လိုက်သည်။ အရင်က ဆူငေါက်နေတဲ့ အဘိုးအိုရဲ့ အမူအရာက သိသိသာသာ ပြောင်းလဲသွားပြီး
"ဒီမိန်းကလေးမှာ သဘာဝလွန် စွမ်းအားတွေ ရှိနေတာလား?"
“ပေါက်ကရတွေ!”
အဘွားကြီးသည် အဘိုးအိုအား တိုးညှင်းသောလေသံဖြင့် မထီမဲ့မြင်ပြုကာ ဆိုလိုက်သည်။
"အကြီးအကဲကျန်း... ရှင်ဘယ်တုန်းက စည်းကမ်းထိန်းသိမ်းရေး အဖွဲ့မှာ အဖွဲ့ဝင် ဖြစ်သွားလိုက်တာလဲ?"
အဘိုးအိုက ရှက်ပြီး နှစ်ကြိမ်ခန့် ရယ်မောလိုက်သည်။
"အကြီးအကဲပိုင်....ခင်ဗျားလည်း အလုပ်များနေတယ်... ကျုပ် လုပ်စရာ ရှိသေးတယ် ဆိုတော့ အရင် သွားနှင့်လိုက်ပါမယ်"
ဘာသာပြန် - လက်ရှိအပိုင်းထိ သူတော်စင် အဆင့်တွေက သူတော်စင်တစ်ပိုင်း၊ သူတော်စင်နယ်ပယ်၊ သူတော်စင်ကြီး ဒါမှမဟုတ် သူတော်စင်နယ်ပယ်ကြီး။