လျှို့ဝှက်ဆန်းကြယ်သောနေရာ
Vol. 44 Ch. 4.168
"ရေတွင်း ဟုတ်လား?"
"ဟုတ်တယ်... ကျွန်တော်တို့က ရေတွင်းကို ခမ်းခြောက်သွားပြီလို့ ထင်နေတာ.... မမျှော်လင့်ဘဲ ရူယန်းက ကျောက်တုံးတစ်တုံးကို မတော်တဆ ကန်ချလိုက်တာ ရေဝင်လာတဲ့ အသံကို ကြားလိုက်ရတယ်"
ဝမ်ကျောက်က စိတ်လှုပ်ရှားစွာနဲ့ ရှင်းပြလိုက်သည်။ ရေတွင်းကို မြင်ပြီးနောက် သူ့မျက်လုံးများက တောက်ပနေလေသည်။ လက်တစ်ဖက်ဖြင့် ကျောက်ခဲကို ပစ်ချလိုက်ရာ ရေပန်းထွက်လာသံကို ကြားရသော်လည်း သာမန်မျက်စိဖြင့် မမြင်နိုင်အောင် အတွင်းဘက်တွင် အလွန်နက်ရှိုင်းနေ၏။
သူတို့နှစ်ယောက်ရဲ့ ခွန်အားက မလုံလောက်ပေမယ့် အမြင်အာရုံ ကောင်းနေသေးတာ သိသာလေသည်။
"အမ်... ဆရာ ကျွန်တော့်အစ်မရော? ဆရာနဲ့အတူ ပြန်မလာဘူးလား?"
လုရွှမ် တစ်ယောက်တည်း ပြန်လာတာကို ဝမ်ကျောက် သတိထားမိလိုက်သည်။
အတိုချုံး ရှင်းပြပြီးနောက် လုရွှမ် ရေတွင်းဆီသို့ လျှောက်သွားလိုက်သည်။ ဝမ်ကျောက် ပြောခဲ့သလိုပဲ သူတို့နှစ်ယောက်သာ မပြောပြခဲ့ရင် ရေတွင်း ရှိနေတာကို သူလည်းပဲ လုံးဝသတိထားမိမှာ မဟုတ်ဘူး။
ရေတွင်းသည် သူ့အလိုလို အတက်အကျ မရှိဘဲ အရာအားလုံးကို ဖုံးကွယ်ထားသလိုပင်။ သူ့ကိုမမြင်ခဲ့ရင် မေ့ပစ်ဖို့ လွယ်ပေမယ့် သူ့ကို သတိထားမိတာနဲ့ ထူးခြားမှုကို ချက်ချင်း သတိထားမိမှာပင်။
"ဆရာ... ရူယန်းရဲ့မိဘတွေ ကံဆိုး မိုးမှောင်ကျခဲ့ရတာ ဒီရေတွင်းကြောင့်များ ဖြစ်နိုင်မလား?"
ဝမ်ကျောက်က ပါးစပ်ထောင့်ကို လက်ဝါးဖြင့် အုပ်လျက် ရူယန်းကို ညွှန်ပြရင်း အသံတိုးတိုးနဲ့ မေးလိုက်လေသည်။
လုရွှမ် မလာခင်မှာ သူနဲ့ ရူယန်းတို့ဟာ ဒီရေတွင်းကို အချိန်အတော်ကြာ လေ့လာနေခဲ့ကြတာ ဖြစ်သည်။ အစပိုင်းတွင် ကျောက်တုံးများ၊ ဝိညာဥ်ကျောက်များ၊ လက်နက်များနှင့် သက်ရှိတချို့ကိုပင် ရေတွင်းထဲသို့ ပစ်ချခဲ့သေးသည်။
ဤရေတွင်းသည် အရာအားလုံးကို မျိုချသွားကာ အောက်ခြေမရှိသော တွင်းလို့ ထင်ရလောက်အောင် ဘာရေပန်းမှ မထွက်လာခဲ့ချေ။ လုရွှမ်သာ အချိန်မီ ပြန်မလာဘူးဆိုရင် ဝမ်ကျောက်မှာ သူကိုယ်တိုင် ဆင်းပြီး စစ်ဆေးဖို့တောင် ကြံစည်နေခဲ့သည်။
အပြင်မှ ဘာမှ မခံစားရသော်လည်း ရေတွင်းထဲသို့ ဝင်သောအခါတွင် အသက်ပြင်းပြင်း ရှူနေရသည်။ ၎င်းသည် ဝိညာဉ်စွမ်းအင် မဟုတ်ဘဲ ဝိညာဉ်စွမ်းအင်ထက် များစွာပို၍ ထိရောက်မှု ရှိလေသည်။
အသက်ပြင်းပြင်းရှူပြီး ခန္ဓာကိုယ်အတွင်း ၎င်းကို စုပ်ယူ၍ သန့်စင်လိုက်သည်နှင့် သူ့အား ပိုမိုအားကောင်းလာစေတာကို ခံစားရသည်။
"ဒါက ယွမ်ချီတွေပဲ"
လုရွှမ်လည်း ဒီရေတွင်းထဲမှာ ယွမ်ချီတွေ ရှိနေတာကို တွေ့ရတော့ အံ့သြသွားခဲ့သည်။
ဒါက ရိုးရိုးသာမန် ယွမ်ချီတွေ မဟုတ်ပေ။ ယွမ်ချီတွေ ရောထွေးနေတဲ့ ဝိညာဥ်ချီတွေပဲ ဖြစ်သည်။ ကျင့်ကြံသူတစ်ဦးသာ စုပ်ယူပြီး သန့်စင်လိုက်ရင် အကျိုး သက်ရောက်မှုက ကြီးမားမှာ သေချာလေ၏။
ယခင်ဘဝက လုရွှမ်သည် ယွမ်ချီ အကြောင်းကို သဘာဝကျကျ သိခဲ့ပြီး ဤချီငွေ့မျိုးသည် ကျင့်ကြံသူ များအတွက် ဝိညာဉ်စွမ်းအင်ထက် ပိုမိုထိရောက်သောကြောင့် သဘာဝအရ အလွန်ရှားပါးပါသည်။
ထိပ်တန်း ဧကရာဇ် အင်ပါယာများတွင်ပင် ၎င်းသည် သာမန် အနေအထားမျိုး၌ ရှိနေမှာ မဟုတ်ပေ။
၎င်းမှာ မြင့်မြတ်သော တောင်တန်းမျိုး သို့မဟုတ် သန့်ရှင်းသော သူတော်စင်ရေ တချို့ကဲ့သို့သော လျှို့ဝှက်နေရာ တချို့တွင်သာ ယွမ်ချီတချို့ကို သိမ်းဆည်းထားနိုင်သည်။
ဒီလို ရေတွင်းထဲမှာ လျှို့ဝှက်ထားတဲ့ ယွမ်ချီတွေ ရှိနေမယ်လို့ သူ မမျှော်လင့်ထားဘူး။
လုရွှမ်သည် ဒီရေတွင်းကြောင့် ရူယန်းရဲ့ မိဘတွေ နှုတ်ပိတ်ခံလိုက်ရတာလား မသိသော်လည်း ဒီရေတွင်းရဲ့ လျှို့ဝှက်ချက် ပေါက်ကြားသွားပါက ပြဿနာများစွာ ဖြစ်စေမှာကတော့ သေချာလေသည်။
"ရူယန်း... မင်းဦးလေး ဘယ်မှာလဲ"
"သူ သတ်သေသွားပြီ"
"ငါတို့အဆုံး မသတ်တော့ဘူးလို့ တစ်ခုခု အော်နေခဲ့သေးလား?"
လုရွှမ် ထိုလူဟာ ဒီလျှို့ဝှက်ချက်ကို သိထားရင် သူ့ကိုသေချာပေါက် ခြိမ်းခြောက်လာမယ် ဆိုတာ သိတာကြောင့် မေးကြည့်လိုက်သည်။ ရူယန်း ခေါင်းခါလိုက်ပြီး
"သူက မျက်စိစုံမှိတ်ပြီး လွှတ်ပေးဖို့ပဲ တောင်းဆိုနေတာ... ဘာမှ မထူးခြားဘူး အကြီးအကဲ ဒီထဲမှာ အရေးကြီးတဲ့ လျှို့ဝှက်ချက်တွေများ ရှိလို့လား?"
"လောလောဆယ်တော့ မသိရသေးဘူး.... အောက်ဆင်းကြည့်ဖို့ လိုတယ်.. ဝမ်ကျောက် မင်းနဲ့ရူယန်းက အပြင်မှာ စောင့်နေ.. ဘာပဲဖြစ်ဖြစ် ဆင်းမလာနဲ့ သိပြီလား"
သူတို့နှစ်ယောက်ကို ညွှန်ကြားပြီးနောက် လုရွှမ် သူတို့တစ်ဦးစီတွင် ဝိညာဉ်စွမ်းအင် အလင်းရောင် တစ်ခုကို ထိုးသွင်းလိုက်သည်။ ထို့နောက် ရေတွင်း နှုတ်ခမ်းဝတွင် အခင်းအကျင်း တစ်ခု တည်ဆောက်ကာ ရေတွင်းထဲသို့ ခုန်ဆင်းသွားခဲ့သည်။
အချိန် အကြာကြီး ပြုတ်ကျနေပေမယ့် အောက်ခြေမရှိတဲ့ တွင်းကြီးလိုပဲ ဆက်ကျနေ၏။ နောက်ဆုံးတွင် သူ့ရှေ့၌ မီးခိုးမြူတစ်ခု တက်လာပြီး လုရွှမ် ခန္ဓာကိုယ်သည် အထူးကန့်သတ်ထားတဲ့ လောကကို ဖြတ်ကျော်သွားသလို ခံစားလိုက်ရကာ သူ့အမြင်အာရုံမှာ လုံးဝ ပြောင်းလဲသွားခဲ့သည်။
ကျဉ်းမြောင်းသော တွင်းပေါက်မှာ ခြောက်ကပ် စိမ်းစိုနေသော ကျောက်တုံးနံရံကြီး မဟုတ်တော့ဘဲ အရောင် ငါးရောင်စီခြယ်ထားသော အခိုးအငွေ့များ အစီအရီ ရှိနေတာကို တွေ့လိုက်ရသော် လုရွှမ် သူကိုယ်တိုင်တောင် သတိမထားမိဘဲ တဖြည်းဖြည်း နစ်ဝင်သွားခဲ့သည်။
"သေစမ်း! ဒါက ဘယ်နေရာကြီးလဲ? လုရွှမ် မြန်မြန်ထစမ်း!"
လုရွှမ် ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်လှုပ်သွားပြီး စွဲလမ်းမှုမှ နိုးထလာကာ ထိုမှပင် သူသည် ကျောက်စိမ်းပြားထဲ ရောက်နေကြောင်း သတိပြုမိလိုက်သည်။ ရွှေကျီးကန်းက သူ့ကို ဒေါသတကြီး စိုက်ကြည့်နေပြီး ကလေးမလေးက စိုးရိမ်တကြီးနဲ့ သူ့လက်ကို ဆွဲထားလေ၏။
ရွှေကျီးကန်း၏ လေ့ကျင့်ပေးမှုကြောင့် ကလေးမလေး၏ ခွန်အားသည် ခုန်တက်ကာ စည်းချက်ဖြင့် တိုးတက်လာခဲ့ပြီး ယခုအခါ သူမသည် သူတော်စင် တစ်ပိုင်းကို ဖြတ်ကျော်ကာ အဆင့်၃ကိုပင် ရောက်ရှိနေပြီ ဖြစ်သည်။
ခိုင်ခံ့သော ကျင့်ကြံမှုက သူနဲ့ သိပ်မကွာတော့တာကြောင့် ကျောက်စိမ်းပြားမှ ထွက်သွားရန် အချိန်တန်ပြီ ဖြစ်ပေမည်။ ယခု ကလေးမလေးသည် သူ့ကိုယ်သူ ကာကွယ်ရန် လုံလောက်သော စွမ်းအားရှိနေပြီ ဖြစ်သည်။
"မင်း အခုဘယ်နေရာကို ဝင်လာတာလဲ? မင်းအစောက နှိုးလို့မရလုနီးနီး ဖြစ်သွားတာ သိရဲ့လား?"
ရွှေကျီးကန်းက ဒေါသတကြီး အော်ဟစ်ဆဲပင်။ အစောက လုရွှမ်ကိုယ်မှာ တစ်ခုခု မှားနေတယ်လို့ မခံစားမိသလို လုရွှမ်ကို ကျောက်စိမ်းပြားထဲ ဆွဲမထည့်ထားခဲ့ရင် လုရွှမ် နိုးလာမှာ မဟုတ်ဘူး။
ကျီးကန်း စကားကိုကြားတော့ လုရွှမ်လည်း ထိတ်လန့်သွားသည်။ သူ့တွင် ယခင်က ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို မမှတ်မိတော့ဘဲ ယခုအချိန်တွင်ပင် သူ့ခေါင်းက အနည်းငယ် မူးနောက်နေသေးသည်။
"ငါ့ရဲ့ ခန့်မှန်းချက်သာ မှန်မယ်ဆိုရင် မင်း မှားပြီး ဝင်လိုက်တဲ့ နေရာတွေက ဒီကမ္ဘာကြီးရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ နေရာတွေ ဖြစ်နိုင်တယ်... ငါအစောက ယွမ်ချီရဲ့ တည်ရှိမှုကို ခံစားလိုက်ရတယ် ဒါကြောင့် ဒါက အရင်းအမြစ် တစ်ခုရဲ့ ရေတွင်း ဖြစ်လိမ့်မယ်"
ရွှေကျီးကန်း ပါးပြင်များသည် အလွန်လေးနက်စွာ လှုပ်ရှားနေသည်။
"ဒါက ကမ္ဘာတစ်ခုရဲ့ မူလအစနဲ့ သက်ဆိုင်နေတဲ့ အရာပဲ.... မင်းအရူးလို သွားထိတွေ့မိရင် မင်းနဲ့ ရောထွေးသွားလိမ့်မယ်... သူတော်စင်တစ်ပိုင်း မပြောနဲ့ မင်းဘာသာ ကောင်းကင်ဧကရာဇ် ဖြစ်နေရင်တောင် စုပ်ယူနိုင်ခြေက ၅၀% ထက်ပိုတယ်"
"ဒါဆို ငါဘယ်လို ထွက်သွားရမလဲ?"
လုရွှမ် အံ့သြသွားသည်။
အရင်ဘဝတုန်းက သူဟာ နတ်ဘုရားတစ်ဆူလို ဖြစ်ခဲ့ပြီး အံ့သြစရာတွေ အများကြီး တွေ့ဖူးပေမယ့် ကမ္ဘာကြီးရဲ့ မူလအစလို လျှို့ဝှက်ဆန်းကြယ်တဲ့ နေရာကိုတော့ တစ်ခါမှ မကြားဖူးခဲ့ပေ။ ဒီတသက်မှာ တွေ့ရဖို့လည်း မမျှော်လင့်ထားသလို သေလုမျောပါးပါ ဖြစ်သွားခဲ့သည်။
"တခြားသူသာဆိုရင် သေမှာ သေချာတယ်.... ဒါပေမဲ့ မင်းက ကံကောင်းတယ်... အရင်က ပြိုကျနေတဲ့ကောင်းကင်ဘုံ ကမ္ဘာကနေ တချို့အရာတွေကို မင်းရခဲ့တယ် မလား? အဲဒါတွေက ဒီကမ္ဘာက မဟုတ်ဘူး....မူလအရင်းအမြစ် ပေါင်းစည်းခြင်းရဲ့ စွမ်းအားကို တွန်းလှန်နိုင်လိမ့်မယ်... မင်းအတွက် ရေတွင်းထဲကနေ လွတ်မြောက်ဖို့ အချိန်အလုံအလောက် ပေးနိုင်လောက်တယ်"
လုရွှမ် သက်ပြင်းချလိုက်သည်။ အတိတ်က အခွင့်အရေး တစ်ခုဆိုပြီး သူသိမ်းယူခဲ့တဲ့ ပစ္စည်းတွေက သူ့ကို ရှင်သန်ဖို့ လမ်းစ ဖွင့်ပေးလာလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။
ရွှေကျီးကန်းရဲ့ လမ်းညွှန်ချက်များအရ လုရွှမ် ကျောက်စိမ်းအတွင်းမှ ခုန်ထွက်လာခဲ့သည်။ တစ်ဖန် သူသည် ပတ်ဝန်းကျင် တစ်ခုလုံးက မြူခိုးမြူများကို ထူးထူးဆန်းဆန်း မြင်လိုက်ရပြီး အလင်းတန်းများက သူ့ခန္ဓာကိုယ်ထဲသို့ တိတ်တဆိတ် စိမ့်ဝင်လာတာကို ခံစားလိုက်ရသည်။
နတ်ဆိုးဓားကို ပြင်းပြင်းထန်ထန် ပစ်ထုတ်လိုက်သည်။ ပတ်ဝန်းကျင်သည် အခိုးအငွေ့များ ရုတ်တရက် ရွေ့လျားနေရာမှ ငြိမ်သက်သွားသလို ချက်ချင်း ရပ်တန့်သွားလေသည်။ လုရွှမ်လည်း အချိန်ကို ဆုပ်ကိုင်ထားရတာကြောင့် တွေးတောင် မတွေးဘဲ ကောင်းကင်ပေါ်သို့ တက်ကာ အခိုးအငွေ့နှင့် မြူခိုးများကို ဖြတ်ကာ ရေတွင်း အပြင်ဘက်သို့ ပျံသန်းသွားခဲ့သည်။
မြူခိုးတွေ ထပ်ပြီး လှိုင်းထန်နေတာကို ကြည့်လိုက်သော် နတ်ဆိုးဓားကို နယ်မြေရဲ့ မူလအစ စွမ်းအင်က ပေါင်းစပ်သွားကြောင်း သိလိုက်ရလေသည်။ သူသည် ပြိုကျနေတဲ့ကောင်းကင်ဘုံမှ ရလာသော ကျောက်တုံးကိုပါ အမြန် ပစ်ချလိုက်သည်။
ပြင်ပကမ္ဘာမှ အရာဝတ္ထုများကို အဆက်မပြတ်ပစ်ချရင်း လုရွှမ် မြန်မြန်ဆန်ဆန် ပျံသန်းထွက်လာခဲ့သည်။ ထိုစဥ် သူ့ခန္ဓာကိုယ်အောက်က ကြီးမားတဲ့ စုပ်ယူမှုစွမ်းအားကို ခံစားလိုက်ရပြီး မြူခိုးတွေက သူ့ကိုဆွဲထားဖို့ ကြိုးစားနေတာကို တွေ့လိုက်ရသည်။