← Chapters

အဆိပ်ခတ်သူ

Vol. 44 Ch. 4.169

အဆိပ်ခတ်သူ

Vol. 44 Ch. 4.169

ရေတွင်းနှုတ်ခမ်းဝက သူ့ခေါင်းထက်မှာ ရှိပြီး အလင်းရောင်ကို မြင်လိုက်ရတဲ့ အချိန်မှာ လုရွှမ်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်နေမှုဟာ ထိန်းထားဖို့ ခွန်အား မရှိသလောက်ပင် ဖြစ်နေပြီ။

အောက်ဖက်က စွမ်းအားသည် အလွန်ကြောက်စရာကောင်းပြီး ခန္ဓာကိုယ်ကို အဆက်မပြတ် ဆွဲချနေပုံမှာ အလေးချိန် သန်းပေါင်းများစွာ ရှိနေသလိုပင်။ သူ့စိတ်က ပိုလို့တောင် ထိတ်လန့်သွားပြီး ရောင်စုံ အခိုးအငွေ့တွေက သူ့ခန္ဓာကိုယ်ထဲကို အပြင်းအထန် ထိုးဖောက်ဝင်ရောက်ဖို့ ကြိုးစားနေတာကို သတိထားမိလိုက်သည်။

မြူခိုးတွေ ဝင်လာတာနဲ့အမျှ သူ့ခန္ဓာကိုယ်က ပိုလေးလာပြီး စိတ်ဝိညာဥ်တစ်ခုလို ပင်ပန်းလာသလို အိပ်ချင်လာ၏။

"ဟမ့်... ဒီမူလအစ စွမ်းအင်လောက်လေးနဲ့ မင်းကငါ့ကိုဒီမှာ အိပ်​စေချင်တယ်ပေါ့... မလုံလောက်​သေးဘူးကွ!"

လုရွှမ် သူ့သွားတွေကို တင်းတင်းကျပ်ကျပ် ကိုက်လိုက်ပြီး ယွမ်ယန်ချီများကို နေရာပေါင်းစုံမှာ တောက်လောင်စေကာ နေရောင်များ တောက်နေတဲ့အတိုင်း သူ့ခန္ဓာကိုယ်ထဲ ခွန်အားအပြည့်နဲ့ ပြေးလွှားနေလေသည်။

လုရွှမ် ခန္ဓာကိုယ်က တောက်ပလာတဲ့အခါ ရောင်စုံ အခိုးအငွေ့များ ချက်ချင်း ကွယ်ပျောက်သွားသည်။ နောက်ဆုံးတော့ ရေတွင်းထဲက ခုန်ထွက်လာနိုင်ခဲ့၏။

"ဆရာ... နောက်ဆုံးတော့ ဆရာ ထွက်လာပြီပေါ့?? အဆင်ပြေရဲ့လား?"

ဝမ်ကျောက်က အသံကျယ်ကျယ်နဲ့ အော်လေသည်။ သူတကယ်ကို စိုးရိမ်နေခဲ့တာ ဖြစ်ပေ၏။

လုရွှမ် သူတို့နှစ်ဦးတွင် အထူးထိုးသွင်းထားခဲ့သည့် ဝိညာဉ်စွင်စအင်၏ အရှိန်အဝါကို ခံစားလိုက်ရသည်။ ၎င်းတို့နှစ်ဦးအတွက် စိုးရိမ်စရာ မရှိကြောင်း သိလိုက်ကာမှ သက်ပြင်းတစ်ချက်ချကာ ထွက်လာခဲ့သည်။

လုရွှမ် မဆိုင်းမတွ ရေတွင်းကိုပိတ်ဖို့ အခင်းအကျင်း တံဆိပ်ပြားများကို တစ်ခုပြီးတစ်ခု ပစ်ချလိုက်သည်။ လုရွှမ်ရဲ့ လုပ်ရပ်ကို မြင်သောအခါ ရူယန်းနှင့် ဝမ်ကျောက်တို့ အံ့အားသင့်သွားကြသည်။

ရူယန်းက

"ဆရာ.... အောက်မှာ ကြောက်စရာအရာ တစ်ခုခုရှိလို့လား"

"အရမ်းကို ကြောက်စရာ ကောင်းတယ်.... အတွင်းထဲက အကြောင်းအရာတွေသာ ပေါက်ကြားသွားရင် ဒီကမ္ဘာကြီးမှာ ပြဿနာ ကြီးကြီးမားမားတွေ ရှိလာလိမ့်မယ်"

လုရွှမ်မှာ အစောက အဖြစ်အပျက်ကို အနည်းငယ် ထိတ်လန့်နေသေးသည်။

"ဒါက တားမြစ်နယ်မြေလို့ သတ်မှတ်လိုက်ပြီ... ကြောက်စရာကောင်းတဲ့ သတ်ကွင်းကို ငါ ဒီမှာ ထားမယ် နောင်မှာ မင်းတို့ထဲက တစ်ယောက်မှ ဒီခြံဝင်းနားကို လာခွင့်မရှိတော့ဘူး"

လုရွှမ် သူတို့နှစ်ယောက်ကို အထပ်ထပ် သတိပေးပြီး ဝင်းတစ်ခုလုံးကို တားမြစ်နယ်မြေအဖြစ် သတ်မှတ်လိုက်လေ၏။

လုရွှမ် ရေတွင်းကို တံဆိပ်ခတ်လိုက်သောအခါ သူမသိခဲ့တာက ထျန်းလုံမြို့နှင့် မနီးမဝေး တစ်နေရာတွင် သံလိုက်အိမ်မြှောင် ကိုင်ဆောင်ထားသော အဖိုးအိုတစ်ဦး၏ လက်ဖဝါးသည် ရုတ်တရက် တုန်ခါသွားသည်။ အဘိုးအိုက သံလိုက်အိမ်မြှောင်ကို သေသေချာချာ ကြည့်လိုက်သော်လည်း ၎င်းက ရပ်တန့်နေလေ၏။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? တစ်ချိန်လုံး ရှိနေတဲ့ဟာကို ဘာလို့ ရုတ်တရက် ပျောက်သွားတာလဲ? ဘယ်သူလဲ? ဘယ်သူ ရှာတွေ့တာလဲ"

သူ့နောက်တွင် တူညီသော အဝတ်အစားများဖြင့် လူငယ်တစ်စုရှိကာ အားလုံးမှာ ထူးခြားသော ရောင်ဝါနှင့် မောက်မာသော အမူအရာများဖြင့် ရှိနေကြသည်။ ချောမောသော လူငယ်တစ်ယောက်သည် ရှေ့သို့ လာ၍ ဦးညွှတ်ပြီး မေးလာသည်။

“ဆရာ.... ဘာဖြစ်လို့လဲ”

အဘိုးအိုက သူ့လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်လိုက်ရာ သူ့လက်ထဲက သံလိုက်အိမ်မြှောင်ကို သတ္တုအပိုင်းအစ အဖြစ် ကြေမွသွားလေသည်။

"ဘာမှ မဖြစ်ဘူး"

"ဟမ့်... ငါ့လက်ကနေ ပြေးမလွတ်နိုင်ပါဘူး.... ထျန်းလုံမြို့ထဲက တစ်နေရာမှာ ရှိ​နေတာ ငါသိတယ်.... ငါ မင်းကို ရှာမတွေ့ဘူးဆိုတာ မယုံဘူး"

ချောမောသော လူငယ်လေးသည် ဘာမှ မပြောဝံ့ဘဲ နောက်ပြန်ဆုတ်သွားခဲ့သည်။

"ကျောင်းတော် လေးခုရဲ့ ပြိုင်ပွဲက နောက်လမှာ ရောက်လာတော့မှာ.... အားလုံး အဆင်သင့်ဖြစ်နေပါပြီ။ မင်းရဲ့ ပန်းတိုင်က ပထမဖြစ်ဖို့၊ မဟုတ်ရင် မင်းရှုံးလိမ့်မယ်"

"ဟုတ်ကဲ့!"

ကျောင်းသားအားလုံး တညီတညွတ်တည်း တုံ့ပြန်လိုက်ကြသည်။

လုရွှမ် ရေတွင်းကို ချိတ်ပိတ်ပြီး နောက်ရက်အနည်းငယ် အတွင်း သူသည် ဝမ်ကျောက်ရဲ့ လေ့ကျင့်မှုကို အထူးညွှန်ပြခဲ့ပြီး ရူယန်းလည်း ဘေးမှ နားထောင်ရင်း သင်ယူခဲ့သည်။ အိမ်ကြီးထဲမှာ နေဖို့နဲ့ ပေါ့ပေါ့ဆဆ အပြင်မထွက်ဖို့ ပြောပြီးနောက် လုရွှမ် အိမ်ထဲက ထွက်ခွာလာခဲ့၏။

သခင်လေးယွမ်ယန် အဖြစ် ပြောင်းလဲကာ မင်းသမီးပိုင်လုံ၏ အိမ်တော်သို့ သွားခဲ့သည်။ ထိုကဲ့သို့ ဆန်းကြယ်သော ရေတွင်းတစ်ခုဟာ ကြီးမားတဲ့ အပြောင်းအလဲ တစ်ခုကို ဖြစ်လာ​စေမှာ ထင်ရှား​လေသည်။

မင်းသမီးပိုင်လုံ၏ နေအိမ်သည် တော်ဝင်နန်းတော်ထဲတွင် မဟုတ်ချေ။ မူလက မေ့မြောနေသော သူမဖခင်ထံ သွားရောက် လည်ပတ်ရန် တော်ဝင်နန်းတော်သို့ ဝင်ရောက်လိုသော်လည်း အကိုသုံးယောက်၏ နှင်ထုတ်ခြင်းကိုသာ ခံခဲ့ရသည်။

နားမလည်နိုင်သော အကြောင်းပြချက် အမျိုးမျိုးတို့ဖြင့် သူမအဖေကို တွေ့ခွင့်မပေးကြချေ။ မင်းသမီးပိုင်လုံ စိတ်ဆိုးလာသလို ပိုလို့တောင် ဝမ်းနည်းလာခဲ့ရသည်။ ဤသူတို့သည် ရာဇပလ္လင်ကြောင့် မိသားစုကြားက ချစ်ခင်မြတ်နိုးမှုကို ချန်ရစ်ခဲ့ကြသော သူမအစ်ကိုများ ဖြစ်​လေသည်။

ယခုရက်ပိုင်း အတွင်း မင်းသမီးပိုင်လုံ၏ အိမ်တော်တွင် လုံခြုံရေးများ ပိုမိုတင်းကျပ်လာခဲ့သည်။ နေ့စဉ်လိုလို မင်းသမီးပိုင်လုံကို လုပ်ကြံရန် တစ်စုံတစ်ဦး ခိုးဝင်လာတတ်၏။

လုရွှမ် မင်းသမီးပိုင်လုံရဲ့ အိမ်ထဲသို့ ဝင်ရောက်ခဲ့ပြီး လုံခြုံရေး တင်းကျပ်ထားတာကို တွေ့လိုက်ရသည်။ လှေခါးဆယ်ထစ်မှာ ငါးထစ်လောက်က လူတစ်ယောက် စောင့်၏။ ရံဖန်ရံခါ ကောင်းကင်ယံမှာ ပျံဝဲရင်း အိမ်တော်ကို ကြီးကြပ်ကွပ်ကဲနေသူလည်း ရှိသေးသည်။

လုရွှမ်၏ စိတ်ဝိညာဉ် စွမ်းအားသည် အလွန်ပြင်းထန်သဖြင့် သူ့အပြင် တခြားလူများလည်း ခိုးဝင်လာတာကို ရုတ်တရက် သတိထားမိလိုက်သည်။ သူတော်စင်တစ်ပိုင်း ပြီးပြည့်စုံသောကာလရှိ ထိုလူမှာ သူ့ခန္ဓာကိုယ်ကို ဖုံးကွယ်ထားနိုင်သော စွမ်းရည်မှာ ပို၍ပင် ထူးကဲလှပါသည်။

လူသည် ပုန်းခိုရာနေရာသို့ ဖြတ်သန်းသွားသော တိုက်ဆိုင်မှု မဟုတ်ပါက လုရွှမ် တစ်ဖက်လူကို သတိပြုမိမည် မဟုတ်ပေ။

ထိုလူမှာ ပိန်ပိန်ပါးပါး အဘိုးအို တစ်ယောက်ဖြစ်ပြီး သူ့မျက်လုံးထဲမှာ မီးခိုးရောင် အငွေ့နဲ့ အမြင်အာရုံ မှိန်ဖျော့ဖျော့လေး ရှိနေတာ သိသာ၏။ လုပ်ကြံသတ်ဖြတ်ဖို့ ဒီနေရာကို ဆွဲခေါ်ခံခဲ့ရပုံပင်။ မအောင်မြင်ပါက သူ့အသက်ကို ဆုပ်ကိုင်ထားလိုက်မှာ ထင်ရှား​လေသည်။

လုရွှမ် တိတ်တဆိတ် လိုက်သွားခဲ့သည်။ မင်းသမီးပိုင်လုံ၏ အိမ်ကြီးတွင် သူတော်စင်တစ်ပိုင်းနှင့် သူတော်စင် နယ်ပယ်များပင် ရှိနေသည်ဟု ယုံကြည်ရသော်လည်း အမှောင်ထဲတွင် ပုန်းနေသော ရန်သူမှာ ဘယ်လို လှည့်ကွက်များ ရှိနေမလဲဆိုတာ ဘယ်သူက သိနိုင်မှာလဲ။

အဘိုးအိုသည် သူ့အ​ငွေ့အသက်ကို တလမ်းလုံး ဖုံးကွယ်ပြီး ခြံဝင်းတစ်ခုဆီသို့ ရောက်လာခဲ့သည်။ လုရွှမ် အဝေးမှနေ၍ ရေတွင်းတစ်တွင်းကို မြင်လိုက်သည်။ သူ့စိတ်ထဲ ရုတ်တရက် ထိတ်လန့်သွား၏။

ဒီရေတွင်းမှာ ပြဿနာ ရှိနေနိုင်တယ်!

ရေတွင်းနား ရောက်သော် အဘိုးအို၏ ဓားမြှောင်ကိုထုတ်၍ လက်ကောက်ဝတ်ကို ခွဲလိုက်ကာ သွေးစက်များကို ရေတွင်းထဲ ချနေတာကို မြင်လိုက်ရ၏။ အဘိုးအိုရဲ့ အမူအရာမှာ ပို၍ဆိုးရွားလာကာ အလုပ်ပြီးတာနဲ့ မင်းသမီး အိမ်ကြီးမှ တိတ်တဆိတ် ထွက်သွားလေသည်။

အဆိပ်ခတ်​နေတာလား?

လုရွှမ် ရေတွင်းသို့ အမြန်ပြေး၍ ရေကို စစ်ဆေး ကြည့်လိုက်သည်။ အလွန်စက်ဆုပ်ဖွယ် ကောင်းပေ၏။

၎င်းတွင် သူတော်စင်တစ်ပိုင်း၏ သေဆုံးနေသော 'ချီ' ပါရှိပြီး လူအများစု မမြင်နိုင်ပေ။ သောက်ပြီးသည့်တိုင် သူတော်စင်တစ်ပိုင်းတို့ရဲ့ စွမ်းအင်ကြောင့် ကျင့်​ကြံမှုအဆင့်သည် ခုန်ပျံကျော်လွှားကာ ဖြတ်ကျော်နိုင်လိမ့်မည်။

သို့သော် သေဆုံးခြင်း ချီစွမ်းအင်ကြောင့် တစ်သက်တာ ကျင့်​ကြံမှုကို အပြီးသတ် ရိတ်သိမ်းပြီးသား ဖြစ်သွားမည်။ ရေတွင်းထဲက ရေကိုသာ မင်းသမီးပိုင်လုံ သောက်မိသွားပါက ပြဿနာကြီးတစ်ခု ဖြစ်လာမှာ သေချာ၏။

သူ့ဘဝတစ်လျှောက်လုံး သူတော်စင်တစ်ပိုင်း ပြီးပြည့်စုံတဲ့ ကာလမှာပဲနေဖို့ ရည်မှန်းထားတဲ့ လူတစ်ယောက် အတွက် ထျန်းလုံဧကရာဇ် အင်ပါယာရဲ့ ဘုရင် ဖြစ်ချင်လို့ တော်ဝင်မိသားစုက သဘောတူတယ် ဆိုရင်တောင် လက်အောက်ခံတွေက သဘောတူမှာ မဟုတ်ချေ။

တစ်ယောက်ယောက် လာနေပြီ!

လုရွှမ် သူ၏ရုပ်သွင်ကို တိတ်တဆိတ် ဖုံးကွယ်ထားလိုက်သည်။ ရောက်လာသူက အိမ်အကူ အစေခံ တစ်ဦးဖြစ်သည်။ သူမသည် မင်းသမီးပိုင်လုံ နဲ့အတူ လိုက်ပါလာတဲ့ အစေခံဆိုတာ လုရွှမ် မှတ်မိသေး၏။ သူမက ရေကိုယူ၍ လှပစွာ ထွက်ခွာသွားခဲ့သည်။

သူဒီတစ်ခေါက် လာခဲ့ဆာ ပူးပေါင်းကြံစည်မှု တစ်ခုကို ရှာတွေ့ခဲ့မယ်လို့ မမျှော်လင့်ထားချေ။

အစေခံရဲ့အနောက်က လိုက်လာရင်း မင်းသမီးပိုင်လုံ အနားယူနေသည့် အိမ်သို့ ရောက်လာခဲ့သည်။ အစေခံက အိုးထဲသို့ ရေလောင်းထည့်ပြီး လက်ဖက်ရည် ဖျော်စပ်ရန် ရေကိုကျိုပြီး မင်းသမီးပိုင်လုံအား ပေးဆောင်နေစဉ်အထိ လုရွှမ် တိတ်တဆိတ် ကြည့်ရှု​နေခဲ့သည်။

အစေခံသည် သူမအမူအရာ ကောင်းစွာ ဝှက်ထားသော်လည်း လက်ဖက်ရည်ကို မင်းသမီးပိုင်လုံထံ ဆက်သ လိုက်သောအခါတွင် အစေခံရဲ့ မျက်လုံးထဲက သတ်ပစ်လိုသော အရိပ်အယောင်များကို လုရွှမ် ရှင်းရှင်းလင်းလင်း ခံစားနိုင်ခဲ့သည်။

မဆိုင်းမတွ လုရွှမ် ခုန်ထွက်လာ၏။ အစေခံကို လက်ဖဝါးနဲ့ ရိုက်ကာ ဘေးသို့ ခေါက်ချလိုက်ပြီး လက်ဖက်ရည်ခွက်ကို သူ့လက်ဖဝါးထဲ စုပ်ယူထားလိုက်သည်။

မင်းသမီးပိုင်လုံကလည်း ငတုံး မဟုတ်ပေ။ လုရွှမ် သူမရဲ့ လက်ဖက်ရည် သောက်တော့မယ့် အခြေအနေကနေ ကာကွယ်ဖို့ ရုတ်တရက် ခုန်ထွက်လာသည်ကို မြင်လိုက်ရသဖြင့် တုန်လှုပ်သွားတော့သည်။

"ဒီလက်ဖက်ရည်က အဆိပ်ခတ်ထားတာလား?"

လုရွှမ် ယခင်က ဖြစ်ပျက်ခဲ့သမျှကို ပြန်ပြောပြပြီး အဘိုးအိုရဲ့ပုံကို အလွယ်တကူပဲ ရေးဆွဲပြလိုက်သည်။

"အဲဒါက အစ်ကိုမင်းသား၄ရဲ့ အိမ်က အဘိုးကြီးပဲ.... လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကွယ်လွန်သွားပြီလို့တောင် ကြားခဲ့​သေးတယ် ဒါပေမဲ့ သူ အသက်ရှင်နေသေးမယ်လို့ မမျှော်လင့်ထားဘူး"

"စိတ်မပူပါနဲ့... သူဒီပြီးရင် အသက် မရှင်နိုင်တော့ဘူး"

မြေပြင်ပေါ်သို့ လဲကျသွားသော အစေခံကို ကြည့်လိုက်တော့ သူမမျက်နှာသည် မည်းမှောင်နေပြီး အဆိပ်ကြောင့် သေဆုံးသွားမှန်း သိသာလေ၏။

All Chapters