တောင်းဆိုမှု
Vol. 44 Ch. 4.174
"ပါမောက္ခဖန်းချန်... ခင်ဗျားကျောင်းရဲ့ အငွေ့အသက်က သိပ်သည်းလွန်းတယ်.... ထိန်းသိမ်းတာက သင့်တော်တယ် ဆိုပေမယ့် ဖွံ့ဖြိုးတိုးတက်ဖို့ မသင့်တော်ဘူး... ခင်ဗျား သိထားရမှာက စစ်သည်တွေက တောက်လောင်နေတဲ့ စိတ်ဓာတ်တွေ လိုအပ်နေတယ် ဆိုတာပဲ"
စကားလုံးတွေက ပိုလေးနက်လာပြီး လက်ထောက်ဆရာ နှစ်ယောက်ရဲ့ မျက်နှာတွေက ဒေါသ အရိပ်အယောင်တွေ ဖုံးကွယ်နေခဲ့သည်။ သို့သော် ပါမောက္ခဖန်းချန်က ဒေါသမထွက်သေးဘဲ သူ့မျက်နှာပေါ်တွင် အရှက်အကြောက် ကြီးစွာဖြင့် အထပ်ထပ်အခါခါ ခေါင်းညိတ်လိုက်သည်။
"မှန်ပါတယ်... ဒီအဘိုးကြီးက အဖြစ်မှန်နဲ့ ပတ်သက်လာရင် ဆုံးဖြတ်တာ နည်းနည်း ပြက်သားနိုင်လွန်းတယ်"
လုရွှမ်က ဆက်၍
"ဒါကြောင့် ပါမောက္ခဖန်းချန်က အဖွဲ့ကို ဆက်ဦးဆောင် နေဦးမယ်ဆိုရင် ဒီအချိန်မှာ ခင်ဗျားရဲ့ခေါင်းဆောင်မှု မူဝါဒကိုပဲ ဆက်ပြီး လုပ်ဆောင်နေမယ်လို့ ကျုပ်သတ္တိရှိရှိ ခန့်မှန်းနိုင်တယ်... ဒီပြိုင်ပွဲပြီးရင် ထျန်းလုံကျောင်းတော်မှာ ပါရမီရှင်တွေ အများကြီး ကျန်တော့မှာ မဟုတ်ဘူး..."
"ဒီအမှန်တရားကို ကျုပ် နားလည်နိုင်သလို တခြားသူတွေလည်း ပိုနားလည်နိုင်မှာပဲ... ဒါပေမဲ့ ဒီလိုအခြေအနေမျိုးမှာ ဘယ်သူက ပါဝင်ရဲမှာလဲ?"
ပါမောက္ခဖန်းချန်က ခေါင်းယမ်းပြလိုက်ရင်း သူ့မျက်နှာက အပြစ်တွေ ပိုများလာသလို ခံစားရပေမယ့် ဘယ်လိုဖြေရမှန်း မသိတော့ချေ။
ထိုအခါ သင်ကြားရေး လက်ထောက်နှစ်ဦးက
“ဒါပေမဲ့ ကျုပ်တို့မှာ တတ်နိုင်တဲ့လူ များများစားစား မရှိပါဘူး....ဒုကျောင်းအုပ်နဲ့ အကြီးအကဲတွေတောင် သူတို့တပည့် နည်းနည်းကိုပဲ ခေါ်ထုတ်လာတယ်... ကျုပ်တို့ ညွှန်ကြားချက်တွေကို လုံးဝ နားထောင်မှာ မဟုတ်ဘူး....ကျုပ်တို့လည်း ဘာလုပ်ရမှန်း မသိတော့ပါဘူး!"
"ဟုတ်တယ်.... သူတို့အတွက် ဒီရာထူးက အရမ်းဂုဏ်ယူကောင်းတယ်လို့ ထင်နေရင် ကျုပ်သူတို့ကို ဒီနေရာကနေ ဖယ်ရှားပေးနိုင်တယ်"
ပါမောက္ခဖန်းချန်က သူ့ရဲ့ အပြစ်ကင်းစင်မှုကို ဖော်ပြလိုက်ပါ၏။ ထိုအခါ လုရွှမ်ကလည်း
"ဒါသာ ရိုးရှင်းမယ် ဆိုရင် ကောင်းတာပေါ့..ဒါပေမဲ့ ပါမောက္ခဖန်းချန် ခင်ဗျား ဘာကြောင့် ကျောင်းလေးခုပြိုင်ပွဲရဲ့ ခေါင်းဆောင် ဖြစ်လာနိုင်ခဲ့တာလဲ ဆိုတာ မှတ်မိရဲ့လား?"
ဖန်းချန် အေးခဲသွားပြီး သင်ကြားရေး လက်ထောက် ဆရာနှစ်ယောက်၏ မျက်နှာများလည်း ရှုပ်ထွေးစွာဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။
လုရွှမ် ခဏလောက် စကားမပြောဘဲ ငြိမ်သက်သွားပြီးတော့မှ။
"ပါမောက္ခဖန်းချန်... ခင်ဗျား အဖွဲ့ခေါင်းဆောင် ဖြစ်လာရတဲ့ အကြောင်းရင်းက ဟန်ချက်ညီမှုရဲ့ ရလဒ်ပဲ" ဟု တိုက်ရိုက် ထောက်ပြခဲ့သည်။
"ကျောင်းအုပ်ကြီးက ပျောက်နေတယ်.... ဒုကျောင်းအုပ် နှစ်ယောက် ရာထူးတိုးချင်ပြီး တချို့လူကြီးတွေလည်း ရာထူးတိုးချင်ပေမယ့် လူထုကို ဘယ်သူမှ စည်းရုံးလို့ မရဘူး.... ကျောင်းလေးကျောင်း ပြိုင်ပွဲလိုမျိုး အဓိက အဖြစ်အပျက်က ဘယ်လို သက်ရောက်မှု ရှိလဲဆိုရင် ကြီးကျယ်ခမ်းနားတဲ့ ဘုန်းအသရေအောက်မှာ လူတစ်ယောက်ကို ကျောင်းအုပ်ကြီး ရာထူးနေရာအထိ တိုက်ရိုက် မြှင့်တင်ပေးနိုင်တယ်လို့ ပြောလို့ရတယ်"
"ဒါဆို ခင်ဗျားက ကျုပ်ရဲ့ ခြေထောက်တွေကို ဆွဲထုတ်ပြီး ကျုပ်ကခင်ဗျားရဲ့ နောက်ခြေထောက်တွေကို ဆွဲထုတ်လိုက်တယ်... ကျုပ်မထနိုင်ရင် ခင်ဗျားလည်း ထနိုင်မှာ မဟုတ်ဘူး... အပြန်အလှန် စိုးရိမ်မှုတွေက ခင်ဗျားတို့ကြားကို ဟန်ချက် ထိန်းထားနိုင်တယ်...ဒါပေမဲ့ ပါမောက္ခဖန်းချန်က ဘယ်သူ့ဖက်မှ မဟုတ်ဘူး... ကျောင်းအုပ်ကြီး ဖြစ်ဖို့ ရည်မှန်းချက် မရှိဘူးလား?"
ဖန်းချန်တို့ လူသုံးယောက်မှာ ယခုအခိုက်အတန့် တိတ်ဆိတ်သွားကြသည်။ အဘိုးကြီးရဲ့ မျက်နှာမှာလည်း နီမြန်းနေပြီး မုတ်ဆိတ်မွေးများက ဒေါသကြောင့် တုန်တုန်ယင်ယင် ဖြစ်နေတာကို တွေ့ရ၏။
လုရွှမ်သည် ပူးပေါင်း ကြံစည်မှု များစွာကို အချိန်အတော် ကြာအောင် မြင်ဖူးသောကြောင့် ၎င်းတို့ကို သဘာဝကျကျ ရှင်းရှင်းလင်းလင်း မြင်နေရသည်။
"ဒါပေမဲ့ လူ့နှလုံးသားက တကယ့်ကို မယုံနိုင်စရာ ကောင်းတယ်.... တချို့လူတွေက ခင်ဗျားရဲ့ ဂုဏ်သတင်းက ကြီးလို့ ကျောင်းအုပ်ကြီး ရာထူးအထိ တွန်းပို့ခံရမှာကို စိုးရွံ့နေကြတုန်းပဲ"
"ဒါပေမဲ့ ထျန်းလုံကျောင်းတော်ရဲ့ ကျောင်းအုပ်ကြီး နေရာက မိန်းမပဲ ဖြစ်ရမယ်လို့ သဘောတူထားတာ မဟုတ်ဘူးလား?"
ပါမေက္ခဖန်းချန်က မေးလိုက်သည်။
ဒီလူက တကယ်ရိုးသားတာပဲ။ ပါမောက္ခဖန်းချန်ရဲ့ ကလေးလို နှလုံးသားကို ခံစားလိုက်ရတော့ လုရွှမ် တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။
"ဒီသဘောတူညီချက်တွေ အားလုံးက ပြဿနာမဟုတ်ပါဘူး... သဘောတူညီချက်ကို ချုပ်ဆိုတဲ့သူတွေက သဘောတူညီချက်ကို လိုက်နာဖို့ပဲ လိုတယ်... သူတို့သာတကယ် ထိပ်တန်းရာထူးကို လိုချင်ရင် သူတို့ကို ဘယ်သူကမှ တားနိုင်မှာမဟုတ်ဘူး"
"အခု တခြားတစ်ဖက်က ကြည့်ရရင် တချို့လူတွေက ခင်ဗျားဂုဏ်အသရေ ကြီးမားမှုကို ကြောက်နေကြတာ... ဒီတော့ ခင်ဗျားပထမဆုံး ခေါင်းဆောင် ဖြစ်လာပြီး အရည်အချင်းရှိတဲ့ ကျောင်းသားတွေကို စုဆောင်းတဲ့အခါ သူတို့အားလုံးက ရေသာခိုနေကြတာလေ"
ပါမောက္ခဖန်းချန်း နှင့် သင်ကြားရေးလက်ထောက် ဆရာနှစ်ယောက်က ခေါင်းတညိတ်ညိတ်သာသာ တုံ့ပြန်လာကြသည်။ ခဏကြာတော့ ပါမောက္ခဖန်းချန်က ခါးသက်စွာ ပြုံးကာ
"ကျုပ် ရာထူးကောင်းကောင်း ရသွားမှာကို ကြောက်နေကြတာလား?"
လုရွှမ် လက်ဖျောက် တစ်ချက်တီးလိုက်ပြီး။
"ဘယ်လောက်ပဲ မှန်နေပါစေ ခင်ဗျားခေါင်းဆောင်မှုရဲ့ ရလဒ်တွေက ဒီလောက် ညံ့နေလိမ့်မယ်လို့ ဘယ်သူမှ မထင်ခဲ့တာပဲ"
"နှစ်တွေ ကြာလာတာနဲ့အမျှ ခင်ဗျားရဲ့ခေါင်းဆောင်မှု အောက်မှာ ထျန်းလုံကျောင်းတော်ရဲ့ ဂုဏ်သတင်းက ကျဆင်းသွားခဲ့တယ်... အခု ခင်ဗျားရဲ့ရာထူးက အပူအိုး တစ်ခုလို ဖြစ်လာတော့ ဘယ်သူကမှ မယူရဲတော့ဘူး.... ခင်ဗျား ကောင်းကောင်း ဦးမဆောင်နိုင်သလို သူတို့လုပ်မိရင် ဒုတိယခင်ဗျား ဖြစ်လာလိမ့်မယ်... ပါမောက္ခဖန်း... ခင်ဗျားက ရာထူးက အရေးမကြီးဘူးလို့ ထင်ပေမယ့် တခြားသူတွေကတော့ အမွေးအတောင်တွေကြားမှာ နေရတာကို အရမ်းသဘောကျတတ်ကြတယ်"
"ဒီအတိုင်းဆို ဆိုးရွားတဲ့ စက်ဝန်းတစ်ခု ဖြစ်လာနိုင်တယ်... တခြားသူတွေက လက်ရှိ ခင်ဗျားရဲ့ရာထူးကို မယူဝံ့ဘဲ ခင်ဗျားကိုပဲ ဆက်လက် ဦးဆောင်စေလိမ့်မယ်... သူတို့အကျိုး မပါမှတော့ သူတို့တပည့်တွေကို တိုက်ပွဲမှာ ပါဝင်ဖို့ တားမြစ်ကြတော့မှာပဲ... လူ မစုဆောင်းနိုင်ဘူး ကျောင်းရဲ့ အောင်မြင်မှုတွေက ပိုဆိုးလာမယ် ဒီလိုပဲ ခင်ဗျားရဲ့အဆင့်တွေက ပိုဆိုးလာမယ် ညံ့လာမယ်...ဒါကြောင့် သူတို့က ခင်ဗျားနေရာကို လက်ခံဖို့ ပိုကြောက်လာကြတာပဲ"
ဖန်းချန်က မျက်လုံးများကို မှိတ်လိုက်ပြီး သက်ပြင်းရှည် တစ်ချက် ချလိုက်တော့သည်။
ဒီအမှန်တရားတွေကို ကျောင်းမှာရှိတဲ့ လူတော်တော်များများက ရှင်းရှင်းလင်းလင်း မြင်ကြမယ်လို့ ယုံကြည်မိပါ၏။ ဒါပေမဲ့ ဒီကိစ္စက သူတို့အတွကိ ဘာမှစိုးရိမ်စရာမရှိလို့ သဘာဝကျကျနဲ့ ဘယ်သူကမှ မထောက်ပြလာခဲ့ချေ။ သူတို့ သုံးယောက်လုံးသာ စိတ်ရှုပ်ထွေးပြီး စိတ်ပူနေခဲ့ကြရသည်။
"လတ်စသတ်တော့ အဲ့လိုကိုး... ဒါပေမဲ့ ကျုပ်တို့ဘာလုပ်သင့်လဲ? ပြိုင်ပွဲမှာ ဘယ်လို ရလဒ်တွေနဲ့ဆို အောင်မြင်နိုင်မလဲ?"
ဖန်းချန် ခဏလောက် စဉ်းစားပြီး ရုတ်တရက် စိမ်ပြေနပြေ မေးလိုက်တယ်။ လုရွှမ် အံ့အားသင့်သွားသည်။ ဒီအချိန်မှာတောင် ဒီလူက သူ့ကျောင်းအတွက် တွေးနေတုန်းပဲ။
"ပါမောက္ခ...ချင်းလုံအရှင်ကို ဒါတွေ အားလုံးကို ထောက်ပြလာတယ် ဆိုတော့ အဖြေတစ်ခု ရှိရမယ် ဟုတ်တယ်မလား?"
လက်ထောက် တစ်ဦးကလည်း အော်ပြောလေသည်။
သေချာတာပေါ့။ ပါမောက္ခဖန်းချန်ရဲ့ မျက်လုံးတွေ တောက်ပလာပြီး လုရွှမ်ကို ကြည့်လိုက်သည်။ သူသည် စားပွဲမှထ၍ လုရွှမ်ထံသို့ ရုတ်တရက် လေးလေးနက်နက် ဦးညွှတ်လိုက်၏။
"ဟုတ်တယ်...ချင်းလုံအရှင်ကို အကြံဥာဏ်ပေးဖို့ တောင်းဆိုချင်ပါတယ်"
သူတော်စင်နယ်ပယ်မှ ပါမောက္ခတစ်ဦးနှင့် အနေဖြင့် ယခုလို ဦးညွတ်လာခဲ့တာက ထျန်းလုံကျောင်းတော် အပေါ် သူ၏ချစ်ခင် ရိုးသားမှုများ ဖြစ်ပေါ်လာကြောင်း ပြသလိုက်သလိုပင်။ လုရွှမ် သူ့အရင်ဘဝကပဲ ဖြစ်ဖြစ် ဒီဘဝမှာပဲဖြစ်ဖြစ် ဖန်းချန်လို လူကိုတော့ တကယ်ကို တွေ့ရခဲလေ၏။
ထိုသို့သောလူနှင့် ထိုသို့သော အပြုအမူများက သူ့နှလုံးသားကို ထိမိသွားခဲ့သည်။
"ကောင်းပြီ... ကျုပ်ခင်ဗျားကို ကူညီမယ်"
လုရွှမ် ထိုစကားကို ပြောပြီးနောက် နောင်တရလည်း မတတ်နိုင်တော့ပေ။
ဒီလိုအရာမျိုး ကျိုးရန်သာ မြင်လိုက်ရရင် သူ့အပေါ် သနားညှာတာမှု တစ်ခုမှ ပေးလာမှာ မဟုတ်ဘူးလား? ဒါဆို သူ့အတွက် အချိန်နည်းနည်း ထပ်ရသွားမယ်လေ။
ပါမောက္ခဖန်းချန်မှာ အလွန် ပျော်ရွှင်နေပြီး လက်ထောက် ဆရာနှစ်ယောက်မှာလည်း အလွန် စိတ်လှုပ်ရှားနေတော့သည်။
"ဒါဆို ကျုပ်တို့ ဘယ်လိုလုပ်ကြမလဲ"
လုရွှမ် မျက်လုံးများကို မှိတ်ထားပြီး ခဏလောက် စဉ်းစားလိုက်သည်။
"ဟုတ်ပြီ... ဘယ်လို လုပ်ရမလဲဆိုတဲ့ မေးခွန်းကို အရင် ထားလိုက်ရအောင်.... ပထမဦးဆုံး ခင်ဗျားတို့ နားလည်ဖို့ လိုတာက ဒီပြိုင်ပွဲရဲ့ အဓိပ္ပာယ်နဲ့ ပန်းတိုင်ပဲ"
သူတို့သုံးယောက်က ဘာပြောမှန်း နားမလည်လိုက်တာကြောင့် လုရွှမ်ကို ကြည့်လိုက်ကြသည်။
"ကျုပ်တို့ရဲ့ ပန်းတိုင်က ဘာလဲ? လမ်းကြောင်းအသစ်ကို ဆက်လျှောက်ဖို့လား? ဒါမှမဟုတ် အရင်က ကျဆင်းခဲ့တဲ့ အဆင့်ကို ပြောင်းလဲဖို့လား? နောက်ဆုံး ဒီလိုအခြေအနေ အောက်မှာ အဆင့်ကောင်းကောင်း မရခဲ့ရင် ပါမောက္ခဖန်းချန် ခင်ဗျားရဲ့ နေရာက အန္တရာယ် များလာပြီ"
ပါမောက္ခဖန်းချန်မှာ နည်းနည်းလေး ကြောင်သွားပေမယ့် သူ ငတုံး မဟုတ်တာကြောင့် ချက်ချင်းပဲ သိလိုက်သည်။
ဒီပြိုင်ပွဲဟာ လေးကြိမ်မြောက် ပြိုင်ပွဲ ဖြစ်နေပြီ။ သူက အသင်းကို သုံးကြိမ်တိုင်တိုင် ဦးဆောင်ပြီး နောက်ဆုံးနေရာကို ရောက်သွားခဲ့သည်။ ပြီးတော့ ဒီပြိုင်ပွဲ မစတင်ခင်မှာ သူက လုံလောက်တဲ့ အရည်အချင်း မရှိဘူးလို့ ထောက်ပြလာပြီမို့ တခြားသူတွေ ဒီနေရာကို သိမ်းပိုက်ခွင့်ပေးဖို့ အခွင့်အရေး ပေးမိနေပြီ။
တခြားသူတွေရဲ့ မျက်လုံးထဲက အဓိပ္ပာယ်တွေကို သူခံစားနိုင်သည်။ ဘယ်သူကမှ သူ့နေရာကိူယူဖို့ အဆိုမတင်ကြပေမယ့် တစ်ယောက်ပြီး တစ်ယောက် သူ့ကို ဆွဲချဖို့ မထီမဲ့ပြင် ပြုနေကြပြီ ဖြစ်သည်။