← Chapters

လူနှစ်ယောက် ဆက်တိုက် ရှုံးသွားပြီ

Vol. 44 Ch. 4.179

လူနှစ်ယောက် ဆက်တိုက် ရှုံးသွားပြီ

Vol. 44 Ch. 4.179

လျိုဟွာမှာ မလှုပ်မယှက်ပင်။

သူ့လှုပ်ရှားမှုသည် လူတိုင်း၏ အာရုံကို ချက်ချင်း စွဲဆောင်သွားပြီး လျိုဟွာကို အပေါ်အောက် အကဲခတ် ကြည့်လိုက်သည်။ အစောက တိုက်ပွဲမှာ တခြား အပြောင်းအလဲ တစ်ခုခုများ ရှိသွားလို့လား?

လျိုဟွာက အနိုင်မရခဲ့တာလား?

လုရွှမ်ကို ထိတ်လန့်​နေသော မျက်လုံးများဖြင့် နားမလည်နိုင်စွာ၊ အံ့သြစွာ တစ်ချက် ကြည့်လိုက်သည်။ နောက်ဆုံးတွင် လျိုဟွာ လှုပ်လာခဲ့၏။

သူ့ဒူးတွေ ပျော့သွားကာ မြေကြီးပေါ် ဒူးထောက်ထိုင်ချလိုက်ပြီး လုရွှမ်ကို ဂါဝရပြုလိုက်ချေသည်။

"သက်ညှာပေးလို့ ချင်းလုံအရှင်ကို ကျေးဇူးတင်ပါတယ်"

"ရှောင်ဟွာ မင်းဘာလုပ်နေတာလဲ မတ်တပ် ထရပ်စမ်း!"

အကြီးအကဲလျို ကျယ်လောင်စွာ အော်လိုက်ပြီး သူ့မျက်နှာက မည်းတူးသွားသည်။ လျိုဟွာကတော့ မတ်တပ်ထမရပ်ဘဲ အဘိုးကြီးလျို​ဖက်ကို ခေါင်းငဲ့လျက်။

"အဘိုး... ချင်းလုံအရှင်ရဲ့ ဓားရေးစွမ်းရည်က အရမ်းမြင့်တဲ့ အတွက် ဒီမြေးက သူနဲ့ နှိုင်းယှဥ်ဖို့ ဝေးကွာလွန်းတယ်... သူ့အရင် ဓားကိုလှုပ်ရှားလိုက်တာ မဟုတ်ပေမယ့် ဓားရောင်ဝါက သန်မာတယ်... ကျွန်တော် ဒီလို အမြင့်ဆုံးနယ်ပယ် ရှိတဲ့ ဓားလမ်းစဥ် ကျင့်ကြံသူကို လိုက်ရှာချင်နေတာ ကြာပြီ"

"ချင်းလုံအရှင်သာ သူ့ဓား​ရဲ့ ရောင်ဝါကို ရည်ရွယ်ချက်ရှိရှိ မရုပ်သိမ်းခဲ့ဘူးဆိုရင် ဒီမြေးက ဒီအချိန်မှာ မသေဘူး ဆိုရင်တောင် ဒဏ်ရာအပြင်းအထန် ရနိုင်လောက်တယ်"

လူတိုင်း ထိတ်လန့်သွားသည်။ ဤစကားများသည် လျိုဟွာပါးစပ်မှ ထွက်လာတာကြောင့် သေချာသည်မှာ ၎င်းတို့သည် အတုအယောင် မဟုတ်နိုင်ပေ။

“ထတော့!”

လုရွှမ် ပြုံးကာ ပြောလိုက်သည်။ ဒီလျိုဟွာရဲ့ စရိုက်က မဆိုးပေ။ သူ၏ အရည်အချင်းမှာလည်း ထူးကဲသည်။ လုရွှမ်ရဲ့ ဓားရှည်ကြီး ကျိုးသွားရသည့် အကြောင်းရင်းမှာ ဓားကို ပြန်ယူကာ လျိုဟွာကို ဓားရောင်ဝါလက်မှ ကာကွယ်သောကြောင့် ဖြစ်သည်။

သူ့အမြင်အရ ဒီကျောင်းသားဟာ ခွန်အားကောင်းပြီး တခြားသော ကျောင်းသုံးကျောင်းမှ ထူးချွန်သော ကျောင်းသားများနှင့် ယှဉ်ပြိုင်နိုင်သည်။ ဒါကြောင့် လုရွှမ် သူ့ကို ဒဏ်ရာမရအောင် ကာကွယ်ပေးပြီး သူ့လက်ထဲက ဓားကို ကျိုးသွားစေခဲ့တာပင်။

လျိုဟွာအတွက် ဤချင်းလုံအရှင် သူ့အဖိုးထက် အများကြီး အသိပညာ ရှိကြောင်း နားလည်တာကြောင့် လူတိုင်းရှေ့မှာ ဒူးထောက်ပြီး ကျေးဇူးတင်စကား ဆိုခဲ့တာ ဖြစ်ပေ၏။

"မင်း ဒီပြိုင်ပွဲမှာ ပါဝင်မယ်လို့ ငါမျှော်လင့်တယ်... မင်းဆန္ဒရှိရဲ့လား?"

"ဟုတ်ကဲ့!" လျိုဟွာ မဆိုင်းမတွ အသံကိုလွှင့်၍ သဘောတူလိုက်သည်။

"ကောင်းပြီ... နောက်မှ အချိန်ရရင် မင်းရဲ့ဓားသိုင်းကို တိုးတက်အောင် ကူညီဖို့ အချိန်ယူရမယ်"

လျိုဟွာ အလွန်ဝမ်းသာသွားသည်။ အကြီးအကဲလျိုမှာ တစ်စုံတစ်ခု ပြောချင်ပါသော်လည်း ပြောမထွက်လာခဲ့ပေ။

အားလုံးက တိတ်ဆိတ်နေကြသည်။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ နောက်ဆုံးတော့ ဘာပဲပြောပြော ဓားရောင်ဝါက လျှို့ဝှက် ဆန်းကြယ်လွန်းပြီး သူတို့ တကယ်ကို နားမလည်နိုင်အောင် ဖြစ်သွားခဲ့သည်။

ဖန်းချန်က ရယ်မောလိုက်သည်။ တခြားသူများလည်း အံ့အား သင့်သွားပုံရ၏။ ဘာပဲဖြစ်ဖြစ် သူကတော့ လုရွှမ် အောင်ပွဲခံကာ လျိုဟွာကိုပင် အနိုင်ယူခဲ့တာကို မြင်လိုက်ရတော့ အလွန်ဝမ်းသာသွားခဲ့သည်။

"ဟမ့် တူလေးလျိုဟွာ ဒီနေ့ အခြေအနေ ဆိုးသွားတာ ဖြစ်နိုင်တယ်... ရှောင်ဟဲ မင်းဘာလို့ ချင်းလုံအရှင်နဲ့ သွားပြီး မကစား​ကြည့်တာလဲ?"

ဒုကျောင်းအုပ်ဝမ်က ဆိုလိုက်သည်။

ရှောင်ဟဲက အခေါ်အဝေါ် တစ်ခုပဲ ဖြစ်သည်။ သူသည် လူငယ်တစ်ယောက်တော့ မဟုတ်ချေ။ ဒုကျောင်းအုပ်ဝမ် အနောက်တွင် ရပ်နေသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက တုံ့ပြန်မှုနှင့်အတူ ထွက်ပေါ်လာခဲ့သည်။

သူသည် ကျောင်း၏ စီမံခန့်ခွဲမှုရုံးတွင် တာဝန်ရှိသူ တစ်ဦးဖြစ်ပြီး သူတော်စင်တစ်ပိုင်း အဆင့်၉ ပြီးပြည့်စုံသောကာလ ဖြစ်သည်။

ဒုကျောင်းအုပ်ဝမ်က လုရွှမ်ရဲ့ လေးနက်တဲ့ အရည်အချင်းတွေကို ထုတ်လာစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဒီလူကို ထွက်တိုက်ဖို့ စေခိုင်းလိုက်ခြင်းပင်။ ယခင်ပြိုင်ပွဲ၌ သူသည် နားမလည်နိုင် လောက်အောင်ဖြစ်ခဲ့ပြီး အကြီးအကဲလျိုကိုလည်း မကျေမနပ် ဖြစ်နေသောကြောင့် သူ့လူယုံကိုသာ တိုက်ရိုက် ခေါ်ခဲ့သည်။

ရှောင်ဟဲက လုရွှမ်ကို လက်နှစ်ဖက်ကို ကွေးလျက် နှုတ်ဆက်လိုက်ပြီးနောက် သူက ဦးစွာ တိုက်ခိုက်ခိုက်တော့သည်။

သူသည် လက်နှစ်ဖက်တွင် လေပြင်းများကို သယ်ဆောင်လျက် လက်နှစ်ဖက်ကို တင်းတင်းဆုပ်လိုက်သော် မကြာမီ စပါးအုံး မြွေတစ်ကောင် အဖြစ်သို့ ပြောင်းလဲသွားကာ လုရွှမ်ဆီသို့ ပြေးသွားလေသည်။

လုရွှမ် မျက်လုံးများ ဝင်းလတ်သွားသည်။ ဤလူနှင့် ရောယှက်နေသော နိယာမစွမ်းအင်သည် သားရဲပုံစံ ဖြစ်သည်။ သူတော်စင်တစ်ပိုင်း အဆင့်၉ ပြီးပြည့်စုံသောကာလသို့ ရောက်ရှိပြီးဖြစ်၍ သူတော်စင် ဖြစ်လိုပါက မူအရင်းအမြစ်သို့ ပြန်သွားကာ အခြေခံ နိယာမစွမ်းအင်များကို ပေါင်းစပ်ရန် လိုအပ်သည်။

ထို့ကြောင့် သူတော်စင်တစ်ပိုင်း အဆင့်၉ ပြီးပြည့်စုံသောကာလ နှင့် သူတော်စင်တစ်ပိုင်း အဆင့်၉ ဟာ လုံးဝသဘောတရား နှစ်ခုလို ဖြစ်နေ၏။

သူတော်စင်တစ်ပိုင်း အဆင့်၉ နယ်ပယ်တွင် ကျင့်ကြံသူများသည် လက်နက်မျိုးစုံကို သုံးနိုင်သော်လည်း ပြီးပြည့်စုံသော ကာလသို့ ရောက်ရှိပါက လက်နက်များကို အသုံးမပြုတော့ဘဲ အခြေခံအကျဆုံး ဖြစ်သော တိုက်ရိုက် တိုက်ခိုက်မှုများကို စတင် အသုံးပြုတော့မှာ ဖြစ်သည်။

အထူးသဖြင့် သူတော်စင်တစ်ပိုင်း ဖြစ်လာသောအခါ ရောယှက်နေသော နိယာမစွမ်းအင် ဥပဒေသများ၏ အရေးပါမှုကို လုံးလုံးလျားလျား ပေါ်လွင်စေပြီး စွမ်းအားကလည်း အလွန်ကွာခြားသွားမည်။

စပါးအုံး မြွေတစ်ကောင် တိုက်ခိုက်လာတာကို မြင်တော့ လုရွှမ်က ကျိုးနေတဲ့ဓားကို လွှင့်ပစ်လိုက်ပြီး သူ့လက်ဖဝါးရှေ့မှာ စက်ဝိုင်း ပုံသဏ္ဌာန် အစီအရင် တစ်ခုပေါ်လာကာ လင်းယုန်ငှက် တစ်ကောင် ပြေးထွက်သွားသည်။

လင်းယုန်သည် ထူးဆန်းပြီး သူထွက်လာတာနဲ့ ကျယ်လောင်စွာ အော်ဟစ်ပြီး ၎င်း၏ရှည်လျားသော နှုတ်သီးဖြင့် စပါးအုံးမြွေကို ကိုက်လိုက်သည်။

ရှောင်ဟဲ စပါးအုံး မြွေတစ်ကောင်ကို ဖန်တီးလိုက်တဲ့ အရာမှာ လူတိုင်းအတွက် သာမန်သာ ဖြစ်လေသည်။ သို့သော် လုရွှမ် လင်းယုန်ငှက် တစ်ကောင်ကို စိတ်ဆန္ဒအရ ပေါင်းစည်းခဲ့တာကတော့ သူ့အဆင့်က ရှောင်ဟဲထက် မနိမ့်နိုင်ကြောင်း သိနိုင်၏။

ဤသည်မှာ သူတော်စင်တစ်ပိုင်း အဆင့်၉ ဖြစ်တာကို သိထားရမည်ဖြစ်ပြီး ထိုသို့သော စွမ်းရည်ကို တတ်မြောက်လိုပါက ထူးကဲသော အသိဥာဏ်တချို့ ရှိရမည်ဖြစ်သည်။ သူရောယှက်ထားသော နိယာမစွမ်းအင်၏ အခြေခံ သဘောတရားများကို စဉ်ဆက်မပြတ် နားလည်ရန်လည်း လိုအပ်သည်။

သူတော်စင်တစ်ပိုင်း တတိယအဆင့် ဖြစ်သည့် လုရွှမ်သည် ဤကဲ့သို့ လေးနက်သော နားလည်မှုကို ရရှိထားပြီးသား ဖြစ်နေတာက အမှန်တကယ်ပင် အံ့သြစရာပင်။

လူအများစုမှာ လုရွှမ်၏ လက်ရှိ အခြေအနေတွင် ခွန်အားနှင့် အရှိန်အဟုန် တိုးမြင့်လာမှုကို စွဲစွဲလန်းလန်း သိချင်ကြဆဲ ဖြစ်သည်။ ပြီးတော့ သူရောယှက်ထားတဲ့ နိယာမစွမ်းအင် ပုံစံတွေ အားလုံးကို ဘယ်သူမှ နားမလည်​ကြဘူးလေ။

ရှောင်ဟဲရဲ့ အမူအရာက ပြောင်းသွားပြီး လေထုထဲရှိ စပါးအုံးမြွေသည် ချက်ချင်း ကြီးပြင်းလာကာ မြွေနဂါးတစ်​ကောင် အဖြစ်သို့ ပြောင်းလဲကာ လင်းယုန်ကို မျိုချဖို့ ပြင်လိုက်သည်။ လုရွှမ်ခပ်ဖျော့ဖျော့ ပြုံးကာ လင်းယုန်သည် အတောင်ပံခတ်ကာ ခွင်းဖုံတစ်ကောင် အဖြစ် ပြောင်းလဲကာ မြွေနဂါးကြီးကို ပါးစပ်ထဲ မျိုချပစ်လိုက်လေသည်။

ရှောင်ဟဲ သူ့အမူအရာကို ထိန်းရင်း ပါးစပ်မှ သွေးများ ချက်ချင်း ထွက်ကျလာကာ သူ့ခန္ဓာကိုယ်လည်း နောက်ပြန် ဆုတ်သွားခဲ့သည်။

လျိုဟွာကို ပြိုင်ပွဲမှာ ပါဝင်စေဖို့ စိတ်ကူးထားတဲ့ ကျောင်းသား ဖြစ်သောကြောင့် လုရွှမ် သဘာဝအတိုင်း သက်ညှာခဲ့သည်။ ဒီလူကတော့ ကျောင်းမှာ အလုပ်လုပ်နေတဲ့ လူတစ်ယောက်ပဲ ဖြစ်လို့ သူ ထိခိုက်တာပဲ ဖြစ်ဖြစ် သေတာဖြစ်ဖြစ် ဂရုစိုက်နေဖို့ မလိုချေ။

ခွင်းဖုံ ပျောက်ကွယ်သွားသော် အားလုံးက လုရွှမ်ကို ကြောက်လန့်နေဟန် ကြည့်နေကြသည်။

သူတို့သည် လုရွှမ်၏ ဝိသေသ လက္ခဏာကို သံသယ ဝင်နေကြဆဲ ဖြစ်သော်လည်း လုရွှမ်ရဲ့ ပါရမီကို မည်သူမှ သံသယ မ၀င်ရဲကြ​တော့ပေ။

တကယ်လို့ ဒီလူတွေရဲ့ ယွမ်ချီထက် အားကောင်း​နေရင် လုရွှမ်ဟာ သူတော်စင်တစ်ပိုင်း အဆင့်၉ ပြီးပြည့်စုံသော ကာလကို အနိုင်ယူဖို့ နည်းလမ်းမျိုးစုံနဲ့ ထုတ်သုံးလာမှာက မဖြစ်နိုင်တာတော့ မဟုတ်ချေ။

ရှောင်ဟဲသည် လုရွှမ်အား ခွန်အားဖြင့် ယှဉ်ပြိုင်ခဲ့သော်လည်း နိယာမစွမ်းအင် အပေါ် နားလည် သဘောပေါက်မှုတွင် လုရွှမ်အား မယှဥ်နိုင်ကြောင်း ဘယ်သူမဆို သိလိုက်ပြီ။

ဖန်းချန်လည်း လုရွှမ်ကို လေးလေးစားစား ကြည့်ပြီး လုံးဝ စိတ်ရှုပ်သွားသည်။

ဒီချင်းလုံအရှင်က အရမ်း ထက်မြက်တယ်။ သူက တကယ်ပဲ ကျောင်းအုပ်ကြီးရဲ့ သူငယ်ချင်းများ ဖြစ်​နေမလား။

လူအုပ်ကြီးလည်း သံသယများဖြင့် ကြည့်ကာ လုရွှမ်ရဲ့ အောင်ပွဲက လွယ်ကူလွန်းလှတယ်လို့ပင် ခံစားမိလာသည်။ အရင်က လျိုဟွာနဲ့ ရန်ပွဲအကြောင်း ပြောရရင် လုရွှမ်က လှည့်ကွက်တချို့ကို သုံးခဲ့တယ်လို့ ယူဆနိုင်ပေမယ့် ရှောင်ဟဲနဲ့ တိုက်ပွဲကို ရှင်းရှင်းလင်းလင်း မြင်ရနိုင်ပြီးနောက် ဒါဟာ တကယ့်ကို မကောင်းဆိုးဝါးနဲ့ တူတဲ့ အရည်အချင်း တစ်ခု ဖြစ်တယ်လို့ တိတ်တဆိတ် တွေးလိုက်မိသည်။

ယုံကြည်မှုတွေ ယိမ်းယိုင်သွားကာ ထိုလူတွေရဲ့ နှလုံးသားတွေ မခိုင်မာတော့ဘဲ လူတချို့က လုရွှမ်ရဲ့ စကားကို ဖြည်းညှင်းစွာ လက်ခံလာကြသည်။ ဒီချင်းလုံအရှင်က တကယ်ပဲ ကျောင်းအုပ်ကြီးရဲ့ သူငယ်ချင်း ဖြစ်ကောင်းဖြစ်နိုင်၏။

"ချင်းလုံအရှင်က အံ့ဩစရာ ကောင်းလောက်အောင် အရည်အချင်းတွေ ရှိနေတာပဲ... ကျွန်မ သဘောကျပါတယ် ချင်းလုံအရှင်ရဲ့ စိတ်ဝိညာဉ် စွမ်းအားက တဟုန်ထိုး အားကောင်းနေပြီး ထူးခြားတယ်လို့ ခံစားရတယ်... ချင်းလုံအရှင်က စိတ်ဝိညာဉ်သခင်များလား?"

လူလတ်ပိုင်း အမျိုးသမီး တစ်ဦးက ရုတ်တရက် ထရပ်ကာ ပိုယဉ်ကျေးတဲ့ သဘောထားနဲ့ ဆိုလိုက်သည်။

ဝိညာဉ်သခင်? ဒီချင်းလုံအရှင်က စိတ်ဝိဉာဉ်သခင်ပါ ဖြစ်နေတာလား?

ထိုအခိုက် လုရွှမ်က ခေါင်းညိတ်လိုက်ပြီး

"ဟုတ်တယ်... ကျုပ်က ဝိညာဉ်သခင်ပဲ!"

တခဏအတွင်း ခန်းမအတွင်းရှိ လူတိုင်း တိတ်ဆိတ်သွား​တော့သည်။

All Chapters