အခန်း (၉၆၇)
Vol. 70 Ch. 967
ဟန်မူယဲ့က နတ်စွမ်းအားသလင်းကျောက် ခြောက်သန်းကိုသာ ရခဲ့သည်။ သို့သော် သူက မဟူရာချပ်ဝတ်ဂိုဏ်းသို့သွား၍ လျော်ကြေးပေးရန် တောင်းဆိုမည်ဆိုလျှင် မည်သည့်အရာကိုမှမရပဲ ဝိုင်းရံသတ်ဖြတ်ခံရလိမ့်မည်။
မဟူရာချပ်ဝတ်ဂိုဏ်းသည် အားနည်းသူကို အနိုင်ကျင့်ပြီး အားကြီးသူကို ကြောက်ရွံ့သည်။ ဂိုဏ်းကြီးတစ်ဂိုဏ်းကသာ သူတို့၏ အစိတ်အပိုင်းတစ်ခုကို ဝါးမြိုနိုင်လိမ့်မည်။
ဟန်မူယဲ့က ကျောက်စိမ်းနံရံတွင်ရှိသော စာများကိုကြည့်လိုက်ပြီး ရွှေရောင်သေတ္တာတစ်လုံးကို ထုတ်ယူ၍ နံရံပေါ်တွင် ဖိချလိုက်သည်။
နတ်စွမ်းအားသလင်းကျောက် တစ်သန်းခွဲ ဖြစ်သည်။
ရွှေသေတ္တာက ပျောက်ကွယ်သွားသည်။ ခဏအကြာတွင် သိုလှောင်အိတ်များ ပေါ်ထွက်လာခဲ့သည်။
အထဲတွင် အမျိုးမျိုးသောအရင်းအမြစ်များ ရှိနေကြသည်။
ယခင်က ထိုအရင်းအမြစ်များအတွက် နတ်စွမ်းအားသလင်းကျောက် ငါးသန်း ကုန်ကျလိမ့်မည်။ သို့သော် ယခုအချိန်တွင် တစ်သန်းခွဲဖြင့်သာ ရောင်းချနိုင်ခဲ့သည်။
ဟန်မူယဲ့၏ အရောင်းအဝယ်ကို မြင်လိုက်ရသောအခါတွင် အင်မော်တယ်သခင်ကျီယုက ဆွဲဆောင်ခံလိုက်ရသည်။
မဟူရာချပ်ဝတ်ဂိုဏ်း ဖော်ပြထားသော အရင်းအမြစ်များထဲတွင် သူလိုအပ်သော ကျင့်ကြံခြင်းပစ္စည်းများလည်း ပါဝင်နေသည်။
ဟန်မူယဲ့က ပစ္စည်းများကို မသိမ်းပဲ ကျောက်စိမ်းနံရံကို ထပ်မံထိတွေ့လိုက်သည်။
အမျိုးမျိုးသောစာလုံးများသည် ကျောက်စိမ်းနံရံတွင် ပေါ်လာကြသည်။
“ကျောက်စိမ်းခြင်ဆီအရည် သုံးပေါင်ကို ရွှေပန်းပွင့်ပေါင်တစ်ရာ ဒါမှမဟုတ် နတ်စွမ်းအားသလင်းကျောက် သုံးထောင်နဲ့ လဲမယ်”
“မြစ်ပြာငါးကျောက်တုံး ငါးဆယ်ကို နတ်စွမ်းအားသလင်းကျောက် ငါးထောင် ဒါမှမဟုတ် ဝိညာဉ်ကိုးပါးသုံးပွင့်ပန်းနဲ့ လဲမယ်”
....
အရောင်းအဝယ်ပြုလုပ်လိုသော စာသားများသည် အလွန်များပြားနေသည်။
သင်္ချိုင်းအင်မော်တယ်မြို့တော်၏ ကျောက်စိမ်းနံရံတွင် ထိုစာများသည် ပထမဆုံးအကြိမ်အဖြစ် ပေါ်လာခဲ့သည်။
ယခင်က ထိုလုပ်ဆောင်ချက်မျိုး ရှိနေသည်ဟု မည်သူမှ မသိကြပေ။
“ငါ .... ငါ ကျောက်စိမ်းခရမ်းကောင်းကင်သံမဏိကို လိုချင်တယ်”
အင်မော်တယ်သခင်ကျီယုက ရုတ်တရက် တုန်ခါသွားပြီး တီးတိုးပြောလိုက်သည်။
ဟန်မူယဲ့က နတ်စွမ်းအားသလင်းကျောက် တစ်ထောင်ကို ထုတ်ယူပြီး ကျောက်စိမ်းနံရံထဲသို့ ထည့်လိုက်သည်။
ခဏအကြာတွင် ခရမ်းရောင်အလင်းကို ထုတ်လွှတ်ပေးနေသော သတ္တုရိုင်းတစ်ခု ပေါ်လာသည်။
အင်မော်တယ်သခင်ကျီယုက စိတ်လှုပ်ရှားနေသော မျက်နှာထားဖြင့် သတ္တုရိုင်းကို ဆုပ်ကိုင်ထားလိုက်သည်။
“ဒီပစ္စည်းနဲ့ဆိုရင် ငါ့ဓားက ပိုပြီး အရည်အသွေးကောင်းလာလိမ့်မယ်”
သူက တောက်ပနေသောမျက်လုံးများဖြင့် ကျောက်စိမ်းနံရံကို ကြည့်သည်။
“ဘယ်သူပဲဖြစ်ဖြစ် အရောင်းအဝယ်လုပ်လို့ရလား”
ရွှေရောင်တံဆိပ်ပြားတစ်ခုသည် ဟန်မူယဲ့၏လက်ထဲတွင် ပေါ်လာသည်။ ထိုတံဆိပ်ပြားက ထူးခြားဆန်းကြယ်သော အငွေ့အသက်ကို ထုတ်လွှတ်နေသည်။
“ကျွန်တော်က ခွင့်ပြုမိန့်ပေးနိုင်တယ်။ အကြီးအကဲတွေကပဲ အရောင်းအဝယ်ကို ထိန်းချုပ်နိုင်တယ်။ အနည်းဆုံး အကြီးအကဲသုံးယောက် ပူးပေါင်းပြီး လုပ်ရမယ်”
ခွင့်ပြုမိန့်သည် အလွန်အရေးပါပြီး အရောင်းအဝယ်လုပ်နိုင်သော ပစ္စည်းများက စိတ်ကူးမယဉ်နိုင်အောင် အဖိုးတန်သည်။
ကောင်းကင်ပြောင်းလဲခြင်းစံအိမ်သည် နတ်ဘုရားကမ္ဘာ၏ နေရာအများအပြားနှင့် ဆက်သွယ်ထားပြီး အလွယ်တကူ လွှဲပြောင်းပေးနိုင်သော ပစ္စည်းမျိုး မဟုတ်ပေ။
အင်မော်တယ်သခင်ကျီယုက တံဆိပ်ပြားကို ယူလိုက်ပြီး ခေါင်းညိတ်သည်။
သူက အတိတ်ကို သတိရသွားပုံပေါ်သည်။
အကယ်၍ သင်္ချိုင်းအင်မော်တယ်မြို့တော်က ဤသို့ ဆောင်ရွက်နိုင်သည်ဟု သိထားခဲ့လျှင် သူတို့က နှစ်ပေါင်းများစွာကြာအောင် အခက်တွေ့နေမည်မဟုတ်ပေ။
သင်္ချိုင်းအင်မော်တယ်မြို့တော်၏ ခွန်အားကြောင့် သူတို့က အများအပြား တိုးတက်လာနိုင်သည်။
သူတို့က အင်မော်တယ်ဘုရင်အဆင့်သို့ မရောက်လျှင်ပင် အင်မော်တယ်သခင် အထွတ်အထိပ်အဆင့်သို့ ရောက်နိုင်သည်။
“ငါက ဒီကိစ္စကို တခြားအကြီးအကဲတွေနဲ့ ဆွေးနွေးလိုက်အုံးမယ်”
အင်မော်တယ်သခင်ကျီယုက ကျောက်စိမ်းနံရံကိုကြည့်လိုက်ပြီး ပြုံးသည်။
“အစပိုင်းမှာတော့ ငါက အကြီးအကဲတွေရဲ့ အရေအတွက်ကို မတိုးမြှင့်ရဲဘူး။ အခုတော့ ကိစ္စမရှိတော့ပါဘူး”
ဟန်မူယဲ့က သင်္ချိုင်းအင်မော်တယ်မြို့တော်ကို ထိန်းချုပ်ထားသည်။ ထို့ကြောင့် အကြီးအကဲများ ထပ်ရှိလာလျှင်လည်း အရေးမကြီးပေ။
သူက ခပ်ဟဟရယ်လိုက်ပြီး ခရမ်းရောင်သတ္တုရိုင်းနှင့်အတူ ခန်းဆောင်ထဲမှ ထွက်သွားသည်။
ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး နံရံတွင်ရှိသော စာများကို ကြည့်သည်။ အချိန်ခဏအတွင်း၌ သူက ဒါဇင်ချီသော အရောင်းအဝယ်များကို ပြုလုပ်ခဲ့သည်။ သူက မဆုံးရှုံးပဲ အကျိုးအမြတ်တချို့ ပြန်ရလာခဲ့သည်။
ရုတ်တရက်ဆိုသလိုပင် သူက အတွေးရသွားသည်။
ကျောက်ချန်ကဲ့သို့ လူတစ်ယောက်အား ဤနေရာကို စောင့်ကြပ်ရန် စေခိုင်းနိုင်သည်။
ထိုသို့ဆိုလျှင် တည်ငြိမ်သော အမြတ်အစွန်းတစ်ခုကို ရနေလိမ့်မည်။
သူက လက်မြောက်ပြီး အလင်းတံခါးတစ်ခုကို ဆင့်ခေါ်သည်။
သူက ခြေတစ်လှမ်းဖြင့် တဲအိမ်ထဲသို့ ပြန်ရောက်သွားသည်။
တည်နေရာရွှေ့ပြောင်းခြင်း ဖြစ်သည်။
သင်္ချိုင်းအင်မော်တယ်မြို့တော်တွင် သူက နေရာတိုင်းသို့ သွားလာနိုင်သည်။
သူက လက်တစ်ဖက်ဝှေ့ယမ်းပြီး ရွှေရောင်အလင်းလွှာတစ်ခုကို ဆင့်ခေါ်သည်။
သူ့တဲအိမ်ထဲကို မည်သူမှ စစ်ဆေးမကြည့်နိုင်ပေ။
သူက အရောင်းအဝယ်မှ ရရှိလာသော ရတနာအမျိုးမျိုးကို ထုတ်ယူလိုက်သည်။ ထိုရတနာများထဲတွင် ဓားရှည်နှစ်ချောင်းလည်း ရှိနေသည်။
သူက ဓားရိုးကို ဆုပ်ကိုင်လိုက်ပြီး မြင်ကွင်းအမျိုးမျိုးကို မြင်ရသည်။
နတ်ဘုရားကမ္ဘာ ဂိုဏ်းတစ်ဂိုဏ်းသည် ထိုဓားများကို အလွန်အဆင့်မြင့်သော အရည်အသွေးအထိရောက်အောင် သန့်စင်ခဲ့သည်။
ထိုဂိုဏ်း၏ သန့်စင်ခြင်းနည်းစနစ်က မဟူရာချပ်ဝတ်ဂိုဏ်းနှင့် မတူပဲ လူသားကမ္ဘာ၏ သန့်စင်ခြင်းနည်းစနစ်နှင့် ပိုတူသည်။
ဟန်မူယဲ့က ထိုဓားမှတစ်ဆင့် အများအပြား နားလည်ခဲ့သည်။
ဓားများကို စစ်ဆေးပြီးသောအခါတွင် သူက ရွှေရောင်ဆေးလုံးနှစ်လုံးကို ကြည့်သည်။
ထိုဆေးလုံးများကို နတ်စွမ်းအားသလင်းကျောက် ငါးထောင်ဖြင့် ဝယ်ယူခဲ့သည်။
ကောင်းကင်အရည်ပျော်ဆေးလုံး ဖြစ်သည်။
ကောင်းကင်အင်မော်တယ်များက ကျင့်ကြံဆင့်တိုးမြှင့်ရန်အတွက် ထိုဆေးလုံးကို သောက်သုံးနိုင်သည်။
ထိုဆေးလုံးသည် ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို ငှားယူပြီး ကမ္ဘာငယ်၏စွမ်းအားကို လှုံ့ဆော်သည်။ ထို့နောက် လူတစ်ယောက်၏ ကျင့်ကြံဆင့်ကို တိုးမြှင့်ပေးပြီး လေဟာနယ်ဖွဲ့စည်းခြင်းအဆင့်သို့ တိုက်ရိုက်ရောက်သွားစေနိုင်သည်။
ထိုအဆင့်ဆေးလုံးများသည် အလွန်ရှားပါးသည်။
ပထမအချက်အနေဖြင့် ထိုဆေးလုံးများကို သန့်စင်ရန်အတွက် လိုအပ်သောရတနာများသည် အလွန်အဖိုးတန်သည်။ ဒုတိယအချက်အနေဖြင့် ကျင့်ကြံခြင်းသည် တည်ငြိမ်သော တိုးတက်မှုတစ်ခုကို လိုအပ်သည်။ ဆေးလုံးနှင့် တခြားလျှို့ဝှက်နည်းစနစ်များကို အသုံးပြု၍ ကျင့်ကြံဆင့် တိုးမြှင့်လိုက်လျှင် ပြဿနာဖြစ်လာလိမ့်မည်။
ဟန်မူယဲ့က ဝိညာဉ်နှင့်ရုပ်ခန္ဓာ အားကောင်းသောကြောင့် ထိုဆေးလုံးများကို ဝယ်ယူခဲ့သည်။
“ဝီ”
သူ၏ နတ်အာရုံက ဆေးလုံးများကို ဖြိုခွဲပစ်လိုက်သည်။ ဆေးလုံးနှစ်လုံးက စိမ်းလန်းသောကမ္ဘာများအဖြစ် ပြောင်းလဲသွားပြီး သူ့ခန္ဓာကိုယ်ကို ဝိုင်းရံလိုက်ကြသည်။
လတ်ဆတ်သောစွမ်းအားတစ်ခုသည် သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာပြီး ကျင့်ကြံခြင်းကို တိုးမြှင့်ပေးနေသည်။
အလွန်အံ့အားသင့်စရာကောင်းသော ခံစားချက်ဖြစ်သည်။
သို့သော် တခြားလူများဆိုလျှင် အလွန်ကြောက်မက်ဖွယ်ကောင်းသော အတွေ့အကြုံတစ်ခု ဖြစ်နေလိမ့်မည်။
သူ၏ ဝိညာဉ်နှင့် ရုပ်ခန္ဓာက ရွှေအင်မော်တယ်အဆင့်တွင် ရှိနေသောကြောင့် ဆေးစွမ်းအားကို ညင်သာစွာ ထိန်းချုပ်နိုင်သည်။
ဆေးလုံးများသည် ကောင်းမွန်သော်လည်း မကြာခဏ အသုံးမပြုသင့်ပေ။
သူက မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။ သူ၏ ကျင့်ကြံခြင်းသည် လေဟာနယ်ဖွဲ့စည်းခြင်းအဆင့်တွင် တည်ငြိမ်သွားသည်။
လေဟာနယ်ဖွဲ့စည်းခြင်းအဆင့် ကောင်းကင်အင်မော်တယ် ....
သူက ကမ္ဘာငယ်၏စွမ်းအားကို အသုံးမပြုပဲ လေဟာနယ်ဖွဲ့စည်းခြင်းအဆင့် စွမ်းအားကို ပိုင်ဆိုင်လာသည်။
သူ၏ ကျင့်ကြံဆင့် တိုးမြင့်လာသောကြောင့် သူ၏ တိုက်ခိုက်နိုင်စွမ်းကလည်း အဆပေါင်းမရေမတွက်နိုင်အောင် တိုးတက်လာခဲ့သည်။
တိုက်ပွဲရုပ်သေးရုပ်ကိုလည်း ပိုမိုလွယ်ကူစွာ ထိန်းချုပ်နိုင်ခဲ့သည်။
သူက တဲအိမ်ထဲမှ ပေါ့ပါးစွာ ထွက်လာသည်။ စုကျန်းနှင့် တခြားလူများက စိုးရိမ်စွာ စုစည်းနေကြသည်။
“ယွင်လန်ဓားအင်မော်တယ်၊ အင်မော်တယ်သခင်ယန်ယွီနဲ့ တခြားလူတွေက သင်္ချိုင်းအင်မော်တယ်မြို့ကို သစ္စာဖောက်ချင်နေပါတယ်”
ပိုင်ထူက မကျေမနပ်ဖြစ်နေသော မျက်နှာထားဖြင့် တီးတိုးပြောသည်။
ဟန်မူယဲ့ပြန်ရောက်လာပြီး သုံးရက်ကြာသွားပြီဖြစ်သည်။
အင်မော်တယ်သခင်ယန်ယွီနှင့် တခြားလူများက လိုချင်သောအဖြေကို မရခဲ့ကြပေ။
အင်မော်တယ်သခင်ကျီယုက သူတို့၏တောင်းဆိုချက်ကို ခိုင်မာစွာ ပယ်ချခဲ့သည်။ သို့သော် သူတို့က ဂုဏ်ထူးဆောင်အကြီးအကဲများ ဖြစ်လာနိုင်သည်ဟု ပြောခဲ့သည်။
အစစ်အမှန်အာဏာမရှိသော အကြီးအကဲများ ဖြစ်ကြသည်။
သူတို့က သင်္ချိုင်းအင်မော်တယ်မြို့တွင် ထိုအဆင့်အတန်းမျိုးကို ပိုင်ဆိုင်ထားပြီးသား ဖြစ်နေသည်။
ထိုသို့ဖြင့် အင်မော်တယ်သခင်ယန်ယွီက ဝှက်ဖဲကို ထုတ်သုံးခဲ့သည်။
ဖူယွီအင်မော်တယ်ကမ္ဘာ၏ တာအိုဂိုဏ်းက ဆွေးနွေးရန်အတွက် အင်မော်တယ်သခင်သုံးယောက်ကို ဖိတ်ခေါ်ခဲ့သည်။
ထို့အပြင် မူယန်အင်မော်တယ်ကမ္ဘာကလည်း အင်မော်တယ်သခင်သုံးယောက်ကို စေလွှတ်လိုက်သည်။
ယခုအချိန်တွင် မြို့၏ အင်အားစုများက ဖရိုဖရဲဖြစ်နေသည်။
“ဘုန်း”
မြို့လယ်မှ ပေါက်ကွဲသံတစ်ခု ပေါ်ထွက်လာသည်။
“ငါတို့က သဘောတူညီမှု မရနိုင်ဘူးဆိုမှတော့ မူယန်အင်မော်တယ်ကမ္ဘာက ဘာတတ်နိုင်မလဲ ကြည့်ရအောင်”
အင်မော်တယ်သခင်ဟူယွမ်၏ ဒေါသတကြီးအော်ဟစ်သံ ပေါ်ထွက်လာသည်။
‘သူတို့က တိုက်ခိုက်နေကြတာလား’
ဟန်မူယဲ့က မျက်မှောင်ကြုတ်လိုက်ပြီး လက်မြှောက်၍ အလင်းလွှာတစ်ခုကို ဆင့်ခေါ်သည်။
သူက သင်္ချိုင်းအင်မော်တယ်မြို့တော်၏ နေရာတိုင်းကို စစ်ဆေးကြည့်နိုင်သည်။
အလင်းလွှာပေါ်တွင် မြို့လယ်ရှုခင်းကို ပြဿထားသည်။
အင်မော်တယ်သခင်ဟူယွမ်က အနီရောင်ချပ်ဝတ်နှင့် လူအိုကြီးတစ်ယောက်ကို တိုက်ခိုက်နေသည်။
သူတို့နှစ်ယောက် ရင်ဆိုင်လိုက်သော အချိန်တိုင်းတွင် အင်မော်တယ်အလင်းများ ဖြာထွက်လာခဲ့သည်။
ကံကောင်းစွာဖြင့် ဝင်္ကပါကို အသက်သွင်းထားသောကြောင့် သူတို့၏ တိုက်ပွဲသည် ပတ်ဝန်းကျင်ကို မထိခိုက်စေခဲ့ပေ။
ထိုသို့မဟုတ်လျှင် အင်မော်တယ်သခင်နှစ်ယောက်၏ တိုက်ပွဲကြောင့် မိုင်ထောင်ချီပတ်ဝန်းကျင်သည် ပျက်စီးသွားရလိမ့်မည်။
သို့သော် အင်မော်တယ်သခင်ဟူယွမ်က အရေးနိမ့်နေသည်။
တခြားအင်မော်တယ်ကမ္ဘာများနှင့် ယှဉ်ကြည့်လိုက်လျှင် ဖူယွီအင်မော်တယ်ကမ္ဘာ၏ အမွေအနှစ်က အားသာချက် သိပ်မရှိပေ။
ဖူယွီအင်မော်တယ်ကမ္ဘာက အားကောင်းသော ကမ္ဘာတစ်ခု မဟုတ်ခဲ့ပေ။
အနီရောင်ချပ်ဝတ်နှင့် လူအိုကြီးက လက်ဝါးချက်ဖြင့် အင်မော်တယ်သခင်ဟူယွမ်ကို နောက်ဆုတ်သွားစေသည်။
တစ်ဖက်တွင် အင်မော်တယ်သခင်ကျီယုနှင့် တခြားလူများက အင်မော်တယ်အလင်းကို ထုတ်ဖော်ထားသည်။ သို့သော် မူယန်ကမ္ဘာ၏ အင်မော်တယ်သခင်သုံးယောက်က နောက်ဆုတ်မသွားပေ။
အင်မော်တယ်သခင်ယန်ယွီနှင့် တခြားလူများက မလှုပ်ရှားပဲ ဘေးတွင် ရပ်ကြည့်နေသည်။
ဟန်မူယဲ့က မျက်မှောင်ကြုတ်သည်။
ထိုအရာသည် သစ္စာဖောက်ခြင်း ဖြစ်သည်။
သူက ခြေတစ်လှမ်းရှေ့တိုးလိုက်ပြီး အလင်းလွှာထဲသို့ ဝင်သွားသည်။
“ဘုန်း”
သူက ချက်ချင်းဆိုသလိုပင် မြို့၏ ကောင်းကင်ထက်သို့ ရောက်လာသည်။
သူရောက်လာသောကြောင့် လူတိုင်းက ကြောင်အသွားသည်။
ဟန်မူယဲ့က အောက်တွင်ရှိနေသော မူယန်အင်မော်တယ်ကမ္ဘာ၏ အင်မော်တယ်သခင်များကို ကြည့်လိုက်သည်။
“မင်းတို့က ငါ့ရဲ့ သင်္ချိုင်းအင်မော်တယ်မြို့ကိုလာပြီး သောင်းကျန်းနေတာလား။ အရိုက်ခံချင်နေပြီထင်တယ်”
ဟန်မူယဲ့က သတ်ဖြတ်ခြင်းဆန္ဒနှင့် တိုက်ခိုက်ခြင်းဆန္ဒကို ထုတ်ဖော်ထားသည်။
“ဟမ့်၊ ဖူယွီအင်မော်တယ်ကမ္ဘာက အမြဲတမ်း အောက်ဆုံးအဆင့်မှာပဲ ရှိတယ်။ ငါတို့ မူယန်အင်မော်တယ်ကမ္ဘာနဲ့ ယှဉ်ရဲတယ်လား”
အနီရောင်ချပ်ဝတ်နှင့် လူအိုကြီးက လှောင်ပြောင်လိုက်သည်။
“မင်းတို့ ဆန္ဒရှိမယ်ဆိုရင် ကျန်းယွမ်အင်မော်တယ်ကမ္ဘာရဲ့ တာအိုရောင်းရင်းတွေနဲ့အတူ မူယန်အင်မော်တယ်ကမ္ဘာဆီမှာ အညံ့ခံလိုက်လေ”
“မင်းအမေကိုပဲ အညံ့ခံလိုက်”
မိစ္ဆာဘုရင်ထူထျန်းက အော်ဟစ်လိုက်ပြီး ပျံထွက်လာသည်။
တစ်ဖက်တွင် အင်မော်တယ်သခင်တစ်ယောက်က ဓားမော့ကို မြှောက်လိုက်သည်။
ဟန်မူယဲ့က လက်မြှောက်ပြီး ဝှေ့ယမ်းသည်။ ရွှေရောင်အလင်းလွှာတစ်ခုက မိစ္ဆာဘုရင်ထူထျန်းနှင့် အင်မော်တယ်သခင်ဟူယွမ်တို့ကို တားဆီးလိုက်သည်။
သူက ရှေ့သို့ တစ်လှမ်းတိုးလိုက်သည်။ နတ်ဘုရားသတ်ဖြတ်ခြင်း ရုပ်သေးရုပ်က သူ့နောက်တွင် ပေါ်လာသည်။
“နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်”
အင်မော်တယ်သခင်ထိုက်ဟယ်က ထိတ်လန့်စွာ အော်ဟစ်လိုက်သည်။
တခြားအင်မော်တယ်သခင်များကလည်း အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
ယွင်လန်ဓားအင်မော်တယ်က သင်္ချိုင်းအင်မော်တယ်မြို့ကို ထိန်းချုပ်ထားသည်ဟု အင်မော်တယ်သခင်ကျီယုက ပြောခဲ့သည်။ ထိုစကားသည် အမှန်ဖြစ်ပုံရသည်။
ဓားဆန္ဒ၊ တိုက်ခိုက်ခြင်းဆန္ဒနှင့် သတ်ဖြတ်ခြင်းဆန္ဒတို့သည် ဟန်မူယဲ့၏ ခန္ဓာကိုယ်ပေါ်တွင် စုစည်းလာသည်။
သွေးရောင်ဓားတစ်လက်သည် သူ့လက်ထဲတွင် ပေါ်လာခဲ့သည်။
နတ်ဘုရားသတ်ဖြတ်ခြင်း ရုပ်သေးရုပ်က အနက်ရောင်ချပ်ဝတ်အဖြစ် ပြောင်းလဲသွားပြီး သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံသည်။