← Chapters

အခန်း (၉၆၈)

Vol. 70 Ch. 968

အခန်း (၉၆၈)

Vol. 70 Ch. 968

ဟန်မူယဲ့က အားကောင်းသောစွမ်းအားကို ခံစားမိပြီး ခေါင်းမော့၍ ဟိန်းဟောက်လိုက်သည်။

ထိုစွမ်းအားသည် ကောင်းကင်နှင့်မြေကြီးကို ခုတ်ပိုင်းပစ်နိုင်သည်။

ရုပ်သေးရုပ်နှင့် သင်္ချိုင်းအင်မော်တယ်မြို့၏စွမ်းအားကို ပေါင်းစပ်လိုက်လျှင် သူက အင်မော်တယ်ဘုရင်တစ်ပါးကို တိုက်ခိုက်ရန် ယုံကြည်ချက်ရှိသည်။

“ဝီ”

ဟန်မူယဲ့၏ မျက်လုံးများက တောက်ပနေပြီး ဓားဖြင့် ညွှန်ပြသည်။

“လာစမ်းပါ။ မင်းတို့ မူယန်အင်မော်တယ်ကမ္ဘာရဲ့စွမ်းအားကို ပြစမ်းပါ”

သူက စကားပြောလိုက်ပြီး ရှေ့သို့ တစ်လှမ်းတိုး၍ ဓားဖြင့် ခုတ်ချသည်။

ပြတ်သားသည်။

ထိုဓားချက်သည် သတ်ဖြတ်ရန် ရည်ရွယ်သည်။

အနီရောင်ချပ်ဝတ်နှင့်လူ၏ မျက်နှာထားက ပြောင်းလဲသွားသည်။ သူက လှံတိုဖြင့် ဓားချက်ကို တားဆီးရန် ကြိုးစားသည်။

သို့သော် ဓားနှင့်လှံ ထိတွေ့သွားသောအချိန်တွင် သူ့မျက်နှာထားက ပြောင်းလဲသွားသည်။

သူက ထိုဓားချက်ကို မတားဆီးနိုင်ပေ။

ထိုဓားချက်သည် သန့်စင်သောစွမ်းအားဖြင့် ပြည့်နှက်နေသည်။

“ဘုန်း”

သူက လွင့်ထွက်သွားပြီး သွေးအန်လိုက်ရသည်။

ဟန်မူယဲ့က မူယန်အင်မော်တယ်ကမ္ဘာ၏ ကျန်ရှိနေသော အင်မော်တယ်သခင်နှစ်ယောက်ကို ဓားဖြင့် ညွှန်ပြလိုက်ပြီး ဖြည်းဖြည်းချင်း ပြောသည်။

“ငါက မင်းတို့ကို အခွင့်အရေးတစ်ခု ပေးလိုက်မယ်”

“ပူးပေါင်းပြီး တိုက်ခိုက်ကြ”

‘ပူးပေါင်းပြီး တိုက်ခိုက်ရမှာလား’

‘အင်မော်တယ်သခင်နှစ်ယောက်က ပူးပေါင်းပြီး တိုက်ခိုက်ရမှာလား’

လူတိုင်းက အံ့အားသင့်သွားပြီး အင်မော်တယ်သခင်နှစ်ယောက်အား စိန်ခေါ်နေသော ဟန်မူယဲ့ကို အံ့အားသင့်စွာ ကြည့်သည်။

ကောင်းကင်အင်မော်တယ်တစ်ယောက်က ဓားကိုင်ထားပြီး အင်မော်တယ်သခင်နှစ်ယောက်ကို တစ်ခါတည်း စိန်ခေါ်နေသည်။

တခြားနေရာတွင် တခြားတစ်ယောက် ဖြစ်နေခဲ့လျှင် အင်မော်တယ်သခင်က လက်တစ်ချောင်းဖြင့် ကောင်းကင်အင်မော်တယ်ကို သတ်ဖြတ်နိုင်သည်။

သို့သော် ယနေ့တွင် ဟန်မူယဲ့၏ ဓားချက်က အနီရောင်ချပ်ဝတ်နှင့် အင်မော်တယ်သခင်ကို လွင့်ထွက်သွားစေခဲ့သည်။ ထို့အပြင် သူ၏ အရှိန်အဝါက လူတိုင်းကို လွှမ်းမိုးထားသည်။

“သူက အရမ်းသန်မာတာပဲ ....”

အင်မော်တယ်သခင်ထူထျန်းက ရေရွတ်လိုက်ပြီး လေထုထဲတွင်ရှိသော ဟန်မူယဲ့ကို ကြည့်သည်။

သူ့ဘေးတွင်ရှိနေသော အင်မော်တယ်သခင်ထိုက်ဟယ်က အံ့အားသင့်သွားပုံပေါ်သည်။

သူက မယုံကြည်နိုင်လောက်အောင် သန်မာလာသော မျိုးဆက်သစ်တပည့်လေးကို ကြည့်သည်။

ဂုဏ်ယူမှုနှင့် အားမလိုအားမရစိတ်ကို ခံစားရသည်။

တစ်ဖက်တွင် အင်မော်တယ်သခင်ယန်ယွီနှင့် တခြားလူများက ထိတ်လန့်နေပြီး နောင်တရသွားပုံပေါ်သည်။

“ဝီ”

ဓားမော့ကိုင်ထားသော အင်မော်တယ်သခင်က မျက်စိကျိန်းလောက်သော ဓားမော့အလင်းဖြင့် ဟန်မူယဲ့ကို တိုက်ခိုက်သည်။

တခြား အင်မော်တယ်သခင်တစ်ယောက်က ဖဲကြိုးကို ထိန်းချုပ်လိုက်ပြီး ရေလှိုင်းများကို စေလွှတ်သည်။

သူတို့နှစ်ယောက်၏ ပူးပေါင်းတိုက်ခိုက်မှုသည် ကောင်းကင်နှင့်မြေကြီးကို တုန်ခါသွားစေသည်။

သင်္ချိုင်းအင်မော်တယ်မြို့၏ အကာအကွယ်ဝင်္ကပါက လှုပ်ရှားလာသည်။ ထိုတိုက်ခိုက်မှုနှစ်ခု၏ စွမ်းအားသည် အလွန်သန်မာသောကြောင့် ဝင်္ကပါက အကာအကွယ်စွမ်းအားကို အဆင့်တစ်ဆင့် တိုးမြှင့်လိုက်ရပုံပေါ်သည်။

သို့သော် ထိုအင်မော်တယ်သခင်နှစ်ယောက်၏ ပူးပေါင်းတိုက်ခိုက်မှုသည် သင်္ချိုင်းအင်မော်တယ်မြို့တော်နှင့် မယှဉ်နိုင်ကြောင်း ဟန်မူယဲ့က သိနေသည်။

ရေအလင်းနှင့် ဓားမော့အလင်း၏ ပူးပေါင်းမှုသည် လောကတစ်ခုကို ဖျက်ဆီးပစ်နိုင်သည်။

အင်မော်တယ်သခင်ကျီယု၏ မျက်နှာထားက လေးနက်နေပြီး ဓားရိုးပေါ်တွင် လက်တင်ထားသည်။

အင်မော်တယ်သခင်ယွီဟယ်က ကျောက်စိမ်းတောင်ဝှေးတစ်ခုကို ထုတ်ယူထားသည်။ အင်မော်တယ်အလင်းသည် ပတ်ဝန်းကျင်သို့ ဖြာထွက်သွားသည်။

အကယ်၍ ဟန်မူယဲ့က ထိုတိုက်ကွက်ကို မခုခံနိုင်လျှင် သူတို့က ဝင်ပါလိမ့်မည်။

“သတ်”

ဟန်မူယဲ့က အော်ဟစ်လိုက်သည်။

သူ့လက်ထဲတွင်ရှိသောဓားက ကျဆင်းလာသည်။

ဓားအလင်းသည် ရေအလင်းနှင့် ဓားမော့အလင်းကို ပိုင်းဖြတ်လိုက်သည်။

စုစည်းနေသော စွမ်းအားသည် လျော့ရဲနေသောစွမ်းအားထက် ပိုမိုသာလွန်သည်။ ဟန်မူယဲ့၏ ဓားအလင်းက အလွန်သိပ်သည်းနေသည်။

သူက ဓားတစ်ချက်ဖြင့် အင်မော်တယ်သခင်နှစ်ယောက်၏ ပူးပေါင်းတိုက်ခိုက်မှုကို ချေဖျက်ခဲ့သည်။

သူက ရှေ့သို့ တစ်လှမ်းတိုးသည်။ သူ့လက်ထဲတွင်ရှိသော ဓားသည် ပေတစ်ရာရှည်လျားသော ဓားအလင်းကို ထုတ်ဖော်သည်။ သူ့ခန္ဓာကိုယ်တွင်ရှိသော ဓားဆန္ဒနှင့် တိုက်ပွဲဆန္ဒသည် တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားသည်။

“သတ်”

သူက ထပ်မံ အော်ဟစ်လိုက်ပြီး ဓားဖြင့် ခုတ်ချသည်။

ထိုဓားသည် အေးစက်သောအလင်းကို သယ်ဆောင်ထားပြီး ချက်ချင်းပျောက်ကွယ်သွားသည်။

လျင်မြန်သည်။

ထိုဓားချက်သည် အလွန်လျင်မြန်သည်။

ဓားမော့ကိုင်ထားသော အင်မော်တယ်သခင်က မျက်နှာထားပြောင်းလဲသွားပြီး ဓားမော့ကိုလှုပ်ရှား၍ မီးခိုးရောင်အလင်းစက်ကွင်းကို ထုတ်လွှတ်သည်။

“ရွှပ်”

ဓားသည် မီးခိုးရောင်အလင်းစက်ကွင်းကို ဖြတ်ကျော်သွားပြီး အင်မော်တယ်သခင်၏ရင်ဘတ်ကို ထိုးဖောက်လိုက်သည်။

“ဘန်း”

ချပ်ဝတ်က ပျက်စီးသွားပြီး အင်မော်တယ်အလင်းရောင် တောက်ပလာသည်။

အင်မော်တယ်သခင်၏ ခန္ဓာကိုယ်က ပေါက်ကွဲသွားသည်။ သို့သော် ပြန်လည်စုစည်းလာသည်။ သူ့မျက်နှာက ဖြူဖျော့နေသည်။

“အင်မော်တယ်သခင်တဲ့လား”

ဟန်မူယဲ့က အေးစက်စွာပြောသည်။

“ဓားတစ်ချက်ကိုတောင် မခုခံနိုင်ဘူး”

အင်မော်တယ်သခင်အဆင့် ကျွမ်းကျင်သူသည် ဓားတစ်ချက်ကိုပင် မခုခံနိုင်ခဲ့ပေ။

အဝေးတစ်နေရာသို့ လွင့်ထွက်သွားပြီး ဒဏ်ရာရနေသော အနီရောင်ချပ်ဝတ်နှင့် အင်မော်တယ်သခင်က ပြန်ရောက်လာပြီး ရင်ဘတ်ကို ဆုပ်ကိုင်ထားသော အင်မော်တယ်သခင်၏ရှေ့တွင် ရပ်လိုက်သည်။

“ဖူယွီအင်မော်တယ်ကမ္ဘာ၊ ကောင်းတယ်။ ကောင်းတယ်”

အနီရောင်ချပ်ဝတ် အင်မော်တယ်သခင်က ဟန်မူယဲ့ကို ကြည့်သည်။ ထို့နောက် အင်မော်တယ်သခင်ကျီယုနှင့် တခြားလူများကို ကြည့်သည်။

“မင်းတို့က အင်မော်တယ်ကမ္ဘာစစ်ပွဲကို စချင်တာလား”

အင်မော်တယ်ကမ္ဘာစစ်ပွဲ ....

အင်မော်တယ်သခင်ကျီယု၏ မျက်နှာထားက ပြောင်းလဲသွားသည်။

သူ့ဘေးတွင်ရှိသော တခြားအင်မော်တယ်သခင်များ၏ မျက်နှာထားကလည်း ပြောင်းလဲသွားသည်။

ဟန်မူယဲ့က အစပိုင်းတွင် ကြောင်အသွားပြီး ပြုံးသည်။

“ကောင်းတယ်။ အကြံကောင်းပဲ”

‘အကြံကောင်းပဲတဲ့လား’

လူတိုင်းက ကြောင်အသွားကြသည်။

“သဘောတူတယ်။ မင်းတို့ ပြန်သွားပြီး ပြင်ဆင်လိုက်ပါ။ သုံးနှစ်ကြာရင် ဖူယွီအင်မော်တယ်ကမ္ဘာက မူယန်အင်မော်တယ်ကမ္ဘာကို တိုက်ခိုက်မယ်”

ဟန်မူယဲ့က ပြတ်သားစွာ ကြေညာလိုက်သည်။

မူယန်အင်မော်တယ်ကမ္ဘာကို တိုက်ခိုက်မည်။

သူ့စကားကြောင့် လူတိုင်းက ကြောင်အသွားကြပြန်သည်။

‘သူက အင်မော်တယ်ကမ္ဘာစစ်ပွဲကို ဒီအတိုင်းပဲ ဆုံးဖြတ်လိုက်တာလား’

‘ဒါက အလျင်စလိုဖြစ်မနေဘူးလား’

မူယန်အင်မော်တယ်ကမ္ဘာ၏ အင်မော်တယ်သခင်သုံးယောက်ကလည်း ကြောင်အနေကြသည်။

‘ငါက ဒီအတိုင်း ခြိမ်းခြောက်ရုံပဲ လုပ်လိုက်တာလေ’

‘ဒီလိုမျိုး ဟာသလုပ်လို့ရတာလား’

“ဟမ့်၊ သင်္ချိုင်းအင်မော်တယ်မြို့သခင်က ဆုံးဖြတ်လိုက်ပြီဆိုမှတော့ ပြောင်းလဲမှာမဟုတ်ဘူး။ မင်းတို့တွေ ပြင်ဆင်ဖို့ သုံးနှစ်အချိန်ရမယ်။ သုံးနှစ်ကြာရင် ငါတို့ ဖူယွီအင်မော်တယ်ကမ္ဘာရဲ့ စစ်တပ် ရောက်လာလိမ့်မယ်”

အင်မော်တယ်သခင်ကျီယုက ကျယ်လောင်စွာပြောသည်။

‘သင်္ချိုင်းအင်မော်တယ်မြို့သခင်တဲ့လား’

‘ဘယ်သူလဲ’

ဟန်မူယဲ့က စိတ်ရှုပ်နေသည်။

“ဟုတ်တယ်။ သုံးနှစ်ပဲ။ မင်းတို့ အချိန်သိပ်မရဘူး”

အင်မော်တယ်သခင်ဟူယွမ်က ကျယ်လောင်စွာပြောလိုက်ပြီး ရယ်မောသည်။

မူယန်အင်မော်တယ်ကမ္ဘာ၏ အင်မော်တယ်သခင်သုံးယောက် မှုန်မှိုင်းနေသောမျက်နှာထားဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့က အင်မော်တယ်သခင်ယန်ယွီနှင့် တခြားလူများကို ဂရုမစိုက်တော့ပဲ လှည့်ထွက်သွားကြသည်။

သူတို့ ပျောက်ကွယ်သွားသောအခါတွင် ဟန်မူယဲ့က အင်မော်တယ်သခင်ယန်ယွီကို လှည့်ကြည့်သည်။

“ယန်ယွီ၊ မင်းက မူယန်အင်မော်တယ်ကမ္ဘာကိုသွားဖို့ ဆုံးဖြတ်ထားတယ်ဆိုရင် သုံးရက်အချိန်ရှိတယ်”

“သုံးရက်အတွင်းမှာ မင်းက သင်္ချိုင်းအင်မော်တယ်မြို့ရဲ့ ရန်သူ ဖြစ်လာလိမ့်မယ်”

ဟန်မူယဲ့က လက်မြှောက်သည်။ ရုပ်သေးရုပ်များသည် သူ့ဘေးတွင် ပေါ်လာကြသည်။

သန်းချီသော ရုပ်သေးရုပ်များက ဝင်္ကပါဖွဲ့စည်း၍ ကောင်းကင်ကို လွှမ်းခြုံထားသည်။

လေထုက တုန်ခါသွားသည်။ သင်္ချိုင်းအင်မော်တယ်မြို့၏ အကာအကွယ်ဝင်္ကပါက လူတိုင်း၏ အသက်စွမ်းအားကို ပစ်မှတ်ထားလိုက်သည်။

“သေချာတွေးပါ။ သုံးရက်ကြာရင် ငါတို့က ရန်သူတွေ ဖြစ်သွားလိမ့်မယ်”

ထိုသို့ဖြင့် ဟန်မူယဲ့က အင်မော်တယ်သခင်ယန်ယွီတို့ကို လျစ်လျူရှုထားပြီး အင်မော်တယ်သခင်ကျီယုနှင့် တခြားလူများကို ကြည့်သည်။

“အကြီးအကဲတို့၊ ကြိုတင်သတိပေးချက်အနေနဲ့ ဖူယွီအင်မော်တယ်ကမ္ဘာရဲ့ ဂိုဏ်းတွေကို ခွန်အားစုစည်းထားခိုင်းလိုက်ပါ။ တိုက်ပွဲစရင် ယွင်ထန့်တောရိုင်းမြေမှာရှိတဲ့ ကျန်းယွမ်အင်မော်တယ်ကမ္ဘာရဲ့ ကျင့်ကြံသူတွေအားလုံးကို ရှင်းထုတ်ပစ်လိုက်ပါ”

ယွင်ထန့်တောရိုင်းမြေတွင် ကျန်းယွမ်အင်မော်တယ်ကမ္ဘာ၏ မရေမတွက်နိုင်သော ကျင့်ကြံသူများ ရှိနေကြသည်။ အင်မော်တယ်သခင်တစ်ယောက်ကလည်း ယွင်လန်မြို့တွင် နေထိုင်သည်။

အကယ်၍ သင်္ချိုင်းအင်မော်တယ်မြို့တော်၏ အင်မော်တယ်သခင်များက ဖူယွီအင်မော်တယ်ကမ္ဘာကို သစ္စာဖောက်ခဲ့လျှင် ထိုအင်မော်တယ်သခင်ကိုလည်း လွှတ်မပေးနိုင်ပေ။

ဟန်မူယဲ့၏အမိန့်က တိကျပြီး ရက်စက်သည်။

အင်မော်တယ်သခင်ကျီယုက လက်နှစ်ဖက်ကို ဆုပ်ကိုင်ပြီး ကျယ်လောင်စွာပြောသည်။

“နားလည်ပါပြီမြို့သခင်”

ထိုသို့ဖြင့် သူက လှည့်ထွက်သွားရန် ပြင်လိုက်သည်။

“နေပါအုံး”

ထိုအချိန်တွင် အင်မော်တယ်သခင်ယန်ယွီက ရုတ်တရက် စကားပြောလိုက်သည်။

“ညီအစ်ကိုကျီယု၊ ခဏနေပါအုံး”

သူက အင်မော်တယ်သခင်ကျီယုနှင့် တခြားအင်မော်တယ်သခင်များကို ကြည့်လိုက်သည်။

“တာအိုရောင်းရင်းတို့၊ မိတ်ဆွေလေးဟန်က ဘယ်လိုလုပ်ပြီး မြို့သခင်ဖြစ်သွားတာလဲ”

ဟန်မူယဲ့ကလည်း ထိုအကြောင်းကို မေးချင်နေသည်။

“ဟားဟား၊ သင်္ချိုင်းအင်မော်တယ်မြို့ရဲ့ စည်းကမ်းအရ မဟာဝင်္ကပါကို ထိန်းချုပ်နိုင်တဲ့လူက မြို့သခင်ဖြစ်လာလိမ့်မယ်”

မိစ္ဆာဘုရင်ထူထျန်းက ပြုံးလိုက်ပြီး ဟန်မူယဲ့ကို ညွှန်ပြသည်။

“ယွင်လန်က မြို့ဝင်္ကပါကို ဘယ်လိုထိန်းချုပ်လိုက်တာလဲ မမြင်ဘူးလား”

အမှန်ပင်ဖြစ်သည်။ ဝင်္ကပါက လူတိုင်း၏အသက်စွမ်းအားကို ပစ်မှတ်ထားခဲ့သောကြောင့် အင်မော်တယ်သခင်ယန်ယွီက မသက်မသာ ခံစားခဲ့ရသည်။

ထို့အပြင် ရုပ်သေးရုပ်တစ်သန်း၏ ခွန်အားကလည်း အရာအားလုံးကို ဖိနှိပ်နိုင်သည်။

အင်မော်တယ်သခင်ယန်ယွီက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး တုံ့ဆိုင်းနေသည်။ ထို့နောက် တီးတိုးပြောသည်။

“မြို့သခင်က မြို့ရဲ့ အရေးကိစ္စတိုင်းကို စကားတစ်ခွန်းနဲ့ ဆုံးဖြတ်နိုင်တာလား”

အင်မော်တယ်သခင်ထိုက်ဟယ်က အေးစက်စွာ ပြောသည်။

“အရင်တုန်းက သင်္ချိုင်းအင်မော်တယ်မြို့မှာ မြို့သခင် မရှိခဲ့ဘူး။ အခု မြို့သခင် ရှိလာပြီ။ မြို့ရဲ့ အရေးကိစ္စတွေကို မြို့သခင်ကပဲ ဆုံးဖြတ်လိမ့်မယ်”

မနေ့က အင်မော်တယ်သခင်ကျီယုသည် အင်မော်တယ်သခင်ထိုက်ဟယ်နှင့် တခြားလူများကို ကျောက်စိမ်းနံရံတွင် အရောင်းအဝယ်ပြုလုပ်နိုင်ကြောင်း ပြသခဲ့သည်။ အရောင်းအဝယ်ပြုလုပ်ရန်အတွက် အကြီးအကဲသုံးယောက် ပူးပေါင်းရမည်။

သူတို့က တစ်ညလုံး ကောင်းမွန်စွာ မအိပ်နိုင်ခဲ့ပေ။

ထိုသို့ ရောင်းဝယ်နိုင်သည်ဟု သိခဲ့လျှင် ယခင်ကတည်းက လုပ်ခဲ့လိမ့်မည်။

ယခုအချိန်တွင် သူတို့က အနည်းဆုံး နတ်စွမ်းအားသလင်းကျောက် တစ်သန်းကို ပိုင်ဆိုင်ထားပြီး ရတနာအမျိုးမျိုးကိုလည်း ရရှိထားသည်။ နတ်ဘုရားစစ်တပ်နှင့် တိုက်ပွဲမှ အတွေ့အကြုံများလည်း ရှိနေသည်။

သူတို့က လိုအပ်သော ရတနာများကို လဲလှယ်နိုင်လျှင် ခွန်အားနှင့် ကျင့်ကြံဆင့် တိုးတက်လာလိမ့်မည်။

အကယ်၍ သူတို့က အင်မော်တယ်ဘုရင်အဆင့်သို့ မရောက်နိုင်လျှင်ပင် အင်မော်တယ်သခင် အထွတ်အထိပ်အဆင့်သို့ ရောက်သွားကြလိမ့်မည်။ အင်မော်တယ်ဘုရင် တစ်ဝက်အဆင့်သို့ ရောက်ရှိရန်ပင် မခက်ပေ။

သူတို့က ယွင်လန်ဓားအင်မော်တယ်ကို မြို့သခင်အဖြစ် ခန့်အပ်ရန် ဆွေးနွေးခဲ့ကြသည်။

သို့သော် အပြီးသတ် မဆုံးဖြတ်ရသေးပေ။

ယနေ့တွင် အင်မော်တယ်သခင်ကျီယုက မြို့သခင်ဟု တိုက်ရိုက်ခေါ်ဆိုခဲ့သည်။

“ကောင်းပြီ”

အင်မော်တယ်သခင်ယန်ယွီက လေးနက်သောမျက်နှာထားဖြင့် ဟန်မူယဲ့ကို ဦးညွတ်သည်။

“ယန်ယွီက မြို့သခင်ကို အရိုအသေပေးပါတယ်”

All Chapters