အခန်း (၉၇၀)
Vol. 70 Ch. 970
ခန်းဆောင်ထဲတွင် စိတ်လှုပ်ရှားနေသောအသံများဖြင့် ပြည့်နှက်နေသည်။
“ယွင်လန်က သင်္ချိုင်းအင်မော်တယ်မြို့ရဲ့နာမည်နဲ့ အင်မော်တယ်တက်လှမ်းစင်မြင့်ကို ထိန်းချုပ်ချင်တယ်”
ဂိုဏ်းချုပ်က တည်ငြိမ်သောမျက်နှာထားဖြင့် လူတိုင်းကို ကြည့်လိုက်သည်။
“သူက ကမ်းလှမ်းချက်တချို့ လုပ်လာတယ်”
ဂိုဏ်းများသည် လိုအပ်သောရတနာများကို စာရင်းလုပ်ပြီး သင်္ချိုင်းအင်မော်တယ်မြို့တော်သို့ ပေးပို့နိုင်သည်။ သင်္ချိုင်းအင်မော်တယ်မြို့က ထိုရတနာများကို အကောင်းဆုံးကြိုးစား၍ ရှာဖွေပေးမည်။
သင်္ချိုင်းအင်မော်တယ်မြို့က စိတ်ရင်းကို ပြသရန်အတွက် ဝိညာဉ်ကျောက်တုံး သန်းထောင်ချီသော ရတနာများကို ပို့ပေးခဲ့သည်။
လက်ဆောင်အနေဖြင့် ဖြစ်သည်။
ထိုသို့ ခမ်းနားသောပုံစံမျိုးသည် လွှမ်းမိုးနိုင်စွမ်းရှိသည်ဟု ပြောနိုင်သည်။
ထိုနည်းလမ်းမျိုးကို ငြင်းဆန်ရန် ခက်ခဲလှသည်။
ထို့အပြင် အင်မော်တယ်ကမ္ဘာ၏ လေ့ကျင့်မှုလည်း ရှိနေသည်။
ပျက်စီးနေသောကမ္ဘာတွင် နတ်ဘုရားကလန်သားများကို သတ်ဖြတ်မည်။
ယခင်က ထိုလေ့ကျင့်မှုမျိုးကို မည်သူက စိတ်ကူးနိုင်မည်နည်း။
ယွင်လန်ဓားအင်မော်တယ်၏ ကမ်းလှမ်းချက်ကို လူအများက စိတ်ဝင်စားကြသည်။
ဂိုဏ်းများ၏ လက်ရွေးစင်တပည့်တိုင်းသည် ထိုအခွင့်အရေးမျိုးကို လက်လွှတ်မခံချင်ကြပေ။
အကယ်၍ ဂိုဏ်းတစ်ဂိုဏ်းက ငြင်းဆန်လိုက်လျှင် အပြစ်တင်ခံရလိမ့်မည်။
“ငါတို့က တခြားဂိုဏ်းတွေအကြောင်း မသိဘူး”
ဂိုဏ်းချုပ်က ပြုံးလိုက်ပြီး ညင်သာစွာပြောသည်။
“ဒါပေမဲ့ ငါ့ရဲ့ အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းကတော့ ထောက်ခံတယ်”
သူ့စကားကြောင့် လူတိုင်းက ရယ်လိုက်ကြသည်။
ယွင်လန်ဓားအင်မော်တယ်သည် အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းမှ ဖြစ်သည်။
သူက ယွင်လန်မြို့နှင့် သင်္ချိုင်းအင်မော်တယ်မြို့ကို ထိန်းချုပ်ထားပြီး သီးသန့်ရပ်တည်နိုင်သော်လည်း အခြေအနေအရ ဓားဂိုဏ်းနှင့် ပူးပေါင်းနေဆဲဖြစ်သည်။
ကျင့်ကြံခြင်းလောကသည် အကျိုးအမြတ်များကို စိတ်ဝင်စားခြင်းမဟုတ်ပဲ စိတ်ဝင်စားခြင်းကို အကျိုးအမြတ်များအဖြစ် ပြောင်းလဲနိုင်ခြင်း ဖြစ်သည်။
ဓားဂိုဏ်းနှင့် ယွင်လန်ဓားအင်မော်တယ်သည် အချင်းချင်း ပြန်လည်အကျိုးပြုနေသည်။
“ဒီတစ်ကြိမ်မှာ ယွင်လန်က ရတနာတွေအများကြီး ပို့လိုက်တယ်။ ငါတို့က ထောက်ခံမှု ပြသင့်လား”
အင်မော်တယ်သခင်တစ်ယောက်က မေးသည်။
ထိုရတနာများထဲတွင် သူအသုံးပြုနိုင်သော ရတနာတချို့ ပါလာသည်။ သူက လူငယ်တစ်ယောက်၏ ရတနာများကို အလကားမသုံးချင်ပေ။
တခြားလူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး တုံ့ဆိုင်းနေသည်။
ယွင်လန်ဓားအင်မော်တယ်သည် မယုံကြည်နိုင်လောက်အောင် ချမ်းသာပြီး လိုအပ်နေသောအရာလည်း မရှိပေ။
“သူက ကိုးထပ်ဓားမျှော်စင်တစ်ခုကို ထိန်းချုပ်ထားတယ်မဟုတ်လား”
“ငါတို့က ဂိုဏ်းမှာရှိနေတဲ့ ကိုးထပ်ဓားမျှော်စင်တွေအားလုံးကို ပေးလိုက်ကြမလား။ ကျန်တာတွေကို စုဆောင်းနိုင်ဖို့ကတော့ သူနဲ့ပဲ ဆိုင်တယ်”
အစိမ်းရောင်ဝတ်စုံနှင့် တာအိုတန်ခိုးရှင်တစ်ဦးက အကြံပေးသည်။
ကိုးထပ်ဓားမျှော်စင် ကိုးခုကို ပေါင်းစပ်နိုင်လျှင် အထွတ်အထိပ်အဆင့် ရတနာတစ်ပါး ပေါ်ထွက်လာမည်ဟု ပြောကြသည်။ သို့သော် ကိုးထပ်ဓားမျှော်စင်များက ပြန့်ကျဲနေပြီး စုဆောင်းရန် မဖြစ်နိုင်ပေ။
“အဲဒီလိုမပြောနဲ့။ သူ့ရဲ့ ကံကောင်းပုံနဲ့ဆိုရင် ဓားမျှော်စင်ကိုးခုလုံးကို စုဆောင်းနိုင်လိမ့်မယ်”
အဖြူရောင်ဝတ်စုံနှင့် အကြီးအကဲတစ်ယောက်က အပြုံးတစ်ခုနှင့်အတူ ပြောသည်။
ထိပ်ဆုံးတွင်ရှိနေသော ဂိုဏ်းချုပ်က ခေါင်းညိတ်လိုက်ပြီး ညင်သာစွာပြောသည်။
“သူက အရံလူတစ်ယောက် ဖြစ်လာနိုင်တယ်လို့ ပြောခဲ့တယ်”
သူ့စကားကြောင့် ခန်းဆောင်တစ်ခုလုံးက တိတ်ဆိတ်သွားသည်။
အရံ ....
ဂိုဏ်းချုပ်ရာထူးအတွက် အရံတစ်ယောက် ဖြစ်သည်။
ထိုကိစ္စသည် ဓားဂိုဏ်းတစ်ဂိုဏ်းလုံးနှင့် သက်ဆိုင်နေသည်။
“ဟားဟား၊ ကံကောင်းတာက အချိန်ရှိသေးတယ်။ သူတို့ကို နှစ်ပေါင်းသုံးရာအကြာမှာ ကျင်းပမယ့် ပါရမီရှင်စုဝေးပွဲမှာ ယှဉ်ပြိုင်ခိုင်းပြီး မဟာစည်းဝေးပွဲအတွက် အဆင့်မီအောင် လုပ်ရမယ်”
ဂိုဏ်းချုပ်က အပြုံးတစ်ခုနှင့်အတူ ပြောသည်။
“တကယ်လို့ ယွင်လန်က ပါရမီရှင်စုဝေးပွဲမှာ ခေါင်းဆောင်တစ်ယောက်ဖြစ်လာပြီး ငါတို့ ဖူယွီအင်မော်တယ်ကမ္ဘာကို ဦးဆောင်ခဲ့ရင် မဟာစည်းဝေးပွဲတိုက်ပွဲမှာ အခွင့်အရေးတစ်ခု ရှိလာလိမ့်မယ်”
စကားပြောလိုက်သော အင်မော်တယ်သခင်က မျက်လုံးများ တောက်ပသွားပြီး နက်ရှိုင်းသောအသံဖြင့် ပြောသည်။
“ငါတို့က ထိပ်ဆုံးတစ်ရာထဲကို ဝင်ရောက်နိုင်လိမ့်မယ်”
ထိပ်ဆုံးတစ်ရာ ....
သူ့စကားကြောင့် ခန်းဆောင်ထဲတွင် ပင့်သက်ရှိုက်သံများဖြင့် ပြည့်နှက်သွားသည်။
“ထိပ်ဆုံးတစ်ရာ၊ အင်မော်တယ်ဘုရင်တစ်ပါး ဖြစ်လာဖို့ အခွင့်အရေး။ ဟားဟား၊ ဒါပေမဲ့ ကမ္ဘာပေါင်းစုံပြိုင်ပွဲက တကယ်ခက်ခဲတယ် ....”
စကားပြောလိုက်သော အင်မော်တယ်သခင်က သက်ပြင်းချလိုက်သော်လည်း မျက်လုံးထဲတွင် မျှော်လင့်စောင့်စားမှုများ ရှိနေသည်။
“ဒီနေ့စကားတွေကို တခြားလူတွေ သိလို့မရဘူး”
ထိပ်ဆုံးတွင်ရှိသော ဂိုဏ်းချုပ်က ပြောသည်။
လူတိုင်းက မတ်တပ်ရပ်ပြီး ဦးညွတ်လိုက်သည်။
ယနေ့ ဆွေးနွေးခဲ့သော ကိစ္စရပ်များသည် အနာဂတ်နှင့် သက်ဆိုင်နေသည်။ အပြင်လူများက ထိုအကြောင်းကို သိသွားပြီး ကြိုတင်ပြင်ဆင်မှုများ လုပ်ထားခဲ့လျှင် ပြဿနာတက်လိမ့်မည်။
အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းမှ အင်မော်တယ်သခင်များ၏ အစည်းအဝေးကဲ့သို့ ဖူယွီအင်မော်တယ်ကမ္ဘာ၏ တခြားဂိုဏ်းများကလည်း အစည်းအဝေး လုပ်နေကြသည်။
ရက်အနည်းငယ်အကြာတွင် ဂိုဏ်းအသီးသီးမှ သတင်းရောက်လာသည်။ သူတို့အားလုံးက အင်မော်တယ်ကမ္ဘာစစ်ပွဲကို ထောက်ခံကြသည်။
ဂိုဏ်းကြီးများက လေ့ကျင့်မှုတွင် ပါဝင်ရန်အတွက် တပည့်များကို စုဝေးနေကြသည်။
လေ့ကျင့်မှုကို အင်မော်တယ်တက်လှမ်းစင်မြင့်အား ထိန်းချုပ်ခွင့်အတွက် ယှဉ်ပြိုင်ရန်ဖြစ်သည်ဟု သတင်းလွှင့်ထားကြသည်။
သို့သော် ဂိုဏ်းများ၏ အဆင့်မြင့်ပုဂ္ဂိုလ်များက အင်မော်တယ်တက်လှမ်းစင်မြင့်အား ယွင်လန်ဓားအင်မော်တယ်ဆီသို့ လွှဲပြောင်းပေးလိုက်ပြီဖြစ်ကြောင်း သိနေကြသည်။
ထိုအရာသည် အဆင့်အတန်း ဖြစ်သည်။
ဟန်မူယဲ့က အင်မော်တယ်ကမ္ဘာသို့ စရောက်လာသောအချိန်တွင် အားနည်းပြီး ဆင်းရဲသည်။
သူက လူသားကမ္ဘာတွင်ရှိသော ဆွေမျိုးနှင့် မိတ်ဆွေများကို မကယ်တင်နိုင်ပေ။
သူက လွန်ခဲ့သော နှစ်တစ်လျှောက်တွင် အဆက်မပြတ် တိုက်ခိုက်ပြီး အင်အားစုကြီးတစ်ခုကို အလိုလျောက် တည်ထောင်မိခဲ့သည်။
နောက်ဆုံးတွင် သူက သင်္ချိုင်းအင်မော်တယ်မြို့တော်၏ အကူအညီဖြင့် အင်မော်တယ်တက်လှမ်းစင်မြင့်ကို ထိန်းချုပ်နိုင်ခဲ့သည်။
သူက ထိုဖြစ်ရပ်ကြောင့် အလွန်မယုံကြည်နိုင်စရာကောင်းသည်ဟု ခံစားနေသည်။
သုံးလအကြာတွင် ဂိုဏ်းအသီးသီးမှ လက်ရွေးစင်များ၏ ပထမအသုတ်သည် သင်္ချိုင်းအင်မော်တယ်မြို့တော်သို့ ရောက်လာကြသည်။
သူတို့၏ မှတ်ဉာဏ်ထဲတွင် သင်္ချိုင်းအင်မော်တယ်မြို့တော်က ရှေးကျပြီး အပျက်အစီးများနှင့်ပြည့်နေသော သွေးစွန်းနယ်မြေတစ်ခု ဖြစ်သည်။
သို့သော် သူတို့က တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါထဲမှ ထွက်လာသောအချိန်တွင် အံ့အားသင့်သွားကြသည်။
မြို့တံတိုင်းက မြင့်မားပြီး ဖြူစွတ်နေသည်။ အစိမ်းရောင်သစ်ပင်နှင့် နွယ်ပင်များကို နေရာတိုင်းတွင် မြင်နိုင်သည်။
‘ဒါက သင်္ချိုင်းအင်မော်တယ်မြို့တော် ဟုတ်ရဲ့လား’
ထို့အပြင် ရုပ်သေးရုပ်များက အဆုံးမရှိသော မြို့တံတိုင်းပေါ်တွင် စောင့်ကြပ်နေကြသည်။ မြို့တစ်ခုလုံးသည် နတ်စွမ်းအား၊ အင်မော်တယ်စွမ်းအားဖြင့် ပြည့်နေသည်။
ဤနေရာသည် သင်္ချိုင်းအင်မော်တယ်မြို့တော် မဟုတ်ပဲ တော်ဝင်အင်မော်တယ်မြို့တော် ဖြစ်သည်။
မြို့ထဲတွင်နေထိုင်သော ကျင့်ကြံသူများသည် ပြန့်ကျဲမနေတော့ပေ။
အဘယ်ကြောင့်ဆိုသော် မြို့ဝင်္ကပါ၏စွမ်းအားကြောင့် သူတို့က စုစည်းလာကြသည်။
မြို့ဝင်္ကပါ၏စွမ်းအားသည် သူတို့အတွက် အကျိုးရှိသည်။
မတူညီသော ကျင့်ကြံခြင်းစွမ်းအားများသည် နေရာအသီးသီးတွင် စုစည်းနေကြသည်။ လူတိုင်းက သင့်တော်သော နေရာများတွင် နေထိုင်၍ ကောင်းမွန်စွာ ကျင့်ကြံနိုင်ကြသည်။
သူတို၏ ကျင့်ကြံခြင်းက ပိုမိုလျင်မြန်လာသည်။ ထို့ကြောင့် လိုအပ်သောအခါတွင် သူတို့က ဝင်္ကပါကို ပြန်လည်ထောက်ပံ့ပေးရန် အသင့်ဖြစ်နေကြသည်။
ဆယ်ဆပိုမိုမြန်ဆန်လာသော ကျင့်ကြံဆင့်ကို မည်သူမှ ငြင်းပယ်မည်မဟုတ်ပေ။
ဟန်မူယဲ့က ဂိုဏ်းအသီးသီးမှရောက်လာသော လက်ရွေးစင်တပည့်များကို ကိုယ်တိုင်သွားမကြိုခဲ့ပေ။
သူက မြို့သခင်ဖြစ်နေကြောင်း မည်သူမှ မသိကြပေ။
သင်္ချိုင်းအင်မော်တယ်မြို့ကို အကြီးအကဲငါးယောက်က ထိန်းချုပ်ထားသည်ဟုသာ ထင်နေကြသည်။
နှစ်ဝက်အတွင်း၌ ကျင့်ကြံသူတစ်သန်းခန့် ရောက်လာကြသည်။ ထို့နောက် သူတို့က ရုပ်သေးရုပ်တစ်သန်းနှင့်အတူ ကျန်းယွမ်အင်မော်တယ်ကမ္ဘာသို့ ထွက်ခွာသွားကြသည်။
ကျန်းယွမ်အင်မော်တယ်ကမ္ဘာ၏ အင်မော်တယ်သခင်ခြောက်ယောက်ကလည်း ကျန်းယွမ်အင်မော်တယ်ကမ္ဘာ၏ ကျင့်ကြံသူများကို ဦးဆောင်၍ လိုက်သွားကြသည်။
ကျန်းယွမ်အင်မော်တယ်ကမ္ဘာ၏ ပထမဆုံးတိုက်ပွဲတွင် အနက်ရောင်ဝတ်စုံနှင့် ကျင့်ကြံသူတစ်ယောက်က နတ်ဘုရားမိုးကြိုးကို အသုံးပြု၍ နတ်ဘုရားကလန်၏ ဝင်္ကပါကို ဖျက်ဆီးပစ်ခဲ့သည်။
ထိုကျင့်ကြံသူကို မည်သူမှ မသိကြပေ။
ထိုလူသည် သင်္ချိုင်းအင်မော်တယ်မြို့တော်၏ နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ် ဖြစ်နိုင်သည်ဟု နှစ်ဖက်လုံးက သုံးသပ်လိုက်ကြသည်။
သို့သော် ထိုလူက ဟန်မူယဲ့ ဖြစ်သည်။
သူက နတ်ဘုရားစွမ်းအားမိုးကြိုးကို စုစည်းထားပြီး နတ်ဘုရားကလန်၏ ဝင်္ကပါကို ဖြိုခွဲခဲ့သည်။ ထိုသို့ဆိုလျှင် သူတို့က နတ်ဘုရားကလန်သားများကို ဝိုင်းရံသတ်ဖြတ်နိုင်လိမ့်မည်။
ထိုသို့မဟုတ်လျှင် သင်္ချိုင်းအင်မော်တယ်မြို့တော်၏ ကျင့်ကြံသူများက ကျန်းယွမ်အင်မော်တယ်ကမ္ဘာကို ထိုးဖောက်နိုင်မည်မဟုတ်ပေ။
ဟန်မူယဲ့က ထိုတစ်ကြိမ်သာ လှုပ်ရှားခဲ့သည်။
ကျင့်ကြံသူများက ကျန်းယွမ်အင်မော်တယ်ကမ္ဘာထဲသို့ ပြေးဝင်သွားသောအခါတွင် အင်မော်တယ်သခင်ယန်ယွီနှင့် တခြားလူများက သက်ပြင်းချလိုက်ကြသည်။
သူတို့က ကျန်းယွမ်အင်မော်တယ်ကမ္ဘာသို့ ပြန်ရောက်လာမည်ဟု တွေးမထားခဲ့ကြပေ။
“သတ်”
လူတစ်ယောက်က အော်ဟစ်လိုက်ပြီး ထိတ်လန့်စွာထွက်ပြေးနေသော နတ်ဘုရားကလန်သားများနှင့် နှေးကွေးသော အင်မော်တယ်သတ်ဖြတ်ခြင်းတမန်တော်များဆီသို့ ပြေးဝင်သွားသည်။
သူတို့အားလုံးသည် အကျိုးပြုရမှတ်များ ဖြစ်ကြသည်။
သူတို့က အကျိုးပြုရမှတ်များဖြင့် ရတနာများကို လဲလှယ်နိုင်သည်။ တစ်ချိန်တည်းမှာပင် အကျိုးပြုရမှတ်များအပေါ် အခြေခံ၍ သူတို့၏ဂိုဏ်းများက အင်မော်တယ်တက်လှမ်းစင်မြင့်ကို ထိန်းချုပ်ခွင့်ရလိမ့်မည်။
သူတို့၏ ကိုယ်ပိုင်အကျိုးအမြတ်နှင့် ဂိုဏ်းအတွက် ဖြစ်သောကြောင့် ကျင့်ကြံသူများအားလုံးက အလွန်တက်ကြွနေကြသည်။
သို့သော် သူတို့၏ အကျိုးပြုရမှတ်များက သင်္ချိုင်းအင်မော်တယ်မြို့တော်ကို အမြတ်အစွန်းရစေလိမ့်မည်။
သူတို၏ အကျိုးပြုရမှတ် ၃၀%သည် ဂိုဏ်းနှင့် သက်ဆိုင်ပြီး ၄၀%သည် သင်္ချိုင်းအင်မော်တယ်မြို့တော်နှင့် သက်ဆိုင်သည်။ သူတို့က ၃၀%ကိုသာ ရလိမ့်မည်။
သို့သော် ထိုအကြောင်းကို သူတို့က သိနိုင်မည်မဟုတ်ပေ။
သူတို့ နှစ်ပေါင်းများစွာကြာအောင် အိပ်မက်မက်ခဲ့ရသော ရတနာများကို အကျိုးပြုရမှတ်ဖြင့် လဲလှယ်နိုင်မည်။ ထိုအရာသည် သူတို့၏ အခွင့်အရေး ဖြစ်သည်။
ထိုရတနာများကို ရရှိရန် မလွယ်ပေ။
ယခင်က ရတနာတစ်ခု ရရန်အတွက် မရေမတွက်နိုင်သော တိုက်ပွဲများကို တိုက်ခိုက်ခဲ့ရသည်။
ကောင်းကင်အလင်းဂိုဏ်း၏ လက်ရွေးစင်တစ်ယောက်ဖြစ်သူ ရှုချယ်သည် ကောင်းကင်အင်မော်တယ်အဆင့်သို့ ရောက်နေပြီဖြစ်သည်။
သူက ကျားကလန်၏သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားပြီး ခန္ဓာကိုယ်တောင့်တင်းသည်။
သူက နှစ်ပေါင်းသုံးသောင်းကြာအောင် ကျင့်ကြံပြီး လေဟာနယ်လမ်းကြောင်းအဆင့်သို့ ရောက်လာခဲ့သည်။ သူက ထိုအဆင့်တွင် နှစ်ပေါင်း ၁၈,၀၀၀ကြာအောင် ပိတ်မိနေခဲ့သည်။
သူက မိသားစု၏ ကြွယ်ဝမှုအများစုကို လောင်းကြေးထပ်ပြီး လေ့ကျင့်မှုတွင် ပါဝင်နိုင်ရန် ကြိုးစားခဲ့သည်။
ထိုလေ့ကျင့်မှုသည် အန္တရာယ်များသည်။ သင်္ချိုင်းအင်မော်တယ်မြို့တော်ကလည်း အန္တရာယ်များသည်။
သူက ဖူယွီအင်မော်တယ်ကမ္ဘာတွင် နှစ်ပေါင်းများစွာကြာအောင် ပျံ့နှံ့နေသောသတင်းများကို ကြားဖူးသည်။
သို့သော် သူက ကြိုးစားကြည့်ချင်သည်။
လူတိုင်းတွင် အိပ်မက်များရှိကြသည်။
လေဟာနယ်လမ်းကြောင်းအဆင့်က သူ၏ ကန့်သတ်ချက် မဖြစ်နိုင်ပေ။
သူက လေဟာနယ်သန့်စင်ခြင်းအဆင့်သို့ တက်လှမ်းချင်သည်။
ရှုချယ်က သင်္ချိုင်းအင်မော်တယ်မြို့သို့ ရောက်လာသောအခါတွင် ငေးမောသွားသည်။
သင်္ချိုင်းအင်မော်တယ်မြို့သည် ဒဏ္ဍာရီများနှင့် မတူပေ။
သူက မြို့ထဲတွင် နေထိုင်ပြီး တစ်လခန့် ကျင့်ကြံပြီးသောအခါ သွေးမျိုးဆက်ဆူပွက်လာကြောင်း ခံစားမိသည်။
နှစ်ပေါင်းမရေမတွက်နိုင်အောင် ရပ်တန့်နေခဲ့သော သူ၏ ကျင့်ကြံဆင့်သည် တိုးတက်လာရန် အရိပ်အယောင်ပြနေသည်။
ထို့ကြောင့် သူက အလွန်စိတ်လှုပ်ရှားနေခဲ့သည်။
ကျန်းယွမ်အင်မော်တယ်ကမ္ဘာသို့ သွားရောက်ရမည့်အချိန်တွင် ရှုချယ်က သင်္ချိုင်းအင်မော်တယ်မြို့တော် ထုတ်ပြန်ပေးသော လဲလှယ်နိုင်သည့်ရတနာစာရင်းကို ကြည့်နေပြီး စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့ပေ။
သူက အကျိုးပြုရမှတ် ၁၃မှတ်ဖြင့် ရှေးခေတ်နတ်ဘုရားသားရဲ ချင်းယန်ကျားနက်သွေးမျိုးဆက်ကို လဲလှယ်နိုင်သည်။ ထိုသို့ဆိုလျှင် သူက လေဟာနယ်သန့်စင်ခြင်းအဆင့်သို့ ချက်ချင်းရောက်သွားလိမ့်မည်။