အခန်း (၉၇၅)
Vol. 70 Ch. 975
သူ့နောက်တွင် လီယွင်ကန်း၊ ကျားဝူနှင့် စုရှင်းဟယ်တို့က လက်မြှောက်ပြီး လေဟာနယ်ကို ထိုးဖောက်၍ ပျံသန်းလာကြသည်။
ဟန်မူယဲ့က မိုင်ပေါင်းမရေမတွက်နိုင်အောင် ပျံသန်းလာပြီး ရပ်တန့်လိုက်သည်။
သူ့နောက်တွင်ပါလာသော ကျားဝူကလည်း ရပ်တန့်နေသည်။
“ဝီ”
သူ့ရှေ့တွင် ပေသောင်းချီရှည်လျားသော အနက်ရောင်ရေလှိုင်းများ ပေါ်ထွက်လာသည်။
အနက်ရောင်ဝတ်စုံနှင့် တာအိုတန်ခိုးရှင်တစ်ဦးက ရေလှိုင်းများကြားတွင် ရှိနေသည်။
ကျားဝူ၏ခန္ဓာကိုယ်က ချီစွမ်းအင်ဖြင့် တောက်ပလာပြီး ဖြည်းဖြည်းချင်း ပုံရိပ်ယောင်ဆန်လာသည်။
“အဆုံးမဲ့နတ်ဘုရားဘုရင်”
လေဟာနယ်ထဲမှထွက်လာသော စုရှင်းဟယ်က ထိုလူကို ကြည့်လိုက်ပြီး ညင်သာစွာ ပြောသည်။
ကျားဝူက အဆုံးမဲ့နတ်ဘုရားဘုရင်၏ ကိုယ်ပွားတစ်ခု ဖြစ်သည်။ ထို့ကြောင့် အဆုံးမဲ့နတ်ဘုရားဘုရင်က ကိုယ်ပွားကို အာရုံခံမိပြီး ချက်ချင်းရောက်လာသည်။
ကိုယ်ပွား၏မှတ်ဉာဏ်များကို ရရှိလိုက်သော အဆုံးမဲ့နတ်ဘုရားဘုရင်က ခေါင်းမော့ပြီး ဟန်မူယဲ့နှင့် တခြားလူများကို ကြည့်သည်။
သူ့အကြည့်ထဲတွင် အံ့အားသင့်မှုနှင့် အားကျစိတ်များ ရှိနေသည်။
ဟန်မူယဲ့သည် အင်မော်တယ်ကမ္ဘာတွင် ယွင်လန်ဓားအင်မော်တယ်အဖြစ် ကိုယ်ပိုင်အင်အားစုတစ်ခုကို ပိုင်ဆိုင်ထားသည်။
သူမသိလိုက်ပဲ ထိုလူငယ်သည် သူ့ကို ကျော်လွန်သွားခဲ့သည်။
တခြားနှစ်ယောက်တွင် တစ်ယောက်သည် သူနှင့် တိုက်ခိုက်ဖူးသော ဓားစံအိမ်၏သခင်ဟောင်းဖြစ်သည်။ ယခုအချိန်တွင် သူ၏ ကျင့်ကြံခြင်းက အလွန်နက်နဲသောကြောင့် အဆုံးမဲ့နတ်ဘုရားဘုရင်က သူ့ကို ထွင်းဖောက်မမြင်နိုင်တော့ပေ။
နောက်တစ်ယောက်သည် ပိုမိုကြောက်လန့်ဖွယ်ကောင်းသည်။
လီယွင်ကန်းဆီမှ ထွက်ပေါ်လာသော ဓားအငွေ့အသက်ကြောင့် အဆုံးမဲ့နတ်ဘုရားဘုရင်က ရင်ထိတ်သွားရသည်။
“ဟမ်၊ ဒီမိတ်ဆွေလေးရဲ့ ကျင့်ကြံခြင်းနည်းစနစ်က အထင်ကြီးစရာပဲ”
လီယွင်ကန်းက အဆုံးမဲ့နတ်ဘုရားဘုရင်ကို ထွင်းဖောက်မြင်နေရပုံပေါ်သည်။
“အဆုံးမရှိတဲ့ အငြိုးအတေးစွမ်းအားကို အသုံးပြုပြီး ကြိုးကြိုးစားစား ကျင့်ကြံနေတယ်။ တကယ်လို့ အောင်မြင်သွားရင် ကောင်းကင်အင်မော်တယ် အထွတ်အထိပ်အဆင့်ကို ရောက်သွားလိမ့်မယ်”
သူ့မျက်နှာပေါ်တွင် ခံစားချက်တချို့ ပေါ်လာသည်။
လီယွင်ကန်း၏စကားကြောင့် အဆုံးမဲ့နတ်ဘုရားဘုရင်က ပျော်ရွှင်သွားသည်။
“ဒါပေမဲ့ အရမ်းခက်ခဲလွန်းတယ် ....”
လီယွင်ကန်းက ခေါင်းခါသည်။
ဟန်မူယဲ့က ပြုံးလိုက်ပြီး အဆုံးမဲ့နတ်ဘုရားဘုရင်ကို ကြည့်သည်။
“အကြီးအကဲ၊ ကောင်းကင်ရင်းမြစ်ကမ္ဘာက ဘယ်လိုနေလဲ”
အင်မော်တယ်ကမ္ဘာတွင် တစ်နှစ်သည် လူသားကမ္ဘာတွင် နှစ်ပေါင်းတစ်ရာ ဖြစ်သည်။ ယခုအချိန်တွင် လူသားကမ္ဘာ၌ နှစ်ပေါင်းနှစ်ထောင်ကျော် ကုန်လွန်သွားခဲ့သည်။
သူ့မေးခွန်းကို ကြားလိုက်ရသောအခါတွင် အဆုံးမဲ့နတ်ဘုရားဘုရင်က ပြုံးလိုက်ပြီး ပြန်ပြောသည်။
“ကောင်းပါတယ်။ ဘုံကိုးပါး ပြိုကျသွားတဲ့အချိန်မှာ သူတို့က အခက်အခဲကြုံရလိမ့်မယ်လို့ ငါထင်ထားပေမဲ့ အတော်လေး အဆင်ပြေနေတယ်”
ဟန်မူယဲ့က လူသားလောကမှ ထွက်မသွားခင် အင်အားစုများကို ကောင်းကင်ရင်းမြစ်ကမ္ဘာတွင် စုစည်းခဲ့သည်။ ရှေးနတ်ဘုရားကျဆုံးနယ်မြေ၏ အင်အားစုများ၊ ဆည်၏အပြင်ဘက်မှ ကျွမ်းကျင်သူများနှင့် ဆည်ထဲမှ နိုးထလာသော ရှေးခေတ်ကျင့်ကြံသူများသည် ကောင်းကင်ရင်းမြစ်ကမ္ဘာတွင် ညီညွတ်စွာ ပူးပေါင်းနေထိုင်ကြသည်။
ဟန်မူယဲ့၏ အင်အားစုများဖြစ်သော ဓားစံအိမ်၊ ယွီလင်တာအိုဂိုဏ်းနှင့် ကောင်းကင်အံ့ဖွယ်ကမ္ဘာသည် အရပ်မျက်နှာတိုင်းကို ဖိနှိပ်ထားပြီး ငြိမ်းချမ်းစေသည်။
ယခုအချိန်တွင် ဓားစံအိမ်၏ နတ်ဘုရားဘုရင်ချီယုနှင့် ယွီလင်တာအိုဂိုဏ်းမှ နတ်ဘုရားဘုရင်ယုကျစ်နှင့် ယုကျန်းတို့ ရှိကြသည်။
သူတို့သုံးယောက်အပြင် တာအိုဘိုးဘေးအဆင့် ကျွမ်းကျင်သူများလည်း ရှိကြသည်။
ထို့အပြင် ကောင်းကင်နင်းခြေမိစ္ဆာဘုရင် ဟွမ်ခြောက်က မိစ္ဆာများကို ဦးဆောင်ထားသည်။
ယခင်က ဟန်မူယဲ့ကိုကူညီ၍ ကူးသန်းရောင်းဝယ်ရေးလုပ်ခဲ့သော သိုးငါးကောင်စံအိမ်သည် ကြွယ်ဝမှုများကို စုဆောင်းထားသည်။
ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ဧကရီယွင်သွမ့်က ကျင့်ကြံဆင့် နက်နဲသည့်အပြင် နတ်ဘုရားတာအို၊ ကွန်ဖြူးရှပ်တာအိုနှင့် တာအိုဂိုဏ်းများ၏ ထောက်ပံ့မှုကို ရရှိထားသည်။ အင်မော်တယ်ရင်းမြစ်ကမ္ဘာ၏ အဓိကဂိုဏ်းကြီးများကပင် သူမကို ရန်မစရဲကြပေ။
ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ကျစ်ဟူသည် စစ်တပ်ကိုဦးဆောင်ပြီး အာကာသထဲတွင် တိုက်ခိုက်နေသည်။
ဆေးတောင်ကြားတွင် ပုန်းကွယ်နေသော မူဝမ်က နာမည်မကြီးသော်လည်း အလွန်လေးစားခံရသည်။
လူတိုင်းက တိမ်တိုက်ကောင်းကင်ဆေးတောင်ကြားကို ရိုသေစွာ ဆက်ဆံကြသည်။
သူမသည် ဓားဘိုးဘေးမူယဲ့၏ တာအိုလက်တွဲဖော် ဖြစ်သည်။
ဆေးတောင်ကြားသခင် လီချင်းရှစ်က မူဝမ်ကို သူတော်စင်မယ်အဖြစ် သတ်မှတ်ထားသည်။ သူမက ကျင့်ကြံခြင်းလောကကို စိတ်မဝင်စားပဲ အာခီမီပညာရပ်ကိုသာ လေ့လာနေသည်။
လွန်ခဲ့သော နှစ်ပေါင်းသုံးရာတွင် မူဝမ်က နတ်ဘုရားဘုရင်များ၏ ကျင့်ကြံဆင့်နှင့် ဝိညာဉ်စွမ်းအားကို အားဖြည့်ပေးနိုင်သည့် ထိပ်တန်းအဆင့်ဆေးလုံး သန့်စင်ခဲ့သည်ဟု ပြောကြသည်။
ထိုဆေးလုံးကို သိုးငါးကောင်စံအိမ်က အလွန်မြင့်မားသောဈေးနှုန်းဖြင့် ရောင်းချခဲ့သည်။
အဆုံးမဲ့နတ်ဘုရားဘုရင်၏စကားကြောင့် ဟန်မူယဲ့က စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့ပေ။
“ဟားဟား၊ ကောင်လေး။ မင်းပျောက်သွားတာ နှစ်ပေါင်းနှစ်ထောင်ကြာနေပြီ။ မြန်မြန်ပြန်သွားသင့်တယ်”
ထို့နောက် သူက လီယွင်ကန်းနှင့် စုချင်းရှစ်ကို ကြည့်သည်။
“ခင်ဗျားတို့နှစ်ယောက်က အဆုံးမဲ့ပင်လယ်ကို ဧည့်သည်အဖြစ် လိုက်ခဲ့ပါ”
လီယွင်ကန်းက ခေါင်းညိတ်လိုက်ပြီး ပြောသည်။
“ကောင်းပြီ။ မင်းရဲ့ အဆုံးမဲ့ပင်လယ်က အံ့အားသင့်စရာကောင်းတယ်လို့ ကြားဖူးတယ်။ ငါလိုက်ခဲ့မယ်”
အဆုံးမဲ့နတ်ဘုရားဘုရင်၏ ကိုယ်ပွားဖြစ်သော ကျားဝူသည် လမ်းတစ်လျှောက်တွင် လီယွင်ကန်းနှင့် စကားပြောခဲ့သည်။ ထို့ကြောင့် သူတို့က စိမ်းသက်နေသည်ဟု မခံစားရပေ။
စုရှင်းဟယ်က တုံ့ဆိုင်းနေပြီး ခေါင်းညိတ်သည်။
“ကောင်းတယ်။ ငါလည်း အဆုံးမဲ့ပင်လယ်ကို အရင်သွားလိုက်မယ်။ နောက်ကျမှ ဓားစံအိမ်ကို ပြန်လာမယ်”
အင်မော်တယ်ရင်းမြစ်ကမ္ဘာနှင့် ဓားစံအိမ်သည် စုရှင်းဟယ်၏မှတ်ဉာဏ်ထဲတွင် နက်ရှိုင်းစွာရှိနေသည်။
သူက လူသားကမ္ဘာသို့ ပြန်ရောက်လာပြီး မသက်မသာခံစားနေရသည်။
ထိုခံစားချက်ကြောင့် အဆုံးမဲ့ပင်လယ်သို့ အရင်လိုက်သွားပြီး စိတ်ငြိမ်အောင် လုပ်ရမည်။
ဟန်မူယဲ့က သူတို့ကို ဂရုမစိုက်တော့ပဲ လက်နှစ်ဖက်ကို ဆုပ်ကိုင်၍ နှုတ်ဆက်သည်။ ထို့နောက် ဓားအလင်းအဖြစ် ပြောင်းလဲပြီး ကောင်းကင်နှင့်မြေကြီးကိုထိုးခွဲ၍ ထွက်သွားသည်။
ဟန်မူယဲ့၏ဓားကို မြင်လိုက်ရသောအခါတွင် အဆုံးမဲ့နတ်ဘုရားဘုရင်က မနေနိုင်တော့ပဲ တုန်ခါသွားသည်။
သူက ထိုဓားချက်ကို ရှောင်နိုင်မည်မဟုတ်ပေ။
“အဲဒီကလေးက ဓားတစ်လက်ကို အားကိုးပြီး အင်မော်တယ်ကမ္ဘာမှာ အခြေခံအုတ်မြစ် တည်ဆောက်ခဲ့တယ်”
လီယွင်ကန်းက ပျောက်ကွယ်သွားသော ဓားအလင်းကို ကြည့်လိုက်ပြီး ညင်သာစွာပြောသည်။ သူက အဆုံးမဲ့နတ်ဘုရားဘုရင်၏ ကြောက်ရွံ့မှုကို သတိထားမိသည်။
အဆုံးမဲ့နတ်ဘုရားဘုရင်က ခေါင်းညိတ်သည်။
အင်မော်တယ်ကမ္ဘာသည် လူသားကမ္ဘာထက် ပိုမိုရက်စက်သည်။ သို့သော် ဟန်မူယဲ့က ဓားကို အားကိုးပြီး နာမည်တစ်ခုရအောင် ဆောင်ရွက်ခဲ့သည်။
“ဧည့်သည်တော်တို့၊ ကျေးဇူးပြုပြီး ....”
သူက လက်မြှောက်ပြီး ရေလှိုင်းများကို လှုပ်ရှားစေသည်။
....
ဟန်မူယဲ့၏ဓားအလင်းက လေဟာနယ်ကို ထိုးဖောက်လာပြီး ခမ်းနားသော အလွှာသုံးခုကမ္ဘာ၏ရှေ့တွင် ရပ်တန့်သွားသည်။
အင်မော်တယ်ရင်းမြစ်ကမ္ဘာ ....
ယခုအချိန်တွင် အင်မော်တယ်ရင်းမြစ်ကမ္ဘာသည် ဘုံကိုးပါး၏ အပျက်အစီးများနှင့် ပြည့်နှက်နေသော ကမ္ဘာတစ်ခု မဟုတ်တော့ပေ။
အဝေးတစ်နေရာမှ ကြည့်လိုက်လျှင် တောက်ပနေသော သဘာဝစွမ်းအင်ကို မြင်နိုင်သည်။
သူက ရှေ့ဆက်လျှောက်သွားသောအခါတွင် အလွန်ကြွယ်ဝသော သဘာဝစွမ်းအင်ကို ခံစားမိသည်။
ထိုစွမ်းအားကို စုစည်းရန်အတွက် မည်မျှ ကြိုးစားခဲ့ရသနည်း။
ထိုစွမ်းအားအတွက် အနည်းဆုံး ကမ္ဘာတစ်ခုလုံးကို သိမ်းပိုက်ရန် လိုအပ်သည်။
ဟွမ်ကျစ်ဟူသည် သဘာဝစွမ်းအင်များကို လုယူလျက် အလုပ်များနေပုံပေါ်သည်။
ဟန်မူယဲ့က တစ်ချက်လှုပ်ရှားလိုက်ပြီး မိုင်တစ်ရာကျယ်ဝန်းသော ဥက္ကာခဲပေါ်သို့ ရောက်လာသည်။
ရွှေရောင်အလင်းစီးကြောင်းများသည် ဥက္ကာခဲ၏အပြင်ဘက်တွင် ရစ်ဝဲနေကြသည်။
အင်မော်တယ်ရင်းမြစ်ကမ္ဘာ၏ အပြင်ဘက်တွင် မရေမတွက်နိုင်သော ဥက္ကာခဲများ ရှိကြသည်။
ရှားပါးသော ဝင်္ကပါတစ်ခု ဖြစ်သည်။
ထိုနည်းလမ်းဖြင့် ကောင်းကင်နှင့်မြေကြီး၏ သဘာဝစွမ်းအင်များကို ပျောက်ပျက်မသွားအောင် ထိန်းသိမ်းထားသည်။
ထိုဝင်္ကပါကို တည်ဆောက်ရန် အကုန်အကျများသည်။
မိုင်တစ်ရာပတ်ဝန်းကျင်တွင် ကျင့်ကြံသူများက ဥက္ကာခဲများကို ပြုပြင်နေကြသည်။
ဟန်မူယဲ့ရောက်လာသောအခါတွင် သူတို့က လှည့်ကြည့်ပြီး အလုပ်ဆက်လုပ်နေကြသည်။
ဟန်မူယဲ့က ထူးခြားသောအငွေ့အသက်ကို ထုတ်ဖော်မထားပေ။
“တတိယအစ်ကိုကျူး၊ ကျွန်တော်တို့က ဒီတစ်ကြိမ်မှာ ကျင်းလင်သံမဏိကို အထက်ဘုံဆီပို့ပြီး ဝိညာဉ်ကျောက်တုံးသုံးသိန်းလောက် ရနိုင်မယ်မဟုတ်လား”
စကားပြောလိုက်သောလူငယ်သည် အသက်နှစ်ဆယ်ခန့်သာ ရှိသည်။ သူက အတွေ့အကြုံမရှိသေးပေ။
ကျင့်ကြံသူဆယ်ယောက်ခန့်သည် ရှေ့ဆုံးတွင် ရှိနေသည်။ ခေါင်းဆောင်က သက်လတ်ပိုင်းအရွယ် ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး သတိကြီးသောမျက်နှာထားဖြင့် မီးခိုးရောင်ဝတ်စုံကို ဝတ်ထားသည်။
“ဝိညာဉ်ကျောက်တုံးသုံးသိန်းလား”
သူက ခေါင်းခါလိုက်ပြီး ခပ်ဟဟရယ်သည်။
“အထက်ဘုံရဲ့ သိုးငါးကောင်စံအိမ်က တခြားနေရာတွေထက် ၅၀%ဈေးပိုပေးလို့ ငါတို့က အဲဒီကို သွားရောင်းမှာလေ”
“၅၀% ပိုပေးတာလား”
“ဘုရားရေ၊ အဲဒါဆိုရင် ကျွန်တော်တို့က ဝိညာဉ်ကျောက်တုံးငါးသိန်းလောက် ရမှာပေါ့”
ပတ်ဝန်းကျင်တွင် အံ့အားသင့်နေသောအသံများ ပေါ်ထွက်လာသည်။
ရှေ့ဆုံးတွင်ထိုင်နေသော တတိယအစ်ကိုကျိုးက ခေါင်းမော့ကြည့်လိုက်ပြီး တစ်ကိုယ်လုံး တုန်ခါသွားသည်။
“အဲဒီလူက ဘယ်ရောက်သွားတာလဲ”
သူက တီးတိုးပြောသည်။
လူတိုင်းက နောက်လှည့်ကြည့်လိုက်ကြသည်။ သို့သော် ဟန်မူယဲ့ကို မမြင်ရတော့ပေ။
သူတို့က အစမှအဆုံးအထိ ရောက်လာသောဟန်မူယဲ့ကိုသာ မြင်ခဲ့ရသည်။ ဟန်မူယဲ့ ထွက်သွားသောဖြစ်ရပ်ကို မမြင်လိုက်ရပေ။
“ထားလိုက်ပါတော့။ အဲဒီလူက ငယ်ရွယ်ပြီး ကျောပေါ်မှာ ဓားတစ်လက်လွယ်ထားတယ်။ ဓားစံအိမ်ရဲ့ လက်ရွေးစင်တပည့်တစ်ယောက် ဖြစ်လိမ့်မယ်”
“ဟုတ်တယ်။ ဓားစံအိမ်က နှစ်ပေါင်းတစ်ရာအကြာမှာ ဖွင့်လှစ်မယ့် ဓမ္မစင်မြင့်အတွက် ကျွမ်းကျင်သူတွေကို စုဆောင်းနေတယ်လို့ ပြောတယ်။ အဲဒီလူငယ်က တခြားနေရာကနေ ရောက်လာတဲ့ ကျွမ်းကျင်သူတစ်ယောက် ဖြစ်လိမ့်မယ်”
တတိယအစ်ကိုကျူးက တီးတိုးပြောသည်။ ထို့နောက် လက်ကို ဝှေ့ယမ်းလိုက်ပြီး ပစ္စည်းများစုဆောင်း၍ ထွက်သွားရန် အချက်ပြသည်။
ထိုအချိန်တွင် ဟန်မူယဲ့က ဥက္ကာခဲဝင်္ကပါကို ကျော်ဖြတ်ပြီး အထက်ဘုံသို့ ရောက်လာသည်။
သူက တိမ်တိုက်ကောင်းကင်ဆေးတောင်ကြားသို့ တိုက်ရိုက်သွားခဲ့သည်။
ဆေးတောင်ကြားက အနည်းငယ် ပြောင်းလဲသွားသည်။
ဆေးတောင်ကြား၏ပုံစံသည် ယခင်အတိုင်းပင် ဖြစ်သော်လည်း ကြွယ်ဝသော သဘာဝစွမ်းအင်ကြောင့် နေရာတိုင်းတွင် စိမ်းလန်းနေသည်။
“ဆေးလုံးဝယ်ဖို့လား”
ဆေးတောင်ကြား၏ တပည့်တစ်ယောက်က ဟန်မူယဲ့ဆီသို့ ချဉ်းကပ်လာသည်။
“ဆေးလုံးဝယ်ဖို့ဆိုရင် မိုင်သုံးထောင်အကွာမှာရှိတဲ့ တိမ်တိုက်ကောင်းကင်ဆေးခန်းဆောင်ကို သွားလိုက်ပါ”
သူက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး နောက်ကျောတွင်ရှိသောဓားအိမ်ကို မြင်ရသောအခါတွင် အပြုံးတစ်ခုနှင့်အတူ ပြောသည်။
“တကယ်လို့ ဓားစံအိမ်ရဲ့ တပည့်တစ်ယောက်ဆိုရင်တော့ နာမည်တံဆိပ်ပြားနဲ့ ဆေးတောင်ကြားထဲမှာ လွတ်လွတ်လပ်လပ် သွားလာနိုင်ပါတယ်”
ထို့နောက် တပည့်က ရပ်တန့်လိုက်ပြီး တီးတိုးပြောသည်။
“အဓိကခန်းဆောင်ကိုတော့ မသွားပါနဲ့။ သူတော်စင်မယ်က အဲဒီမှာ ကျင့်ကြံနေပါတယ်”
ဓားစံအိမ်နှင့် ဆေးတောင်ကြားက ဆက်ဆံရေးကောင်းပုံပေါ်သည်။
အဓိပ္ပာယ်ရှိသည်။ အဘယ်ကြောင့်ဆိုသော် ဟန်မူယဲ့က ဓားစံအိမ်၏သခင် ဖြစ်သည့်အပြင် ဆေးတောင်ကြား၏သခင်လည်း ဖြစ်သည်။ ထိုအင်အားစုနှစ်ခုသည် သူ့လက်အောက်တွင် ရှိနေသည်။
ဟန်မူယဲ့က တိတ်ဆိတ်စွာထွက်သွားပြီး တံခါးပိတ်ကျင့်ကြံနေသည်ဟု ကြေညာထားလျှင်ပင် ထိုအင်အားစုနှစ်ခုက ရင်းနှီးသောမဟာမိတ်များ ဖြစ်နေလိမ့်မည်။
ဟန်မူယဲ့က လက်မြှောက်ပြီး ရွှေရောင်တံဆိပ်ပြားတစ်ခုကို ထုတ်ယူသည်။
ဓားစံအိမ်၏ နာမည်တံဆိပ်ပြား ဖြစ်သည်။
ထိုတံဆိပ်ပြားကို မြင်လိုက်ရသောအခါတွင် ဆေးတောင်ကြား၏တပည့်က လျင်မြန်စွာဦးညွတ်ပြီး ဟန်မူယဲ့ကို ဖိတ်ခေါ်လိုက်သည်။