ပင်ကိုယ်စိတ်ထားများ
Vol. 45 Ch. 4.183
သူတို့သုံးယောက်၏ သရုပ်ပြမှုနှင့်အတူ နောက်က လိုက်လာသော ထူးချွန် ကျောင်းသားများသည်လည်း တစ်ယောက်ပြီး တစ်ယောက် လျင်မြန်စွာ ပေါ်လာခဲ့သည်။ ပါမောက္ခဖန်းချန်၏ မျက်နှာသည် ရွှင်လန်းမှု အပြည့်ဖြင့် လုရွှမ်ကိုလည်း အလွန်ဂုဏ်ယူနေသည်။
တကယ့်တိုက်ပွဲမှာ သူက လူတိုင်းကို မယုံကြည်ပေမယ့် ကျိုးကြောင်း ဆီလျော်စွာနဲ့ လူတိုင်းသူ့ကို ဦးညွှတ်လာဖို့ စောင့်နေသူပင်။
ခုနစ်ရက်တာက လျင်မြန်စွာ ကုန်လွန်သွားခဲ့သည်။ ဤကာလအတွင်း လုရွှမ်သည် သူ့လျှို့ဝှက်ချက်များကို မဖုံးကွယ်ဘဲ အတွေ့အကြုံများနှင့် နည်းလမ်းများစွာကို ကျောင်းသားအားလုံးထံ သင်ကြား ပို့ချပေးခဲ့သည်။
သူတို့ဘယ်လောက် နားလည်နိုင်သလဲ ဆိုတာကတော့ တစ်ဦးချင်းရဲ့ အရည်အချင်း အပေါ် မူတည်လေသည်။
ကျောင်းတော်ကြီး လေးခုရဲ့ ပြိုင်ပွဲဟာ လူတိုင်းရဲ့ မျှော်လင့်ချက်အတိုင်း ရောက်ရှိလာခဲ့ပြီ။
လွန်ခဲ့သည့် ရက်အနည်းငယ် အတွင်း ထျန်းလုံဧကရာဇ် အင်ပါယာရှိ မရေမတွက်နိုင်သော လူများသည် ထျန်းလုံမြို့ဆီသို့ စုဝေးလာခဲ့ကြသည်။ ကျောင်းလေးကျောင်းပြိုင်ပွဲသည် ဧကရာဇ်အင်ပါယာ အရှေ့ပိုင်းရှိ အဓိကပွဲဖြစ်လို့ လူပေါင်းများစွာကို သဘာဝအတိုင်း စုရုံးလာရန် ဆွဲဆောင်နိုင်သည်။
ချင်းလုံအရှင် ဟူသည့် အမည်ကိုလည်း လူအများက သိလာခဲ့သည်။ သူ့ရဲ့အရည်အချင်းက ထျန်းလုံကျောင်းတော်ရဲ့ ယခင် ကျောင်းအုပ်နဲ့ ယှဉ်နိုင်ကြောင်း သူ့အကြောင်း ပြောနေကြတဲ့ လူတွေလည်း ရှိကြလေ၏။
ထျန်းလုံကျောင်းတော်ရဲ့ ယခင် ကျောင်းအုပ်ကြီးက ဘယ်သူလဲ?
သူသည် မြေကြီးပေါ် ဆင်းသက်လာသော နတ်ဘုရားဟုပင် တင်စားခံခဲ့ရသူ ဖြစ်သည်။ ဒီလို အရည်အချင်းရှိတဲ့ ကျောင်းအုပ်ကြီးနဲ့ ယှဉ်နိုင်တဲ့သူ တကယ်ရှိတာလား? လူအများစုကတော့ ဒါကို မယုံကြသေးချေ။
ထို့အပြင် ချင်းလုံအရှင်သည် ယောကျာ်း တစ်ယောက် ဖြစ်တာကြောင့် ကျောင်းတည်ထောင်သူ၏ ဆန္ဒကို အမှန်တကယ် ဆန့်ကျင်ရာ ရောက်ပြီး မရေမတွက်နိုင်သော လူအများ၏ ဝေဖန်ခြင်းကို ခံခဲ့ရသော လူတစ်ဦး ဖြစ်လာခဲ့သည်။
မယုံတဲ့သူတွေလည်း ရှိသလို ယုံတဲ့သူတွေလည်း ရှိပါသေးသည်။ အထူးသဖြင့် ထျန်းလုံကျောင်းတော်မှ ကျောင်းသားများသည် ချင်းလုံအရှင်ထံမှ ထူးထူးခြားခြား လေ့ကျင့်ရေး နည်းလမ်းများကို ကြားရပြီးနောက် အားတက်စွာ လေ့ကျင့်လာကြတော့သည်။
ထျန်းလုံကျောင်းတော်၏ အဆင့်သည် အချိန်အတော်ကြာ ကျဆင်းနေခဲ့ပြီး ယခုတော့ ပြန်လည်စတင် နိုင်တော့မည် ဖြစ်သည်။
အပျော်ဆုံး မောင်နှမ နှစ်ယောက်ကတော့ ဝမ်လင်နဲ့ ဝမ်ကျောက်တို့ပင်။ သူတို့ဆရာက ကျောင်းအုပ်ကြီး ဖြစ်လာခဲ့ပြီလေ။
အံ့သြမိသော်လည်း အနည်းငယ် ရယ်စရာ ကောင်းနေ၏။ ထျန်းလုံကျောင်းတော်မှ လက်ရှိ ကျောင်းအုပ်ကြီးက လုရွှမ်ပဲ ဆိုတာသာ သိပါက ဘယ်လောက်တောင် ရူးသွပ်သွားမလဲ တွေးပင်မတွေးရဲချေ။
စတုတ္ထအကြိမ်မြောက် ပြိုင်ပွဲကျင်းပမည့် နေရာသည် ထျန်းလုံကျောင်းတော်၌သာ ဖြစ်သည်။ထို့ကြောင့် ထျန်းလုံမြို့ အခင်းအကျင်းကြီးကိုပင် မြို့တွင်းရှိ လူအားလုံး ကြည့်ရှုနိုင်စေရန် ဖွင့်လှစ်ထားခဲ့သည်။
လုရွှမ် လူအုပ်ထဲတွင် ထျန်းလုံဧကရာဇ်အင်ပါယာ၏ မင်းသားကြီး သုံးယောက်ကို တွေ့လိုက်ရသလို မင်းသမီးပိုင်လုံကလည်း သဘာဝကျကျ ရောက်လာခဲ့သည်။
သူမသည် ထျန်းလုံဧကရာဇ် အင်ပါယာ၏ အရည်အချင်း အရှိဆုံး အမျိုးသမီး လေးယောက်နှင့်အတူ လိုက်လာသောကြောင့် သူမ အရှိန်အဟုန်မှာလည်း မင်းသားသုံးပါးထက် မနိမ့်ကျပေ။
လုရွှမ်သည် ယခုအခါ ထူးထူးခြားခြား အဆင့်အတန်း တစ်ခုရှိနေပြီ ဖြစ်သည်။ မင်းသားသုံးပါးနှင့် မင်းသမီးပိုင်လုံတို့သည် သူ့အား ရိုသေစွာ လာရောက် ဂါရဝပြုကြ၏။ လုရွှမ်ကတော့ အနည်းငယ် ရယ်စရာကောင်းနေသလို ခံစားနေရသည်။
စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ နှင့် ထျန်းလုံအစောင့်တပ်၏ စီစဉ်မှုအောက်တွင် မြင်ကွင်းတစ်ခုလုံးကို လျင်မြန်စွာ စီစဉ်ပေးခဲ့ပြီး ဝင်းလေးခုကြားက ပြိုင်ဆိုင်မှုကလည်း စတင်တော့မည်။
လုရွှမ် တခြားကျောင်းသုံးကျောင်းမှ ကျောင်းအုပ်ကြီးများ နှင့်အတူ ထိုင်နေ၏။ ၎င်းတို့ သုံးဦးစလုံး အသက်ကြီးနေပြီ ဖြစ်ကာ သူတို့၏ ကျင့်ကြံမှု အဆင့်သည် သူတော်စင်များ သို့မဟုတ် ထို့အထက်ရှိ လူကြီးများ ဖြစ်သည်။
၎င်းတို့အနက်မှ ကျူးချွဲ့ကျောင်းတော်မှ ကျောင်းအုပ်ကြီးမှာ အမြင့်ဆုံး အဆင့် ရှိပြီး သူတော်စင်တစ်ပိုင်း အဆင့်ကိုးအထိ ရောက်နေပြီ။ ကျန်နှစ်ယောက်မှာ အနည်းငယ် အားနည်းသော်လည်း နှစ်ဦးစလုံးသည် သူတော်စင်တစ်ပိုင်း အဆင့် (၇) သို့မဟုတ် အဆင့်၈တွင် ရှိကြလေသည်။
လုရွှမ်သည် သူတော်စင်တစ်ပိုင်း အဆင့်၃ မျှသာ ဖြစ်သော်လည်း ရှက်ရွံ့ခြင်း သို့မဟုတ် ကြောက်ရွံ့ခြင်း မရှိဘဲ ၎င်းတို့သုံးဦးနှင့် ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့သည်။ ဒါကို လူတိုင်းက အဝေးကနေ မြင်နေရပေမယ့် အရမ်းလေးစားဖို့ ကောင်းနေ၏။
လူတော်တော်များများက သူတို့ကိုယ်သူတို့ မတူညီတဲ့ နေရာတွေမှာ ရထိုင်တဲ့အခါ မကြောက်ရွံ့ဖို့ လုံးဝ မလုပ်နိုင်လောက်ဘူးလို့ ဆိုကြ၏။ သူတို့က လျှို့ဝှက်စွာ သက်ပြင်းချရင်း ဒီလိုထူးခြားတဲ့ လူနဲ့ ပတ်သက်ရတာကို အမှန်ပင် ဂုဏ်ယူမိလာသည်။
လုရွှမ်သာ် တစ်ချိန်က ကောင်းကင်ဘုံ အရှင်သခင် ဖြစ်ခဲ့ပြီး သူတော်စင်များစွာနှင့် ထိုင်ကာ အလွန် စိတ်လှုပ်ရှားနေခြင်း မရှိချေ။ သူက ဗဟုသုတတချို့ကို ချက်ချင်း ထုတ်ပြခဲ့သောအခါ ၎င်းတို့ သုံးဦးက သူ့ကို ချီးကျူးခဲ့ကြသည်။
ဒီချင်းလုံအရှင်က သာလွန်တဲ့ ဧကရာဇ်အင်ပါယာရှိ မြင့်မြတ်သော မိသားစုမှ ပါရမီရှင် ဖြစ်ရမည်ဟူ၍ လျှို့ဝှက်စွာ တွေးဆမိလာသည်။
ဒီရက်တွေမှာတော့ လုရွှမ် လုပ်ခဲ့တာတွေကို အားလုံး မြင်ခဲ့ကြပြီးပြီ။ နည်းဗျူဟာနဲ့ အကြံအစည်တွေ အရတော့ အားလုံးက သူ့ကို သဘောကျကြ၏။ အနည်းဆုံးတော့ သူတို့ဟာ လုရွှမ်ထက် ပိုကောင်းအောင် မစွမ်းဆောင်နိုင်ကြသေးဘူးလေ။
အရည်အချင်း အရတော့ မမြင်ရသေးပေမယ့် ကြားနေရတာကတော့ ချင်းလုံအရှင်ဆီကနေ စောင့်ကြည့်ခြင်းကို ခံခဲ့ရသော ကျောင်းသားများ အားလုံးသည် အလွန်စိတ်အား ထက်သန်စွာ ကြိုးစားကြရင်း နယ်ပယ်ကို တိုက်ရိုက် ဖြတ်ကျော်သွားကြသည်ဟု ဆိုနေကြ၏။
လူတစ်ဦး သို့မဟုတ် နှစ်ဦးပဲဆိုလျှင် ပြဿနာ မဟုတ်ပေ။ သို့သော် ထိုလူများကြီး တိုးတက်ခဲ့လျှင်တော့ ၎င်းတို့အား သင်ကြား ပို့ချပေးခဲ့သော ပုဂ္ဂိုလ်သည် သာမန်ပညာရှင် မဟုတ်သည်မှာ သေချာသွားလေပြီ။
"ကျောင်းအုပ်ကြီးချင်းလုံ ဒီတစ်ခါ ခင်ဗျားရဲ့ ထျန်းလုံကျောင်းတော်ရဲ့ ရည်မှန်းချက်က ပထမနေရာကို ပြန်ရဖို့လို့ ကျုပ်တို့ သတင်းတွေ ကြားမိတယ်... အဲဒါ တကယ်ပဲလား?"
ကျူးချွဲ့ကျောင်းအုပ်က မေးလာလေသည်။
ချင်းလုံအရှင်၏ နောက်ခံအင်အားကို အသိအမှတ် ပြုကြသော်လည်း ဤပြိုင်ပွဲသည် ကျောင်းတစ်ခုစီ၏ ဂုဏ်အသရေသာမက အနာဂတ် ဆုလာဘ်များလည်း ဖြစ်သောကြောင့် ၎င်းတို့မှာ ဂရုမစိုက်နိုင်ကို မနေနိုင်ကြပေ။
ဒီလိုသတင်းမျိုးကို ဖုံးကွယ်ထားလို့ မရတာကို သိတာကြောင့် လုရွှမ်လည်း ခေါင်းညိတ်ရင်း။
"ဟုတ်တယ် ကျုပ်တို့ ထျန်းလုံကျောင်းတော်ရဲ့ ဒီတစ်ကြိမ် ရည်မှန်းချက်က ပထမနေရာကို ရဖို့ပဲ... အားလုံးလည်း အတူတူပဲလို့ ကျုပ်ယုံကြည်ပါတယ်... မိုင်ထောင်ချီပြီး တောက်လျှောက် ခရီးနှင်လာခဲ့တာ ဒုတိယနေရာကို ရယူဖို့တော့ မဟုတ်ဘူးမလား?"
ထိုအခါ ထိုလူများက တခဲနက် ရယ်မောလိုက်ကြသည်။
"ဒီပြိုင်ပွဲပြီးရင် သူတော်စင်တစ်ပိုင်းတွေ အတွက် ပွဲနေ့ပဲ.... ဆုတွေအဖြစ် သူတော်စင်တစ်ပိုင်း လက်နက် တော်တော်များများကို ကျုပ်တို့ ပြင်ဆင်ထားတယ်... အားလုံးလည်း အကောင်းဆုံး လုပ်ကြမယ်လို့ ယုံကြည်ပါတယ်"
"ဟာဟား.... အခုကပြောဖို့ စောနေပါသေးတယ်... အငယ်တန်းတွေရဲ့ ဖျော်ဖြေမှုတွေကို အရင် ကြည့်လိုက်ရအောင်"
အဓိကကျောင်းကြီး လေးခုအကြား ပြိုင်ဆိုင်မှုသည် တရားဝင် စတင်နေပြီ ဖြစ်ပြီး လုရွှမ်လည်း အလျင်စလို ဖြစ်မနေပေ။ သူက လုပ်စရာ ရှိသမျှကို လုပ်ပြီးသွားပြီ ဖြစ်သည်။ နောက်တစ်ဆင့်မှာ အဆိုပါ ကျောင်းသားများ၏ စွမ်းဆောင်ရည်ကို ကြည့်ရှုရန်သာ ဖြစ်ချေသည်။
တိုက်ပွဲကို ကြည့်ရှုလာသူ တစ်ဦးချင်းစီ၏ စိတ်ဓာတ်သည် တုန်လှုပ်သွားခဲ့သည်။ ယခုတစ်ကြိမ်တွင် ကျောင်းလေးကျောင်း၏ လေးမျက်နှာပြိုင်ပွဲကို နှစ်အတော်ကြာ စောင့်ဆိုင်းနေခဲ့ရကာ ယခုနောက်ဆုံးတော့ စတင်တော့မည် ဖြစ်သည်။
ဟုတ်ပါတယ်။ ပြိုင်ဆိုင်မှုကို အာရုံမစိုက်ဘဲ လုရွှမ်ကို ငေးကြည့် နေတဲ့သူတွေလည်း အများကြီး ရှိနေ၏။
"ချင်းလုံအရှင်က လူတစ်ယောက်နဲ့ တော်တော်တူတာကို သတိထားမိလား?"
မင်းသမီးပိုင်လုံနှင့် အရည်အချင်းရှိ အမျိုးသမီး လေးယောက်က တိုးတိုးလေး ပြောဆိုနေကြသည်။
မိန်းကလေး လေးယောက်ကလည်း မင်းသမီးပိုင်လုံ ပြောတာကို သဘောပေါက်ကြသည်။ ဒီမတိုင်ခင်က မင်းသမီးပိုင်လုံဟာ သခင်လေးယွမ်ယန်ကို အတိအကျ ရှာဖွေခဲ့ပေမယ့် ကံမကောင်းစွာနဲ့ပဲ နောက်ဆုံးမှာတော့ ဒီကမ္ဘာကနေ အငွေ့ပျံသွားသလို သူ့ခြေရာကိုပင် ရှာမတွေ့ခဲ့ချေ။
"နင်တို့ ပြောနေတဲ့ အကြောင်းတော့ ငါမသိဘူး ဒါပေမဲ့ သခင်လေးယွမ်ယန်က ငါသိတဲ့လူနဲ့ ပိုတူနေတယ်လို့ ခံစားနေရတယ်"
ရော့ယိုးက ရုတ်တရက် ဝင်ပြောလိုက်သည်။
သူမသည် လုရွှမ်ကို နီရဲနေသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။ ယခုအချိန်တွင် သူမသည် ကောင်းကင်ထက်တွင် မြင့်မားစွာ ထိုင်နေသော ချင်းလုံအရှင်ကို လှမ်းကြည့်နေရပြီ။
"နင်တို့မျက်စိနဲ့ လုရွှမ်ကို မတွေ့ဖူးကြလို့... သူက စိတ်ဝိညာဉ်သခင်၊ လက်မှုပညာ၊ အခင်းအကျင်း ဖွဲ့စည်းမှု နည်းလမ်းနဲ့ ထူးကဲတဲ့ အရည်အချင်းတွေ ရှိနေတဲ့သူပဲ... ဒါ့ပြင် သူ့အတိတ်ကို ငါစုံစမ်းကြည့်တော့ အဲဒီလူက ပထမတန်းစား အဂ္ဂိရတ် ပါရမီရှင် တစ်ယောက်ဆိုတာ တွေ့ခဲ့တယ်"
"ပြန်စဉ်းစားကြည့်... ဒီလူသုံးယောက်က တစ်ချိန်တည်းမှာ ပေါ်လာခဲ့တာ ရှိလို့လား? သူတို့ သုံးယောက်က အစကတည်းက လူတစ်ယောက်တည်းက ဟန်ဆောင်ထားတာလို့ ငါ သံသယဝင်နေတာ... ပြီးတော့ အဲဒါက လုရွှမ်တစ်ယောက်တည်းက ဟန်ဆောင်နေတာ"
ဒါကို ဆက်ပြောဖို့က အရမ်း အရေးကြီးတာကြောင့် ရော့ယိုးက စကား အကျယ်ကြီး မပြောဘဲ မိန်းကလေး အနည်းငယ်နဲ့သာ ဆွေးနွေးနေ၏။
မိန်းကလေး သုံးယောက်ဖြစ်သည့် လုံယင်၊ ဖုန်းမင် နှင့် ထျန်းယင်တို့သည် လုရွှမ်၏ ထူးခြားသော အရည်အချင်းများ အကြောင်း ရော့ယိုးဆီက ကြားသိခဲ့ရသော်လည်း ရော့ယိုး အခုလို နိဂုံးချုပ်လာလိမ့်မယ်လို့ မထင်ခဲ့ပေ။
ဒါပေမဲ့ တွေးကြည့်တော့လည်း တကယ်ကို အဓိပ္ပာယ် ရှိလေ၏။
လုရွှမ် ၊ သခင်လေးယွမ်ယန် သို့မဟုတ် ယခု ချင်းလုံအရှင်ပဲ ဖြစ်ဖြစ် သူတို့အားလုံးဟာ ထူးထူးခြားခြား အရည်အချင်းရှိတဲ့ ပါရမီရှင်တွေပဲ။ အနှစ်တစ်ရာ အတွင်း ဒီလို လူတစ်ဦးရှိရန်မှာ ခက်ခဲသော်လည်း ရုတ်တရက် သံသယဖြစ်စရာမှာ လူသုံးဦး ထွက်လာခဲ့သည်။
လုရွှမ်သည် အကြိမ် အနည်းငယ်မျှသာ တွေ့ဖူးသော အမျိုးသမီးများက သူ့မည်သူမည်ဝါဖြစ်သည်ကို မှန်းဆနေမှန်း မသိခဲ့ပေ။ သူသိရင် သက်ပြင်းသာ ချရလိမ့်မယ်။ အမျိုးသမီးတစ်ယောက်ရဲ့ ပင်ကိုယ်စိတ်က ကြောက်စရာကောင်း လွန်းလှသည်လေ။