← Chapters

လောင်းကြေးသက်မှတ်ချက်

Vol. 45 Ch. 4.185

လောင်းကြေးသက်မှတ်ချက်

Vol. 45 Ch. 4.185

ကျောင်းတော်သုံးခုအနက် ကျူးချွဲ့ကျောင်းတော်သည် အမြင့်ဆုံးဖြစ်လို့ ကျောင်းသား ၁၁ ဦး၊ ပိုင်ဟူကျောင်းတော်က ကျောင်းသား ၁၀ ဦးနှင့် ရွှမ်ဝူကျောင်းတော်မှ ကျောင်းသား ၈ ဦးဟူ၍ လောင်းကြေး ထပ်လိုက်ကြသည်။

ကျူးချွဲ့ကျောင်းတော်မှ ကျောင်းသားများသည် သိသာထင်ရှားသော အားသာချက် များရှိပြီး ပိုင်ဟူကျောင်းအုပ်နှင့် ရွှမ်ဝူကျောင်းအုပ်တို့က သဘောတူဝံ့တယ် ဆိုတော့ ၎င်းတို့တွင် ကျောထောက် နောက်ခံများ ရှိနေသည်မှာ ထင်ရှား​လေသည်။

သူတို့ သုံးယောက်က အလောင်းအစားလုပ်ဖို့ သဘောတူတဲ့အတွက် လုရွှမ်အား အနိုင်ယူချင်​နေတာကို သဘာဝကျကျပဲ မြင်တွေ့ရသည်။

"ဒါက ဖီးနစ်ငှက်တို့ အနားယူတဲ့ သဖန်းကိုင်းအခက်ပဲ"

ကျူးချွဲ့ကျောင်းအုပ်က ပြုံးပြီး မီးလုံးနဲ့ ပတ်ထားတဲ့ အညိုရောင် သစ်ကိုင်းလေးကို ထုတ်ယူလိုက်သည်။ သစ်ကိုင်းရဲ့ အရောင်က မပြောင်းလဲဘဲ မီးတောက်က တဖြည်းဖြည်း ငြိမ်းသွား၏။

သို့သော် မီးတောက်ကို သဖန်းကိုင်းအခက်မှ အမှန်တကယ် စုပ်ယူသွားကြောင်း လူအများအပြားက ရှင်းရှင်းလင်းလင်း မြင်နိုင်ကြ​သေးသည်။

ဒီလူကြီးက မဆိုးဘူး။ သူ့မှာ ပစ္စည်း​ကောင်းတွေ အများကြီး ရှိတယ်။ တစ်နေ့နေ့တေု့ မင်းရဲ့ ရတနာတွေကို ဖမ်းရတော့မှာပဲ။

လုရွှမ်သည် မင်းသားများ၏ ဘဏ္ဍာတိုက်ထဲက ရတနာများကို လုယက်ခဲ့သော်လည်း လက်ရှိ နေရာက ကြွယ်ဝချမ်းသာမှုကြောင့် ထိတ်လန့်သွားပြီး ဓားပြတိုက်ချင်သည့် စိတ်ကူးကား သူ့စိတ်ထဲတွင် လျင်မြန်စွာ အမြစ်တွယ်လာခဲ့သည်။

ပိုင်ဟူကျောင်းအုပ်က ကြည်လင်တောက်ပတဲ့ ပယင်းပုတီးစေ့ တစ်လုံးကို ထုတ်ယူလိုက်ပြီး

"ကျူးချွဲ့ကျောင်းအုပ်က ဒီလို ကြီးကျယ်ခမ်းနားတဲ့ လှုပ်ရှားမှုမျိုး လုပ်လာခဲ့တာပဲ... ကျုပ်ကတော့ မယှဥ်ရဲပါဘူး.... ဒါကြောင့် နာကျင်မှုကို ခံနိုင်ရည်ရှိခဲ့ပြီး သန့်စင်ထားတဲ့ လေပြေပုတီးစေ့ကို ထုတ်ယူလိုက်ပါတယ်"

အဘိုးကြီးက ယဉ်ယဉ်ကျေးကျေး ပြော​​နေပေမယ့် ဒီစကားက သေချာပေါက် သူ့ပစ္စည်းကောင်းကြောင်း ဝါကြွားနေသလိုပင်။ သူတော်စင်နယ်ပယ်က သန့်စင်ထားသော လေပြေပုတီးစေ့သည် မကောင်းသော လေများကို တွန်းလှန်နိုင်သည်။

ဥပမာအားဖြင့် ပျက်စီးနေသော ကမ္ဘာရှိ ပြိုကျနေသောကောင်းကင်ဘုံတွင် လေပုတီးတစ်လုံး ရှိနေပါက တခြားသူများ ပြောသော အမှောင်လေထု အလယ်တွင် လမ်းလျှောက်နေရလည်း ဘေးကင်းလိမ့်မည်။

ဤပုတီးစေ့၏ တန်ဖိုးသည် သဖန်းကိုင်းထက် မမြင့်နိုင်သော်လည်း လူများကို ရွေးချယ်ခိုင်းပါက လူအများစုသည် လေပုတီး​စေ့ကို ရွေးချယ်မည် ဖြစ်သည်။

"ဟာဟား.... ခင်ဗျားတို့နှစ်ယောက်က ခင်ဗျားတို့ရဲ့ ကျောင်းအပေါ်မှာ ယုံကြည်မှု ပိုရှိပုံရတယ်.... တိုက်ဆိုင်လိုက်တာ ဒီအဘိုးကြီကလည်း အတူတူပဲ... ဖီးနစ်သစ်ကိုင်းနဲ့ လေပုတီးစေ့အထဲက ဘာကို ယှဉ်နိုင်မလဲ ကြည့်ရအောင်...ဒါက ဝိညာဉ်လိပ်ခွံ အပိုင်းအစပါ"

ရွှမ်ဝူကျောင်းအုပ်သည် အနက်ရောင် လိပ်ခွံကို ထုတ်ကာ ရတနာနှစ်ခုကြားတွင် ဂရုတစိုက် ထားလိုက်သည်။

"အဆွေဟောင်းကြီး... ခင်ဗျား အိမ်ဝင်းထဲက သူတော်စင် သားရဲတွေထဲက လိပ်ခွံက ဝိညာဉ်လိပ် ဖြစ်သွားလို့လား?"

ပိုင်ဟူကျောင်းအုပ်က အော်ဟစ်လိုက်ပြီး ကျူးချွဲ့ကျောင်းအုပ်လည်း တုန်လှုပ်သွားကာ ရွှမ်ဝူကျောင်းအုပ်ကို မယုံကြည်နိုင်စွာ အနီးကပ် စိုက်ကြည့်နေကြသည်။

အမှန်သာဆိုလျှင် တန်ဖိုးသည် ဤရတနာနှစ်ပါးထက် များစွာ မြင့်မားသည်။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? ဒီအဘိုးအိုက ဒါကို ပြိုကျနေတဲ့ကောင်းကင်ဘုံကနေ မတော်တဆ ရခဲ့တာ.... အဲဒါက အရမ်းထိရောက်တယ်လို့ ခံစားရတယ် ကံမကောင်းစွာပဲ ဒီအဘိုးအိုက သူ့အပေါ်က တောက်ကျင့်စဥ် လမ်းကြောင်းတွေကို နားမလည်နိုင်ခဲ့ဘူး... ဆိုတော့ ခင်ဗျားတို့ နှစ်ယောက်ရော ဘယ်လိုထင်လဲ?"

"ဟေး.... ဘာကြီးလဲ? အဲဒါက တခြားသူနဲ့ သက်ဆိုင်လို့လား?"

"အဲဒါ...."

ရတနာသည် လူတိုင်း၏ နှလုံးသားကို ထိမိသွားကာ ကျောင်းအုပ်ကြီး နှစ်ဦးပင် လှုပ်ခါသွားကာ ကလေးများကဲ့သို့ တိုက်ပွဲ ဝင်ချင်လာကြသည်။

"အဟမ့်!"

လုရွှမ် ချောင်းဟမ့်လိုက်သည်။ ဤအဖိုးအို သုံးယောက်က သူ့ကို အလေးအနက် မထားမှန်း သိသာလေ၏။

"ဟာဟား... ထျန်းလုံကျောင်းအုပ် အားနာလိုက်တာ ဒါပေမဲ့ ထျန်းလုံကျောင်းအုပ်က ကျုပ်တို့သုံးယောက်နဲ့ အလောင်းအစားလုပ်ဖို့ ဘယ်လို ရတနာတွေ ပါလဲ မသိဘူး??"

ရွှမ်ဝူကျောင်းအုပ်က နောက်ပြောင်လိုက်၏။ သူ့အမြင်အရ လုရွှမ်သည် ကျင့်​ကြံမှုတွင် အကန့်အသတ်ရှိပြီး သူရထားသော ရတနာများသည် လူကို စိတ်လှုပ်ရှားစေသည့် အဆင့်သို့ မရောက်သေးတာ သေချာလေသည်။

ရတနာများနှင့် ပတ်သက်လျှင် လုရွှမ် လက်ထဲတွင် ရှိသောတန်ဖိုးသည် မင်းသားသုံးပါးထံမှ ရရှိထားသော ရတနာများ ဖြစ်ပြီး စျေးကြီးသော်လည်း ၎င်းတို့ အဘိုးအိုသုံးဦး၏ ရတနာအဆင့်ထက် မြင့်နေတာမျိုးတော့ မဟုတ်ပေ။

မင်းသားသုံးပါးနှင့် မိတ်ဖွဲ့နိုင်သည့် အမြင့်ဆုံး လူမှာ သူတော်စင်နယ်ပယ် အဆင့်၃ ဖြစ်ပြီး ယင်းသုံးပါးအနက် အညံ့ဆုံးမှာ သူတော်စင်တစ်ပိုင်း အဆင့်၇ ဖြစ်လို့ ကျင့်​ကြံမှု ကွာဟချက်မှာ အလွန်ကြီးမားလွန်းသည်။

မင်းသားသုံးပါး လက်ထဲက ရရှိထားတဲ့ ရတနာတွေက လုံးဝတန်ဖိုး မရှိနိုင်ဘူး။

"ထျန်းလုံကျောင်းအုပ် အနေနဲ့ လောင်းကစား မလုပ်တာက ပိုကောင်းပါတယ်... အမှန်တော့ ထျန်းလုံကျောင်းတော်က အားနည်းပြီး ရှုံးနိမ့်တာက သဘာဝပါပဲ.... ဒါ့ပြင် ကျောင်းအုပ်ကြီးက ငယ်ရွယ်ပြီး သူ့ရဲ့ အရည်အချင်းက မြင့်မားပေမယ့် သူ့ရဲ့ လေ့ကျင့်မှုကတော့ တိမ်မြုပ်နေတုန်းပဲ... ဒါကို လူတိုင်းက နားလည်နိုင်ပါတယ်"

ပိုင်ဟူကျောင်းတော်မှ ကျောင်းအုပ်ကြီးက ရယ်လျက် ဆိုလေသည်။

လုရွှမ် ပိုင်ဟူကျောင်းတော်မှ ကျောင်းအုပ်ကြီးရဲ့ အငွေ့အသက်တွေကို အစောကတည်းက သတိပြုမိခဲ့သည်။ သူ့ကို စိုက်ကြည့်နေတဲ့ မျက်လုံးတွေမှာ နားမလည်နိုင်တဲ့ အဓိပ္ပာယ် အရိပ်အမြွက်တွေ ရှိနေ၏။ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရပေမယ့် ရည်ရွယ်ချက် ဆိုးတာတော့ သေချာလေသည်။

"ထျန်းလုံကျောင်းအုပ်... ဒီအဘိုးကြီး ပြောတာက နည်းနည်း ရိုးရိုးလေးပါပဲ... မင်းမှာ ကန့်ကွက်စရာရှိလို့လား?"

လုရွှမ်က ရယ်လိုက်ရင်း

"ပိုင်ဟူကျောင်းအုပ် ပြောတဲ့စကားက တကယ်ကို ယုတ္တိမရှိဘူး.... လက်ရှိပြိုင်ဆိုင်မှုကို သက်သေပြဖို့ အရင်က ရလဒ်တွေကို အားကိုးနိုင်ရင် ဒီပြိုင်ပွဲကို ဘာလို့ကျင်းပ နေရတာလဲ?"

"ဒါ့အပြင် ကျောင်းအုပ်ကြီး သုံးယောက် ထုတ်ယူလာတဲ့ ရတနာတွေကို အရမ်း စိတ်ဝင်စားစရာ ကောင်းတယ်...ကျုပ်လည်း အနိုင်ယူချင်တယ် အဲ့တော့ ဒီကစားပွဲမှာ လောင်းမယ်"

ထိုအခါ ပိုင်ဟူကျောင်းအုပ်က

"ငါတို့ရလာတဲ့ ရတနာတွေက ထူးခြားတာတော့ အမှန်ပဲ... ဒါပေမဲ့ မင်းအနိုင်ရချင်ရင်တော့ ကျောင်းရဲ့ ခွန်အားပေါ်မှာပဲ မူတည်တယ်...ဒါက ပြောစရာ သိပ်မလိုပါဘူး... ဒါနဲ့ ထျန်းလုံကျောင်းအုပ်မှာ လောင်းကြေးရှိလား?"

မနာလိုမှုပဲ!

လုရွှမ် သူ့စိတ်ထဲတွင် မှန်းဆမိသည်။ ဤလူအိုများသည် သူ၏ ထူးကဲသော အရည်အချင်းကြောင့် မနာလိုနေခြင်းပင်။ အရင်တုန်းကတော့ သူတို့ကို အရင် ထျန်းလုံကျောင်းအုပ်က နှိပ်ကွပ်ခံခဲ့ရပြီး နောက်ဆုံးမှာ ကျောင်းအုပ်ကြီး ထူးထူးဆန်းဆန်း ပျောက်ကွယ်သွားခဲ့တော့ သူတို့ကို ကျူးချွဲ့ကျောင်းအုပ်က ထပ်ပြီး ဖိနှိပ်ခဲ့ပြန်သည်။

ထက်မြက်တဲ့သူကို မြင်ရင် မနာလို ဖြစ်ကြတာမလို့ အခုသူ့ကို ရည်ရွယ်ချက်ရှိရှိ ရိုက်ချချင်နေတာပဲ။

ကျောင်းအုပ်ကြီး သုံးယောက်ရဲ့ မျက်နှာ မြင်လိုက်ရတော့ လုရွှမ် သူ့လက်ဖဝါးကို ဖြန့်လိုက်သော် ခရမ်းရောင် မီးလုံးလေး တိတ်တဆိတ် ထွက်ပေါ်လာပြီး ထိုသုံးယောက်ရဲ့ မျက်နှာပေါ်မှာ ခရမ်းရောင် အလင်းတန်းတွေ ပေါ်လွင်လာခဲ့သည်။

"ဒါ... ဒါက?"

သူတို့ သုံးယောက်မှာ မီးတောက်ကို မြင်တော့ အံ့သြသွားကြသည်။

"ဒါက ရှားပါးရတနာ ဖြစ်နိုင်မလား? ဒါပေမဲ့ ဒီမီးက ဘယ်လိုမျိုး ရှားပါးရတနာလဲ? တစ်ခါမှ မကြားဖူးဘူး"

ပိုင်ဟူကျောင်းအုပ်က ဆိုလိုက်သည်။

"ဒီမီးလျှံထဲမှာ နားမလည်နိုင်တဲ့ မှော်စွမ်းအင် တစ်ခုကို ခံစားရတယ်"

ကျူးချွဲ့ကျောင်းအုပ်ကလည်း ပြော၏။

ရွှမ်ဝူကျောင်းအုပ်က သူ့လက်ချောင်းများဖြင့် ဂရုတစိုက် ချဉ်းကပ်ကာ မီးတောက်များကို ခံစား​ကြည့်ပြီးနောက်

"ကျုပ်လည်း သူတော်စင် စွမ်းအင်အနံ့ကို ခံစားမိတယ်"

လုရွှမ်က မီးတောက် အကြောင်းကို ရှင်းမပြဘဲ ငြိမ်းသတ်လိုက်ပြီး သူတို့ သုံးယောက်ကို ပြုံးပြုံးလေး ကြည့်လိုက်သည်။

"ဒီခရမ်းရောင်မီး ဆိုရင်ရော ခင်ဗျားတို့ ဘယ်လိုထင်လဲ?"

သုံးယောက်သား တစ်ယောက်ကို တစ်ယောက် စိတ်လှုပ်ရှားစွာ ကြည့်နေကြသည်။

"ကောင်းပြီ ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ မီးတောက်ကို လောင်းကြေးအဖြစ် လုပ်နိုင်ပါတယ်"

ကျူးချွဲ့ကျောင်းအုပ်က ပြုံးပြီး ပြောလိုက်ပါတော့သည်။

ပိုင်ဟူကျောင်းအုပ်သည် မျက်လုံးများကို အနည်းငယ် မှိတ်ထားကာ လုရွှမ်ကို စိုက်ကြည့်လိုက်သည်။ ဘာမှ မပြောဘဲ သူ့မျက်လုံးများကတစ်ဆင့် တွေးတောနေခဲ့သည်။

ကျောင်းအုပ်ကြီး ရွှမ်ဝူကလည်း လုရွှမ်ကို အနည်းငယ် ပိုရင်းနှီးပုံပေါက်သော အကြည့်ဖြင့် ကြည့်​နေသည်။

ကွင်းအောက်ခြေတွင် ကျောင်းလေးကျောင်းမှ ကျောင်းသားများသည် အပြင်းအထန် တိုက်ခိုက်နေကြသည်။ သူတော်စင်တစ်ပိုင်း အဆင့်၃နှင့် နှိုင်းယှဉ်ပါက အလယ်တန်း အဆင့်ရှိ ကျောင်းသားများသည် မူလစွမ်းအားကို ထိန်းချုပ်ခြင်း၊ သူတော်စင်စွမ်းအင် အသွင်ပြောင်းခြင်းနှင့် နိယာမစွမ်းအင် အသွင်အပြင်ကို နားလည် သဘောပေါက်ခြင်းတွင် အဆင့်များစွာ မြင့်မား​ကြသည်။

ကနဦးအဆင့်က ကျောင်းသားများကြား တိုက်ပွဲသည် စစ်သူရဲများကြား လက်သီးလက်နက်ဟု ဆိုရလျှင် အလယ်တန်း အဆင့်ရှိ ကျောင်းသားအချင်းချင်း တိုက်ပွဲသည် လုံးဝ ကွဲပြားသွားသည်။

လုရွှမ်၏ မျက်လုံးများသည် ကျောင်းသားတစ်ဦးကို စူးစူးစိုက်စိုက် ကြည့်နေသည်။ နောက်ဆုံးအ၀တ်အစားကို ကြည့်လိုက်သော် သူသည် ကျူးချွဲ့ကျောင်းတော်မှ ဖြစ်​နေ၏။ သူသည် ပိုင်ဟူကျောင်းတော်မှ ကျောင်းသားတစ်ဦးကို ဆန့်ကျင် တိုက်ခိုက်နေသည်။

"ဟားဟား ထျန်းလုံကျောင်းအုပ်ရဲ့ အမြင်အာရုံကို သံသယဝင်သူတိုင်းက ဆုံးရှုံးမှုကြီးတစ်ခု ဖြစ်မှာ သေချာတယ်"

ရွှမ်ဝူကျောင်းအုပ်က ပြုံးလိုက်ပြီး ကွင်းပေါ်ရှိ လူနှစ်ယောက်ကို သူလည်း သတိထားမိသည်။

နှစ်ယောက်သား တိုက်ခိုက်ကြသည့် နည်းလမ်းများသည် အခြားသူများနှင့် ယှဉ်လျှင် များစွာ ဆန်းသစ်သည်။ အထူးသဖြင့် ကျူးချွဲ့ကျောင်းတော်မှ ကျောင်းသားများသည် ၎င်းတို့၏ လက်များကို ယင်းနှင့်ယန် တစ်ခုစီကို စက်ဝိုင်းပုံများ ပြုလုပ်ထားကြပြီး စွမ်းအင်အရင်းအမြစ် နှစ်ခုသည် အလှည့်ကျ ထွက်လာသည်။

သူ၏ပြိုင်ဘက်သည် ထူးကဲသော ခွန်အား၊ အားမာန်အပြည့်၊ ရက်စက်ကြမ်းကြုတ်သောအငွေ့အသက်များနှင့် ပြင်းထန်သော သွေးများ၊ တောက်ပသော အလင်းရောင်နှင့် ထူးခြားသောအရှိန်အဟုန်များဖြင့် နေရောင်ခြည်ကဲ့သို့ပင် ပြင်းထန်သော်လည်း ယခုအချိန်တွင်တော့ ကျူးချွဲ့ကျောင်းတော်မှ ကျောင်းသားများဆီက ဖိနှိပ်ခြင်းကို စတင် ခံနေရပြီ။

All Chapters