သေရမယ်
Vol. 46 Ch. 4.199
သည်းမခံနိုင်သော ညည်းသံနှင့်အတူ ဆူညံသော အသံများသည် အနီးနားတွင် ငလျင်ကဲ့သို့ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး မြေပြင်သည်လည်း ခဏတာ လှုပ်ခတ်သွားတာကို ခံစားလိုက်ရသည်။
အလင်းရောင် ပျောက်ကွယ်သွားပြီး လုရွှမ်သည် ဂုဏ်ယူစွာ မတ်တပ်ရပ်လျက် သူ့လက်ဖဝါးအောက်တွင် ညည်းတွားနေသော သူတော်စင် သားရဲတစ်ကောင် ရှိနေသည်။
၎င်းမှာ စစ်သေနာပတိဟန်၏ သူတော်စင် သားရဲပဲ ဖြစ်သည်။ စစ်သေနာပတိဟန်လည်း မည်းမှောင်သော မျက်နှာဖြင့် ကောင်းကင်မှ ပြင်းထန်သော ရောင်ဝါနှင့် သတ်ပစ်တော့မည့် ရည်ရွယ်ချက်ဖြင့် ပျံသန်းလာခဲ့သည်။
"မင်း ငါ့ရဲ့ ကျွေးဖုန်းကို သတ်လိုက်တယ်!!"
စစ်သေနာပတိဟန်က ဟောက်လိုက်ပြီး သူ့အသံက ပွက်ပွက်ဆူနေတဲ့ ချော်ရည်လို ပူလောင်သော ဒေါသအပြည့်နဲ့ ထွက်ပေါ်လ ၏။
လုရွှမ် သားရဲ၏ ဦးခေါင်းပေါ်သို့ သူ့လက်ဖဝါးကို ပေါ့ပေါ့ဆဆ ဖိလိုက်ပြန်သည်။ လျှပ်တပြက်နှင့် စွမ်းအားက အလွန်သေးငယ်ပုံ ရသော်လည်း သားရဲသည် မလှုပ်တော့ဘဲ လုံးဝ သေဆုံးသွားခဲ့သည်။
"ရှောင်ကျောက်.... ဒီသားရဲဦးချိုကို မင်းရဲ့ခန္ဓာကိုယ် အင်အားကို အရင်ဖြည့်တင်းဖို့ ပေးလိုက်မယ်"
လုရွှမ်သည် သားရဲ၏ ဦးခေါင်းထိပ်ရှိ ရွှေဦးချိုပေါ်တွင် ဖိထားပြီး ပြင်းထန်သော စွမ်းအားဖြင့် တစ်ချက် ဖိလိုက်တာနဲ့ ချိုက တစ်ချက်တည်းဖြင့် ကျိုးသွားသည်။ ရွှေဦးချိုကို ဝမ်ကျောက်ဆီကို ပစ်ပေးလိုက်၏။
"ဟုတ်ကဲ့ပါ ဆရာ"
ဝမ်ကျောက်က အသံကျယ်ကျယ်နဲ့ ပြန်ဖြေပြီးနောက် ရွှေချိုကို ယူကာ တုံ့ဆိုင်းမနေဘဲ ကိုက်လိုက်တော့သည်။
စူးရှသော အသံနှင့်အတူ ရွှေချိုကို ဝမ်ကျောက်တစ်ယောက် အကြိမ်အနည်းငယ် ကိုက်ဝါးပြီး တစ်ဆက်တည်း မျိုချပစ်လိုက်သည်။
လူတိုင်း ထိတ်လန့်သွားကြသည်။
လုရွှမ် သူတော်စင် ရွှေဦးချိုသားရဲကို လက်ဖဝါး တစ်ဖက်တည်းဖြင့် သတ်နိုင်တဲ့ လုရွှမ်၏ ထူးကဲသော စွမ်းရည်ကို သုံးသပ်ကြည့်လျှင် လူတိုင်းက ကျိုးကြောင်း ဆီလျော်သည်ဟု ထင်ကြသည်။
ဒါပေမဲ့ ဝမ်ကျောက်က ဘယ်လို အဆင့်မျိုးလဲ? အခု သူက သေမျိုး အသွင်ပြောင်းခြင်း နယ်ပယ် အဆင့် (၉)မှာသာ ရှိသေးပြီး ပြီးပြည့်စုံမှုကာလကိုပင် မရောက်သေးချေါး။
သို့သော် လူတိုင်းက လက်တစ်ချောင်းတည်းဖြင့် သတ်နိုင်သည်ဟု ထင်ရသည့် ထိုလူကလေးသည် အမှန်တကယ်ပင် ရွှေဦးချို သားရဲ၏ အပြင်းထန်ဆုံး ဦးချိုကို တစ်ကိုက်ပြီး တစ်ကိုက် ဝါးစားပစ်ချေသည်။
ဒါ ဘယ်လိုပါးစပ်မျိုးလဲ? အဲဒါက ဘယ်လို ခွန်အားတွေများ ရှိနေတာလဲ?
လူအုပ်ထဲတွင် ပုန်းကွယ်နေသော စောင့်ကြည့်နေသူများသည် လုရွှမ်၏ ခွန်အားကို မမြင်နိုင်တော့ကြောင်း ရုတ်တရက် သဘောပေါက်သွားကြသည်။ တစ်နည်းဆိုရသော် ထိုသူ၏ ခွန်အားကို သူတို့လုံးဝ ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။
လုရွှမ်ကတော့ လူတိုင်း၏ တုံ့ပြန်မှုကို အလွန်ကျေနပ်နေသည်။ ယခုတော့ ဝမ်ကျောက်၏ ခွန်အားသည် သေမျိုး အသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၉သို့ ရောက်ရှိသွားသောကြောင့် သူ၏ အစွမ်းသတ္တိကို ပြသရန် အချိန်တန်ပြီ ဖြစ်သည်။
ဤမောင်နှမ နှစ်ယောက်၏ ထူးကဲသော သဘာဝစွမ်းအားကို လူတို့အား သိစေခြင်းသည် တချို့သော သူများ၏ ပိုင်းခြားသိမြင်မှုကို ရရှိနိုင်မည် ဖြစ်သည်။ နောင်တွင် မည်သူမဆို ၎င်းတို့နှစ်ဦးကို တိုက်ခိုက်ရန် သတ္တိရှိမည်ဆိုလျှင် သူ့ဘက်က တုံ့ပြန်လာမှာကို ခံနိုင်ရည်ရှိမရှိကို ဦးစွာ စဉ်းစားသင့်ပေမည်။
"မင်း သေဖို့ လမ်းရှာနေတာပဲ!"
စစ်သေနာပတိဟန်က အော်လိုက်သည်။ ကျွေးဖုန်းက သူနဲ့ နှစ်ရာနဲ့ချီ နေခဲ့ပေမဲ့ မတော်တဆမှုလေး တစ်ခုကြောင့်နဲ့ သူဒီလို အဆုံးသတ်သွား လိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားဘူး။
သူ့ရင်ထဲမှာ မုန်းတီးမှုတွေ ဝမ်းနည်းမှုတွေနဲ့ ပြည့်နှက်နေပြီး သူ့ရဲ့ယခင်က တွက်ချက်မှုတွေနဲ့ အစီအစဉ်တွေ အားလုံးကို ချက်ချင်း မေ့လျော့သွားခဲ့သည်။ သူ့မျက်လုံးတွေက သွေးတွေနဲ့ ချင်းချင်းနီရဲနေပြီး နောက်ကျောက ဓားရှည်ကြီးကို ဆွဲထုတ်ကာ လုရွှမ်ကို ထိုးလိုက်၏။
"ငါ ကျွေးဖုန်းအတွက် မင်းဘဝနဲ့ ပေးဆပ်ခိုင်းမယ်!"
လုရွှမ်သည် ဝမ်လင်တို့ မောင်နှမနှင့် ရူယန်းကို ဖုံးအုပ်ထားဖို့ အခင်းအကျင်း တစ်ခု တည်ဆောက်လိုက်သည်။ အရှေ့တွင် မမှန်မကန် ပြောဆိုမှုများနှင့် အနောက်ဘက်တွင် ခိုးဝင်တိုက်ခိုက်ခြင်း၏ လှည့်ကွက်များစွာ ရှိနိုင်သည်။
အခင်းအကျင်း ဖွဲ့စည်းခြင်း၏ လုပ်ဆောင်ချက်သည် အလွန်အားကောင်းခြင်း မရှိသော်လည်း တချို့သော လူဆိုးများ၏ ခိုးဝင် တိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိရန် လုံလောက်ပါသည်။
"ဝူး!"
လုရွှမ် ခုန်တက်လာပြီး နဂါးဟောက်သံနဲ့ အတူ သူ့ပါးစပ်ကို ဖွင့်လိုက်သည်။
အသံက အလွန် အားကောင်းလှသည်။ နဂါး၏ ဟောက်သံက ထိတ်လန့် တုန်လှုပ်စရာ ကောင်းသောကြောင့် ကောင်းကင်နှင့် မြေကြီးကြားတွင် လှိုင်းလုံးများ ရိုက်ခတ်သွားသည်။ အသံလှိုင်းများ တုန်ခါသွားကာ ကြည့်ရှုသူများ အားလုံး ကမန်းကတမ်း နောက်သို့ ဆုတ်သွားကြသည်။
လုရွှမ် သူ့လက်များကို ခါယမ်းလိုက်တဲ့အခါ သူ့နောက်ဘက် ကောင်းကင်ယံ၌ စိမ်းပြာနဂါး တစ်ကောင်၏ အရိပ်အယောင် ပေါ်ထွက်လာခဲ့လေ၏။
လုရွှမ် သူ့လက်ဖဝါးကို ရှေ့သို့ ဝှေ့ယမ်းလိုက်သောအခါတွင် စိမ်းပြား နဂါးအရိပ်၏ လက်သည်းကြီးများက စစ်သေနာပတိဟန်အား ဖမ်းဆုပ်လိုက်ပေသည်။
နဂါးလက်သည်းသည် ဟိန်းဟောက်အား ကောင်းကာ မုန်တိုင်းတစ်ခုလို အရှိန်ပြင်းပြင်းဖြင့် စစ်သေနာပတိဟန်အား တိုက်ခိုက်လာပြီ။
နဂါး၏ခြေသည်း လက်သည်းများသည် ကြီးမားသောကြောင့် စစ်သေနာပတိဟန်မှာ ပိုးကောင်ငယ်လေး တစ်ကောင်ကဲ့သို့ သေးငယ်သွား၏။ ၎င်း၏လက်များကို အသုံးပြုနေတာက လူအား ခြင်တစ်ကောင်လို ခံစားချက်ကို ပေးစွမ်းနေသည်။
လူတိုင်း ထိတ်လန့်သွားကြသည်။ ဒီလူ သူ့ကိုယ်သူ ချင်းလုံအရှင်လို့ ခေါ်ရတဲ့ အကြောင်းရင်းကို ရုတ်တရက် သဘောပေါက်သွားပါပြီ။ ဒီစိမ်းပြာနဂါး မှော်ပညာဟာ တကယ့်ကို ထူးကဲပြီး သန်မာလှ၏။
စစ်သေနာပတိဟန်၏ မျက်လုံးများလည်း ပြူးကျယ်သွားပြီး တစ်ဖက်က ခွန်အားကို သူ ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။ နဂါးလက်သည်း၏ အသွင်အပြင်မှ အစွမ်းထက်သော စွမ်းအားတစ်ခုကို ခံစားလိုက်ရ၍ သူတော်စင်အောက်ရှိ မည်သူမျှ သူ့ကို အနိုင်မယူနိုင်ဟု ဆိုနိုင်ဖွယ် ရှိသည်။
၎င်းသည် မှော်အတတ်ပညာကို ကျော်လွန်ပြီး တန်ခိုး၏မူလကိုလည်း ကျော်လွန်ခဲ့သည်။ ယခုအချိန်တွင် တစ်ဖက်က သူတော်စင်နယ်ပယ်ကို မဖြတ်ကျော်ရသေးလို့ ကံကောင်းသွား၏။ မဟုတ်ပါက တွန်းလှန်ရန် သတ္တိပင်မရှိဘဲ ထွက်ပြေးရန်သာ ရွေးချယ်ရလိမ့်မည်။
"အံ့ဩဖို့ကောင်းတယ်.... တကယ်ကို အစွမ်းထက်တယ် ဒါပေမဲ့ မင်းသူတော်စင် မဖြစ်သေးရင် အရာအားလုံးက ပုရွက်ဆိတ်လို ဖြစ်သွားလိမ့်မယ်.... ငါ့ရဲ့နတ်ဓားနဂါးကို ချိုးဖျက်ကြည့်လိုက်စမ်း!"
စစ်သေနာပတိဟန်မှာ အော်ဟစ်ရင်း သူ့အရှိန်ကလည်း ပိုမြန်လာပြီး သူ့တစ်ကိုယ်လုံးက ဓားအလင်း စီးကြောင်း တစ်ခုနှင့်အတူ နဂါး၏ ခြေသည်းများကို ဖြတ်တောက်ပစ်သည်။
ဓားအလင်း စီးကြောင်းသည် နဂါး၏ခြေသည်းအရိပ်ကို ချက်ချင်း ထိုးဖောက်သွားသည်။ စစ်သေနာပတိဟန်သည် မိနစ်ဝက်မျှသာ အရှိန်လျှော့ကာ ဓားအလင်းကို ထပ်မံ ဝေ့ယမ်းလိုက်ပြန်၏။
လုရွှမ် တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။ သူ၏ စိမ်းပြာနဂါး သဏ္ဌာန်သည် ယခု သိပ်အားမကြီးသေးတာကို သူကောင်းကောင်း သိပါသည်။ နောက်ဆုံးတွင် သူ၏ ကိုယ်ပိုင် စွမ်းအားသည် အလွန်ညံ့ဖျင်းပြီး ခန္ဓာကိုယ်တွင် နဂါးအရင်းအမြစ် အနည်းငယ်သာ ရှိ၏။
သူတော်စင်နယ်ပယ်က လူတစ်ဦး အနေဖြင့် စစ်သေနာပတိဟန်သည် အနည်းငယ် ညံ့ဖျင်းတာကြောင့် ထင်ယောင်ထင်မှား ဖြစ်မှုမှတစ်ဆင့် မြင်တွေ့ရသည်မှာ အံ့သြစရာ မဟုတ်ပေ။ သို့သော်လည်း စိမ်းပြာနဂါး သဏ္ဌာန်ကို ရန်သူအား အင်အားဖြင့် တိုက်ခိုက်ရန် အသုံးမချဘဲ ဖုံးကွယ်ရန် အသုံးပြုခဲ့တာ ဖြစ်သည်။
"နဂါးဆင်ရွှေလက်ဝါး!"
အဝါရောင်ဖျော့ဖျော့ အလင်းတန်း တစ်ခုသည် လုရွှမ်၏ ကိုယ်ခန္ဓာအနှံ့ လင်းထိန်သွားပြီးနောက် စိမ်းပြာရောင် မီးတောက်များ လွှမ်းသွားသည်။
"စိမ်းပြာနဂါး ကိုယ်ထည်!"
လုရွှမ်လည်း ဟိန်းဟောက်သံနဲ့ အတူ စစ်သေနာပတိဟန်ရဲ့ ဓားရှည်ကြီးကို နဂါးဆင်ရွှေလက်ဝါးဖြင့် ခုခံလိုက်သည်။
သူ၏ တမင် ချုပ်နှောင်မှုအောက်တွင် စိမ်းပြာ နဂါးကြီး၏ အရိပ်ယောင်များ မှိန်ဖျော့သွားပြီး ဧရာမဆင်ကြီးသည် စိမ်းပြာနဂါး၏ အရိပ်တွင် ပုန်းကွယ်နေခဲ့သည်။
လက်ဝါးချက်နှင့် ဓားအလင်းများ ရောယှက်ကာ ၎င်းတို့၏ ခန္ဓာကိုယ်များသည် လေထဲတွင် တခဏချင်း ရွေ့လျားမှုမှ ငြိမ်သက်မှု အဖြစ်သို့ ပြောင်းလဲသွားသလို လေထဲတွင် လုံးဝ ငြိမ်ကျသွားခဲ့သည်။
လုရွှမ်၏ လက်ဝါးချက်များသည် စိမ်းပြာရောင် နဂါးကြီး၏ ရောင်ဝါဖြင့် လှည့်ပတ်သွားလာနေသကဲ့သို့ စိမ်းပြာရောင် အလင်းများ တောက်ပသွားသည်။ စစ်သေနာပတိ ဟန်၏ ဓားရှည်သည် အနည်းငယ် ကွေးနေပြီး ၎င်းပေါ်တွင် သွေးတီရောင် လူသတ်ရောင်ဝါကို လွှမ်းခြုံထားသည်။
၎င်းသည် ရှည်လျားသော ဓားတစ်လက်သာ ဖြစ်သော်လည်း ရန်သူကို အနိုင်ယူနိုင်သညိ့ လှံတစ်ချောင်း၏ ရောင်ဝါလည်း ရှိလေသည်။
"မင်းကို ငါသတ်မယ်!"
စစ်သေနာပတိဟန်၏ မျက်နှာသည် သွေးရောင်များဖြင့် ချင်းချင်းနီလျက် လူသတ် အငွေ့အသက်များ ဖုံးလွှမ်းနေသည်။ အရင်ကတော့ လုရွှမ် သူ့သားရဲကို သတ်နိုင်လိုက်ရင်တောင် လုရွှမ်ကို သူ့မျက်လုံးထဲ တကယ် မထည့်ထားခဲ့ဘူး။
အရာအားလုံးသည် အပ်ကျသံပင် မကြားရလောက်အောင် တိတ်ဆိတ်သွားသည်။
သို့သော် အစောကလေးတင် စစ်သေနာပတိဟန် အတွက် ဂုဏ်ယူဆုံး သူတော်စင်စွမ်းအား တိုက်ကွက်၏ အတားအဆီးကို လုရွှမ်က ချိုးဖျက်ပစ်လိုက်ပြီ။ ဧရာမဆင်ကြီး၏ အရိပ်အယောင်များ ပါလာသော လက်သီးရဲ့ အစွမ်းက သူ့ရဲ့ ထိုးနှက်ချက်ထက် ပိုပြင်းနေ၏။
သူ၏ စွမ်းအင်ရေကန်သည် ယခုအချိန်တွင် လှိုင်းထန်နေသည်။ သူသည် အံ့ဖွယ်အမှုများ အောင်မြင်ရန် ကြိုးစားခဲ့သော်ငြား ယခုအခိုက်မှာတော့ အနာဂတ် မျိုးဆက်များ၏ ဒဏ္ဍာရီတွင် ဟာသနှင့် ရှက်စရာသာ ဖြစ်လာခဲ့သည်။
"မဖြစ်ဘူး လုံးဝ မဖြစ်ဘူး!"
စစ်သေနာပတိဟန်က မလိုလားသော အသံဖြင့် သူ့အသံကို ထုတ်လွှတ်လိုက်သည်။ တိုက်ပွဲကို ကြည့်ရှုသူတိုင်းလည်း အံ့ဩ တုန်လှုပ်သွားကြသည်။
တချို့သော လူများက ထိတ်လန့်သွားသော်လည်း တချို့လူများစွာမှာ အလွန် စိတ်လှုပ်ရှားလျက် ကောင်းကင်ယံက အရပ်ရှည်ရှည်နဲ့ ရုပ်သွင်ကို ကြည်ညို လေးစားသော မျက်လုံးများဖြင့် မော့ကြည့်နေကြ၏။
စစ်သေနာပတိဟန် လက်ထဲမှ ဓားရှည်သည် ရုတ်တရက် ပြင်းထန်သော သွေးရောင် စွမ်းအားများ ထွက်လာပြီး လုရွှမ်ဆီသို့ ပြေးဝင်သွားသည်။
လုရွှမခ ခန္ဓာကိုယ်သည် ချက်ချင်း ပြိုလဲတော့မလို ဖြစ်သွား၏။ သူ့နောက်က စိမ်းပြာနဂါး အရိပ်မှာ တစ်ချက် ဟိန်းရင်း မြစ်ရေထဲ လှိုင်းခတ်သလို နဂါးအမြီး တွန့်လိမ်သွားကာ ဓားရှည်ကြီးမှ ထွက်လာသော ကြီးမားသော အင်အားကို မခံနိုင်သေးကြောင်း သိသာလေသည်။