← Chapters

အချင်းချင်း သတ်စေ!

Vol. 47 Ch. 4.222

အချင်းချင်း သတ်စေ!

Vol. 47 Ch. 4.222

လုရွှမ်သည် သူ့မျက်နှာရှေ့တွင် သူ့လက်ချောင်းများကို ဆန့်တန်းလျက် နတ်သမီးမြောင်ဝုထံမှ ပျံသန်းလာနေသော အပ်တစ်ချောင်းလို စွမ်းအင်အလင်းကို လက်နှစ်ချောင်းကြားတွင် တင်းတင်းကျပ်ကျပ် ဖမ်းဆုပ်ထားလိုက်သည်။

နတ်သမီးမြောင်ဝု ထိတ်လန့်သွားပြီး သူမစိတ်ကို အာရုံစူးစိုက်ကာ ပျံသန်းနေသော အပ်ကို အသက်သွင်းရန် အပြင်းအထန် ကြိုးစား​တော့သည်။ ပျံသန်းနေသော စွမ်းအင် အပ်၏အမြီးသည် ခုန်နေသော်လည်း အပ်ကို လုရွှမ်၏ လက်ချောင်းများက ဆုပ်ကိုင်ထားသောကြောင့် လှုပ်ရှားမှု လုံးဝ မရှိလာပေ။

ဖြောင်း

တစ်ချက် နှိပ်လိုက်သည်နှင့် ရွှေမဟုတ် သစ်သား မဟုတ်သော အပ်တစ်ချောင်းမှာ ကျိုးသွားလေသည်။

နတ်သမီးမြောင်ဝု ပါးစပ်မှ သွေးများ အန်ထွက်လာကာ တုန်လှုပ် ချောက်ချားသွားသည့် အရိပ်အမြွက်များ ထွက်လာသလို သူမ မျက်နှာ ဖြူဖျော့သွားသည်။

ဒီလူက ဘယ်သူလဲ? စိတ်ဝိညာဉ်သခင်ရဲ့ လက်နက်ကို ပိတ်ဆို့ချင်ရင် ပြင်းထန်တဲ့ ကျင့်​ကြံမှု အဆင့် ရှိရမယ် ဒါမှမဟုတ်ရင် စိတ်ဝိညာဉ်သခင်ကို စေ့စေ့စပ်စပ် နားလည်ထားတဲ့ လူဖြစ်မှရမည်။

ထျန်းလုံကျောင်းအုပ် ချင်းလုံအရှင်မှာ ထူးထူးခြားခြား အရည်အချင်းရှိပြီး စိတ်ဝိညာဉ်နဲ့ ကိုယ်ခံပညာ နှစ်ခုစလုံးကို စွမ်းဆောင်နိုင်တယ်ဆိုတာ သူမ ကြားဖူးတာ ကြာပါပြီ။ ကိုယ်ခံပညာ လေ့ကျင့်မှုသည် အံ့ဩစရာကောင်းသလို ဝိညာဉ်သခင်ရဲ့ လေ့ကျင့်မှုမှာလည်း ထူးကဲပြီး သန့်ရှင်းမှုရှိသည်။

သို့သော် တချိန်လုံး သူမသည် ချင်းလုံအရှင် ဆိုတဲ့လူကို မျက်လုံးထဲ လုံးဝ မထည့်ထားပေ။ ထိုသူသည် အလယ်အလတ်တန်းစား ဧကရာဇ်အင်ပါယာ တစ်ခု၏ အုပ်ချုပ်ခံ လူတစ်ဦးသာ ဖြစ်သည်။

အဆင့်မြင့် ဧကရာဇ်အင်ပါယာမှာဆို သူဆိုတာက အဆင့်မရှိတဲ့ လူတစ်ယောက်သာသာပဲ ရှိ၏။

သို့သော် လုရွှမ် သူမ အပ်ပျံ စိတ်စွမ်းအင်ကို ဖျက်စီးလိုက်မှသာ ကောလဟာလများထက်ပင် ဤလူသည် ပို၍ကြောက်စရာ ကောင်းကြောင်း နောက်ဆုံးတွင် နားလည်သွားခဲ့သည်။

သူသည် သူတော်စင်တစ်ပိုင်း အဆင့်၃သာ ဖြစ်သော်လည်း သူတော်စင်နယ်ပယ်ကို သတ်နိုင်သလို စိတ်ဝိညာဉ် သခင်အပေါ် နားလည်မှုကလည်း သူ့ထက် သာလွန်သော အဆင့် ဖြစ်ရမည်။

မဟုတ်ပါက သူမ တိုက်ကွက်ကို ရှောင်ရှားနိုင်ပြီး ဖျက်စီးနိုင်မည် မဟုတ်ပေ​။ သူမ စိတ်စွမ်းအင်နဲ့ လုပ်ထားတဲ့ အပ်ကိုလည်း ချိုးဖဲ့ပစ်ဖို့ လုံးဝ မဖြစ်နိုင်ဘူး။

နတ်သမီးမြောင်ဝု တစ်ချက် လှုပ်ရှားလိုက်ရုံဖြင့် ဒဏ်ရာ အပြင်းအထန် ရနေတာကို တွေ့လိုက်ရသဖြင့် လှုပ်ရှားရန် အဆင်သင့် ဖြစ်နေသော ကျန်လူနှစ်ယောက်သည် ရုတ်တရက် ထိတ်လန့်သွားကြသည်။

နတ်သမီးမြောင်ဝုက ချင်းလုံအရှင်ကို မယှဉ်နိုင်ပေ။ ယခု သူတို့သည် တစ်ဖက်လူ၏ အခင်းအကျင်း ဖွဲ့စည်းမှုအတွင်း ပိတ်မိနေသေးတာကြောင့် သေချာပေါက် သေရလိမ့်မည်။

နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ရုံဖြင့် ကြောက်ရွံ့ ထိတ်လန့်နေကြသည်။ ပြိုင်ဘက်၏ မျက်လုံးများသည် ကြည့်မိသော် ကြောက်ရွံ့ ထိတ်လန့်မှု လုံးဝ မရှိတာကို တွေ့လိုက်ရသည်။

ဒဏ္ဍာရီအရ ချင်းလုံအရှင်သည် အဂ္ဂိရတ်ပညာ၊ ဆေးလုံး သန့်စင်ခြင်း၊ သားရဲထိန်းချုပ်ခြင်းနှင့် အခင်းအကျင်း ဖွဲ့စည်းခြင်းတို့ကို ပေါင်းစပ် တတ်မြောက်ကြောင်း ဟာသတစ်ခုဟု ထင်ခဲ့ကြသော်လည်း ယခုအခါ သူတို့ကိုယ်တိုင်ကပဲ ဟာသတစ်ခု ဖြစ်​နေကြောင်း တွေ့ရှိလာကြသည်။

"ဒါဆို ရှင် ဘာလုပ်ချင်တာလဲ"

နတ်သမီးမြောင်ဝုက ခပ်သဲ့သဲ့ ကြည့်ရင်း

"ရှင် ကျွန်မတို့ အားလုံးကို ဒီမှာ မသေစေချင်ဘူးမလား? ကျွန်မတို့က ဧကရာဇ် အင်ပါယာကြီး သုံးခုက လာတာ.... ကျွန်မတို့သာ အပြင်မထွက်နိုင်ရင် ကျွန်မတို့နောက်က အကြီးအကဲတွေက ရှင့်ရဲ့ ထျန်းလုံဧကရာဇ် အင်ပါယာကို လွှတ်​ပေးမှာ မဟုတ်ဘူး"

"ထျန်းလုံကျောင်းတော်က အဲဒီအပြစ်မဲ့ ကျောင်းသားတွေ အနေနဲ့ ကျွန်မတို့ အကြီးအကဲတွေရဲ့ ဒေါသကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး"

လုရွှမ် ခေါင်းယမ်းလိုက်သည်။ သူမသည် အဆိပ်ပြင်းတဲ့ မိန်းမဖြစ်သောကြောင့် စွန့်စားရဲသော်လည်း အကူအညီ ပြေးတောင်းရန် နည်းလမ်းမရှိတော့ချေ။

လုရွှမ် ခေါင်းယမ်းနေတာကို မြင်တော့ ကျန်တဲ့နှစ်ယောက်ရဲ့ မျက်နှာအရောင်က ပြောင်းသွားခဲ့သည်။ ထိုအမျိုးသမီးရဲ့ ဒေါသကို သူတို့ ကောင်းကောင်း သိသည်။ သူမ၏ ထူးကဲသော မိသားစု နောက်ခံ၊ ထူးကဲသော အရည်အချင်းများနှင့် စိတ်ဓာတ် မြင့်မားမှုကို အားကိုး၍ သူမ၏ ရွယ်တူများကြားတွင် ထူးခြားသော ဂုဏ်မောက်နေဖို့က လွဲ၍ ဘာကိုမှ စိတ်မဝင်စားချေ။

"အမ် ချင်းလုံအရှင် စိတ်မဆိုးပါနဲ့.... နတ်သမီးမြောင်ဝုက စည်းကမ်းတွေကို မသိဘူး... ကျုပ်တို့က ခင်ဗျား ကို ဘယ်လိုလုပ် ခြိမ်းခြောက်ရဲမှာလဲ? စကားလုံး တစ်လုံးတည်းပဲ ပြောလိုက်... ခင်ဗျား လုပ်ခိုင်းချင်တာမှန်သမျှ ကျုပ်တို့ညလုပ်​ပေးနိုင်တယ်"

ယခုအချိန်တွင် သူတို့နှစ်ဦးသည် နတ်သမီးမြောင်ဝု၏ မျက်နှာကို ဂရုမစိုက်နိုင်တော့ပေ။ အသက်၊ ဂုဏ်သိက္ခာနှင့် လူ့အဖွဲ့အစည်း ဆိုတာ အသက်လောက် အရေးမကြီးဘူးလေ။ အနာဂတ်မှာ မြောင်ဝု သူတို့တံခါးဝကို ရောက်လာခဲ့လျှင် သူမအသက်ကိုပါ ကယ်ဖို့ ပြောခဲ့ရကြောင်း ဆိုပြီး သူတို့မှာ အကြောင်းပြချက် ရှိနေ​လေသည်။

လုရွှမ်ဆိုတာ ဉာဏ်ပြေးဖို့ သူတို့စိတ်ထဲမှာ ဘာတွေဖြစ်နေလဲ မခန့်မှန်းမိသူ မဟုတ်ချေ။ သူက ရယ်မောလိုက်ပြီး

"ငါက လူဆိုး မဟုတ်ပါဘူး... မင်းတို့လို လူမဆန်တဲ့ အရာတွေကို ငါ မလုပ်ဘူး.... အစကတော့ မင်းတို့ရဲ့အသက်ကို ချမ်းသာပေးဖို့ ဖြစ်နိုင်ပေမယ့် ကံမကောင်းတာက ဒီနတ်သမီးမြောင်ဝုက အရမ်းကြမ်းတမ်း​နေတယ်"

"သူများတွေ ခြိမ်းခြောက်တာကို ကြောက်တယ်လို့ ငါအရင်က ပြောဖူးတယ်လေ... သူမက ငါ့ကို ခြိမ်းခြောက်လာမှတော့ ဘယ်လိုလုပ် လွှတ်ထားပေးလို့ ဖြစ်ပါ့မလဲ?"

လုရွှမ်၏အသံ ကျဆင်းသွားကာ နှစ်ယောက်သား အရောင်ဖျော့သွားကာ ခဏလောက် ပြန်မဖြေဝံ့ကြပေ။ လုရွှမ် ဘာကိုဆိုလိုတာလဲ သူတို့ မသိကြတာ မဟုတ်။ မတရားမှုတိုင်းတွင် တရားမျှတမှု ရှိကြပြီး အကြွေးတိုင်းတွင် အကြွေးရှင်ရှိကြသည်။

ထျန်းလုံကျောင်းအုပ်က ၎င်းတို့အား နတ်သမီးမြောင်ဝုကို သတ်ပြီး သူမအသက်နှင့် သူတို့အသက်ကို အလဲအထပ် လုပ်ခိုင်းချင်နေခြင်းပင် ဖြစ်သည်။

နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ပြန်သည်။ မျက်နှာတွေက နီမြန်း​နေပြီး အနည်းငယ် ကြောက်လန့်သွားသော်လည်း သူတို့လည်း တွေးတောနေကြဆဲ ဖြစ်သည်။

"သွမ်မု.... ထျန်တုန့်... ရှင်တို့နှစ်ယောက် လုပ်ရဲလား!"

နတ်သမီးမြောင်ဝုက အော်ဟစ်လိုက်သည်။

သူတို့ နှစ်ယောက်က မျက်လုံးတွေကို မှိတ်ထားကြသည်။ သူတို့အတွေးထဲ အင်မတန် ရှုပ်ယှက်ခတ်နေ၏။ ဒီတစ်ကြိမ်မှာ အံ့ဖွယ်ကိစ္စတွေ ကြုံရပြီး သူတို့ထဲက တစ်ယောက်ယောက် ကံကောင်းလို့ အသက်ရှင်လျက် လွတ်မြောက်သွားရင်တောင် ဒီမိန်းကလေးက သူတို့အပေါ် အာဃာတ ထား​နေမှာ ကြောက်ရလေသည်။

သူတို့နှစ်ဦးစလုံးသည် ရက်စက် ကြမ်းကြုတ်သူများ ဖြစ်သောကြောင့် ၎င်းတို့၏ လက်ရှိအခြေအနေကို နားလည်ကြသည်။ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ရင်း နှစ်ယောက်စလုံးရဲ့ မျက်လုံးထဲမှာ ရက်စက် ကြမ်းကြုတ်မှုတွေကို တွေ့လိုက်ရ၏။

"ထျန်းလုံကျောင်းအုပ် ခင်ဗျား ဆိုလိုတာက??"

လုရွှမ် သူ့စိတ်ထဲ လှောင်ရယ်နေမိသည်။ ယခုအချိန်တွင် သူတို့သည် ကံကောင်းခြင်းများကို ဆုပ်ကိုင်ထားချင်ပုံဖြင့် စကားတစ်လုံးမှ လက်လွတ်မခံရအောင် စဉ်းစားနေ​ကြသည်။ သူဘာမှပြန်မပြောဘဲ ထိုနှစ်ယောက်ကို ကြည့်လိုက်ရုံသာ ကြည့်လိုက်သည်။

လုရွှမ်၏ ထိုးဖောက်လုမတတ် စူးရှလှသော မျက်လုံးများ အောက်တွင် သူတို့နှစ်ယောက် နားလည်သွားပြီး နတ်သမီးမြောင်ဝုကို ပြင်းပြင်းထန်ထန် ကြည့်လိုက်​ကြသည်။

"နတ်သမီး... တောင်းပန်ပါတယ် အရင်တုန်းက ကျုပ်တို့နှစ်ယောက် ခင်ဗျား အတွက် အလုပ်တွေ အများကြီး လုပ်ခဲ့တယ်.... အခု အရင်က လုပ်ခဲ့တဲ့ အရာတွေအတွက် ခင်ဗျား ပေးဆပ်သင့်​ပြီ ထင်တယ်"

"ရှင်တို့နှစ်ယောက် ကျွန်မကို တိုက်ခိုက်ရဲရင် ကျွန်မ တစ္ဆေဖြစ်သွားရင်တောင် ရှင်တို့ကို လွှတ်​ပေးမှာ မဟုတ်ဘူး!"

မြောင်ဝုသည် ယခုအချိန်တွင် နတ်သမီးတစ်ပါး၏ အရိပ်အယောင်များ မရှိတော့ဘဲ သူမ ရှက်ရွံ့ထိတ်လန့်စွာ အော်ဟစ်လိုက်သည်။ သူမဟာ လုရွှမ်ကြောင့် ဒဏ်ရာရထားသူ ဖြစ်ပေ၏။ တကယ်သာ တိုက်ခို​က်ရင် သူမကို အနိုင်ယူနိုင်မည် မဟုတ်ချေ

လူနှစ်ယောက်၏ မျက်နှာပေါ်ရှိ အမူအရာများသည် ပို၍ပင် ဆိုးသွမ်းလာကာ နတ်သမီးမြောင်ဝုအပေါ် ၎င်းတို့၏ နာကြည်းမှုက ခဏအတွင်း တိုးပွားလာခဲ့သည်။ သရဲတစ္ဆေ ဖြစ်ရင်တောင် လွှတ်​ပေးမှာ မဟုတ်ဘူးလို့ သူမပြောခဲ့တယ်။ ဒါပေမဲ့ ဒီကမ္ဘာမှာ သရဲတစ္ဆေ ရှိလို့လား။

"ရှင်တို့ ကျွန်မကို မသတ်နိုင်ဘူး.... ကျွန်မမိသားစုက ရှင်တို့ဆီကို အရောက်လာပြီး ဖြေရှင်းချက် တောင်းလိမ့်မယ်!"

နောက်ဆုံးမှာတော့ သူမရဲ့ ဦးခေါင်းကို လုံးလုံး မပျက်စီးသွားသေးတာကြောင့် နတ်သမီးမြောင်ဝုမှာ တခြားသူတွေကို ခြိမ်းခြောက်ရတာ အကျင့်ပါနေသလို အော်ဟစ်နေ၏။

ထိုအခါ သူတို့နှစ်ဦးရဲ့ အမူအရာတွေက ကြမ်းတမ်းလာပြီး တစ်ယောက်က ပြောလိုက်သည်။

"ထျန်းလုံကျောင်းအုပ်က မင်းအသတ်ခံရဖို့ ထိုက်တန်တယ်လို့ ပြောနေတာ အံ့သြစရာ မရှိပါဘူး.... မင်းက တခြားသူတွေကို ခြိမ်းခြောက်ရတာ အရမ်း ကြိုက်နေတာပဲ... ဟမ့် မင်း တကယ်ကို မုန်းစရာကောင်းတာပဲ"

ခေါင်းဆောင်တွေက ဆန့်ကျင်လိုက်တာနဲ့ သူတို့ရဲ့ လက်အောက် ငယ်သားတွေကလည်း သူတို့ သုံးယောက်နောက်မှာ ကွဲလွင့်သွား​ကြပြီ။ နှစ်ဖက်စလုံးက နတ်သမီးမြောင်ဝုကို ဝေခွဲမရသော မျက်လုံးများဖြင့် စိုက်ကြည့်နေကြသည်။

ထို့အပြင် နတ်သမီးမြောင်ဝု၏ လက်အောက် ငယ်သားများ အားလုံးကလည်း သူမနဲ့အတူ သေရမလား ဒါမှမဟုတ် သူမကိုဆန့်ကျင့်ပြီး အသက်ဆက်ရှင်ဖို့ နည်းလမ်းရှာရမလား မသိကြတော့ချေ။

"ကျွန်မဘက်မှာ လူတွေအများကြီး ရှိသေးတယ်... ရှင် ကျွန်မတို့ကိုသတ်ရင် ရှင်တို့အသက်ရှင်နိုင် သေးမယ်ထင်လား? အဲဒီလူက ရှင်တို့ကို ထောင်ချောက်ဆင်ဖို့ ကြိုးစားနေတာလေ...ရှင်တို့လည်း မလွတ်နိုင်ဘူး"

နတ်သမီးမြောင်ဝုက အော်ဟစ်ပြီး လူအုပ်ထဲ ကမန်းကတန်း ပုန်းနေလိုက်သည်။ သူမ တကယ် ကြောက်နေပြီ။ အထူးသဖြင့် လူတချို့ရဲ့ မျက်လုံးတွေထဲက သူမကို သတ္တဝါတွေလို ကြည့်နေတာကို တွေ့နေရ၏။ ပုံမှန် သူမအပေါ် လေးစားမှုတွေကို မတွေ့ရတော့ချေ။

ယခုအချိန်တွင် သူမရဲ့ ခွန်အားက ထိခိုက်ထားတာကြောင့် ပို၍ပင် လုံခြုံမှု မရှိတော့သလို ခံစားလာရလေသည်။

"ဟားဟားဟား!"

ထျန်တုန့် နှင့် သွမ့်မုတို့က ရယ်မောပြီး လှောင်ပြောင်သော အပြုံးများဖြင့် ကြည့်နေကြသည်။

All Chapters