နားလည်မှုပြီးမြောက်ပြီ
Vol. 48 Ch. 4.234
နတ်သမီးအောင့်ယွဲ့ စိတ်ဆိုးနေပါပြီ။ အပြင်ဘက်ကနေ ဝင်လာတဲ့ အဲဒီလူက ဝင်လာပြီးတာနဲ့ သူမကို ဓားနဲ့ထိုးတော့သည်။
တိုက်ပွဲနည်းလမ်းကို ထူးထူးခြားခြား နားလည်ထားသူများသည် သဘာဝအတိုင်း အလွန်အားနည်းနေလိမ့်မည် မဟုတ်ပေ။ ၎င်းတို့၏ ကျင့်ကြံမှု အဆင့်သည် သူတော်စင်နယ်ပယ် အဆင့်၃ တွင် ရှိသည်။
အောင့်ယွဲ့၏ နယ်ပယ်သည် အနည်းငယ် နိမ့်နေသေးပြီး သူမ တတ်သမျှ နည်းလမ်းအားလုံးဖြင့်ပင် တိုက်ခိုက်တာတောင် တစ်ဖက်လူနဲ့ သရေပွဲ နွှဲနေရ၏။
"ဘာလို့ လာမကူသေးတာလဲ!"
အောင့်ယွဲ့ ဒေါသတကြီး အော်လိုက်ပေမယ့် ရုပ်ကြွကို နားလည်ပြီးနောက် လုရွှမ်က ကျော်သွားလိမ့်မယ်လို့ သူမ မမျှော်လင့်ထားခဲ့ပါဘူး။ ဒီအချိန်မှာ သူမကို တိုက်ခိုက်လာသူအား ဒေါသ ထွက်နေပေမယ့် အနိုင်ယူလို့ မရသေးချေ။
လုရွှမ်ကတော့ တချို့သောလူများ ဖောက်ဝင်နိုင်သောကြောင့် မကြာမီတွင် နောက်ထပ် လူများလည်း ဖောက်ထွက်နိုင်မှာကို ခန့်မှန်းမိလိုက်ပြီ ဖြစ်သည်။ ဒီအချိန်မှာ သူတက်ပြီး ကျူးကျော်သူတွေနဲ့ ပြိုင်နေမယ် ဆိုရင် ကမ္ဘာပေါ်က ကျင့်ကြံသူတွေကို လျှော့တွက်နေတာပဲ ဖြစ်သွားလိမ့်မည်။
ထို့အပြင် သူတို့နှစ်ဦးသည် အညီအမျှ တိုက်ခိုက်နေရာ သူကဘာကြောင့် သွားကူညီရမှာလဲ။ နောက်ပြီး ရုပ်ကြွတွေက စုစုပေါင်း ၁၂ခု ရှိလေရာ နောက်ဆုံးတစ်ခုကို နားလည်ပြီးနောက်မှသာ ပြီးမြောက်လိမ့်မည်။
"လူယုတ်မာ!"
အောင့်ယွဲ့က အော်ပြီး သူတို့နှစ်ယောက် လက်ဝါးချင်း ချိတ်ပြီး နောက်ပြန်ဆုတ်သွားခဲ့သည်။
"ရုပ်ကြွထဲမှာ ဘာရှိလဲ?"
ထိုကျင့်ကြံသူက မေးလာသည်။ သူ့မျက်လုံးတွေက မီးတောက်နေပေမယ့် နတ်သမီးအောင့်ယွဲ့ကို အနည်းငယ် ကြောက်နေမိသေး၏။ စိတ်သက်သာရာ ရဖို့အတွက် သူ့သတ္တိတွေကို မွေးထုတ်နေရသည်။
နတ်သမီးအောင့်ယွဲ့က ဒေါသတကြီး ကျိန်ဆဲလိုက်ပြီး
"သိချင်ရင် ကိုယ်တိုင် နားလည်အောင်လုပ်လေ!"
"နတ်သမီးအောင့်ယွဲ့... မင်း ဘယ်လောက်ပဲ နာမည်ကြီး နေပါစေ... ဒါက ရွှမ်ခုန်းတောင် မင်းအပိုင် နေရာ မဟုတ်ဘူး!!"
ထိုကျင့်ကြံသူက ပြင်းပြင်းထန်ထန် အော်လိုက်သည်။ ဧကရာဇ်မင်းမြတ်ကိုသာ ဖြုတ်ချလိုက်ရင် နတ်သမီးအောင့်ယွဲ့ရဲ့ အဆင့်အတန်းက ဘယ်လောက် မြင့်တယ်ဆိုတာ အရေးမကြီးတော့ဘူး။
နတ်သမီးအောင့်ယွဲ့သည် နောက်ဆုံးတွင် လုရွှမ်၏ အစီအစဉ်ကို မြင်သွားခဲ့ပြီ။ လုရွှမ်သည် လက်ရှိအခြေအနေကို မျှော်လင့်ထားပြီးသား ဖြစ်နိုင်ကြောင်း သူမ နားလည်ခဲ့သော်လည်း ခဏတာမျှ သူမမှာ ဖြေရှင်းရန် နည်းလမ်း မရှိခဲ့ပေ။
ဒေါသ ကြီးလာသောအခါ မျက်နှာနီရဲပြီး လူသတ်ချင်သည့် အငွေ့အသက်များ ထွက်ပေါ်လာသည်။
တစ်ဖက်က ကျင့်ကြံသူကလည်း မတုံးချေ။ သူက စွဲလန်းမှု အခင်းအကျင်းများကို ခွန်အားဖြင့်သာ ချိုးဖျက်ခဲ့သည်။ အခင်းအကျင်းတွေက ခံစစ်စွမ်းအား မရှိတာကြောင့် အပြင်ဘက်ကနေ ချိုးဖျက်ရတာ ပိုလွယ်လေသည်။
"လူတိုင်း ဒီအမွေကို ဆက်ခံနိုင်တယ်... နတ်သမီးအောင့်ယွဲ့ မင်းတစ်ယောက်တည်း စားဖို့ မစဉ်းစားနဲ့"
နတ်သမီးအောင့်ယွဲ့လည်း သူ့ကို မတားတော့ချေ။ ဒီအချိန်မှာ သူမ သူ့ကို တားခဲ့မယ်ဆိုရင် အဲဒီလူယုတ်မာ လုရွှမ်ကို အခွင့်ကောင်း ယူခွင့်ပေးသလို ဖြစ်မသွားဘူးလား?
မထင်မှတ်ဘဲ စွဲလမ်းမှု အခင်းအကျင်း ပျက်သွားသည်နှင့် လူတစ်ဒါဇင်ကျော် ပြေးဝင်လာခဲ့သည်။ လူ နှစ်ယောက် သို့မဟုတ် သုံးယောက်သာ အခြေအနေ ကောင်းနေပုံရသည်။ ကျန်သူများမှာ စိတ်ရှုပ်ထွေးနေပုံရပြီး သတိပြန်ရရန် အချိန်အတော် ကြာ၏။
လုရွှမ်၏ ခန္ဓာကိုယ်သည် လှုပ်ရှားသွားပြီး သူ့စိတ်ဝိညာဥ်က ရုပ်ကြွ၁၂ခုပေါ်က စွမ်းအင်များကို အပြည့်အဝ နားလည်သွားခဲ့ပြီ ဖြစ်သည်။ လုရွှမ် မျက်လုံးများကို ဖွင့်၍ ကျောက်နန်းတော် တစ်ခုလုံးကို တစ်ဖန် ပြန်လှည့်ကြည့်လိုက်သည်။
ထိုအချိန်တွင် တောက်ကျင့်စဥ် ပုံစံများ၏ သဲလွန်စများကို ရှင်းရှင်းလင်းလင်း တွေ့နေရသည်။ သူဂရုတစိုက် နားထောင်လိုက်သော် လေးနက်သော ကျမ်းချက် ဖြစ်နေတာ တွေ့ရ၏။
ယခင်ကဆိုလျှင် လုရွှမ်သည် ဤကျမ်းပိုဒ်၏ အဓိပ္ပာယ်ကို ကြားလျှင်ပင် နားမလည်နိုင်လောက်ပေ။ သို့သော် ယခု အခိုက်အတန့်တွင် သူသည် ထိုရုပ်ကြွ၁၂ခုကို နားလည်သွားပြီမို့ တောက်ကျင့်စဥ် သဲလွန်စကိုလည်း ရှင်းရှင်းလင်းလင်း သဘောပေါက်လာခဲ့သည်။
လုရွှမ် အဘိုးကြီးရွှမ်ဟွမ်က တကယ့်ကို ဉာဏ်ကြီးရှင်ပဲ ဆိုတာ ဝန်ခံလိုက်လေပြီ။ သူ့စိတ်နဲ့ အသွင်အပြင်ကြောင့် လုရွှမ်ဟာ သူ့အရင်ဘဝက ကောင်းကင်ဘုံသခင် တစ်ယောက် ဖြစ်ခဲ့တဲ့အတွက်ပင် ဂုဏ်ယူမိလာ၏။
အောင့်ယွဲ့ရဲ့ မှန်းဆချက်ကလည်း အလွန် ကောင်းမွန်လှသည်။ လမ်းကြောင်းပေါင်း ထောင်နှင့်ချီရှိပေမယ့် အားလုံးသည် တူညီသော နေရာဆီသို့ ဦးတည်နေကြသည်။
ပထမသော့ကို ရပြီးနောက် ဤကျောက်တုံးနန်းတော်သို့ ရောက်လာသောကြောင့် သူမရှေ့ကို ခြေတစ်လှမ်း စောသွားကြောင်း ထင်ခဲ့သော်လည်း ခြေတစ်လှမ်း နောက်ကျသွားခဲ့လေသည်။
"ဟမ့် ကောင်လေး.... ရုပ်ကြွပေါ်က ကျောက်ထွင်းလက်ရာတွေ အားလုံးကို နားလည်သွားပြီပေါ့... ဘယ်လောက် ကောင်းလိုက်လဲ"
အောင့်ယွဲ့သည့် တမင်တကာ ထိုစကားကို ထည့်ကာ အေးစက်စွာ ပြောလိုက်သည်။
သူမသည် အရင်က အမြဲကောင်းချီးပေး ခံရသော်လည်း ဤနေရာသို့ ရောက်ရှိလာကတည်းက သူမအတွက် ကောင်းမွန်သော အရာများ မရှိတော့ဘဲ တစ်ဖက်လူကပဲ ထပ်ခါထပ်ခါ ယူသွားခဲ့သည်။
လုရွှမ် ရယ်သာ ရယ်လိုက်သည်။ သူ စိတ်မဆိုးပါဘူး။ အခွင့်ကောင်းယူ ခံတဲ့အခါ သူများတွေဆီကနေ ညည်းညူခံရတာက ပုံမှန်ပါပဲ။
သူက လူတိုင်းဘက်ကို လှည့်လိုက်ပြီး
“စိတ်ဝိညာဉ် စွမ်းအားကို သန့်စင်စေတဲ့ ဒီရုပ်ကြွတွေကို ဘယ်သူမဆို ကြည့်ရှုနိုင်ပါတယ်... ဒါပေမဲ့ လူတိုင်း သတိထားပါ... ဒါကို စိတ်ဝိညာဥ်နဲ့ ကြည့်မိရင် ခင်ဗျားတို့ရဲ့ ဝိညာဉ်က ချက်ချင်း နှစ်မြုပ်သွားလိမ့်မယ်... ဒီရုပ်ကြွတွေကို ခင်ဗျားတို့ ယုံကြည်ရတဲ့ လူတစ်ယောက်နဲ့ ကြည့်ရင် ပိုကောင်းမယ်”
လုရွှမ် ပြောပြီးသည်နှင့် လှည့်ထွက်သွားတော့သည်။ အောင့်ယွဲ့ အရှုံးကို ခံစားလိုက်ရသည်။ သူမ ချက်ချင်းပဲ လုရွှမ်နောက် လိုက်သွား၏။ သူ့ကိုဘယ်လိုလုပ် ထွက်ပြေးခွင့် ပေးရမှာလဲ။ ဒီအချိန်မှာ လုရွှမ်နဲ့ အတူသွားတာက အကောင်းဆုံးပဲလေ။
နှစ်ယောက်သား ကျောက်တုံးခန်းမမှ ထွက်လာကြပြီး ကျန်လူများက တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ကျောက်ဆစ်ရုပ်များကို ကြည့်လိုက်သည်။ ပြီးနောက် သူတို့ပတ်ဝန်းကျင်ရှိ အဖော်များကို ကြည့်လိုက်ကြသည်။ ထို့နောက် လူတိုင်းက လုရွှမ်တို့ နောက်ကို ပြေးလိုက်ကြတော့သည်။
တခြားတစ်ယောက်ကို ယုံကြည်ရမယ်။ လာနောက်နေတာလား?
လုရွှမ် သူတို့အနောက်ကို လိုက်လာတဲ့ အသံကိုကြားတော့ လှောင်ရယ်လိုက်သည်။ အဲဒီလူတွေ တစ်ယောက်ကို တစ်ယောက် ကျောခိုင်းပြီး ယုံကြည်ဖို့ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
အဘိုးကြီးရွှမ်ဟွမ်သည် လူ့သဘော သဘာဝကို အလွန်အမင်း စေ့စေ့စပ်စပ် စူးစမ်း လေ့လာထားပြီးပြီ ဖြစ်သောကြောင့် သူသည် အပေါက်ဝရှိ ရုပ်ကြွများထဲတွင် ကြီးကျယ်ခမ်းနားသော ပုံစံဖြင့် စိတ်ဝိညာဥ် သန့်စင်မှုဆိုင်ရာ နည်းစနစ်စာအုပ်ကို သတ္တိရှိရှိ ထားခဲ့လေခြင်း ဖြစ်သည်။
ဒါက ပထမဆုံး သော့ကိုရခဲ့တဲ့ ကိုယ့်အတွက် လက်ဆောင်တစ်ခုပဲ။ ထိုအချက်ကို တွေးကြည့်တော့ သူ့ကိုယ်သူ ကံကောင်းတယ်လို့ ခံစားလာရသည်။ နတ်သမီးအောင့်ယွဲ့ နဲ့ သဘောတူညီမှု မရခဲ့ဘူးဆိုရင် ပြီးပြည့်စုံတဲ့ စိတ်စွမ်းအားကို သန့်စင်တဲ့ နည်းလမ်းကို သူရနိုင်ခဲ့မှာ မဟုတ်ဘူး။
စိတ်စွမ်းအား ကျင့်စဉ်များသည် အဆင့်မရှိပေ။ အဘိုးကြီး ရွှမ်ဟွမ်၏ လျှို့ဝှက်ဆန်းကြယ်သော နေရာတစ်ခု၌သာ ရရှိနိုင်သော ကျင့်စဥ်တစ်ခု ဖြစ်သည်။ ကျင့်ကြံမှု နယ်ပယ်ကို ကန့်သတ်မထားလို့ ကျင့်ကြံသူမဟုတ်တဲ့ သာမန်လူတောင် လေ့ကျင့်နိုင်သည်။ အဘိုးကြီးရွှမ်ဟွမ်ပင်လျှင် ပထမအဆင့် သုံးဆင့်သာ ရှိပြီး ကောင်းကင်ဘုံသခင် အထိသာ ရောက်ရှိခဲ့တာ သနားစရာပင်။
သို့သော် စိတ်စွမ်းအားကျင့်စဥ်ကို အားကိုးထားသည့် အဘိုးကြီးရွှမ်ဟွမ်သည် ဝိညာဉ်သခင် မဟုတ်သော်လည်း သူ၏ စိတ်ဝိညာဉ် စွမ်းအား ကြီးထွားမှုအဆင့်သည် တူညီသော ထိပ်တန်းဝိညာဉ်သခင်ထက် မနည်းပေ။
ကျောက်တုံး နန်းတော်ကြီးကနေ လှမ်းကြည့်လိုက်တော့ ရှည်လျားတဲ့ လမ်းမတစ်ခုကို ထပ်တွေ့ရလေသည်။
အားလုံးက ကျောက်တုံးခန်းမထဲကနေ ထွက်လာရင်း လုရွှမ်နဲ့ နတ်သမီးအောင့်ယွဲ့ လမ်းမရဲ့ အဝင်ပေါက်မှာ ရပ်နေတာကို တွေ့လိုက်ကြပြီး လမ်းမအတွင်းထဲမှာ နားမလည်နိုင်တဲ့ အန္တရာယ်တွေ ရှိနေသယောင်နဲ့ ဂရုတစိုက် ကြည့်လိုက်ကြလေသည်။
"ဘာဖြစ်နေတာလဲ? ဘာလို့ဒီလောက် ငြိမ်ရပ်နေတာလဲ? သူတို့အားလုံး နောက်ကနေ လိုက်လာနေကြပြီ"
လုရွှမ်ရဲ့ နောက်မှာတော့ အောင့်ယွဲ့က ရပ်နေ၏။ အနည်းငယ် စိတ်မချမ်းသာပေမယ့် ရုပ်ကြွ၇ခုပေါ်က သဲလွန်စတွေကို နားလည်ပြီးနောက် သူမရဲ့ စိတ်ဝိညာဉ် စွမ်းအားတွေ အရမ်းတိုးတက် လာတယ်လို့ ခံစားနေရလေသည်။
သူမသည် ဤကံကောင်းသူ နောက်သို့ လိုက်ရန် စိတ်ပိုင်းဖြတ်ထားပြီး အရေးကြီးသော အခိုက်အတန့်တွင် သူ့ဆီက တစ်ခုခုကို ခိုးယူနိုင်လောက်သည်။
"ဒီမှာ အန္တရာယ်ရှိလား?"
လုရွှမ်က ဆိုလိုက်သည်။ အားလုံး ရောက်လာကြပြီ။ သူ့ကိုကူညီနိုင်သူမှာ သူ့အနားက ဒီအမျိုးသမီးပဲ ဖြစ်သည်။
"အန္တရာယ်?"
အောင့်ယွဲ့ ငြိမ်သက်သွားသည်။ သူမရဲ့ ဝိညာဉ်စွမ်းအားများ ထိုးတက်လာပြီး လမ်းမပေါ်သို့ ဖြည်းညှင်းစွာ ထိုးဖောက် ဝင်ရောက်သွားသည်။ ရုတ်တရက် သူမ ထိတ်လန့်သွား၏။ ဖြာထွက်သွားတဲ့ စိတ်ဝိညာဉ် စွမ်းအားတွေ ပျောက်ကွယ်သွားသည်။
"တစ်ယောက်ယောက်ကို လှည့်စား လိုက်ရမလား?"
အောင့်ယွဲ့က ရုတ်တရက် ရယ်မောလိုက်သည်။
လုရွှမ် တစ်ချက် ကြည့်လိုက်ဖို့ပင် မထိန်းနိုင်ခဲ့ပေ။ ဒီအမျိုးသမီးက တကယ် ရက်စက်ပေသည်။ သူမသည် အခွင့်အရေး အနည်းငယ်ကို ဆုပ်ကိုင်ထားပြီး လူများကို လှည့်စားရန်သာ အလိုရှိနေသည်။
"ကြောင်သူတော်.... နင်လည်း မတွေးမိဘူးလို့ မပြောနဲ့"
အောင့်ယွဲ့ လှမ်းအော်လိုက်ပြီး အခင်းအကျင်း ဖွဲ့စည်းမှု တစ်ခုကို အမြန် ပြင်ဆင်လိုက်သည်။ လုရွှမ် ခံစားလိုက်ရတာက သူ့အရင်က စိုးရိမ်နေမှုတွေ နားမလည်နိုင်အောင် ပျောက်ကွယ်သွားခြင်းသာ။
လူနှစ်ယောက် မလှုပ်မယှက် ဖြစ်နေတာကို မြင်လိုက်ရတော့ လူတချို့ ရပ်သွားကာ လူတော်တော် များများကတော့ တိုက်ရိုက် ပြေးထွက်လာကြသည်။ သူတို့နောက်ကွယ်က လူတွေက အရင်က ဖြစ်ပျက်ခဲ့တာတွေကို နားမလည်ကြသေးဘူး။
စွဲလမ်းမှု အခင်းအကျင်းကို ဤလူနှစ်ဦး စီစဉ်သည်ဖြစ်စေ မဖြစ်စေ သူတို့နှစ်ယောက်က အခွင့်ကောင်းတွေကို ယူသွားခဲ့ပြီ ဖြစ်သည်။