← Chapters

ယွမ်ယန်အလင်းမှုန်

Vol. 49 Ch. 4.242

ယွမ်ယန်အလင်းမှုန်

Vol. 49 Ch. 4.242

"ကျောက်နန်းတော်က ထွက်သွားပြီးနောက် လမ်းမမှာ ကြုံရတဲ့ ကြီးမားတဲ့ ဆွဲငင်အားက ရွှေသတ္တုရဲ့ စွမ်းအားပဲ..."

ဒီလောက်ဆို အောင့်ယွဲ့ နားလည်သွားပြီ ဖြစ့သည်။ သစ်သား၊ မြေကြီး၊ သတ္တု၊ ရေတို့ကို ဖြတ်သန်းခဲ့ရပြီ။ ယခု သူမသည် တောက်လောင်နေသော ကောင်းကင်မီးလျှံထဲကို နက်ရှိုင်းစွာ ကျ​ရောက်နေပေပြီ။

"ရှင်ဆိုလိုတာက ဒီကောင်းကင်မီးထဲမှာ ရတနာတစ်ခု ရှိတယ်ပေါ့??"

အောင့်ယွဲ့က အော်လိုက်ရင်း သူမ မျက်လုံးတွေ ကျဉ်းမြောင်းသွားကာ ပိုက်ဆံကို ရူးသွပ်တဲ့ လူတစ်ယောက်လို ကြည့်နေတော့သည်။

လုရွှမ်နဲ့ ဖြတ်သန်းလာတဲ့ လမ်းတစ်လျှောက်မှာ လုရွှမ်ထက်စာရင် ရိတ်သိမ်းမှုက နောက်ကျနေပေမယ့် အောင့်ယွဲ့ကတော့ အတော်လေး ကျေနပ်နေတုန်းပင်။ ပြီးတော့ သူတို့နှစ်ယောက်ကြားက လက်ရှိဆက်ဆံရေးကို အခြေခံပြီး အကျိုးရှိတယ်ဆိုရင် သူတို့ကိုယ်တိုင် မျှဝေပေးလို့ ရတယ် မဟုတ်လား။

လုရွှမ်သည် ကောင်းကင်ဖီးနစ်မီးကို လွှတ်လိုက်တဲ့အခါ ဘာမှ မခံစားရချေ။ ထို့နောက် သူက နှလုံးသားမီးသစ်သီးကို ထုတ်ယူလိုက်တဲ့ အခါမှာတော့ သူ့ပတ်ဝန်းကျင် အပြောင်းအလဲများကို ခံစားလိုက်ရသည်။

နှလုံးသားမီးသစ်သီး ထွက်လာသည်နှင့် အောင့်ယွဲ့က ထအော်လေ၏။

"နှလုံးသားမီးသစ်သီး?"

နှလုံးသားမီးသစ်သီး ဘယ်လောက်တောင် ရှားပါးလဲ ဆိုရင် သူမရဲ့ ကမ္ဘာငယ်လေးတွင်ပင် ၎င်းသည် ဒဏ္ဍာရီဆန်သော ရှားပါးမှုတစ်ခု ဖြစ်​လေသည်။ မိသားစု မှတ်တမ်းများအရ နှလုံးသားမီးသစ်သီး၏ ဒဏ္ဍာရီကို ​ရှေးဟောင်းလျှပ်စီး ကမ္ဘာတွင် နှစ်ပေါင်း ၈၀၀ ကျော်ကြာအောင် မကြားခဲ့ ဖူးသော်လည်း လုရွှမ်ကတော့ နှလုံးသားမီး၏ ပုံဆောင်ခဲ ဖြစ်သည့် နှလုံးသားမီးသစ်သီးကို ပိုင်ဆိုင်ထားပြီ။

အဲဒါက ရှားပါးမီးတောက်ထက် အဆပေါင်း တစ်ထောင်မက ရှားပါးတဲ့ အရာလေ။

ခဏလောက် ကြာတော့ အောင့်ယွဲ့ဟာ လုရွှမ်ဆီက လုယက်ဖို့ သူမကိုယ်သူမ တွန်းအားပေးလိုက်မိသည်။ သို့သော် စာချုပ်အရ ကန့်သတ် ချုပ်ချယ်ထားသောကြောင့် လုရွှမ်ကို သူမဘာမှ မလုပ်နိုင်မှန်း သိထားသလို လုရွှမ်နဲ့လည်း ရန်သူမဖြစ်ချင်ကြောင်း နှလုံးသားထဲတွင် ဖျတ်ခနဲ တွေးလိုက်မိသည်။

သူ့ခင်ပွန်း ဖြစ်လာနိုင်ရင်ရော??

အောင့်ယွဲ့၏ မျက်နှာသည် ချက်ချင်းပင် ရှက်စိတ်ဖြင့် နီရဲလာပြီး လုရွှမ်ကို တိတ်တဆိတ် ကြည့်လိုက်ရာ တစ်ဖက်က နှလုံးသားမီးသစ်သီး ကို အမှန်တကယ် အာရုံစိုက်နေပြီး သူမ၏ ပုံပန်းသဏ္ဌာန်ကို သတိမထားမိကြောင်း သိလိုက်ရမှပဲ သက်ပြင်း ချလိုက်မိသည်။

"တွန့်တိုတဲ့လူ!"

သူမတိတ်တဆိတ် ကျိန်ဆဲသော်လည်း သူ့မျက်လုံးများက နှလုံးသားမီးသစ်သီးကို အာရုံမစိုက်ဘဲ မနေနိုင်ပေ။ တကယ်ကို လှပပါသည်။ သစ်သီးရဲ့ အလှတရားက ရင်သပ်ရှုမောဖွယ် ကောင်းလွန်းလို့ သူမ နှလုံးသားကို လှုပ်ရှားစေခဲ့သည်။

မနေနိုင်ဘဲ စူးစမ်းဖို့ အောင့်ယွဲ့ သူမလက်ကို ဆန့်ထုတ်လိုက်သည်။

ဘန်း!

လုရွှမ်သည် အောင့်ယွဲ့ လက်ဖဝါးကို လျင်မြန်စွာ ရိုက်ထုတ်လိုက်သည်။ အောင့်ယွဲ့ ထိတ်လန့်သွားပြီး သူမ အသိစိတ် ဝင်လာသောအခါ လုရွှမ် လက်ဖဝါးက သူမနှလုံးသား နေရာကို ဖိထားပြီး နှလုံးသား မီးတောက်ရဲ့ ခြေရာလက်ရာများကို ဆွဲထုတ်လိုက်တာ တွေ့လိုက်ရသည်။

"သတိထား!"

အောင့်ယွဲ့ မျက်နှာသည် နီရဲပြီး ပူထူလာသလို ခံစားလိုက်ရသည်။ ရုတ်တရက် သူမ နှလုံးသားထဲတွင်လည်း ထုံကျင်လာသည်။

"တွေ့ပြီ သွားကြရအောင်!"

လုရွှမ်က အော်ပြောပြီး နှလုံးသားမီး သစ်သီးကို ပြန်သိမ်း၍ မီးပြင်းတဲ့ အရပ်ဆီ လျှောက်သွားတော့သည်။

သူ့ပုံစံက ပူနေပုံ မပေါ်ချေ။ ထိုမီးအိုင်ကြီးထဲကို လှမ်းဝင်လိုက်မှသာ သူတို့နှစ်ဦး ဤနေရာတွင်ရှိ မီးတောက်၏ အရှိန်ကို ခံစားရလေသည်။ နှစ်ယောက်စလုံး လက်တစ်ဖက်စီတွင် နှစ်သောင်းချီရေခဲ တစ်ခုကို ကိုင်ထားပြီး သတိကြီးစွာ ချဉ်းကပ်လာကြသည်။

"ဒါက နေရောင်ခံပန်းပဲ!"

အောင့်ယွဲ့ အသံက စိတ်လှုပ်ရှားမှု အပြည့်နဲ့ ထွက်ပေါ်လာကာ လုရွှမ်ရဲ့ လက်မောင်းကို ပြင်းပြင်းထန်ထန် ဆုပ်ကိုင်ထားပြီး ထခုန်လုနီးပါး ဖြစ်သွားသည်။

၎င်းသည် တိမ်ပင်လယ် နယ်မြေတွင် အသုံးအများဆုံး နေကြာပန်းနှင့်တူသော အပင်ဖြစ်ပြီး ပုံစံကလည်း နေကြာပန်းလို ပြားချပ်ချပ် ဖြစ်သည်။ ကွာခြားချက်မှာ ပန်းပွင့်၏ ပြားချပ်ချပ် အပေါ်တွင် တောက်ပနေသော အလင်းရောင် အစက်အပြောက်များ စုစည်းနေခြင်း ဖြစ်သည်။

လုရွှမ် ထိုအလင်း အစက်အပြောက်များက ဘာလဲ ဆိုတာကို မမြင်နိုင်ပေ။

"ကျွန်မ နားလည်ပြီ... အဘိုးကြီးရွှမ်ဟွမ်က တကယ်ကို ကြီးမြတ်တဲ့ သခင်ဖြစ်ခဲ့တာပဲ... သူ့ရဲ့ အစွမ်းသတ္တိနဲ့ အကြံအစည်တွေက လေးစားစရာကောင်းတယ်... မဟာသူတော်စင် နယ်ပယ်အောက်က လူတွေတောင် ထူးဆန်းတဲ့ မီးမရှိရင် အနှစ်တစ်သောင်း လျှို့ဝှက်ဆန်းကြယ်တဲ့ ဒီကောင်းကင်မီး​အောက်မှာ ဘယ်သူမှ မရှင်သန်နိုင်ဘူး...."

"ဒါဆို အပေါ်က အလင်းမှုန်တွေကို ဘယ်လို ယူရမှာလဲ?"

လုရွှမ် ထိုအလင်း အစက်ကလေးများကို ဖမ်းယူခံစားနိုင်သည်ဟု ပြောနိုင်ပြီး ၎င်းတို့သည် အသန့်ရှင်းဆုံး ယန်ယွမ်စွမ်းအင်ကို ထုတ်လွှတ်နေ၏။ ယွမ်ယန်စွမ်းအင်၏ နိုးကြားမှုကို မထိန်းနိုင်ဘဲ သူ့တစ်ကိုယ်လုံးတွင် အလင်းတန်းများ ထုတ်လွှတ်နေပြီး ပန်းဝတ်မှုန်ပေါ်က အလင်းမှုန်များကို မျက်နှာမူထားသည်။

အောင့်ယွဲ့ နှုတ်ခမ်းကို ကိုက်လိုက်ပြီး လုရွှမ်ကို မျက်လုံး​လေး ပြူးလျက် ကြည့်ကာ။

"ရှင် ဒီအချိန်ကို အခွင့်ကောင်း ယူလိုက်ပြန်ပြီ... ကျွန်မ ခန့်မှန်းချက်သာ မှန်ရင် ရေခဲသလင်း တစ်ခုက အလင်းမှုန်တစ်ခုနဲ့ ကိုက်ညီသင့်တယ်... ရှင်ကျွန်မကို တစ်ခုလောက် ထပ်ပေးနိုင်မလား?"

လုရွှမ်က ရယ်လိုက်သည် ။

"ရှင်က တွန့်တိုတတ်တဲ့ လူမှန်း ကျွန်မ သိပါတယ်"

အောင့်ယွဲ့ ကြိမ်းမောင်းလိုက်သည်။ ယခင်က အနှောင့်အယှက် ဖြစ်ချင်စရာ စကားများနှင့် နှိုင်းယှဉ်ပါက ယခုအချိန်တွင် သူမ၏ စကားများတွင် ပိုမိုရင်းနှီးလာသ​ယောင် ရှိသည်။

"သစ်သားက မီးဖြစ်စေတယ်... ဒီအလင်းမှုန်တွေကို သိမ်းဆည်းချင်ရင် အဲဒါတွေကို စုဆောင်းဖို့အတွက် သစ်သားဒြပ်စင် ရတနာတွေကို သုံးရမယ်.... ကြည့်နေ"

အောင့်ယွဲ့ သူမလက်ထဲက ရေခဲချွန်ကို နေရောင်ခံပန်း အပေါ်က အလင်းမှုန်ဆီကို ထိုးညွှန်လိုက်တဲ့အခါ လျှပ်တစ်ပြက်အတွင်း အလင်းမှုန်က ရေခဲချွန်ဆီ ပြေးဝင်လာ၏။ အောင့်ယွဲ့ သစ်သားသေတ္တာကို အမြန်ထုတ်ပြီး အလင်းမှုန်ကို သိမ်းဆည်းလိုက်သည်။

အလင်းမှုန်သည် သစ်သားသေတ္တာထဲသို့ ဝင်ရောက်သွားကာ အလင်းရောင်က မှိန်ဖျော့သွားခဲ့သည်။ ထို့နောက်မှ ၎င်းတို့နှစ်ဦးသည် အလင်းမှုန်က ဒြပ်စင်းငါးပါးထဲက မီးဒြပ်စင် မီးတောက်ငယ်လေး ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိမြင်နိုင်ခဲ့သည်။

အောင့်ယွဲ့ တခြားရေခဲချွန်များကို ထုတ်၍ အလင်းမှုန် နှစ်ခုကိုလည်း သိမ်းယူလိုက်သည်။

လုရွှမ်သည် ပညာရှင်အောင့်ယွဲ့ အတိုင်း အလင်းမှုန် မီးတောက်ငယ်များကို စုစည်းလိုက်သည်။ မီးတောက်ငယ် နှစ်ခုက သစ်သားသေတ္တာထဲသို့ ဝင်သွားသော်လည်း တတိယ တစ်ခုက ပါလာပြီး လုရွှမ်ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက် ပြေးဝင်သွား​တော့သည်။

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?"

အောင့်ယွဲ့ အော်ဟစ်မိသွားသော်လည်း သူမ ဤစာကြောင်းကို အကြိမ်များစွာ ပြောခဲ့မိကြောင်း သတိရသွားသည်။ ဒါပေမဲ့ ဖြစ်ပျက်ခဲ့တာတွေက သူမကို လုရွှမ်မှာ လျှို့ဝှက်ချက်တွေ အများကြီး ရှိနေတယ် ဆိုတဲ့အ​ကြောင်း သတိပေးလာခဲ့သည်။

လုရွှမ်ကတော့ ဒါဟာ ယွမ်ယန်ကျင့်စဥ်၏ အကျိုးသက်ရောက်မှု ဖြစ်ကောင်းဖြစ်နိုင်သည်ဟု သူ့စိတ်ထဲတွင် ရှင်းရှင်းလင်းလင်း နားလည်သွားခဲ့သည်။ ဒီကျင့်စဥ်ကို ယွမ်ယန်လို့ အမည်ပေးထားတာကြောင့် မူလမီး​တောက်အတွက် အကောင်းဆုံး သိမ်းဆည်းရာ သေတ္တာ ဖြစ်လေသည်။

အလင်းမှုန်များ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်နှင့်အမျှ ယွမ်ယန်ကျင့်စဥ်သည် သူ့ဘာသာသူ လည်ပတ်နေတော့သည်။ လုရွှမ်၏ ခန္ဓာကိုယ်ပေါ်တွင် အလင်းတန်းများ တဖြည်းဖြည်း တောက်ပလာပြီး သူ့ဆံပင်များပင် ရွှေရောင် ပြောင်းသွားသည်။

သူ့ပတ်ဝန်းကျင်ရှိ မီးတောက်များသည် ရုတ်တရက် ရပ်တန့်သွားပြီးနောက် လုရွှမ်ရဲ့ ခန္ဓာကိုယ် အပူချိန် အလွန် ကျဆင်းသွား၏။

လုရွှမ် တခြားရေခဲသလင်း ခြောက်ခုကို လျင်မြန်စွာ ထုတ်ယူလိုက်သည်။ သေချာသည်မှာ ရေခဲသလင်း တစ်ခုက အလင်းမှုန် နှစ်ခုနှင့် ဆက်စပ်နေ၏။ ရေခဲသလင်း တစ်ခုကြောင့် အလင်းမှုန်နှစ်ခု သစ်သားသေတ္တာထဲသို့ ဝင်သွားပြီး နောက်တစ်ခုက လုရွှမ်၏ ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက် ဝင်သွားသည်။

နောက်ဆုံး အလင်းမှုန် သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသောအခါ ယွမ်ယန်ကျင့်စဥ်သည် အေးအေးဆေးဆေး ရပ်သွားကာ သူ့ခန္ဓာကိုယ်ပေါ်ရှိ အလင်းရောင်များလည်း မှိန်သွားခဲ့သည်။

ယန်ယွမ်စွမ်းအင်၏ လှိုင်းလုံးများသည် သူ့ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားပြီး သူ့မျက်လုံးထဲက မျက်စံများကလည်း အလင်းအစက် နှစ်စက်လို ဖြစ်နေကာ သူ့စိတ်ထဲ ထင်ယောင်ထင်မှား အရိပ်အယောင်တချို့ ဖြတ်သန်းသွားခဲ့သည်။

သိပ်မကြာခင်မှာပဲ လုရွှမ်ရဲ့ အငွေ့အသက်က ပုံမှန် ပြန်ဖြစ်လာပေမယ့် သူ့ခေါင်းပေါ်က အနက်ရောင်ဆံပင်တွေက ရွှေရောင် ပြောင်းသွားခဲ့သည်။ အရင်က အရာအားလုံးဟာ အိပ်မက်မဟုတ်မှန်း သိသာလေ၏။

"လူအချင်းချင်း နှိုင်းယှဥ်ရတာ စိတ်ရှုပ်စရာပဲ!"

အောင့်ယွဲ့ နှုတ်ခမ်းကို ကိုက်ပြီး လုရွှမ်ကို မုန်းတီးစွာ စိုက်ကြည့်ကာ ဟစ်အော်လိုက်သည်။ လုရွှမ်ကတော့ ရယ်မောပြီး ဒီကောင်မလေးက တော်တော် ချစ်စရာကောင်းတယ်လို့ ရုတ်တရက် ခံစားလိုက်ရ၏။

"ကောင်းပြီ.... သွားကြရအောင် နှစ်သောင်းချီ ရေခဲသလင်းကြောင့် ကြီးမားတဲ့ ပြောင်းလဲမှုတစ်ခု ဖြစ်လာရင် အဆင်မပြေနိုင်ဘူး"

“ဘယ်သူသိမှာလဲ? နောက်ထပ် အခွင့်အရေးတစ်ခု ရှိရင်လည်း ရှိလာနိုင်တာပဲ”

အောင့်ယွဲ့ အော်ပြောလိုက်ပေမယ့် သူမစိတ်ထဲမှာတော့ ဝမ်းသာသွားသလို ခံစားလိုက်ရသည်။

အခုအချိန်မှာတော့ လုရွှမ်ရဲ့ အငွေ့အသက်ဟာ ကောင်းကင်မီးနဲ့ ရောထွေးလုနီးပါး ဖြစ်သွားပြီ။ သူက ပူလောင်မှုကို လုံးဝ မခံစားရဘဲ မီးတောက်ထဲမှာ အေးအေးဆေးဆေး လျှောက်လှမ်းနေ၏။

အောင့်ယွဲ့လည်း အကျိုးကျေးဇူးများကို ခံစားပြီးနောက် ကောင်းကင် မီးတောက်မီးလျှံများ ကြားထဲမှ အလွယ်တကူ ထွက်ခွာသွားနိုင်ခဲ့သည်။

ယခုအချိန်တွင် ပြင်ပလောက၌ ကျင့်ကြံသူတချို့သည် မီးအိုင်ထဲကို ရံဖန်ရံခါ လှမ်းကြည့်နေကြဆဲ ဖြစ်သည်။ ထိုလူများသည် ဤနေရာ၏ ပြောင်းလဲမှုများကို တွေးတောနေသေးကြောင်း လုရွှမ် သိလေသည်။

ဒါက လျှို့ဝှက်ဆန်းကြယ်တဲ့ နှစ်သောင်းချီ ရေခဲပြင်ကြီးလေ!

လုရွှမ်နဲ့ အောင့်ယွဲ့တို့ ကောင်းကင်မီးလျှံများထဲမှ အေးအေးဆေးဆေး လမ်းလျှောက် ထွက်လာတယကို မြင်လိုက်ရတော့ မျက်လုံးများ ပြူးကျယ်သွားသော လူတစ်စုသည် ရှေ့သို့ လှမ်းမလှမ်းဝံ့တော့ပေ။

သူတို့သည် ထိုနှစ်ယောက်သား ထွက်လာတာကို သတိထား ကြည့်နေမိ​​ကြသည်။ နောက်ဆုံးတွင် တစ်စုံတစ်ယောက်သည် မီးတောက်များဆီသို့ ရဲဝံ့စွာ ခြေတစ်လှမ်း တိုးလာခဲ့၏။

All Chapters