← Chapters

လက်နက်သန့်စင်မှု

Vol. 49 Ch. 4.254

လက်နက်သန့်စင်မှု

Vol. 49 Ch. 4.254

လုရွှမ် စကားများနေ​ကြတဲ့ သူတို့နှစ်ယောက်ကို ကျေးဇူးတင်စကား ပြောပြီးနောက် လမ်းလျှောက်ထွက်လာပြီး ပစ္စည်းများကို စတင်ဝယ်ယူခဲ့သည်။ စိတ်ထဲမှာ အတွေးတွေက ဝေ့ဝဲနေ၏။ ဒါက ရွှမ်ခုန်းတောင်ဖြစ်ပြီး ဒီနေရာကို ၀င်ခွင့်ရှိတဲ့ ကန့်သတ်ချက်က အခြေခံအားဖြင့် အဆင့်၅ သူတော်စင်တွေပဲ ဖြစ်သည်။

ဒါကြောင့် လက်နက်တွေကို သန့်စင်ဖို့အတွက် လိုအပ်ချက်တွေက မြင့်မား မနေလောက်ချေ။ အဆင့်မြင့်တဲ့ သူတော်စင် လက်နက်တွေကို သန့်စင်ပေးနိုင်ရင် ထူးဆန်းမီးတောက်ကို ဆွဲဆောင်နိုင်မလားမသိ။

စင်စစ် အဆင့်မြင့် သူ​တော်စင် လက်နက်များသည် သန့်စင်ရန် မလွယ်ကူလှပေ။ မင်းသမီးပိုင်လုံ အတွက် တစ်ချိန်က သန့်စင်ပေးခဲ့သော လက်နက်ကို ပုံကြီးချဲ့ပြီး အထူးအကျိုး သက်ရောက်မှုများ ရှိသော်လည်း ၎င်းကို အဆင့်မြင့်သော သူ​တော်စင် လက်နက်ဟု မယူဆနိုင်ချေ။

ယခု သူ၏ ခွန်အားနှင့် ကျင့်ကြံမှုနယ်ပယ်က တိုးလာကာ စိတ်ဝိညာဉ် စွမ်းအားများလည်း တိုးလာတာကြောင့် အဆင့်မြင့် သူတော်စင် လက်နက်များကို သန့်စင်နိုင်လောက်ပြီ။ သူတော်စင် အဆင့်၅ လက်နက်ကို သန့်စင်နိုင်လျှင် ထူးဆန်းမီး​တောက်က ကျိန်းသေပေါက် ထွက်လာမှာပဲ ဖြစ်သည်။

သူတော်စင် လက်နက် ဖြစ်လာရန် လိုအပ်သော ပထမဆုံး ပစ္စည်းမှာ ကောင်းကင်နှင့် မြေကြီးမှ ရရှိသော ရတနာများ ဖြစ်ရမည်။ ဒုတိယအချက်မှာ သူတော်စင် လက်နက်များ၏ သန့်စင်နည်း လိုအပ်သည်။ နောက်ဆုံးတွင် ကောင်းကင်နှင့်မြေကြီး၏ စွမ်းအင်များလည်း လိုအပ်​ပေသည်။

လုရွှမ် သူ့သိုလှောင်အိတ် အတွင်းမှ ပစ္စည်းအချို့ကို ရှာဖွေခဲ့သော်လည်း ၎င်းတို့သည် ကောင်းကင်နှင့် မြေကြီး၏ ရတနာများနှင့် ဝေးကွာနေဆဲ ဖြစ်သည်။

"လုရွှမ်!"

ကြမ်းတမ်းသော အသံတစ်ခု ထွက်ပေါ်လာပြီး လုရွှမ်လည်း အလွန် ဝမ်းသာသွားသည်။ သူ့အကြောင်း တွေးနေစဉ်မှာပဲ ထိုလူက မမျှော်လင့်ဘဲ ပေါ်လာ၏။

လိရှောင်းသည် သွေးစွန်းနေသော ဓားကို သူ့ပခုံးပေါ် ထမ်းကာ ငြိမ်သက်စွာ လျှောက်လာခဲ့သည်။

"မဟုတ်ပါဘူး.... မင်း လက်နက် သန့်စင်မလို့လား"

"နည်းနည်းပေါ့"

လိရှောင်းက ပြုံးပြီး

"ဟုတ်တယ်.... မင်းက အရမ်း ကျွမ်းကျင်ပါတယ်... အဲ မဟုတ်​သေးပါဘူး ထူးဆန်းမီးတောက်ကို ဆွဲဆောင်မလို့လား?"

"ဟုတ်တယ်!" လုရွှမ်က ပြုံးပြီး ခေါင်းညိတ်ပြီး

"အဲဒီလို လုပ်မလို့"

လိရှောင်းက ပြုံးပြီး လက်မထောင်ပြလာသည်။

"ကောင်းပြီ မင်းရည်မှန်းချက် ကြီးတယ်.... ငါလည်း အဲ့လို​တော့ တွေးထားတယ်.... မင်း ပစ္စည်းတွေလိုလား? ငါ့အမြင်တော့ မင်းမှာ ဘာမှမရှိဘူး ထင်တယ်"

လုရွှမ်လည်း အထပ်ထပ် အခါခါ ခေါင်းညိတ်လိုက်တာနဲ့ လိရှောင်းသည် ပစ္စည်းတွေ အများကြီးကို မထင်မှတ်ဘဲ ပစ်ချ​ပေးလာသည်။ လုရွှမ် ကြည့်လိုက်သော် ကောင်းကင်နဲ့မြေကြီးရဲ့ ရတနာလို လုံးဝ မထင်မှတ်ရတဲ့ အရမ်းရိုးရှင်းတဲ့ ပစ္စည်းစုတစ်ခု ပါဝင်လေ၏။

"အဘိုးကြီးရွှမ်ဟွမ်က ထူးဆန်းတဲ့ မီးကို ဖြားယောင်းသွေးဆောင်ဖို့ သူ့ရဲ့လက်နက် သန့်စင်မှုစွမ်းရည်ကို အသုံးပြုခဲ့တဲ့ လျှို့ဝှက်ချက်က အမှားအယွင်း မဖြစ်​လောက်ပါဘူး.... ဒါက ငါ့အဘိုး ကိုယ်တိုင်ကိုယ်ကျ ပြောပြခဲ့တာ.... အဲဒီပစ္စည်းတွေက အဘိုးငါ့ကို ပေးခဲ့တာတွေ.... တောင်းဆိုချက်က မမြင့်မားပါဘူး... အဆင့်မြင့် သူတော်စင် လက်နက်ကို သန့်စင်နိုင်ရင် ရပြီ"

"ဒါပေမဲ့ သုံးတဲ့ပစ္စည်းတွေက ကောင်းကင်နဲ့ မြေကြီးရဲ့ ရတနာတွေ မဖြစ်နိုင်ဘူးဆိုတာ မင်းနားလည်ပါတယ်.... အဲဒါကြောင့် ကောင်းကင်နဲ့ မြေကြီးရဲ့ အခင်းအကျင်း ကောင်းချီးတွေ လိုအပ်တယ်..... နတ်သမီးအောင့်ယွဲ့တို့ ခဏနေ ရောက်လာလိမ့်မယ် မင်းအဆင်ပြေရဲ့လား?"

ဒီလောက်တောင် သိသာနေ​ပြီလား? လုရွှမ်သည် အသက်ပြင်းပြင်း ရှူပြီး တစ်ခုခု ပြောချင်သော်လည်း ပြောမထွက်ခဲ့ပေ။

"ဟုတ်ပြီ နားလည်ပါတယ်.... တစ်စုံတစ်ယောက်ရဲ့ ကျေးဇူးကို ငါပြန်ဆပ်မှာပါ ဟုတ်​ပြီလား ဒါဆိုလည်း ခဏစောင့်ကြတာပေါ့... လူနှစ်ယောက်က ဘေးအန္တရာယ်တွေ ဘယ်လောက်ပဲ ရင်ဆိုင်ရပါစေ အတူတူနေဖို့ပဲ ရည်မှန်းထားရင် အတူတူ ရှိနေမှာပဲ... လက်နက် သန့်စင်မှုမှာလည်း အတူတူပဲ... အစ်ကိုလိ.... ခင်ဗျားက အစ်ကိုကောင်းတစ်ယောက် ဆိုပေမယ့် ထူးဆန်းတဲ့မီးက သေချာပေါက် ငါ့အတွက်ပဲ ဖြစ်ရမယ်"

ထိုစဥ် ရင်းနှီးသော အသံတစ်သံက ထွက်ပေါ်လာခဲ့သည်။

"လိရှောင်း.... နင်စိတ်တွေ အရမ်းမလှုပ်ရှားနဲ့.... အခင်းအကျင်း ဖွဲ့စည်းမှုရဲ့ အောင်မြင်မှုမှာ.... ငါဒုတိယ အဆင့်ရရင် လုရွှမ်က ပထမပဲ ဖြစ်လိမ့်မယ်"

ရှန်းရှဲ့သည် အောင့်ယွဲ့နှင့် ဘေးချင်းကပ်ရပ် လမ်းလျှောက်လာခဲ့ပြီး လူအုပ်ကြားတွင် ပေါ်ထွက်လာခဲ့ရာ ချက်ချင်းပင် လူတိုင်း အာရုံကို ဖမ်းစားသွားခဲ့သည်။ သူတို့နှစ်ဦးသည် အလွန်ကျော်ကြားပြီး ကောင်းကင်အထိ မာနကြီး​ကြသော မိန်းက​လေးများ ဖြစ်သောကြောင့် အခြားသူများ၏ ချီးကျူးခြင်းကိုပင် ခံရကြသည်။

လိရှောင်းသည် အမျိုးသမီး နှစ်ဦးကဲ့သို့ပင် နာမည်ကြီးသော်လည်း သူသည် ခပ်ဆိုးဆိုး လူမိုက်ဖြစ်လို့ သူ့ကို နှစ်သက်သူတော့ ရှိမည် မဟုတ်ပေ။

လုရွှမ်လည်း အမျိုးသမီး နှစ်ယောက်ကို နှုတ်ဆက်လိုက်ပြီး သူတို့လေးယောက်က လူတိုင်းကို ရှောင်ဖို့ နေရာတစ်နေရာ ရွေးလိုက်ကြသည်။

မြင့်မားသော တောင်၏ခြေရင်းသို့ ရောက်သောအခါ လိရှောင်း။

"အဘိုးကြီးရွှမ်ဟွမ် လက်နက်သန့်စင်တဲ့ နေရာက ဒီနေရာပဲ.... ဒီတောင်ထိပ်ကို နှစ်ပိုင်းခွဲထားတာကို တွေ့တယ်မလား? အဲဒါ မိုးကြိုးပစ်ချက်ကြောင့်ပဲ... အဲဒီအချိန်တုန်းက ဝိညာဉ်စွမ်းအင်တွေ တဟုန်ထိုး ဖြာထွက်နေပြီး မိုးကလည်း သည်းသည်းမည်းမည်း ရွာနေတာ... အဲဒါကြောင့် ဒီနေရာကို သန့်စင်ခြင်းတောင်လို့ ခေါ်ကြတယ်.... တောင်ထိပ် နှစ်ခုထဲက တစ်ခုကို မိုးကြိုးတောင်လို့ ခေါ်ပြီး နောက်တစ်ခုကိုတော့ ဝိညာဥ်မိုးတောင်လို့ ခေါ်ကြတယ်"

"ငါတို့ တောင်ထိပ်တစ်ခုစီ ရွေးပြီး သန့်စင်ကြမယ် ဘယ်လိုလဲ?"

"ငါရဟန်းကြီး နဲ့ သားသတ်အစ်ကို.... ငါတို့နှစ်ယောက် ဒီကို ရောက်လာတာ အတော်ပဲ.... မင်းတို့ညီအစ်ကို နှစ်ယောက်ရဲ့ လက်နက် သန့်စင်မှုစွမ်းရည်ကို ကြည့်လိုက်ပါဦးမယ်... ငါ လုရွှမ်ဘက်ကို လောင်းမယ်ကွာ!"

နောက်ထပ် ရင်းနှီးသော အသံတစ်ခု ထွက်ပေါ်လာသည်မှာ ရဟန်းငယ် ချန်ယီးနှင့် သားသတ်သမားတို့ ရောက်ရှိလာခြင်းပဲ ဖြစ်သည်။

"ဟေ့.... ငါ့ကို ကြည့်စမ်းပါဦး... သားသတ်အစ်ကို"

သားသတ်သမားက လုရွှမ်ကို ရှက်ရွံ့စွာကြည့်ကာ လိရှောင်းကို ဒေါသတကြီး စိုက်​ကြည့်လိုက်သည်။

သူတို့ငါးယောက်မှာ နာမည်​ကြီးပြီး ပထမနေရာအတွက် ပြိုင်ဆိုင် နေခဲ့ကြတာက မထူးဆန်းကြချေ။ သူတို့အဖွဲ့ကို ကြိုမြင်မိသူတိုင်း ရန်ပွဲကြီး ဖြစ်လာပြီး တစ်ယောက်ကို တစ်ယောက် အသေသတ်ပစ်ဖို့ ဆန္ဒရှိနေကြမှန်း သိနိုင်သည်။

သို့သော် လုရွှမ်သည် သွေးစတေး တားမြစ်ခြင်း အခင်းအကျင်းမှာ သူတို့ကို ဝင်ကယ်လိုက်တဲ့ တိုက်ပွဲအပြီးတွင် သူတို့အားလုံးသည် ရိုးသားသော သူငယ်ချင်းများ ဖြစ်လာခဲ့သည်။

"ဟမ့်.... ခဏပဲ​စောင့်ပါ... အဲဒီ ထူးဆန်းတဲ့မီးကို ငါသေချာပေါက် ယူ​ပြမယ်"

လိရှောင်းက အော်ဟစ်လိုက်ပြီး သွေးဓားကို ဖယ်ထုတ်ကာ ပါဝင်ပစ္စည်းများနှင့်အတူ မိုးကြိုးတောင်ထိပ်ပေါ်သို့ တက်သွားခဲ့သည်။ သူက အေးဆေး တည်ငြိမ်စွာ လက်ဝှေ့ယမ်းလိုက်သော် မြေပြင်မှ မီးလုံးကြီး ထွက်​​ပေါ်လာပြီး အပူသည် လျင်မြန်စွာ ပျံ့နှံ့သွား၏။

တောင်ထိပ်နှစ်ခုသည် မီတာ ဆယ်ဂဏန်းမျှသာ ကွာဝေး၍ နတ်သမီး ရှန်းရှဲ့သည် နတ်သမီးအောင့်ယွဲ့ နှင့်အတူ လိရှောင်း အနောက်တွင် ရပ်နေလေသည်။

"စကားမစပ်.... ဒီကို လက်နက်တွေ သန့်စင်ဖို့ လာမယ် ဆိုရင်.... ကိုယ်ပိုင် မီးတောက်တွေ ရှိရမယ် မဟုတ်ရင် ထူးဆန်းမီးတောက်က အသိအမှတ်ပြုမှာ မဟုတ်ဘူး"

လုရွှမ် သူ့ကို ကျေးဇူးတင်ပြီး ပစ္စည်းတွေနဲ့အတူ ဝိညာဥ်မိုးတောင်ပေါ် တက်လာခဲ့ရာ ချန်ယီးနဲ့ သားသတ်သမားတို့က သူ့နောက်မှ လိုက်ပါလာခဲ့ကြသည်။

​တောင်ထိပ်သို့ ရောက်သောအခါ လုရွှမ် သူ့ပတ်ဝန်းကျင်ကို စောင့်ကြည့် လေ့လာပြီး သူ့ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ရှင်းလင်းပြတ်သားစွာ မှတ်သားလိုက်သည်။ ပစ္စည်းများကို သီးခြားစားပွဲ တစ်ခုပေါ်တွင် တင်ကာ သူ​တော်စင်စွမ်းအားကို ပစ်ခတ်၍ အနီရောင်မီးတောက် တစ်ခုကို ထုတ်လိုက်သည်။

မီးတောက်သည် ထူးဆန်းတဲ့ မီး​တောက် မဟုတ်ပေ။ ကောင်းကင်မီးသည် ဒြပ်စင်ငါးပါးထဲတွင် တည်ရှိနေသော်လည်း စွမ်းအားမှာ အလွန်အားနည်းသွားခဲ့​ပြီ။ ဒါပေမဲ့ အပူချိန် အရမ်းမြင့်တာကြောင့် လုံလောက်ပါသေးသည်။ သူ့ ပတ်ဝန်းကျင်သည် ဝိညာဉ်စွမ်းအားများ ပြည့်နှက်နေ၍ ကောင်းကင်ကို မော့ကြည့်လိုက်တော့ ကောင်းကင်အရောင်က အချိန်ကိုက် ဖြစ်နေမှန်း သိလိုက်ရသည်။

အနီရောင် မီးတောက်နှစ်ခု၏ လောင်ကျွမ်းမှုကြောင့် ချက်ချင်းပင် တောင်ထိပ်နှစ်ခုကို အနီရောင် အလင်းများဖြင့် ပြည့်သွားစေခဲ့သည်။

"ကြည့်လိုက်.... တစ်ယောက်ယောက်က သန့်စင်​ခြင်း တောင်ပေါ်မှာ လက်နက်သန့်စင်ဖို့ လုပ်နေတယ်!!"

လူတိုင်းနီးပါး သူတို့ကိုင်ထားတဲ့ အရာတွေကို ချပြီး တောင်ထိပ်နှစ်ခု ရှိရာဆီသို့ လှမ်းကြည့်လိုက်ကြသည်။

ချန်ယီးသည် ဒီနေရာက အလွန်အသက်ဝင် စည်ကားခဲ့ကြောင့် အသံတိုးတိုးဖြင့် ရှင်းပြလာခဲ့သည်။ သို့သော် ထူးဆန်းမီး​တောက်ကို ဘယ်သူမှ မဆွဲ​ထုတ်နိုင်ခဲ့ပေ။ အကြိမ်ကြိမ် ကြိုးစားပြီးနောက်တွင် လူတိုင်းသည် နောက်ဆုံးတွင် စိတ်ဓာတ်ကျလာကာ ဒီနေရာမှာ ထူးဆန်းသော မီး​တောက်တစ်ခု ရှိခဲ့တယ် ဆိုတာက တဖြည်းဖြည်း ဒဏ္ဍာရီ ဖြစ်လာခဲ့သည်။

အဘိုးအိုရွှမ်ဟွမ်သည် ထူးဆန်းသော မီးကို ရရှိခဲ့ပုံ ဖြစ်ရပ်မှန်သည် ဒဏ္ဍာရီတစ်ခု ဖြစ်လာခဲ့သည်။ ဒါပေါ့ ဟေးတျယ်က သူတို့ဂိုဏ်းကနေ ရလာခဲ့တာလို့ မပြောချင်ပေ။ ထူးဆန်းတဲ့မီးက လူတော်တော်များများကို အံ့အားသင့်စေမယ့် လျှို့ဝှက်နယ်မြေ တစ်ခုကနေ ရလာခဲ့တာပဲ ဖြစ်လေသည်။

လုရွှမ် အသက်ပြင်းပြင်း ရှူကာ အာရုံပျံ့လွင့်နေသော အတွေးအားလုံးကို စွန့်လွှတ်လိုက်ပြီး ပစ္စည်းများကို ယူကာ အလုပ်စဖို့ ပြင်လိုက်၏။

သူ​တော်စင် လက်နက်များသည် သူတော်စင် အဂ္ဂိရတ်ဆေးများနှင့် မတူချေ။ သူတော်စင် အဂ္ဂိရတ်ဆေးများနှင့် နှိုင်းယှဉ်ပါက နောက်ထပ် လုပ်ငန်းစဉ်တစ်ခုလည်း ရှိသေးသည်။ အဂ္ဂိရတ်ဆေး၏ အဝိုင်းပုံသဏ္ဌာန်သည် ပြီးပြည့်စုံမှု၏ အဓိပ္ပာယ် ရှိသည်။

သို့သော်လည်း လက်နက်များမှာ အသွင်အပြင်ပေါ် မူတည်၍ ၎င်းတို့ကို ပုံစံအမျိုးမျိုးဖြင့် စီစဉ်ပေးရပြီး သီးခြား လုပ်ဆောင်ချက်များကလည်း လုံးဝကွဲပြားသည်။

သူတို့ရဲ့ အသွင်အပြင်က ကောင်းကင်နဲ့ မြေကြီးရဲ့ နိယာမစွမ်းအင်နဲ့ ပိုမို လိုက်လျောညီထွေ ရှိတာကြောင့် အရည်အသွေး ၁၀% ပိုမြင့်တဲ့ လက်နက်တချို့တောင် ရှိသေးသည်။

ကျင့်​ကြံမှု လောကတွင် လူကြိုက်အများဆုံး လက်နက်များမှာ ဓား၊ ဓားရှည်၊ လှံများဖြစ်သည်။ တခြားလူကြိုက်များသော မှော်ကိရိယာများလည်း ရှိသည်။ လုရွှမ် အချိန်အတော်ကြာ စဉ်းစားပြီးနောက်တွင် လက်နက်ကို သန့်စင်ရန်သာ ဆုံးဖြတ်လိုက်သည်။

သူသန့်စင်လိုသော လက်နက်ကို သန့်စင်ခြင်း၏ အကျိုးသက်ရောက်မှုသည် လက်နက်ကို ဖြစ်သလို သန့်စင်ခြင်းနှင့် လုံးဝ ကွဲပြား​လေသည်။

"ဓား!"

သူ့နှလုံးသားထဲမှာ အရင်းနှီးဆုံး အရာက မိုးနတ်ဘုရားဓားပဲ ဖြစ်သည်။ လုရွှမ် သူ၏ယခင်ဘဝတွင် အတည်တကျသုံးသော လက်နက် မရှိခဲ့ပေ။ သို့သော် လက်နက်အားလုံးနဲ့ ပတ်သက်ရင်တော့ ကျွမ်းကျင်တတ်မြောက်သူ ဖြစ်သည်။

တိုက်ခိုက်ချိန် အများစုမှာ ရန်သူကို လက်ဗလာဖြင့်ပင် ရင်ဆိုင်ခဲ့သည်။

All Chapters