← Chapters

ပြန်ရောက်လာပြီ

Vol. 50 Ch. 4.268

ပြန်ရောက်လာပြီ

Vol. 50 Ch. 4.268

လူတိုင်းလည်း သူမ၏ မျက်လုံးများ သွားရာအတိုင်း လျင်မြန်စွာလိုက်၍ ကြည့်လိုက်ပြီးနောက် အားလုံးမှာ မထင်မှတ် ထားလောက်အောင်ပင် ပျော်ရွှင်သွားကြသည်။

ဒီမြင်ကွင်းကို သူတို့အရင်က မြင်ဖူးကြလေသည်။ လုရွှမ်ရဲ့ ခန္ဓာကိုယ်က ထွက်လာတဲ့ ရွှေရောင် အလင်းတန်းတွေက တောက်ပပြီး ယောက်ျားပီသလွန်းသည်။ သူ့ခန္ဓာကိုယ်ကို သိမ်းပိုက်ထားတဲ့ အဘိုးကြီး ဒါမှမဟုတ် ဝိညာဉ်နတ်ဆိုးဆို ဒီလိုစွမ်းအားတွေကို ဘယ်လိုလုပ် ထုတ်လွှတ်နိုင်မှာလဲ။

"အား......."

ဟစ်အော်သံနှင့်အတူ လုရွှမ်၏ အသိစိတ်ထဲမှ အနက်ရောင် စွမ်းအင် အလုံးတစ်လုံး ထွက်ပေါ်လာပြီး လွတ်မြောက်ရန် အသည်းအသန် ကြိုးစား​​တော့သည်။

လုရွှမ်၏ လက်ဖဝါးများသည် စူးရှသော မီးတောက်များဖြင့် ပြည့်နေပြီး အနက်ရောင်စွမ်းအင်ကို သူ့လက်ထဲတွင် ဆုပ်ကိုင်ထားသည်။

"ဝိညာဥ်ဆိုး... မင်းဘယ်ကို ပြေးနေတာလဲ? မင်းက အဘိုးကြီးရွှမ်ဟွမ်နဲ့ တစ်ထေရာတည်းပဲ... အဘိုးကြီးရွှမ်ဟွမ်ကတော့ သေသွားပြီ... ဒါပေမဲ့ သူ့အတွက် မင်းကတော့ ပေးချေရမယ်!"

အနက်ရောင် အငွေ့လုံးမှာ မီးတောက်တွေကြား လောင်ကျွမ်း၍ အော်သံများ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

"မင်းက ဘယ်သူလဲ? မင်းမှာ ဘယ်လိုလုပ် ဒီလောက် စွမ်းအားကြီးတဲ့ ဝိညာဉ်ရှိနိုင်ရတာလဲ..."

လုရွှမ်၏ မျက်လုံးများသည် အလင်းရောင်ဖြင့် တောက်ပနေပြီး သူ့ခန္ဓာကိုယ်သည် လောင်မြိုက်နေသော နေလုံးကြီး တစ်လုံးအဖြစ် ပြောင်းလဲသွားသည်။ အနက်ရောင် စွမ်းအင်များသည် အဆက်မပြတ် ပေါက်ကွဲပြီး မကြာခင်မှာပဲ အလင်းရောင်ထဲတွင် လုံးဝ ပျောက်ကွယ်သွားခဲ့သည်။

အောင့်ယွဲ့တို့ ငါးယောက်မှာ မျက်လုံးများ ပြူးကျယ်နေကြပြီး လုရွှမ်ကို နတ်ဘုရားလို ကြည့်ပြီး မယုံကြည်နိုင်မှု အရိပ်အယောင်တွေနဲ့ ဆွံ့အကုန်ကြ၏။

"အဆင်ပြေ​ကြလား?"

လုရွှမ်ဆီက အလင်းရောင်တွေ လျော့သွားပြီး သူ့ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်သည်။

အောင့်ယွဲ့ စိတ်လှုပ်ရှားစွာဖြင့် ရှေ့သို့ ခုန်ဆင်းတော့မည် ဖြစ်သော်လည်း ရှန်းရှဲ့မှ ရုတ်တရက် ဆွဲထားလိုက်ပြီး သူမ၏ နောက်သို့ ပို့လိုက်သည်။ သူမကတော့ လုရွှမ် မျက်နှာကို သတိထားကြည့်ကာ

"ရှင်က ဘယ်သူလဲ?"

ချန်ယီးနှင့် အခြားသူများကလည်း အောင့်ယွဲ့ကို ဂရုတစိုက် ကာကွယ်ပေးလိုက်သည်။ နောက်ဆုံးတွင် ခန္ဓာကိုယ်ကို ယူဆောင်သွားသော လူသည် ထိုလူ၏ မှတ်ဉာဏ်ကို လုံးလုံးလျားလျား ဖယ်ထုတ်သွားနိုင်သည်။ ၎င်းတို့ရှေ့မှ လူက အစစ်လား အတုလားဆိုတာ ဘယ်သူသိမှာလဲ။ ယခုပုံသည် အဘိုးကြီးရွှမ်ဟွမ် ကဲ့သို့ သရဲတစ္ဆေနှင့် မတူသော်လည်း သတိကတော့ ထားရဦးမည်။

"သေချာပေါက် ငါပဲလေ!"

လုရွှမ်က ပြုံးလိုက်ပြီး သူ့​အသက်ရှုသံက ပွင့်ပွင့်လင်းလင်း ထွက်ပေါ်လာခဲ့သည်။

ပတ်ဝန်းကျင် တစ်ခုလုံးတွင် နွေးထွေးမှုများဖြင့် လွှမ်းခြုံသွားကာ ယခင်က အအေးဓာတ်သည် ဤပျော့ပျောင်းသော အပြုံး နေရောင်ခြည်ကြောင့် ပျောက်ကွယ်သွား​​တော့သည်။

"မမှားဘူး... ဒါက လုရွှမ်ပဲ"

အောင့်ယွဲ့ လူပေါင်းများစွာရဲ့ အတားအဆီးတွေကနေ စိတ်လှုပ်ရှားစွာနဲ့ ထွက်သွားပြီး လုရွှမ်ရဲ့ ရင်ခွင်ထဲကို ပစ်ဝင်လိုက်တော့သည်။

လုရွှမ် အနည်းငယ် ရှက်ရွံ့သွားသလို ခံစားလိုက်ရသဖြင့် အောင့်ယွဲ့ကို ဂရုတစိုက် အသာပဲ ထိလိုက်ကာ သူမကိုတော့ မတွန်းထုတ်ဝံ့ခဲ့ပေ။ ဒီအချိန်မှာ သူမကို တွန်းဖယ်လိုက်ရင် သူမစိတ်ထဲ ဒဏ်ရာရသွားမှာ စိုးရိမ်မိလို့ပင်။

လုရွှမ် ဆေးလုံးတချို့ကို ထုတ်ယူလိုက်ပြီး

"မင်းတို့ရဲ့ ဒဏ်​ရာ​တွေကို အရင်​ပြန်​ကောင်းအောင်​ လုပ်​လိုက်ပါဦး.... မင်းတို့ရဲ့ ကြံ့ခိုင်​မှုတွေ ပြန်​​ကောင်းလာတဲ့အခါ ဒီ​နေရာကို ဖျက်​ဆီးပစ်​ရမယ်​"

ဤပတကတိရေစင်ရဲ့ မူလဇစ်မြစ်ကို သိလျက်နဲ့ လုရွှမ် ဘယ်လိုလုပ် ဒီအတိုင်း ထားခဲ့နိုင်ပါ့မလဲ? ရေထဲမှာ ရောနှောနေတဲ့ သူတွေက ကျင့်ကြံသူတွေရဲ့ ဝိညာဉ်တွေလေ။ ဒါကြီးကတော့ ရက်စက်လွန်းသည်။

လုရွှမ်က အဘိုးကြီးရွှမ်ဟွမ်ရဲ့ အတတ်ပညာ ဗဟုသုတတွေကို ပေါ့ပေါ့ပါးပါး ရွတ်ဆိုပြလိုက်ကာ

"မင်းတို့ သေချာပေါက် လေ့ကျင့်ဖို့ မလိုပါဘူး.... မင်းတို့ လေ့ကျင့်တဲ့ ကျင့်စဥ်က ဒီဟာတွေလောက်တော့ ကောင်းမယ် မထင်ဘူး.... ဘာပဲဖြစ်ဖြစ် သင်ယူထားရတာ ကောင်းပါတယ်"

လုရွှမ်သည် အဖိုးအိုရွှမ်ဟွမ်၏ ကျွမ်းကျင်မှု အားလုံးကို ပေါ့ပေါ့ဆဆ ရွတ်ဆိုလိုက်သည်ကို မြင်လိုက်ရသဖြင့် သူတို့၏ သံသယများ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။ သူတို့ရဲ့ အစ်ကိုလုရွှမ့ကသာ ဒီလိုမျိုးလုပ်မှာ ဖြစ်ပြီး အဘိုးကြီးရွှမ်ဟွမ်က သူ့အမွေကို တခြားသူတွေကို ပေးဖို့ တစ်ခါမှ တွေးဖူးမည် မဟုတ်ချေ။

နာရီပေါင်းများစွာ လေ့ကျင့်ပြီးနောက် အားလုံး ပြန်လည် ကောင်းမွန်လာခဲ့သည်။ လုရွှမ်က မျက်လုံးဖြင့် တချို့​နေရာများကိုသာ ညွှန်ပြပြီး လူတိုင်းက ထိုနေရာများကို အပိုင်းပိုင်း ခွဲပစ်လိုက်ကြသည်။

ကြီးမားသော ဝိညာဉ်စွမ်းအင် စီးကြောင်းများ ပြေးထွက်လာသည်။ လုရွှမ်က ပြုံးပြီး

"အားလုံး... ဘာလို့ ဒီအချိန်ကျမှ တုံးဆိုင်းနေကြတာလဲ? ဒီကာလကို ခံစားကြည့်ရမယ်လေ"

လူအများအပြားက ရယ်မောကာ စိတ်စွမ်းအင်များ ပြည့်နှက်နေသည့် ဝိညာဉ်စွမ်းအင်ဆီသို့ ပြေးသွားကြသည်။

လုရွှမ် သူ့ခန္ဓာကိုယ်ထဲသို့ ဝိညာဉ်စွမ်းအင်များကို မဖြည့်တင်းစေခဲ့ပေ။ သူစိတ်ဝိညာဥ် ကြီးထွားမှု အဆင့်ကို မြှင့်တင်နိုင်ခဲ့သော်လည်း နောက်ဆုံးတွင် သူကိုယ်တိုင်ပင် ၎င်းကို မသိခဲ့ပေ။

ဝိညာဉ်စွမ်းအင်ကို ဆွဲထုတ်ပြီး ကျောက်စိမ်းပြားထဲသို့ ပြေးဝင်သွား​စေခဲ့သည်။ နောက်ဆုံးတွင် လူခြောက်ဦးသာ ရှိတော့ကာ ရွှမ်ခုန်းတောင်ထဲသို့ ဝိညာဉ်စွမ်းအင်များက အပြေးအလွှား ဝင်ရောက်လာကြသည်။ ယခုအချိန်တွင် ရွှမ်ခုန်းတောင်တွင် သောင်တင်နေဆဲ ကျင့်ကြံသူများလည်း ဝိညာဉ်စွမ်းအင် ပေါက်ထွက်ခြင်းကို မြင်လိုက်ကြသဖြင့် ပေါက်ကွဲရာ နေရာဆီသို့ ဝမ်းသာအားရ ပြေးလာကြသည်။

သူတို့သည် ဝိညာဉ်စွမ်းအင်အတွက် တိုက်ပွဲဝင်ခဲ့ကြပြီး တစ်ယောက်ပြီး တစ်ယောက် သတ်ဖြတ်ခဲ့ကြသည်။

တောင်ထိပ်ရှိ လူငါးဦးသည် အောက်ဖက်သို့ ပြန်လာပြီးနောက် လုရွှမ်သည် ပကတိရေစင်ကို အဆက်မပြတ် ဖျက်စီးရန်အတွက် ကောင်းကင်မီးကို တိုက်ရိုက် ထုတ်လွှင့်လိုက်သည်။ ကွဲအက်နေသော ကျင့်ကြံသူ၏ ဝိညာဉ်များသည် တစ်ခုပြီးတစ်ခု ရုန်းထွက်နိုင်ခဲ့သည်။

ချန်ယီးက နံဘေးမှနေ၍ ဝိညာဉ်များကို ကယ်တင်ရန် ပြန်လည်မွေးဖွားခြင်း မန္တန်များကို ရွတ်ဆိုနေခဲ့သည်။

ရွှမ်ခုန်း မိုးပျံတောင်တန်းကြီးက ရုတ်တရက် အောက်ကို ပြုတ်ကျသွားတော့သည်။ လူခြောက်ဦးလည်း ၎င်းတို့၏ ခန္ဓာကိုယ်များကို ဖော့၍ မသိစိတ်အလျောက် လေထဲကို ပျံသန်းသွားကြသည်။

ကောင်းကင်က အပေါက်ကို မြက်လိုက်တော့ လုရွှမ်က ပြုံးပြီး ပြောလိုက်သည်။

"သွားရအောင်!"

လူငါးယောက်က ရယ်မောပြီး ကောင်းကင်သို့ အမြန် ပျံတကိလိုက်ကြသည်။

"အရမ်းကောင်းတာပဲ... နောက်ဆုံးတော့ ငါတို့ ပျံသန်းနိုင်ပြီ..... လမ်းပေါ်မှာ လမ်းလျှောက်ရင်း ဖိနှိပ်ခံနေရတဲ့ ခံစားချက်က နာလွန်တာ သေမတတ်ပဲ"

လိရှောင်း သူ့မျက်နှာပေါ်က ပျော်ရွှင်မှု အကြည့်များဖြင့် ပျံဝဲကာ အော်ဟစ်လိုက်သည်။

သူတို့ထဲက အချို့က လိရှောင်းလောက် ချဲ့ကားတတ်တာ မဟုတ်ပေမယ့် သူတို့လည်း အရမ်းသက်တောင့်သက်သာ ခံစားခဲ့ရပြီး သူတို့ နှလုံးသားထဲက ဖိအားတွေလည်း ပျောက်ကွယ်သွားခဲ့သည်။

နောက်ဆုံးတွင် တောင်ကြားမှ ပြေးထွက်လာပြီး လွတ်လပ်စွာ စီးဆင်းနေသော လေကို ဝဝလင်လင် ရှူရှိုက် ခံစားပြီးနောက် လုရွှမ်တို့အားလုံး အောက်ဖက်တွင် ဝိညာဉ်စွမ်းအင် အတွက် တိုက်ပွဲဝင်နေကြသော ကျင့်ကြံသူများကို မြင်လိုက်ရသောအခါ အလွန် စိတ်ဓာတ် ကျ​​သွားကြသည်။

"ရွှမ်ခုန်းတောင်ရဲ့ အခင်းအကျင်း ပုံစံက ပျက်စီးသွားပြီ.... မကြာခင် အားလုံး ပျောက်ကွယ်ပြီး လမ်းခွဲရတော့မယ်"

ချန်ယီးက အော်မီတော်ဖော်ဟု ဆိုကာ လုရွှမ်ကို ကြည့်လိုက်သည်။

"အစ်ကိုလု...ဒီတစ်ခေါက် ထွက်လာရင်း မင်းနဲ့တွေ့ဆုံရတာက တကယ်ကို ကြီးမြတ်တဲ့ ဂုဏ်ပုဒ်တစ်ခုပါပဲ.... နောက်တစ်ခါလည်း အခွင့်ရရင် ဆုံချင်ပါသေးတယ်"

…

တစ်ယောက်ပြီး တစ်ယောက် နှုတ်ဆက်စကား ပြောရင်း လုရွှမ်နှင့် အောင့်ယွဲ့တို့လည်း တစ်ယောက်ကို တစ်ယောက် ပွေ့ဖက်လိုက်ကြသည်။ အောင့်ယွဲ့ တစ်ဖက်လူအား ရှေးဟောင်းလျှပ်စီး ကမ္ဘာထဲကို ဝင်လာခဲ့ဖို့ ကိစ္စကို မပြောတော့ဘဲ စကားတစ်ခွန်းသာ ပြောပြီး နတ်သမီးရှန်းရှဲ့နဲ့အတူ အဝေးကို ထွက်ခွာသွားခဲ့လေသည်။

"ဂရုစိုက်ပါ... နောက်တစ်ကြိမ် ပြန်တွေ့ကြမယ်"

အားလုံး ထွက်သွားတာကို မြင်တော့ လုရွှမ်ဟာ သူ့ပတ်ဝန်းကျင်မှာ ရှိနေတဲ့ တွန်းအားတစ်ခုကို ခံစားလိုက်ရသည်။ သူ မခုခံနိုင်သလို သူ့ခန္ဓာကိုယ်က အလင်းတန်း တစ်ခုလို ဖြစ်သွားပြီး လေထုအလယ်မှာ ထိုးဖောက် ပျောက်ကွယ်သွားခဲ့၏။

လေထုထဲမှာ လမ်းလျှောက်လာရင်း လုရွှမ်သည် ပတ်ဝန်းကျင်ကို ကြည့်ကာ မှုန်ဝါးဝါး နိယာမ ဥပဒေသများကို ခံစားလိုက်ရသည်။ နိယာမတရားများသည် အနည်းငယ် မပြည့်စုံသဖြင့် နောက်ဆုံးတွင် သူတော်စင်တစ်ပိုင်း ကမ္ဘာသို့ ပြန်ရောက်လာခဲ့ပြီ ဖြစ်ကြောင်း သိလိုက်သည်။

မြူခိုးများက လုရွှမ်၏ မျက်လုံး အမြင်များကို မဖုံးနိုင်ပေ။ သူ့မျက်လုံးထဲတွင် အလင်းတန်းများ လင်းလက်လာပြီး ပုံရိပ်ယောင်များ အားလုံးကို ​ဖြတ်မြင်လိုက်ရသည်။ အဝေးက ကောင်းကင်ကြီး အလယ်မှာ တွင်းကြီးတစ်တွင်း ရှိနေ၏။

မူလက အပေါက်ငယ်သည် ယခုအခါ ကြီးမားသော တွင်းကြီးအဖြစ်သို့ ပြောင်းလဲသွားကာ အတွင်းမှ မြူခိုးများ စီးဆင်းလာသည်။ အခိုးအငွေ့တွေ ထွက်လာတာနဲ့အတူ နတ်ဆိုးသားရဲတွေလည်း တစ်ကောင်ပြီး တစ်ကောင် ထွက်လာသည်။

အကွာအဝေးက အရှိန်ကို ခံစားဖို့ ဝေးလွန်းပေမယ့် ပုံပန်းသဏ္ဌာန်ကို ကြည့်ပြီး သူတို့ဟာ ရက်စက်ကြမ်းကြုတ်ပြီး ဘယ်လူသားကိုမှ အလွတ်ပေးမှာ မဟုတ်မှန်း သိသာလေသည်။

"မင်းသမီးပိုင်လုံတို့ ငါးယောက် ထွက်သွားလောက်ပြီ... ယွင်ထျန်းရှန်နဲ့ ဟယ့်လွမ်ယင်းတို့ ကလေးနှစ်ယောက် အခု ဘယ်တွေ ရောက်နေမလဲ မသိဘူး"

ဦးတည်ရာတစ်ခုကို ကျပန်း ရွေးချယ်လိုက်ပြီးနောက် လုရွှမ် အရှေ့ဖက်ဆီသို့ ပြေးသွားခဲ့သည်။ ထိပ်တန်းဦးစားပေးက တစ်ယောက်ယောက်ကို ရှာဖို့ဖြစ်ပြီး အခု အချိန်ဘယ်လောက် ကုန်သွားမှန်း မသိသေးပေ။

အိုး တစ်ယောက် အတိဒုက္ခ ကျော်ဖြတ်နေတာလား?

လုရွှမ် ဖြည်းဖြည်းချင်း ပြေးလာပြီးနောက် ခပ်လှမ်းလှမ်း၌ ရပ်လိုက်သည်။

အတိဒုက္ခတွေကို ကျော်လွှားရသူတွေဟာ တခြားသူတွေ အနှောင့်အယှက် မ​ပေးလာအောင် သတိထားတတ်ကြသည်။ အလွန်နီးကပ်နေပါက တခြား ရည်ရွယ်ချက်များ ရှိနေသည်မှာ ထင်ရှား​လေသည်။

မိုးကြိုးများက တစ်ချက်ပြီး တစ်ချက် ရိုက်ခတ်လာတဲ့အခါ လုရွှမ်လည်း စူးစိုက်ကြည့်လိုက်သည်။ ထိုပုဂ္ဂိုလ် ကျော်ဖြတ်နေတာက သူတော်စင် အတိဒုက္ခ ဖြစ်သော်လည်း မိုးကြိုး၏ အစွမ်းအားကမူ သူဖြတ်ကျော်ခဲ့တဲ့ သူတော်စင်တစ်ပိုင်း မိုးကြိုးဒုက္ခထက် များစွာ နိမ့်​နေသည်။

ထို့အပြင် လုရွှမ် ဤနေရာ၏ နိယာမ နည်းဥပဒေသသည် ချို့ယွင်းချက် ရှိနေဆဲ ဖြစ်တယကို ရှင်းရှင်းလင်းလင်း ခံစားနေရတာကြောင့် မဟုတ်ပါက ထိုလူငယ်သည် မိုး​ကြိုးပစ်ချက်ကို သည်းမခံလောက်ဟု ထင်၏။

မိုးကြိုးမုန်တိုင်း ကျပြီးနောက် သူတော်စင်ဖြစ်လာသော လူငယ်သည် လုရွှမ်ဆီသို့ အံ့အားသင့်စွာ ပျံသန်းလာခဲ့သည်။ သူ အတိဒုက္ခကို ကျော်ဖြတ်နေတုန်းက သတိမထားမိခဲ့ဘဲ သူတော်စင်နယ်ပယ် ဖြစ်လာပြီးမှသာ ခံစားခဲ့ရလေသည်။

တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် လူငယ်သည် ထိုနေရာသို့ ပြေးလာခဲ့သည်။ တစ်ဖက်က သူ့ကို ဝင်မနှောင့်ယှက်ခဲ့လို့ သူ့တွင် မကောင်းတဲ့ ရည်ရွယ်ချက် မရှိတာ ထင်ရှား​​လေသည်။ ထို့အပြင် သူတော်စင် ဖြစ်လာပြီမို့ သူ့ကိုယ်သူ ကာကွယ်ရန် ခွန်အားရှိပြီဟု တွေးထင်ကာ မတုန်လှုပ်တော့ချေ။

All Chapters