← Chapters

ကပ်ဘေးရင်ဆိုင်ဓား၏ အစွမ်းကို စမ်းသပ်ခြင်း

Vol. 69 Ch. 898

ကပ်ဘေးရင်ဆိုင်ဓား၏ အစွမ်းကို စမ်းသပ်ခြင်း

Vol. 69 Ch. 898

ပလ္လင်ခန်းမအတွင်းသည် အတိုင်းထက်အလွန် ခမ်းနားတင့်တယ်နေပြီး အပြင်အဆင်များက ချင်မူ မြင်ခဲ့ဖူးသော အပြင်အဆင်များနှင့်မတူပေ။ နံရံဆေးရေးပန်းချီများနှင့် တိုင်လုံးအများစုတွင် ဝပ်စင်းနေ‌သော နဂါးများကို ရေးခြယ်ထုဆစ်ထားကြ၏။ နဂါးများက သစ်ပင်အိုကြီးတစ်ပင်အောက်တွင် ရိုရိုကျိုးကျိုး ဝပ်လျက် သစ်ပင်ကြီးကို အလွန်ကြောက်လန့်နေကြပုံပေါ်သည်။

သစ်ပင်၏ ပင်စည်သည် နဂါးအကြွေးခွံများနှင့် တူပြီး အကိုင်းအခက်များက နဂါးများသဖွယ် လျှို့ဝှက်ဆန်းကြယ်စွာ ဖြာထွက်ကာ ရှေးကျရိုးရှင်းနေသည်။

ချင်မူ ပတ်ဝန်းကျင်ကို ကြည့်ကာ ဇဝေဇဝါ ဖြစ်သွားသည်။ သူက ရယ်လိုက်လေသည်။ “အရှေ့ကောင်းကင်ရဲ့ အစိမ်းနတ်မင်းက နဂါးမျိုးနွယ်ကလား”

နတ်မင်းဝူကျိက သူ့ကို ထိုင်ရန် ဖိတ်ခေါ်သည်။ “ငါ့ဆရာက တာအိုတရားပေါက်သွားတဲ့ အစိမ်းရောင်သစ်ပင်တစ်ပင်ပါ... နဂါးဟန်ခေတ်မတိုင်ခင်တုန်းက ခြောက်ကပ်နွမ်းခြောက်နေတဲ့ သစ်ပင်ကြီးတစ်ပင်ပေါ့... ကောင်းကင်နတ်အရှင်ယွီက အဲဒီသစ်ပင်အောက်မှာ တာအိုကို ဆင်ခြင်သုံးသပ်ရင်း ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာ ဖန်ဆင်းပြီး နံပါတ်တစ် ကောင်းကင်နတ်အရှင် ဖြစ်လာခဲ့တာ... အဲဒီအချိန်တုန်းက ကောင်းကင်မြေပြင်တစ်ခွင် လှုပ်ခတ်သွားပြီး ရှေးဟောင်းနတ်ဘုရားတွေက ကောင်းကင်နတ်အရှင်ယွီကို ကောင်းချီးပေးဖို့ ထွက်ပေါ်လာကြတယ်... ငါ့ဆရာလည်း ကောင်းကင်နတ်အရှင်ယွီရဲ့ ကောင်းချီးတချို့ ရခဲ့လို့ ခြောက်ကပ်နေတဲ့ သစ်ပင်ကြီးဘဝကနေ နတ်သစ်ပင်တစ်ပင် ဖြစ်လာတာပါ”

ချင်မူက နဂါးချီလင်ကို သူ့ခြေထောက်ဘေး၌ လဲစေသည်။ ယန်အာက ဝတုတ်မလေး အသွင်ပြောင်း၍ ချင်မူ့အနောက်၌ ရပ်နေသည်။ သူမအသွင်မှာ မက်မွန်တောအုပ်တွင် ရှိစဉ်တုန်းကကဲ့သို့ မလှတော့ဘဲ အနည်းငယ် ပေါတောတောပုံစံလေး ပေါက်‌နေ၏။

ချင်မူက ပလ္လင်ခန်းမအတွင်းရှိ ပန်းချီကားများကို ကြည့်ရှုရင်း ပြောသည်။ “အရှေ့ကောင်းကင်ရဲ့ အစိမ်းနတ်မင်းက ကောင်းကင်နတ်အရှင်ယွီနဲ့ အခုလို နက်နက်ရှိုင်းရှိုင်း ပတ်သက်နေမယ် မထင်ထားဘူး”

နတ်မင်းဝူကျိ၏ လက်အောက်ရှိ နတ်ဘုရားများက ချင်မူ ခေါင်းဆောင်နေရာတွင် ထိုင်သည်ကို မြင်သည့်အခါ ဘဝင်မကျကြပေ။ မိန်းမလှလေးများအစား အူကြောင်ကြား ဝတုတ်မလေးကိုသာ ခေါ်လာ၍လည်း ပိုအမြင်ကပ်သွားပြီး ဤကောင်းကင်နတ်အရှင်ယွီ၏ အလှအပစံနှုန်းအပေါ် သံသယရှိလာကြတော့သည်။

နတ်မင်းဝူကျိက ရယ်သည်။ “ဒါပေမဲ့ ဆရာက နတ်သစ်ပင်ဖြစ်လာတဲ့အတွက် ကပ်ဘေးတွေကိုပဲ ရင်ဆိုင်ခဲ့ရတာပါ”

ချင်မူ အခြားသူများ၏ အကြည့်များကို လျစ်လျူရှုလျက် မေးလိုက်မိသည်။ “ဘာဖြစ်လို့လဲ”

“အစက ငါ့ဆရာက အသုံးမဝင်ဘူး... အိုမင်းနေတဲ့ သစ်ပင်ကြီးမလို့ ထိုင်ခုံလုပ်ဖို့တောင် မသင့်တော်ခဲ့ဘူးလေ... သူ့သစ်သားနဲ့ ကြည့်ကောင်းတဲ့ နတ်ဘုရားရုပ်တုကိုလည်း မထွင်းနိုင်ဘူး... ထင်းအဖြစ် သုံးရင်တောင် အဆီအနှစ်မပြည့်ဝဘူး... အဲဒါကြောင့်သာ သူ ရှင်သန်နိုင်ခဲ့တယ်”

နတ်မင်းဝူကျိသည် အပြုံးပန်းများ ဝေဆာနေပြီး သူ့စကားတွင် အဓိပ္ပါယ်ပါ၏။ “ဆရာ နတ်သစ်ပင်ဖြစ်လာတော့ အသုံးဝင်လာတယ်... နှစ်အနည်းငယ်အတွင်းမှာပဲ ခုတ်ဖြတ်ခံရပြီး ရတနာတွေအဖြစ် သွန်းလုပ်ခံရတယ်... အဲဒီတိုင်း နှစ်ပေါင်းတစ်သောင်းကျော်ကြာတဲ့အထိ သူ ကူကယ်ရာမဲ့နေခဲ့တယ်... ကောင်းကင်နတ်အရှင်မူ၊ အသုံးမကျတာက အသက်ရှင်နိုင်မယ့်နည်းလမ်းပဲ... မင်း သဘောတူလား”

ချင်မူက ကျယ်လောင်စွာ ရယ်လိုက်၏။ “အကြောင်းအကျိုး သင့်ပါတယ်”

“ငါ့ဆရာက အသုံးဝင်လာလို့ ရတနာတွေ သွန်းလုပ်ဖို့ ခုတ်ဖြတ်ခံခဲ့ရတယ်... နဂါးဟန်ခေတ်ရဲ့ ပထမနှစ် နဂါးသွဲ့ရေကန်တွေ့ဆုံပွဲမှာ ငါ့ဆရာလည်း ရတနာအဖြစ် ယူသွားခံခဲ့ရတယ်.... အဲဒီမှာ ကောင်းကင်နတ်အရှင်မူအပါအဝင် ကောင်းကင်နတ်အရှင်ကိုးပါးကို သူ တွေ့ခဲ့ရတာပဲ... အဲဒီရွှေခေတ်ကိုလည်း မျက်ဝါးထင်ထင် မြင်ခဲ့ရတယ်”

နတ်မင်းဝူကျိသည် ဆက်ပြော၏။ “အဲဒီအချိန်တုန်းက ဆရာက သိပ်မစဉ်းစားတတ်တဲ့ ဝိညာဉ်လက်နက်လေးတစ်လက်ပဲ... သူက လူတစ်ယောက်ရဲ့ လက်ထဲမှာ ထိုင်ထားခံနေရရင်း လူတွေ စကားပြောနေတာ နားထောင်ခဲ့တယ်... ကောင်းကင်စင်မြင့်ထက်မှာတော့ ကောင်းကင်နတ်အရှင်ယွီနဲ့ ကောင်းကင်နတ်အဟောင်က ကောင်းကင်နန်းဆောင်တွေအကြောင်း ရှင်းပြနေခဲ့တယ်... နောက်ပိုင်းမှ ကောင်းကင်နတ်အရှင်ယွီက ကောင်းကင်နတ်အရှင်မူမှန်း ဆရာ သိခဲ့ရတာ... အဲဒါကြောင့် ဆရာက မင်းကို သိပ်ကျေးဇူးတင်နေတာပဲ”

ချင်မူမှာ ဆွံ့အသွားကာ တဟားဟား ရယ်လိုက်သည်။ “နဂါးသွဲ့ရေကန်မှာ လာနားထောင်တဲ့လူ အ‌တော်များများက နောင်တစ်ချိန်မှာ အကောင်ကြီးကြီးတွေ ဖြစ်လာမယ် မထင်ထားခဲ့ဘူး”

နတ်မင်းဝူကျိက ပြောသည်။ “နောက်ပိုင်း သက်ရှိသတ္တဝါတွေနဲ့ နတ်ဘုရားတစ်ပိုင်းတွေက ကောင်းကင်နတ်ဘုံအသီးသီး တည်ထောင်ပြီး စစ်ဖြစ်ကြတယ်... ရလဒ်အနေနဲ့ ငါ့ဆရာလည်း ပိုင်ရှင်တစ်ယောက်ပြီးတစ်ယောက်ရဲ့ လက်ထဲ ရောက်ခဲ့ရတယ်... နဂါးဟန် ပထမဆုံးကပ်ဘေး မဆိုက်ခင် ကောင်းကင်နတ်ဘုံဟာ လူ့ဘုံကနေ အပေါ်မြင့်တက်သွားပြီး ကောင်းကင်ဘုံကိုးဘုံအကြား ရပ်တည်ခဲ့တယ်... စစ်ကြီးပြီးတော့ ငါ့ဆရာလည်း ပိုင်ရှင်မဲ့သစ်ပင် ဖြစ်သွားပြီး လူ့ဘုံဆီ ပြုတ်ကျလာတယ်... နှစ်တစ်သောင်းကြာလို့ ဆရာ သစ်ပင်ခန္ဓာကို စွန့်ခွာနိုင်တော့မယ့်အချိန် ချိမင်ခေတ်ရဲ့ နတ်ဘုရားတွေက သူ့ရှာတွေ့သွားပြီး ဓားရိုးတစ်ခုအဖြစ် သွန်းလုပ်ခဲ့ကြပြန်တယ်”

ချင်မူ သက်ပြင်းချမိသည်။ “အခုလို စမ်းသပ်မှုတွေ၊ ဆင်းရဲဒုက္ခတွေ အများကြီး ကြုံတွေ့ခဲ့ရတဲ့ အရှေ့ကောင်းကင် အစိမ်းနတ်မင်းကို ကရုဏာသက်မိပါတယ်”

“အဲဒီလိုပိုင်ရှင်တွေ တစ်ယောက်ပြီးတစ်ယောက်၊ အလှည့်အပြောင်းတွေ တစ်ခုပြီးတစ်ခု ကျော်ဖြတ်ခဲ့ရပေမယ့် ဆရာ့မူလဝိညာဉ်သန္ဓေသားက မပျက်စီးသွားဘူး... တစ်နေ့မှာတော့ ချိဧကရာဇ်ရဲ့ လက်ထဲ သူ ရောက်သွားပြီး ဧကရာဇ်ပလ္လင်အဆင့် နတ်လက်နက် ဖြစ်လာခဲ့တယ်... ချုံဧကရာဇ်ခေတ်မှာ သတ်ဖြတ်မှုတွေ၊ တိုက်ခိုက်မှုတွေ ပိုဆိုးရွားလာတဲ့အခါ ငါ့ဆရာက မြောက်ပိုင်းချုံဧကရာဇ်နဲ့ တောင်ပိုင်းချုံဧကရာဇ် လုနေကြတဲ့ အစွမ်းထက်ဆုံး နတ်လက်နက် ဖြစ်နေခဲ့ပြီ”

နတ်မင်းဝူကျိက ပြောသည်။ “ချုံဧကရာဇ်တုန်းက ကောင်းကင်နတ်ဘုံရဲ့ ရှေးဟောင်းနတ်ဘုရားတွေလည်း စစ်ပွဲမှာ ဆင်နွှဲခဲ့တယ်... ငါ့ဆရာက အင်အားကြီးမားလွန်းတော့ အရှေ့နတ်မင်းချင်းလုံကိုယ်တိုင် ဝင်ပါခဲ့ပြီး စစ်ပွဲကြီးတစ်ပွဲမှာ သူ့ကြောင့် ငါ့ဆရာ ပျက်စီးသွားခဲ့တယ်... အဲဒီကတည်းက သူက ငါ့ဆရာရဲ့ ရန်သူတစ်ယောက် ဖြစ်လာခဲ့တာပဲ”

ချင်မူသည် နံရံပေါ်ရှိ ပန်းချီကားများကို ကြည့်နေရာမှ သဘောပေါက်သွား၏။ “ရန်ငြိုး ရှိနေတာကိုး... နတ်ဘုရားမြို့ကို တည်ဆောက်နေတဲ့ ကျွန်တွေက နဂါးမျိုးနွယ်အများဆုံး ဖြစ်နေတာ အံ့ဩစရာမရှိဘူးပဲ... ပြီးတော့ ပန်းချီထဲက နဂါးတွေကလည်း သစ်ပင်ကြီးတစ်ပင်အောက်မှာ ဝပ်စင်းနေကြတယ်”

နတ်မင်းဝူကျိက ပြောသည်။ “ငါ့ဆရာက အရှေ့နတ်မင်းကြောင့် ပျက်စီးသွားပေမယ့် မသေခဲ့ဘူး... အဲဒီအစား ချုံဧကရာဇ်ခေတ်ရဲ့ နောက်ဆုံးနှစ်တွေမှာ လူအဖြစ် ဖန်ဆင်းပြီး ကလဲ့စားချေဖို့ ကျိန်ဆိုခဲ့တယ်... နောက်ပိုင်း ကောင်းကင်နတ်ဘုံက သူ့ကို သ‌ဘောကျပြီး အရှေ့ကောင်းကင်ရဲ့ အစိမ်းနတ်မင်း၊ အရှေ့ကောင်းကင်နန်းဆောင်ရဲ့ သခင်အဖြစ် မြှောက်စားပေးခဲ့တယ်... နောင်တစ်ချိန်မှာ ငါ့ဆရာက နဂါးစိမ်းကောင်းကင်နန်းဆောင်ကို သိမ်းပိုက်ပြီး အရှေ့နတ်မင်း ဖြစ်လာလိမ့်မယ်”

ချင်မူ တလေးတစား စုတ်သပ်မိသည်။ “ကံဆိုးမှုကနေ ပျော်ရွှင်စရာတွေ ဖြစ်ပေါ်လာတာပေါ့လေ... ပါရမီရှိတဲ့သူက အမြဲတမ်း နေရာပေးခံရမှာပါ”

နတ်မင်းဝူကျိသည် ပြော၏။ “ငါ့ဆရာက မင်းကို ရန်သူလို သဘောမထားချင်ဘူး... မင်းအပေါ်တောင် သူ အကြွေးတင်နေသေးတယ်... စောစောက ထာဝရငြိမ်းချမ်းရေးအင်ပါယာ နန်းစိုက်မြို့တော်မှာ ငါ့ဆရာက ကောင်းကင်နတ်အရှင်မူကို အတော်လေး လျှော့ပေးခဲ့ပါတယ်”

ချင်မူ့အမူအရာက လေးနက်သွားသည်။ “ငါ့စိတ်ရင်းထဲကနေ ကျေးဇူးတင်ပါတယ်”

နတ်မင်းဝူကျိသည် ပြော၏။ “ငါ့ဆရာ အရှေ့ကောင်းကင်ကို မပြန်ခင် ဒီအတိုင်း မှာခဲ့တယ်... ကောင်းကင်နတ်အရှင်မူ ဒီမှာ နေမယ်ဆိုရင် အရှေ့ကောင်းကင်နန်းဆောင်က ကောင်းကင်နတ်အရှင်မူ အန္တရာယ်ကင်းအောင် စောင့်ရှောက်ပေးမှာပါတဲ့... ငါ့ဆရာက ပြောတယ်... အသုံးမကျတဲ့ သစ်ပင် ဖြစ်ခဲ့ပေမယ့် အသုံးကျလာတဲ့အခါ နှစ်တစ်သောင်းတိုင်တိုင် ကူကယ်ရာမဲ့နေပြီးနောက်မှ ရုန်းထွက်နိုင်ခဲ့တယ်တဲ့ ... ကောင်းကင်နတ်အရှင်မူက လူတော်ပါ... ဆရာဆိုလိုချင်တာကို သဘောပေါက်မှာပါ”

ချင်မူက ရယ်သည်။ “သ‌ဘောပေါက်ပါတယ်... အရှေ့ကောင်းကင်ရဲ့ အစိမ်းနတ်မင်းက ကျွန်တော့်ကို အသုံးမကျတဲ့လူ ဖြစ်စေချင်တာလေ.... ကျွန်တော် အသုံးကျရင်တောင်မှ အသုံးမကျချင်ယောင်ဆောင်ပြီး ဒီမှာ နေစေချင်တာမလား”

နတ်မင်း၀ူကျိက ပြုံးသည်။ “အဲ့အတိုင်းပါပဲ... ငါ့ဆရာက အင်အားစုတချို့ကို ဆန့်ကျင်ပြီး သူ့အတွက် နေရထိုင်ရခက်လည်း ကောင်းကင်နတ်အရှင်မူကို ကာကွယ်ပေးချင်စိတ် ရှိတယ်... ဆရာက ပြောတယ်... ဝိညာဉ်မရှိဘဲနဲ့ ကောင်းကင်နတ်အရှင်မူ ကြာကြာတောင့်မခံနိုင်မှာ စိုးရိမ်မိတယ်တဲ့... ငါတို့ အရှေ့ကောင်းကင်နန်းဆောင်က ဒီအခက်အခဲတွေကို တောင့်ခံပေးနိုင်တယ်။ ကောင်းကင်နတ်အရှင်မူ မင်း ဒီမှာ နေပြီးတော့ ကျန်တဲ့နေ့ရက်တွေကို ပျော်ပျော်ရွှင်ရွှင် ကုန်ဆုံးလို့ရပါတယ်.... ဒါက ကောင်းကင်နတ်အရှင်မူ နဂါးသွက်ရေကန်တွေ့ဆုံပွဲမှာ ကျင့်စဉ်တွေ မျှဝေပေးခဲ့တဲ့အတွက် ကောင်းကင်နတ်အရှင်မူကို ငါ့ဆရာ ကျေးဇူးပြန်ဆပ်တဲ့ နည်းလမ်းပါပဲ.... ကောင်းကင်နတ်အရှင်မူ ငါ့ဆရာ ကြိုးစားပေးနေတာကို နားလည်သင့်ပါတယ်”

“နားလည်ပေမယ့် အသိအမှတ်မပြုဘူး” ချင်မူက ရယ်သည်။

“ဧကရာဇ်ယန်ဖုံးနဲ့ ကျန်းပိုင်ကွေ့ ... ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှုရဲ့ သူရဲကောင်းသုံးယောက်ထဲက နှစ်ယောက်က ကောင်းကင်ဘုံနဲ့ ကောင်းကင်ဘုံရဲ့အလိုတော်ကို ဆန့်ကျင်ခဲ့တဲ့ ရာဇဝတ်သားတွေဆိုပြီး... ကောင်းကင်နတ်ဘုံမှာ နှစ်ပေါင်း ၂၀၀ အကျဉ်းချခံထားရတယ်... ကျွန်တော် ကောင်းကင်နတ်အရှင်မူကတော့ ကောင်းကင်နတ်ဘုံရဲ့ ဖမ်းဆီးတာမခံခဲ့ရပေမယ့် ဒီနေရာမှာ အကျဉ်းချခံထားရတယ်.... အရှေ့ကောင်းကင်ရဲ့ အစိမ်းနတ်မင်းက ကောင်းကင်နတ်ဘုံရဲ့ အထက်မှာ ရှိတာမလို့လား”

နတ်မင်းဝူကျီ၏အမူအရာ အနည်းငယ်ပြောင်းလဲသွားပြီးနောက် ပြုံးလိုက်၏။ “ကောင်းပြီလေ... ကောင်းကင်နတ်အရှင်မူက ငါ့အရှေ့ကောင်းကင်နန်းဆောင်ရဲ့ ကာကွယ်စောင့်ရှောက်မှုကို မလိုချင်ဘူးဆိုလည်း ဘာတတ်နိုင်ပါ့မလဲ... အမှန်တိုင်းပြောရရင် အရှေ့ကောင်းကင်နန်းဆောင်က ငါ့ဆရာရဲ့ အာဏာအောက်မှာ ဆိုပေမယ့် ကောင်းကင်နတ်ဘုံရဲ့ အခြားအင်အားစုတွေလည်း ရှိကြတယ်... ငါ့လက်အောက်မှာ လေ့ကျင့်နေတဲ့ အစွမ်းထက်တပည့်တွေလည်း တစ်ပုံကြီးပဲ”

သူ့လက်အောက်ရှိ နတ်ဘုရားများစွာသည် ချင်မူ့ကို တိုက်ခိုက်မည်တကဲကဲ လုပ်နေကြ၏။

ချင်မူက ရယ်လိုက်သည်။ “နတ်မင်း ဆိုလိုတာက အရှေ့ကောင်းကင်ရဲ့ အစိမ်းနတ်မင်း ငါ့ကို မသတ်ရဲရင်တောင် သတ်ရဲတဲ့ တခြားလူတွေ ရှိသေးတယ်လို့ ဆိုလိုတာလား”

နတ်မင်းဝူကျီက သက်ပြင်းချသည်။ “ငါက ဘာကိုမှ မဆုံးဖြတ်နိုင်တဲ့ ယင်ကောင်လေးသက်သက်ပါ... ကောင်းကင်နတ်အရှင်မူ အရှေ့ကောင်းကင်နန်းဆောင်ရဲ့ ကာကွယ်စောင့်ရှောက်မှုကို လက်ခံချင်ရင် ငါ အသက်နဲ့လဲပြီး ကောင်းကင်နတ်အရှင်မူကို ကာကွယ်‌ပေးပါ့မယ်... ဒါပေမဲ့ ကောင်းကင်နတ်အရှင်မူ လက်မခံချင်ရင်တော့ ငါလည်း မျက်ကွယ်ပြုရုံပဲ တတ်နိုင်တယ်”

ချင်မူက နတ်မင်းဝူကျီ၏ လက်အောက်ရှိ နတ်ဘုရားများဆီသို့ ကြည့်ကာ ပြောသည်။ “နတ်မင်း၊ ကျွန်တော့်ကို သတ်ချင်တဲ့သူ နှစ်‌ယောက်သုံးယောက်လောက်နဲ့ မိတ်ဆက်ပေးလို့ရမလား မသိဘူး”

နတ်မင်းဝူကျီက အလျင်အမြန် ပြော၏။ “သူတို့က မင်းကို မသတ်ချင်ဘူး... သင်ခန်းစာပဲ ပေးချင်တာ... ဒါက ကောင်းကင်ယင်သားတော်ရဲ့တပည့် ယွဲ့ဝူကျိပဲ”

နတ်ဘုရားတစ်ပါး၏နောက်တွင် မင်တုကောင်းကင်အလိုတော်မုခ်၀တစ်ခု ဖွဲ့တည်နေ၏။ ကောင်းကင်အလိုတော်မုခ်၀၏ အလွန်၌ အမှောင်ထုက သိပ်သည်းနေပြီး ငရဲပင်လယ်၏ လှိုင်းပုတ်သံများအား ခပ်သဲ့သဲ့ ကြားနေရလေသည်။ သူက တန်းစီနေရာမှ လမ်းလျှောက်ထွက်လာကာ ချင်မူ့ကို ဦးညွှတ်၍ အရိုအသေပေးသည်။ “ယွဲ့ဝူကျိ ကောင်းကင်နတ်အရှင်မူကို အရိုအသေပေးပါတယ်”

ချင်မူက ပြန်လည်အရိုအသေပေးလိုက်ပြီး သူ့အနောက်၌ ကောင်းကင်အလိုတော်မုခ်၀ ဖွဲ့တည်လာ၏။ သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် အရိုအသေပေးနေကြစဉ် သူတို့၏အနောက်တွင် သက်ဆိုင်ရာဝိညာဉ်များလည်း ဖွဲ့တည်လာကြသည်။

မူလဝိညာဉ်များက ယဇ်ပလ္လင်တစ်ခုဆီတွင် ရပ်နေကြပြီး တစ်ယောက်ကိုတစ်ယောက် အလေးအနက် ဦးညွှတ်အ‌ရိုအသေပေးနေကြ၏။

ရုတ်တရက် ယွဲ့ဝူကျိမှာ စူးခနဲအော်ပြီး သူ၏မျက်လုံးများမှ သွေးများစီးကျလာကာ မြေကြီးပေါ်သို့ လဲကျသေဆုံးသွားတော့သည်။ သူ၏အ‌နောက် ယဇ်ပလ္လင်ထက်ရှိ သူ၏မူလဝိညာဉ်မှာ ချင်မူ့ကြောင့် လောင်ကျွမ်းပြာကျသွားပြီး ဝိညာဉ်ပြိုကွဲသွား၏။ ဝိညာဉ်သန္ဓေသားမှာ ရှင်းရှင်းလင်းလင်း သေဆုံးသွားပြီး ဝိညာဉ်စွမ်းအင်မျှင်များအဖြစ် လွင့်ပျယ်ပျောက်ကွယ်သွားလေသည်။

“မဟူရာနတ်မင်း၊ ကောင်းကင်ယင်သားတော်ရဲ့ တပည့်က အရှေ့ကောင်းကင်အစိမ်းနတ်မင်းရဲ့ အရှေ့ကောင်းကင်နန်းဆောင်ထဲမှာ အရာရှိတစ်ဦး ဖြစ်နေတယ်တဲ့လား.... ဒါက သိပ်ထူးဆန်းတဲ့ သတင်းပဲနော်” ချင်မူက ခါးပြန်မတ်ကာ နွေးထွေးစွာ ပြုံးလေသည်။ “ကဲ နတ်ဘုရားတို့၊ နောက် ဘယ်သူလာမလဲ”

နတ်မင်းဝူကျီမှာ တွေဝေရှုပ်ထွေးသွားပြီး ကျန်နတ်ဘုရားများလည်း အံ့အားသင့်နေကြသည်။ “ဟားဟားဟား ကောင်းကင်နတ်အရှင်မူက ယိုတုကောင်းကင်နတ်သိုင်းတွေကို လုံးစေ့ပတ်စေ့ တတ်မြောက်ပြီး ယိုတုရဲ့မဟာတာအိုကို လက်ကလေးလှန်သလို အလွယ်တကူ နားလည်တဲ့ ယိုတုသားတော်မှန်း ကြားထားပါတယ်.... ယွဲ့ဝူကျိက ယိုတုကောင်းကင်နတ်သိုင်းနဲ့ မင်းကို ရင်ဆိုင်မှတော့ သေဖို့ပဲ သင့်တာပေါ့”

နတ်မင်းဝူကျီက ယွဲ့ဝူကျိ သေဆုံးရသည့်အကြောင်းရင်းကို ထောက်ပြပြီးနောက် တဟားဟား ရယ်နေသည်။ “ဒီလူက ကောင်းကင်နတ်ဘုံ ရှေးဟောင်းနတ်ဘုရင် ဟွာချင်းရဲ့တပည့်ပဲ... ညီလေးဟွာချင်းရဲ့ ကောင်းကင်နတ်သိုင်းတွေက အတိုင်းအဆမဲ့ပြီး အင်မတန် လက်ဖျားခါလောက်တယ်”

ဟွာချင်းသည် တန်းစီနေရာမှ ထွက်လာကာ ချင်မူ့ကို နှုတ်ဆက်သည်။

ချင်မူက သူ့ကို ကြည့်၍ သူ့အနောက်ရှိ ထူးဆန်းသော အသွင်သဏ္ဌာန်ကို မြင်လျှင် ရယ်လိုက်၏။ “ငါ မင့်ဆရာနဲ့ တွေ့ဖူးတယ်... မင်းဆရာ၊ ရှေးဟောင်းနတ်ဘုရားဘုရင်က လူလုပ်ကောင်းကင်နတ်အရှင်ယွီကို သုံးပြီး ငါ့ကို လာတိုက်ခိုက်ခဲ့တယ.... ဒါပေမဲ့ ငါ့ကြောင့် ပျက်စီးသွားရတာပဲ”

ဟွာချင်း၏အမူအရာ အနည်းငယ်ပြောင်းလဲသွားသော်လည်း သူက မှင်သေသေ ပြန်ချေပသည်။ “အဲ့ဒါက ဆရာ့ရဲ့အသိစိတ်မျှင်တစ်မျှင် ထိန်းချုပ်ထားတဲ့ လက်နက်လေးတစ်လက်ပဲ ... အဲ့ဒီလက်နက်မှာ ငါ့ဆရာရဲ့ အစွမ်းအ‌စတွေ မြူမှုန်‌လောက်ပဲ ပါတယ်... ငါ့ဆရာသာ အောက်ဘုံကို ဆင်းသက်လာပြီး မင်းနဲ့ အဆင့်အတူမှာ တိုက်ခိုက်ရင် မင်းကို အလွယ်လေး သတ်ပစ်နိုင်တယ်”

ချင်မူက ‌ကျယ်လောင်စွာ ရယ်မောပြီး ခေါင်းယမ်းလိုက်သည်။ “သူ့ရဲ့ ကောင်းကင်နတ်အရှင်ယွီရုပ်ခန္ဓာက ငါ့ကြောင့် ပျက်စီးသွားခဲ့တာပဲ မဟုတ်လား... သူ အောက်ဘုံကို ဆင်းလာပြီး ငါနဲ့အတူ အဆင့်တူမှာ တိုက်ခိုက်ရင် ပိုလို့တောင် မြန်မြန်သေဦးမှာပေါ့”

ဟွာချင်းက အေးစက်စက်ရယ်သည်။ “ငါလည်း ကောင်းကင်နတ်အရှင်မူရဲ့ လောကသခင်ခန္ဓာက ဘာတွေများ အဲ့လောက်ကြီးကျယ်နေသလဲ သိချင်မိတယ်.... ကောင်းကင်နတ်အရှင်မူ ၊ မင်းက အခုဘယ်အဆင့်မှာလဲ”

ချင်မူက အတန်ငယ်တွေးကာ ပြောသည်။ “ကောင်းကင်ရတနာအဆင့် ဖြစ်မယ်ထင်တယ်”

ဟွာချင်းထံမှ သတ်ဖြတ်လိုစိတ်တို့ ‌ထွက်ပေါ်လာ၏။ "ကောင်းကင်ရတနာမှာ အဆင့် ၇ ဆင့် ရှိတယ်.... မင်း ဘယ်အဆင့်မှာလဲ... ငါ မင်းကို အနိုင်မကျင့်ပါဘူး... မင်းကို အဆင့်တူမှာ တိုက်ခိုက်သတ်ဖြတ်ပြီး ငါ့ဆရာရဲ့ဂုဏ်သိက္ခာကို ပြန်အဖတ်ဆယ်မယ်”

ချင်မူက ခေါင်းယမ်းလျက် ပြောသည်။ “ငါ့ကောင်းကင်ရတနာမှာ အဆင့်တစ်ဆင့်ပဲ ရှိတယ်.... အဲ့ဒါက ဝိညာဉ်သန္ဓေသားအဆင့်ပဲ... မင်း ဝိညာဉ်သန္ဓေသားအဆင့်အထိ မင်းကိုယ်မင်း ချုပ်ထားလိုက်ရင် ငါ မင်းကို အလွယ်လေး သတ်နိုင်မှာဆိုတော့ တရားမှာမဟုတ်ဘူး... သိုင်းအဆင့်တွေက ငါ့အတွက် အရေးမကြီးပါဘူး.... မင်း ကြိုက်တဲ့အဆင့်ကို ရွေးလိုက်လို့ရတယ်”

ဟွာချင်း၏ မျက်၀န်းထောင့်စွန်းများ တွန့်သွားသည်။ ချင်မူ ယွဲ့ဝူကျိကို တိုက်ခိုက်စဉ်အခါက သူ၏သိုင်းအဆင့်သည် ဝိညာဉ်သန္ဓေသားအဆင့်တွင် မဟုတ်ပေ။ သို့သော် ချင်မူသည် ကောင်းကင်နတ်အရှင်တစ်ယောက်အနေဖြင့် သူ၏သိုင်းအဆင့်ကို လိမ်ညာလိမ့်မည်မဟုတ်။

သူက တောင်ကောင်းကင်မုခ်၀ကို ပိတ်၍ ပြောသည်။ “ငါ မင်းကို ကောင်းကင်တံတား ကောင်းကင်ရတနာအဆင့်နဲ့ တိုက်ခိုက်မယ်။ ဘယ်လိုလဲ”

ချင်မူ ခေါင်းညိတ်၍ ပြောသည်။ “မင်း မခံနိုင်ရင် တောင်ကောင်းကင်မုခ်၀ကို ဖွင့်ပြီး စိတ်တိုင်းကျအသုံးပြုပါ”

“မင်းက ငါ့ကို အထင်‌သေးရဲတယ်ပေါ့” ဟွာချင်းသည် မာန်သွင်းဟိန်းဟောက်၍ ရဲရဲရင့်ရင့် လှုပ်ရှားလိုက်၏။ သူ ကောင်းကင်နတ်သိုင်း ထုတ်ဖော်လိုက်သည့်အချိန်မှာပဲ ဓားအလင်းတန်းတစ်တန်းက လျှပ်စီးလို လျင်မြန်စွာ ရွေ့လျားလာရင်း ပိုင်းဖြတ်လိုက်သည်။

ဟွာချင်းမှာ ချင်မူ၏ဓားချက်ကြောင့် ထိတ်လန့်သွားပြီး မတားနိုင်သလို၊ မရှောင်နိုင်တော့ပေ။ သူက ချက်ချင်းဆိုသလို တောင်ကောင်းကင်မုခ်ဝ ဖွင့်လိုက်သဖြင့် နတ်ဘုရားချီစွမ်းအင် ထကြွလာကာ ကောင်းကင်ထက်မှ သက်ဆင်းလာ၏။ ထိုအခိုက်အတန့်၌ သူ၏နတ်ဘုရားလမ်းစဉ် ကျင့်စဉ်စွမ်းအင်က ထိပ်ဆုံးသို့ ရောက်နေချေပြီ။

ချင်မူ ခင်းကျင်းလိုက်သော ဓားက ကပ်ဘေးဓား၏ တတိယအခန်း - ကပ်ဘေးရင်ဆိုင်ခြင်း ဖြစ်သည်။

ဓားရောင်က ဟွာချင်း၏ ခန္ဓာကိုယ်ကို ထိုးဖောက်၍ ကောင်းကင်တံတားအား ဖြိုချကာ ကောင်းကင်တံတား ကောင်းကင်ရတနာလည်း ပျက်စီးသွားစေသည်။ ဓားရောင်သည် ဖြောင့်မတ်စွာ ပိုင်းချရင်း သူ၏ကြယ်တာရာကောင်းကင်ကို ခွဲခြမ်း၍ ကောင်းကင်နတ်အသွင်၊ ဓာတ်ကြီးငါးပါး၊ အရပ်ခြောက်မျက်နှာနှင့် သေခြင်းရှင်ခြင်းကောင်းကင်ရတနာများအား ဖျက်စီးသွား၏။

နောက်တစ်ခဏတွင် သေခြင်းရှင်ခြင်းကောင်းကင်ရတနာကို ဖျက်စီးပြီးနောက် ဓားရောင်က ဟွာချင်း၏ ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာဆီသို့လည်း ဝိုက်ဖြတ်လိုက်သည်။

ဤအချိန်တွင် ဟွာချင်း၏ ‌တောင်ကောင်းကင်မုခ်ဝ ပွင့်သွားသဖြင့် ကောင်းကင်ထက်မှ နတ်ဘုရားချီစွမ်းအင် ဆင်းသက်လာ၏။ သို့‌သော် ထိုအခိုက်အတန့်မှာပင် နတ်ဘုရားချီစွမ်းအင်မှာ အထိန်းအကွပ်မဲ့စွာ လည်ပတ်သွား၍ မငြိမ်မသက် ဖြစ်လာတော့သည်။

ချင်မူ ဓားပြန်ရုတ်လိုက်သည့်အခါ ဓားရောင်သည် ဓားစက်လုံးအသွင် ပြောင်း၍ သူ၏လက်ချောင်းထိပ်များကို လှည့်ပတ်နေ၏။

ဘန်း

ဟွာချင်း ပေါက်ကွဲသွားပြီး ကြောက်မက်ဖွယ်ရာ နတ်ဘုရားချီစွမ်းအင် လှိုင်းဂယက်များက ပလ္လင်ခန်းမအား အမိုးပွင့်ထွက်သွားစေသည်။

ချင်မူက ဓားစက်လုံးကို အသာအယာ ဆုပ်ကိုင်၍ ထီးတစ်လက်အသွင် ပြောင်းလဲလိုက်ရင်း ပြုတ်ကျလာနေသည့် အပျက်အစီးဆီမှ သူ့ကိုယ်သူ ကာကွယ်လိုက်သည်။ သူသည် ရယ်မောရင်း ပြောနေ၏။ “နတ်မင်း၊ နောက်တစ်ယောက်နဲ့ မိတ်ဆက်ပေးပါဦး”

နတ်မင်းဝူကျိ စကားမပြောနိုင်ခင် နတ်ဘုရားတစ်ပါးက ဖရိုဖရဲအခြေအနေကို အခွင့်ကောင်းယူ၍ တိုက်ခိုက်သည်။ သူက နတ်အင်အားတို့ဖြင့် ချင်မူ့ဆီ ပြေးတက်လာသည်။

ဤအချိန်တွင် ပေါင်သုံးရာလောက် လေးမည့်ပုံရသော အစေခံဝတုတ်မလေးသည် အံ့အားသင့်ဖွယ်ရာ ကြီးထွားလာပြီး နဂါးစာကလေးတစ်ကောင် ဖြစ်လာ၏။ သူမက ခြေသည်းများ မြှောက်၍ ပြေးလာသော နတ်ဘုရားအပေါ် ဖိလိုက်သည်။

နဂါးစာကလေးက နှုတ်သီးဖွင့်ပြီး အသက်ပြင်းပြင်း ရှိုက်သွင်းလိုက်သည်။ ပလ္လင်ခန်းမအတွင်းရှိ မိုး၊ လေများ ယမ်းခါသွားပြီး နတ်မင်းဝူကျိ၏ လက်အောက်ရှိ နတ်ဘုရားများမှာ ဟန်ချက်မထိန်းနိုင်တော့ဘဲ သူမဆီသို့ လိမ့်ထွက်ကုန်တော့သည်။

ဤနတ်ဘုရားများသည် ရုန်းထွက်ရန် နည်းပေါင်းစုံ ကြိုးစားနေကြ၏။ နောက်တခဏတွင် နဂါးစာကလေးက ပလ္လင်ခန်းမအတွင်းရှိ လေအားလုံး အကုန်အစင် စုပ်ယူလိုက်သကဲ့သို့ နတ်ဘုရားများမှာ သူမနှုတ်သီးဆီ လွင့်ထွက်သွားတော့သည်။

နဂါးစာကလေးက ခြေသည်းမြှောက်ရင်း ဖိထားသော နတ်ဘုရားကိုလည်း ဆွဲခေါ်လာသည်။ ထို့နောက် သူ့ကို နှုတ်သီးထဲ ပို့ပြီး အကောင်လိုက် မြိုချလိုက်၏။

နဂါးစာကလေးသည် အရိုင်းစိတ်ဝင်လာကာ နတ်မင်းဝူကျိဆီသို့ စူးစူးရဲရဲ လှမ်းကြည့်သည်။ နတ်မင်းဝူကျိ အံ့အားသင့်နေစဉ် ကောင်းကင်နှင့်မြေပြင်ကို ပိုင်းဖြတ်နိုင်ဟန်တူသည့် ခြေသည်းများက သူ့ကို အပေါ်မှ ဖိချလိုက်သည်။

“မမကြီးယန်အာ၊ ကျွန်တော်တို့က ဒီမှာ ဧည့်သည်တွေနော်”

ချင်မူ့အသံကို ကြားလျှင် နဂါးစာကလေးက ခြေပြန်ရုတ်ပြီး ပေါင်သုံးရာရှိသည့် အစေခံဝတုတ်မလေးအသွင် ပြန်ပြောင်းလျက် သူ့အနောက်၌ လိမ်လိမ်မာမာ ရပ်နေသည်။

All Chapters