← Chapters

အတုကို အစစ်ဟု ထင်မှတ်သည့်အခါ အစစ်က အတု ဖြစ်လာသည်

Vol. 69 Ch. 904

အတုကို အစစ်ဟု ထင်မှတ်သည့်အခါ အစစ်က အတု ဖြစ်လာသည်

Vol. 69 Ch. 904

ယန်ရှောင်ချင်းမှာ ပတ်၀န်းကျင်ကို ကြည့်ရှုပြီးနောက် ထိတ်လန့်သွားသည်။ သူ့ဆီမှ မလှမ်းမကမ်းတွင် ထောင်စောင့်များသည် နတ်ဘုရား၊ မိစ္ဆာတို့၏ သွေးဇလုံကြီးကို သယ်ဆောင်၍ သစ်သားဇလုံကြီးဖြင့် အစားထိုးနေကြ၏။

သူ့ဘေးတွင် မိစ္ဆာကောင်များက သွေးမြစ်ထဲမှ ထွက်လာပြီး အကျဉ်းသမားတို့၏ ခန္ဓာကိုယ်‌တွင် တိတ်ဆိတ်စွာ တွယ်ကပ်ကာ သွေးစုပ်နေကြသည်။

ယန်ရှောင်ချင်း အကြည့်ပြန်ရုတ်လိုက်သည်။ ချင်မူက သူ့ဘေးတွင် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံနှင့် ဧကရာဇ်ယန်ဖုန်းဆီသို့ စကားပြောနေ၏။ မည်သည့်အရာမှ မဖြစ်ပျက်ခဲ့သည့်အလား သူ့မျက်နှာတွင် အပြုံးပန်းများ ဝေဆာနေလေသည်။

နဂါးချီလင်က ချင်မူ့ခြေထောက်အနားတွင် လှဲလျက် နှစ်ခြိုက်စွာ အိပ်မောကျနေသည်။ သူ၏ခေါင်းပေါ်တွင် ၀၀ကစ်ကစ် အစိမ်းရောင်စာကလေးတစ်ကောင်က အမွှေးများကို ပျင်းရိပျင်းတွဲ သပ်နေ၏။

ယန်ရှောင်ချင်းသည် မျက်လုံးများ မှေးစင်းကာ အေးတိအေးစက် ပြောလိုက်၏။ “ကောင်းကင်နတ်အရှင် လည်ပတ်ချိန်ပြည့်ပြီ... ပြန်သင့်ပြီ”

ချင်မူက ပြောသည်။ “အရှင်မင်းကြီး ... ညီလေး ... အခုတော့ ဒီမှာ အေးအေးဆေးဆေး နေလိုက်ပါဦး... နောင်ကျ ထွက်နိုင်မယ့်အချိန် ရောက်လာတော့မှာပါ... အခုတော့ နှုတ်ဆက်ပါတယ်... “

“ဂရုစိုက်” ဧကရာဇ်ယန်ဖုန်းနှင့် ဧကရာဇ်အတိုင်ပင်ခံ နှုတ်ဆက်စကား ပြန်ပြောကြသည်။

ချင်မူက ပြန်လည်နှုတ်ဆက်၏။ ယန်ရှောင်ချင်းမှာ ချင်မူ မလှည့်စားနိုင်အောင် သူ့နောက်မှ တောက်လျှောက်လ လိုက်လာပြီး အသေးစိတ်စောင့်ကြည့်နေသည်။

အကျဉ်းထောင်၏အပြင်တွင် ယန်ရှောင်ချင်းသည် သစ်သားတံခါး‌အပေါ်ရှိ သင်္ကေတ၊ အမှတ်အသားများကို နောက်တဖန် စစ်ဆေးကြည့်ရှုပြန်၏။ ဤတစ်ကြိမ်တွင် ပို၍အသေးစိတ်ကြည့်သော်လည်း ‌ထူးထူးဆန်းဆန်း မည်သည့်အရာမှ မမြင်ရပေ။

သူက ချင်မူ့ကို မြို့အပြင်သို့ လိုက်ပို့ရန် ဂရုမစိုက်အားဘဲ ချက်ချင်းဆိုသလို သူ၏မှတ်တမ်းစာအုပ်ကို စစ်ဆေးရန် တရားစီရင်ရာပလ္လင်ခန်းမဆီသို့ ကပျာကယာ ပျံသန်းသွား၏။ ထို့နောက် စာအုပ်ထဲတွင် သူ့လက်ရေးများကို ရှာတွေ့သည့်အခါမှ သက်ပြင်းချနိုင်လိုက်ပြီး ချင်မူ့ကို မြို့အပြင်သို့ လိုက်ပို့လေသည်။

မြို့အပြင်တွင် ချင်မူက သူ့ဘက်သို့ လှည့်၍ ပြုံးပြုသည်။ “လက်ဝဲယံ လက်ထောက်၀န်မင်း ကျွန်တော့်ကို လိုက်မပို့လို့ ရပါပြီ”

ယန်ရှောင်ချင်း ဦးညွှတ်၍ အရိုအသေပေးကာ ပြောလိုက်သည်။ “နှုတ်ဆက်ပါတယ် ကောင်းကင်နတ်အရှင်”

ယန်ရှောင်ချင်းမှာ မှင်သက်သွားသည်။ သူ ယခုပြောလိုက်သည့် စကားများက ပထမအကြိမ် ချင်မူ၏ အသိစိတ်အလျင်ကောင်းကင်နတ်သိုင်းဖြင့် လှည့်စားခံခဲ့တုန်းက ပြောခဲ့သည်နှင့် အတူတူဖြစ်သည်။

‌ယန်ရှောင်ချင်း ချွေးပြန်လာပြီး သူ၏အသိစိတ်အလျဉ်ကောင်းကင်နတ်သိုင်း ထွက်ပေါ်လာ၏။ “ကျိုးဖျက်စမ်း”

ကမ္ဘာလောကကြီးမှာ အရောင်မဲ့သွားပြန်ပြီး အဖြူနှင့်အမည်းပြောင်းသွား၏။ တကယ့်ကမ္ဘာသို့ ပြန်ရောက်လာသည့်အခါ ယန်ရှောင်ချင်းမျက်လုံးများ ပြူးကျယ်သွားပြီး ‌ပတ်၀န်းကျင်ကို ကြည့်ရှုရင်း ချွေးသီးချွေးပေါက်များ ကျလာ၏။

သူက မဟာအကျဉ်းထောင်ထဲတွင် မတ်တပ်ရပ်လျက် ရှိနေပြီး သူ့ဆီမှ မလှမ်းမကမ်းတွင် အစောင့်များက သွေးဇလုံများကို လဲလှယ်နေကြသည်။ မိစ္ဆာကောင်များက သွေးမြစ်ထဲ၌ မွေးဖွားလာပြီး အကျဉ်းခန်းများအထဲသို့ တိတ်တဆိတ် ၀င်ရောက်ကာ အကျဉ်းသားတို့၏ခန္ဓာကိုယ်အပေါ် တွယ်ကပ်လျက် သွေးစုပ်နေကြ၏။

နဂါးချီလင်က အိပ်မြဲအိပ်နေ၏။ ယန်အာက အမွှေးအတောင်များ သပ်မြဲသပ်နေပြီး ချင်မူကလည်း ဧကရာဇ်ယန်ဖုန်းနှင့် ဧကရာဇ်အတိုင်ပင်ခံဆီသို့ စကားပြောနေဆဲဖြစ်သည်။

ယန်ရှောင်ချင်း၏နဖူး၌ ချွေးသီးချွေးပေါက်ကြီးများ တွဲခိုနေ၏။ သူက အက်ကွဲကွဲ ပြောလိုက်သည်။ “ကျန်းပိုင်ကွေ့၊ မင်း ငါ့ကို ပေးခဲ့တဲ့ မူလဝိညာဉ်သုံးသွယ် ထာ၀ရနတ်ဘုရားအသိစိတ်အလျဉ်မှာ ဟာကွက်တွေ ရှိနေတာလား”

အကျဉ်းခန်းထဲရှိ ဧကရာဇ်အတိုင်ပင်ခံက ခေါင်းလှည့်ကြည့်သည်။ သူ့အကြည့်က ခံစားချက်မဲ့နေပြီး ငေးကြောင်နေဟန်တူ၏။ သူသည် အသက်၀င်နေသော ဖုတ်ကောင်ကဲ့သို့၊ ထိန်းချုပ်ခံထားရသော ရုပ်သေးရုပ်ကဲ့သို့ နှုတ်ခမ်းလှုပ်ကာ စကားပြော၏။ ‌”ကောင်းကင်နတ်ဘုံရဲ့ ကောင်းကင်နတ်သိုင်းတွေက အိုမင်းပြီး ခေတ်‌နောက်ကျနေပြီ... ဟာကွက်တွေက မူလ၀ိညာဉ်သုံးသွယ် ထာ၀ရနတ်ဘုရားအသိစိတ်အလျဉ်ကနေ မဟုတ်ဘူး... လက်ဝဲယံ လက်‌ထောက်၀န်မင်းဆီကနေ လာတယ်... ခင်ဗျား ‌မွေးဖွားလာတာ စောလွန်းတယ်... ဒီနေ့ရဲ့ ရှုထောင့်ကနေကြည့်ရင် ခင်ဗျား အတိတ်တုန်းက လေ့လာခဲ့တဲ့ လမ်းစဉ်တွေ၊ ကျင့်စဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေက မမှန်ကန်တော့ဘူး... ဥပမာ ကောင်းကင်ရတနာတွေပေါ့”

တစ်ဖက်အကျဉ်းခန်းထဲရှိ ဧကရာဇ်ယန်ဖုန်းက ခေါင်းလှည့်လာသည်။ သူသည်လည်း ဗလာကျင်း၍ ငေးကြောင်နေသော မျက်လုံးများရှိပြီး သူ့ပါးစပ်က ရုပ်သေးရုပ်သဖွယ် ပိတ်လိုက်ဖွင့်လိုက်ဖြင့် စကားပြောနေ၏။ “မင်း အတိတ်တုန်းက ကျင့်ကြံ‌ခဲ့တဲ့ ကောင်းကင်ရတနာတွေက ဝိညာဉ်သန္ဓေသား၊ ဓာတ်ကြီးငါးပါး၊ အရပ်ခြောက်မျက်နှာ၊ ခုနစ်စဉ်ကြယ်၊ ကောင်းကင်နတ်အသွင်၊ သေခြင်းရှင်ခြင်းနဲ့ ကောင်းကင်တံတား ကောင်းကင်ရတနာတို့ပဲ... ဒါပေမဲ့ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာက ပြုပြုင်ပြောင်းလဲမှုရဲ့ ကောင်းကင်ရတနာတွေက မတူတော့ဘူး... မင်းက နတ်ကောင်းကင်ခန်းမအထိလည်း ကျင့်ကြံပြီးသွားပြီ...

“မင်းရဲ့သိုင်းဆင့်က ပြောင်းလဲလို့ မရတော့တဲ့အတွက် မင်းရဲ့ကောင်းကင်ရတနာ‌အခြေခံကိုလည်း မပြောင်းလဲနိုင်တော့ဘူး.... ဒါ့ကြောင့် မင်းရဲ့ ကျင့်စဉ်မှာ ဟာကွက်တွေက ရှိလာတာပဲ”

ဧကရာဇ်အတိုင်ပင်ခံက ခံစားချက်မဲ့စွာ ပြောသည်။ “ဒါက ကောင်းကင်တံတားကနေတစ်ဆင့် ကျင့်ကြံထားတဲ့ ချိဧကရာဇ်ရဲ့ မူလဝိညာဉ်သုံးသွယ် ထာ၀ရနတ်ဘုရားအသိစိတ်အလျဉ်ကြောင့်လည်း ပါတယ်... ထာ၀ရငြိမ်းချမ်းရေးအင်ပါယာရဲ့ ယနေ့ခေတ်ကျင့်စဉ်နဲ့ ယှဉ်လိုက်ရင် အဲ့ဒီကျင့်စဉ်မှာ ဟာကွက်အများကြီးပါတယ်”

ဧကရာဇ်ယန်ဖုန်းက ရိုးသားဖြူစင်သော အပြုံးဖြင့် ပြုံးလိုက်၏။ “ဧကရာဇ်အတိုင်ပင်ခံ မင်းကို ပေးခဲ့တဲ့ မူလဝိညာဉ်သုံးသွယ် ထာ၀ရနတ်ဘုရားအသိစိတ်အလျဉ်မှာ ဟာကွက်တွေမပါဘူး... ဒါပေမဲ့ သူ ပေးခဲ့တဲ့ ထာ၀ရနတ်ဘုရားအသိစိတ်အလျဉ်က ချိဧကရာဇ်ရဲ့ ထာ၀ရနတ်ဘုရားအသိစိတ်အလျဉ်ပဲ... ကောင်းကင်နတ်မြစ် ကောင်းကင်ရတနာရဲ့ ထာ၀ရနတ်ဘုရားအသိစိတ်အလျဉ် မဟုတ်ဘူး...

“အခြေမခိုင်တဲ့အခါ မြေငလျင်လှုပ်ခတ်ပြီး တောင်တန်းတွေလည်း တုန်ခါတတ်တယ်... ငါက မင်းကျင့်စဉ်‌ထဲက ဟာကွက်တွေကနေ စမယ်...

“ကျင့်စဉ်ထဲမှာ ဟာကွက်တွေရှိရင် ကောင်းကင်နတ်သိုင်းမှာလည်း ဟာကွက်တွေ ပြည့်လာတယ်... “

“ငါ့ ကောင်းကင်နတ်သိုင်းကို ချိုးဖက်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းက ကောင်းကင်တံတား ကောင်းကင်ရတနာကို ဖျက်ဆီးပြီး ကောင်းကင်နတ်မြစ် ကောင်းကင်ရတနာကို ဖွင့်လှစ်ဖို့ပဲ ရှိတယ်”

….

အကျဉ်းထောင်အတွင်းရှိ ဧကရာဇ်အတိုင်ပင်ခံနှင့် ဧကရာဇ်ယန်ဖုန်းက ရုပ်သေးရုပ်များသဖွယ် စကားပြောရင်း ရှင်းပြနေသည်။

ယန်ရှောင်ချင်းက ရန်လိုခက်ထန်စွာ အော်ဟစ်ရင်း အသိစိတ်အလျဉ်ကို ဖြန့်ကျက်လိုက်သည်။ “ငါ့သိုင်းအခြေခံကို ဖျက်စီးရမယ်ဟုတ်လား... ငါက ဧကရာဇ်ပလ္လင်အဆင့်နဲ့ ခြေတစ်လှမ်းပဲ ဝေးတော့တဲ့ နတ်ကောင်းကင်ခန်းမအဆင့်ကွ... ငါ့ကျင့်စဉ်စွမ်းအင်က မင်းတို့ထက် အဆပေါင်းများစွာ အင်အားကြီးမားတယ်... ကျင့်စဉ်စွမ်းအင်တစ်ခုတည်းနဲ့တင် မင်းတို့ကောင်းကင်နတ်သိုင်းမှန်သမျှ ဖျက်စီးပစ်နိုင်တယ်... မင်းတို့ကောင်းကင်နတ်သိုင်းတွေ ဘယ်လောက် ကြောက်စရာကောင်းနေပါစေ၊ ငါ့ကို ချုပ်မထားနိုင်ဘူး”

“ကျိုးပျက်စမ်း”

ဘုန်း

ပြင်းထန်သော တုန်ခါလှိုင်းများ ဖြာထွက်လာပြီး ကမ္ဘာ၏ အရောင်များ ပျောက်ကွယ်သွားပြန်သည်။

ယန်ရှောင်ချင်းမှာ ရေထဲမှ ဆွဲထုတ်ခံထားရသကဲ့သို့ တစ်ကိုယ်လုံး ချွေးများ ရွှဲနစ်နေသည်။ သူက ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံနှင့် ဧကရာဇ်ယန်ဖုန်း ရှိနေသော အကျဉ်းခန်းနှစ်ခန်း၏အရှေ့တွင် မတ်တပ်ရပ်နေဆဲ ဖြစ်၏။ နဂါးချီလင်က အိပ်ပျော်နေပြီး ချင်မူက ဧကရာဇ်အတိုင်ပင်ခံနှင့် ဧကရာဇ်ယန်ဖုန်းကို စကားပြောနေသည်။ ဤအခိုက်အတန့်တွင် အချိန်က နောက်ပြန်စီးဆင်းသွားခဲ့ကာ မပြောင်းလဲသယောင် ထင်ရသည်။

“ကျိုးပျက်စမ်း”

ယန်ရှောင်ချင်းသည် အသိစိတ်အလျဉ်ကောင်းကင်နတ်သိုင်းကို အလျင်အမြန် ထုတ်ဖော်၍ ဒေါသတကြီး အော်ဟစ်လိုက်၏။ “ဘယ်သူ့ကောင်းကင်နတ်သိုင်းက ပိုမြန်မလဲ ကြည့်ကြတာပေါ့”

သူက အရူးတစ်ယောက်လို ကောင်းကင်နတ်သိုင်းကို သဲကြီးမဲကြီး ထုတ်လွှတ်နေပြီး ကမ္ဘာ၏ အရောင်မှာ ထပ်ခါတလဲလဲ ပျောက်ကွယ်နေသည်။ အကြိမ်တိုင်း ၊ ကမ္ဘာအသစ် အပြည့်အဝ ဖွဲ့တည်မလာနိုင်ခင် အသိစိတ်အလျဉ်လှိုင်းဂယက်များက ဖြိုခွဲပစ်သည်။ ထိုအခါမျိုးတွင် နေရာဟင်းလင်းပြင်မှာ ဖရိုဖရဲဖြစ်သွားပြီး အက်ကွဲကြောင်းများသည် ကသောင်းကနင်း ကမ္ဘာထဲ၌ ဆထက်တိုး များပြားလာ၏။

အဆုံးသတ်၌ ယန်ရှောင်ချင်းက ကောင်းကင်နတ်သိုင်းတစ်ထောင်ကို လျှပ်တပြက် ထုတ်လွှတ်လိုက်သည်။ သူသည် ဤကမ္ဘာ၏ အကန့်အသတ်အား ကျော်လွန်သွားသဖြင့် ကမ္ဘာတစ်ခုလုံး ပြိုကျလာတော့သည်။

ယန်ရှောင်ချင်းမှာ မောဟိုက်ပင်ပန်းစွာ အသက်ရှူရင်း ပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်သည်။

ထိတ်လန့်ကြောက်ရွံ့နေသည့် အမူအရာဖြင့် အကျဉ်းခန်းများအရှေ့၌ ရပ်နေသော ချင်မူ့ကို သူ လှမ်းမြင်လိုက်ရ၏။ မရေမတွက်နိုင်သော မိစ္ဆာတီကောင်များ၊ မိစ္ဆာကျွတ်၊ မျှော့များနှင့် ထောင်စောင့်များမှာ ယန်ရှောင်ချင်း၏ ကောင်းကင်နတ်သိုင်းလှိုင်းဂယက်များကြောင့် လွင့်ထွက်ထားကြလေသည်။

ချင်မူ့ခြေထောက်နားရှိ နဂါးချီလင်မှာလည်း သူ၏ကောင်းကင်နတ်သိုင်းလှိုင်းဂယက်များကြောင့် လွင့်ထွက်သွား၍ သတိလစ်နေသည်။ ဝဝကစ်ကစ် အစိမ်းရောင်စာကလေးသာ နိုးနေ၏။

ယန်ရှောင်ချင်းက ချင်မူ့ကို လှမ်းဆွဲ၍ ဒေါသတကြီး အော်ဟစ်သည်။ “မင်းက ကောင်းကင်နတ်အရှင်မလို့ ငါ မင်းကို မသတ်ဘူး.... ဒီနေရာကနေ အခုချက်ချင်း ထွက်သွားလိုက်တော့”

သူ၏ချီစွမ်းအင်သည်ကို ကောက်ချီ၍ အပြင်သို့ ဆွဲခေါ်လာ၏။ အစိမ်း‌‌ရောင်စာကလေးက တောင်ပံတဖျပ်ဖျပ် ခတ်၍ သူ့နောက်မှ လိုက်လာကာ အော်ဟစ်နေသည်။ “သခင်လေးကို ချလိုက်.... မဟုတ်လို့ကတော့ ငါ့ကို အဆိုးမဆိုနဲ့”

ယန်ရှောင်ချင်းက သူမကို အဖက်မလုပ်ဘဲ ချင်မူ့အား အကျဉ်းထောင်နှင့် အရိုးဖြူမြို့အပြင်သို့ ခေါ်လာသည်။ အပြင်ရောက်မှ သူက ချင်မူ့ကို ချကာ အေးစက်စက် ပြောသည်။ “ကောင်းကင်နတ်အရှင်မူ၊ နှုတ်ဆက်တယ်... ထပ်မဆုံကြစို့”

ချင်မူက ရယ်လိုက်သည်။ “ဒီတိုင်းလေး နောက်တာတောင် ခင်ဗျား လက်မခံနိုင်ဘူး... ကောင်းကင်နတ်မင်းတျန်းရှုကို တော်ဝင်မုခ်ဝနတ်ဓားမထဲမှာ နှစ်သန်းပေါင်းများစွာ ပိတ်လှောင်ထားခဲ့တာကို မေ့သွားတာလား... ကျွန်တော်လည်း အဲဒီမှာ အကြာကြီး ပိတ်မိဖူးပေမယ့် စိတ်ဆိုးလို့လား”

ယန်ရှောင်ချင်း မျက်နှာပျက်သွားပြီး အကျဉ်းထောင်ဆီသို့ ပြန်ဝင်၍ တရားစီရင်ရာပလ္လင်ခန်းမဆီ ရောက်သည့်အခါ ချင်မူ လာရောက်လည်ပတ်သည့်အကြောင်းရင်းကို အသေးစိတ် ချရေးသည်။

သူက သက်ပြင်းချလိုက်၏။ ရုတ်တရက် ရင်ထဲ ခိုးလုခုလု ဖြစ်လာသဖြင့် အကျဉ်းထောင်၏ သစ်သားတံခါးဆီ ပြေးသွားသည်။ ‘ငါ တကယ်ပဲ သူ့ရဲ့ ထာဝရနတ်ဘုရားအသိစိတ်အလျဉ်ကနေ လွတ်မြောက်လာတာလား... အမှား ရှိမရှိ စစ်ဆေးဦးမှ’

သူ အကျဉ်းထောင်အောက်သို့ ရောက်သည့်အခါ တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ ထောင်စောင့်တချို့သည့် နတ်ဘုရားမိစ္ဆာသွေးများ ပြည့်နေသည့် ဇလုံများကို သယ်ဆောင်ရင်း အသစ်လဲနေကြ၏။ ဘေးရှိ သွေးမြစ်ထဲ၌ မိစ္ဆာကောင်များ မွေးဖွားလာပြီး အကျဉ်းခန်းများထဲ ဝင်ရောက်ကာ သွေးစုပ်နေကြသည်။

ယန်ရှောင်ချင်း တစ်ကိုယ်လုံး အေးစက်သွားပြီး လေးပင်နေသော ခြေလှမ်းများကို သယ်၍ ခက်ခက်ခဲခဲ ရှေ့လျှောက်သွား၏။ နဂါးချီလင်က ဧကရာဇ်အတိုင်ပင်ခံနှင့် ဧကရာဇ်ယန်ဖုန်း၏ အကျဉ်းခန်းအရှေ့တွင် အိပ်နေပြီး နဂါးချီလင်၏ ခေါင်းပေါ်တွင် အမွှေးအတောင်သပ်ရင်း ပျင်းနေ‌သော အစိမ်းရောင်စာကလေးတစ်ကောင် ရှိနေသည်။

ချင်မူက အကျဉ်းခန်းနှစ်ခန်းအရှေ့၌ ရပ်လျက် ဧကရာဇ်အတိုင်ပင်ခံနှင့် ဧကရာဇ်ယန်ဖုန်းဆီသို့ စကားပြောနေသည်။

ယန်ရှောင်ချင်းမှာ ခေါင်းယမ်းလိုက်ပြီး ခြေလက်များ နုန်းခွေလာသလို ခံစားလိုက်ရသည်။ သူက အကျဉ်းခန်းကို မှီလိုက်ရ၏။

“ဒီမှာ ဘာတွေ ဖြစ်နေတာလဲ”

သူ့မှာ အသက်မရှူနိုင်တော့ဘဲ ဒူးထောက်လျက်သား ကျသွားပြီး တိုးညှင်းစွာ ရေရွတ်နေသည်။ “မင်းက ဘာလို့ ဒီမှာ ရှိနေသေးတာလဲ... ငါ့သိုင်းအဆင့်က မင့်ထက် အများကြီး သာပါတယ်.... ငါ ဘာလို့ မင်းရဲ့ ကောင်းကင်နတ်သိုင်းကနေ ရုန်းမထွက်နိုင်တာလဲ”

သူ့ဘေးရှိ အကျဉ်းခန်းထဲတွင် ချုပ်နှောင်ခံထားရသော မိစ္ဆာနတ်ဘုရားက ရုတ်တရက် ငေးကြောင်နေသော မျက်လုံးများကို ဖွင့်၍ တစ်စုံတစ်ယောက် ထိန်းချုပ်ထားသည့် ရုပ်‌သေးရုပ်အသွင် ရှိနေသည်။ သူ့ပါးစပ်က ဖွင့်လိုက်ပိတ်လိုက်ဖြင့် ပြောသည်။ “မင်းရဲ့ အခြေခံက မမှန်ကန်လို့... ထာဝရငြိမ်းချမ်းရေးအင်ပါယာ အကြီးမားဆုံး ပြုပြင်ပြောင်းလဲနိုင်ခဲ့တာက အခြေခံပဲ... သင်္ကေတအမှတ်အသားတွေ၊ ကောင်းကင်နတ်သိုင်းတွေနဲ့ ကျင့်စဉ်တွေမှာ မင်းရဲ့အခြေခံက မှားယွင်းနေတယ်... မင်း ဒီအသိစိတ်အလျဉ်ကောင်းကင်နတ်သိုင်းကနေ ရုန်းထွက်ချင်ရင် မင်းရဲ့ သိုင်းအခြေခံကို ဖျက်စီးရမယ်”

ယန်ရှောင်ချင်းသည် အမျက်တချောင်းချောင်း ထွက်သွားပြီး မိစ္ဆာနတ်ဘုရားဆီ လှမ်း၍ အစိတ်စိတ်အမြွှာမြွှာ ဆွဲဖြဲပစ်လိုက်၏။

သူ့အရှေ့ရှိ အကျဉ်းခန်းထဲတွင် အကျဉ်းကျနေသည့် မိစ္ဆာနတ်ဘုရားတစ်ပါးက ရုတ်တရက် မျက်လုံးဖွင့်ကာ ငေးငေးကြောင်ကြောင် ပြောသည်။ “ယန်ရှောင်ချင်း၊ ငါ တော်ဝင်မုခ်ဝနတ်ဓားမထဲမှာ နှစ်ပေါင်းများစွာ ပိတ်မိနေခဲ့တယ်... မင်း ပိတ်မိနေတာ ရက်ပိုင်းပဲ ရှိသေးတယ်.... သည်းမခံနိုင်တော့ဘူးလား”

ယန်ရှောင်ချင်းက ‌ဒေါသမထိန်းနိုင်တော့ဘဲ နတ်ဘုရားကို သတ်လိုက်သည်။

သူ့ဘေးမှ ဖြတ်သွားသော ထောင်စောင့်က ရုတ်တရက် ရပ်၍ ခေါင်းမော့ကာ အေးစက်စက် ပြောသည်။ “ယန်ရှောင်ချင်း၊ ငါ့ကောင်းကင်နတ်သိုင်းက ထာဝရနတ်ဘုရားအသိစိတ်အလျဉ်တင် မဟုတ်ဘူး... အနန္တကပ်ဘေးသုတ္တန်လည်း ပါတယ်... အရာအားလုံးက ငါ့အသိစိတ်အလျဉ် ဖန်ဆင်းထားတဲ့ ပုံရိပ်ယောင်တစ်ခုလို့ မင်း ထင်နေတာ အကြီးကြီးမှားတာပဲ”

ယန်ရှောင်ချင်းသည် ထောင်စောင့်ကို တစစီ စုတ်ဖြဲပြီး ချင်မူ့ဆီ ပြေးတက်သွား၏။

ထောင်စောင့်နောက်တစ်ယောက်က ထူးဆန်းသောအမူအရာတစ်ခုဖြင့် သူ့ကို စိုက်ကြည့်နေသည်။ “ယန်‌ရှောင်ချင်း၊ ငါ မင်းရဲ့သိုင်းအခြေခံမှာ အားနည်းချက်တစ်ခု တွေ့ခဲ့လို့ အနန္တကပ်ဘေးသုတ္တန်ကို မင်းခန္ဓာကိုယ်ထဲမှာ ထည့်ထားခဲ့ပြီ.... မင်းအတွက် ချိုးဖျက်ဖို့က အလွယ်လေးပါ... ကောင်းကင်တံတားကို ဖျက်စီးလိုက်ရုံပဲ”

ယန်ရှောင်ချင်း၏မျက်နှာ မည်းမှောင်သွားသည်။ သူက ထောင်စောင့်ကို ပြားကပ်သွားအောင် ရိုက်ချလိုက်၏။

ချင်မူက ခေါင်းမော့လာပြီး ခံစားချက်မဲ့စွာ ပြောသည်။ “မင်း အခု လုပ်နေတာက အသုံးမဝင်ဘူး”

ယန်ရှောင်ချင်းမှာ ချင်မူ့ကို အစိတ်စိတ်အမြွှာမြွှာ စုတ်ဖြဲလိုက်၍ ကမ္ဘာက အဖြူအမည်း ပြန်ဖြစ်သွားသည်။ သို့သော် တူညီသော မြင်ကွင်း ပြန်ပေါ်လာကာ မည်သည့်အရာမှ မပြောင်းလဲသွားသယောင် ထင်ရ၏။

ယန်ရှောင်ချင်း စိတ်ဓာတ်ကျလာသည်။ သူက ကြမ်းပြင်ပေါ်တွင် ထိုင်ချရင်း တိုးညှင်းစွာ ရေရွတ်နေသည်။ "ဒါကို ဖြေရှင်းနိုင်မယ့် နည်းလမ်း ရှိရမယ်... ကောင်းကင်တံတား ကောင်းကင်ရတနာကို မဖျက်စီးဘဲ ဖြေရှင်းနိုင်မယ့် နည်းလမ်း"

သူက မျက်လုံးပိတ်၍ ဦးနှောက်ကို အလုပ်ပေးနေသည်။

ရက်ပေါင်းများစွာ ကုန်ဆုံးသွားပြီးနောက် ယန်ရှောင်ချင်း၏ ဆံပင်များပင် ဖြူလာသည်။ သို့သော် သူ အဖြေရှာမတွေ့သေးပေ။

ရုတ်တရက် ထောင်စောင့်တစ်ယောက်က အပြင်မှ လှမ်းအော်သည်။ "တရားသူကြီးယန်၊ မင်တုက သံတမန် ရောက်လာတယ်"

ယန်ရှောင်ချင်း မှင်သက်သွားသော်လည်း ဝမ်းသာပျော်ရွှင်သွားပြီး အားပါးတရ ရယ်လိုက်သည်။ "ငါ သိပြီ.. ငါ မင်းရဲ့ ကောင်းကင်နတ်သိုင်းကို မဖြေရှင်းနိုင်ပေမယ့် အပြင်အင်အားတစ်ရပ်နဲ့ တွေ့ရင် မင်းရဲ့ ကောင်းကင်နတ်သိုင်းက အလိုလိုပြိုကွဲသွားမှာပဲ... ကောင်းကင်နတ်အရှင်မူ၊ မင်းအနေနဲ့ မင်းရဲ့ ကောင်းကင်နတ်သိုင်းကို ထိန်းချုပ်နိုင်ရင် ထိန်းချုပ်နိုင်လိမ့်မယ်... ဒါပေမဲ့ အပြင်က တစ်ယောက်ယောက် ရောက်လာရင် မင်းရဲ့ ကောင်းကင်နတ်သိုင်းမှာ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာပြီး လူအရေအတွက် များလာတာနဲ့အမျှ မင်းရဲ့ကောင်းကင်နတ်သိုင်းရဲ့ အားနည်းချက်လည်း များလာလိမ့်မယ်"

သူက ချင်မူ့ဆီသို့ ကြည့်လိုက်ရာ ချင်မူ၊ နဂါးချီလင်နှင့် အစိမ်းရောင်စာကလေးသည် သူပင် သတိမထားမိလိုက်ဘဲ ပျောက်ကွယ်သွားကြောင်း မြင်လိုက်ရ၏။

သို့သော် ဧကရာဇ်အတိုင်ပင်ခံနှင့် ဧကရာဇ်ယန်ဖုန်းကတော့ အကျဉ်းခန်းများထဲတွင် ရှိသေးသည်။

ယန်ရှောင်ချင်းမှာ စိတ်သက်သာရာရသွားပြီး အေးစက်စက် ရယ်လိုက်သည်။ "သူတို့အားလုံး မရှိတော့ဘူးပဲ"

သူက မင်တု၏သံတမန်ကို ကြိုရန် အပြင်ထွက်သည်။ သို့သော် သံတမန်သည် အကျဉ်းထောင်ထဲသို့ ရောက်လာပြီး သူ့အသံ ပျံ့လွင့်လာ၏။ "လက်ဝဲယံ လက်ထောက်ဝန်မင်း၊ မဟာကောင်းကင်နန်းဆောင်တွေက တပည့်တွေ ကောင်းကင်နတ်အရှင်မူနဲ့ တိုက်ခိုက်ဖို့ဆိုပြီး ဒီကို ထွက်သွားပေမယ့် ပြန်ရောက်မလာကြသေးလို့ ကျုပ် လာကြည့်တာပါ"

ယန်ရှောင်ချင်း ဧည့်သည်ကို ထွက်ကြိုသည့်အခါ ကောင်းကင်ယင်သားတော်၏ တပည့် လော့ယွင်ချွီ ဖြစ်နေကြောင်း တွေ့လိုက်ရသဖြင့် ကပျာကယာ ပြောလိုက်သည်။ "အာ အစ်ကိုကြီးလော့ပါလား... ကောင်းကင်နန်းဆောင်တွေက တပည့်တွေတော့ ကောင်းကင်နတ်အရှင်မူ လက်ချက်နဲ့ သေကုန်ကြပြီလေ"

သူက လော့ယွင်ချွီနှင့် ရင်းနှီးလေသည်။

မင်တုကောင်းကင်နတ်မင်းနှင့် ကောင်းကင်ယင်သားတော်သည် မဟာရန်သူတော်ကြီးများ ဖြစ်ကြ၏။ ကောင်းကင်ယင်သားတော်က တျန်းရှုကို ကိုယ်တိုင်ရှင်းချင်သော်လည်း တျန်းရှုက ငါးရှဉ့်လို လွတ်သွားတတ်သည်။ နောက်ဆုံးတွင် တျန်းရှုသည် မြေအောက်ဘုံအရှင်သခင်၏ ချိုကို သွားဖြတ်ရင်း ရုပ်ခန္ဓာမှာ မြေအောက်ဘုံအရှင်သခင်လက်ထဲ ကျရောက်သွားကာ မူလဝိညာဉ်သာ ကျန်ခဲ့၏။ ထိုအခါ ကောင်းကင်ယင်သားတော်က ယန်ရှောင်ချင်းကို အကူအညီတောင်း၍ တျန်းရှု တော်ဝင်မုခ်ဝနတ်ဓားမထဲ၌ ပိတ်မိသွားအောင် လှည့်စားစေခဲ့သည်။

လော့ယွင်ချွီ၏အမူအရာ ပြောင်းလဲသွားပြီး သူက ထအော်သည်။ "မဟာကောင်းကင်နန်းဆောင်တွေက တပည့်တွေအကုန် သေကုန်ပြီလား"

ယန်ရှောင်ချင်း ခေါင်းညိတ်ပြလိုက်၏။

လော့ယွင်ချွီက ခြေဆောင့်နင်း၍ ပြောသည်။ "ငါ ဒါကို ဘယ်လိုရှင်းပြရမလဲ... မဟာကောင်းကင်နန်းဆောင်က တပည့်တွေ မင်းရဲ့နေရာမှာ သေသွားတာဆိုတော့ မင်းတော့ ဒုက္ခအကြီးကြီး ရောက်ပြီ... သူတို့ထဲမှာ ငါ့ဆရာ မဟူရာနတ်မင်း သဘောအကျဆုံး ငါ့ညီ၊ ညီမလေးတွေလည်း ပါသေးတယ်"

ယန်ရှောင်ချင်းသည် စိတ်ထဲထည့်နေပုံမရပေ။ "ကောင်းကင်နတ်ဘုံက ဧကရာဇ်ပလ္လင်အဆင့် အသိစိတ်အလျဉ်ကျင့်စဉ်ကို မဖန်တီးနိုင်သေးလို့ မဟာကောင်းကင်နန်းဆောင်တွေ ငါ ဧကရာဇ်ပလ္လင်အဆင့်အထိ မကျင့်ကြံနိုင်ခင် ငါ့ကို မထိရဲပါဘူး... အစ်ကိုကြီးလော့၊ မင်း လာတုန်းက ကောင်းကင်နတ်အရှင်မူနဲ့ တွေ့ခဲ့သေးလား... သူ အခုလေးတင် ထွက်ပြေးသွား"

လော့ယွင်ချွီက ခေါင်းယမ်းသည်။ "မတွေ့မိပါဘူး"

ယန်ရှောင်ချင်း၏မျက်လုံးများ လင်းလက်သွားပြီး သူက ရုတ်တရက် မေးလိုက်သည်။ "အစ်ကိုကြီးလော့၊ မဟူရာနတ်မင်းရဲ့ အမိန့်တော်အတိုင်း ရောက်လာတာဆိုတော့ မဟူရာနတ်မင်းရဲ့ အမိန့်စာချွန် ရှိမှာပေါ့.... ကြည့်လို့ရမလား"

လော့ယွင်ချွီက ရယ်လေသည်။ "ဘယ်တုန်းကတည်းက လက်ဝဲယံ လက်ထောက်ဝန်မင်း ဒီလောက်အထိ သတိကြီးသွားတာလဲ... ငါ့ကို ကောင်းကင်နတ်အရှင်မူလို့ ထင်နေတာများလား"

ထိုသို့ပြောနေသော်လည်း သူသည် ကောင်းကင်ယင်သားတော်၏ အမိန့်စာချွန်ကို ထုတ်ပြသေး၏။

ယန်ရှောင်ချင်းက စာကို သေသေချာချာ စစ်ဆေးသည်။ လက်ရေးက ကောင်းကင်ယင်သားတော်၏ လက်ရေးဖြစ်သည့်အတွက် သူ အနည်းငယ် စိတ်သက်သာရာရသွားသည်။

လော့ယွင်ချွီက ပြောသည်။ "ငါ ကောင်းကင်နတ်အရှင်မူနဲ့ ခဏခဏ တိုက်ခိုက်ဖူးလို့ သူ့သိုင်းစွမ်းအားအကြောင်း သိပါတယ်.. သူ ဒီမှာ ရှိနေတာဆိုရင် ဧကရာဇ်အတိုင်ပင်ခံနဲ့ ဧကရာဇ်ယန်ဖုန်းကို လာကယ်တာမလား... သူတို့နှစ်ယောက် ရှိသေးရဲ့လား"

ယန်ရှောင်ချင်း ဖြေလိုက်သည်။ "ရှိပါသေးတယ်"

လော့ယွင်ချွီက သွားရောက်စစ်ဆေးပြီး အကျဉ်းခန်းများအရှေ့၌ မလှုပ်မယှက် ရပ်နေသည်။ ယန်ရှောင်ချင်းသည် အကျဉ်းခန်းများဆီသို့ ကြည့်လိုက်သည့်အခါ ဧကရာဇ်ယန်ဖုန်းနှင့် ဧကရာဇ်အတိုင်ပင်ခံကို မြင်ရသေး၏။ သူက တဟားဟား ရယ်လေသည်။ "အစ်ကိုကြီးလော့၊ ဘာဖြစ်လို့လဲ"

လော့ယွင်ချွီ၏မျက်နှာ သွေးမရှိတော့‌ပေ။ သူက အက်ကွဲနေသောအသံဖြင့် မေးသည်။ "အကျဉ်းခန်းနှစ်ခန်းလုံး ဘာမှမရှိဘူးလေး... မင်း မမြင်ဘူးလား... အကျဉ်းသားနှစ်ယောက် လွတ်သွားပြီ"

ယန်ရှောင်ချင်း မှင်သက်သွားသည်။ သူက ဧကရာဇ်ယန်ဖုန်းနှင့် ဧကရာဇ်အတိုင်ပင်ခံကို သေသေချာချာ ကြည့်နေပြီး ထူးဆန်းသည့်အရာတစ်ခုမှ မတွေ့ပေ။

သူက အကျဉ်းခန်းများကို အလျင်အမြန် ဖွင့်၍ ဧကရာဇ်ယန်ဖုန်းနှင့် ဧကရာဇ်အတိုင်ပင်ခံကို ထိကြည့်သည်။ မူမမှန်သည့်အရာ မခံစားရပေ။

ယန်ရှောင်ချင်း အံ့အားသင့်သွားသည်။ "တျန်းရှုလို နတ်ကောင်းကင်ခန်းမအဆင့် ဉာဏ်ကြီးရှင်တစ်ယောက်တောင် ငါ့ရဲ့အသိစိတ်အလျဉ်ကောင်းကင်နတ်သိုင်းနဲ့ ဖန်တီးထားတဲ့ အရက်ကြောင့် မူးရစ်နေခဲ့ရတယ်... ကောင်းကင်နတ်အရှင်မူရဲ့ ကောင်းကင်နတ်သိုင်းက ငါ့ကောင်းကင်ရတနာတွေထဲမှာ‌ နေရာယူပြီး ဗလာဖြစ်နေတဲ့လေကို လူအစစ်တစ်ယောက်လို ဖွဲ့တည်ပြထားခဲ့တယ်... ငါ တကယ် ထောင်ချောက်ထဲကျသွားတာပဲ"

သူ အတန်ကြာမှ စိတ်နှင့်ကိုယ် ပြန်ကပ်သွားပြီး ခေါင်းလှည့်ကြည့်လိုက်သည့်အခါ လော့ယွင်ချွီ မရှိတော့ကြောင်း သတိထားမိလိုက်သည်။ ကောင်းကင်ယင်သားတော်ဆီသို့ သတင်းသွားပို့ခြင်း ဖြစ်လိမ့်မည်။

ယန်ရှောင်ချင်းမှာ အကြီးအကျယ် စိတ်ပျက်လက်မှိုင်ကျသွားပြီး သူ့ကိုယ်သူ အကျဉ်းခန်းထဲ၌ ပိတ်ကာ တိတ်ဆိတ်စွာ စောင့်နေသည်။

များစွာမကြာလိုက်ဘဲ ကမ္ဘာဦးသစ်ပင်၏ ထိပ်ဖျားရှိ ကောင်းကင်နတ်ဘုံမှ နတ်ဘုရားများက သူ့ကို ဖမ်းဆီးရန် ရောက်လာကြ၏။ ကောင်းကင်နတ်ဧကရာဇ်ကိုယ်တိုင် ထိန်းချုပ်ထားသော လက်နက်၊ ကောင်းကင်နတ်အရှင်ယွီကား သူ့ကို နတ်ဘုရားစီရင်ရာစင်မြင့်ထက်တွင် ခေါင်းဖြတ်ကွပ်မျက်ပေတော့မည်။

ဓားမရောင်က လင်းလက်သွားပြီး နတ်ဘုရားစီရင်ရာဓားမသည် သူ့ခေါင်းကို ဖြတ်ချလိုက်၏။

ယန်ရှောင်ချင်း၏ ခေါင်းပြတ် လိမ့်ဆင်းသွားပြီး သူ၏မူလဝိညာဉ်မှာ တစတစ နွမ်းခြောက်သွားသည်။ မျက်လုံးသုံးလုံးသည် တဖြည်းဖြည်း ပိတ်သွားကာ တစ်လောကလုံး အမှောင်ဖုံးသွားတော့၏။

အတန်ကြာသော် သူ အိပ်မက်မှ အနှိုးခံနေရသကဲ့သို့ ခံစားလိုက်ရသည်။ ချင်မူ့အသံကို သူ့နားထဲတွင် ကြားနေရသည်။

ယန်ရှောင်ချင်း ကပျာကယာ မျက်လုံးဖွင့်ကြည့်လိုက်သည့်အခါ ကြမ်းပြင်ပေါ်တွင် လှဲနေကြောင်း သတိထားမိလိုက်၏။ အနားတွင် ထောင်စောင့်များက သွေးဇလုံများကို သယ်၍ အသစ်လဲနေကြသည်။

‌

သွေးမြစ်ထဲ၌ မိစ္ဆာတစ်ကောင် မွေးဖွားလာပြီး အကျဉ်းခန်းထဲ ဝင်ကာ အကျဉ်းသား၏ ခန္ဓာကိုယ်‌ပေါ် တွယ်ကပ်ကာ သွေးစုပ်နေသည်။

သူ့အရှေ့တွင် နဂါးချီလင်သည် နှစ်ခြိုက်စွာ အိပ်ပျော်နေပြီး သူ့ခေါင်းပေါ်တွင် ဝဝကစ်ကစ် အစိမ်းရောင်စာကလေးက အမွှေးအတောင်များ သပ်နေသည်။ ဧကရာဇ်အတိုင်ပင်ခံနှင့် ဧကရာဇ်ယန်ဖုန်းက အကျဉ်းခန်းများထဲ၌ ရှိနေပြီး ချင်မူ့ကို နှုတ်ဆက်စကားပြောနေကြသည်။

ချင်မူက စိတ်ပူစွာ မေးလေသည်။ "လက်ဝဲယံ လက်ထောက်ဝန်မင်း၊ ဘယ်လိုလုပ်ပြီး အိပ်ပျော်သွားတာလဲ... ကျွန်တော် လည်လို့ ပြီးပြီ ပြန်တော့မလို့ လုပ်နေတာ"

ယန်ရှောင်ချင်းမှာ ကြမ်းပြင်ပေါ်တွင် ငေးငေးကြောင်ကြောင်ဖြင့် ငုတ်တုတ်ထိုင်နေသည်။ ရုတ်တရက် သူက နားထဲစူးနေအောင် အော်ရယ်လိုက်၏။ "အစစ်မဟုတ်ဘူး... ဘယ်ဟာမှ အစစ်မဟုတ်ဘူး... အခု ဖြစ်နေတာတောင် အတုပဲ"

All Chapters