အကျဉ်းထောင်ဆီသို့ သွားရာလမ်းတွင် မိတ်ဆွေဟောင်းတစ်ယောက်နှင့် ဆုံတွေ့ခြင်း
Vol. 69 Ch. 899
နတ်မင်းဝူကျိ ကြောက်ဒူးတုန်သွားသည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာမှ ဤနေရာသို့ ရောက်လာသည့် ချင်မူက အရှုံးသမားတစ်ယောက်ဟုသာ သူ ထင်ခဲ့မိ၏။
ချင်မူ့တွင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ လောကသခင်ခန္ဓာ၊ ကောင်းကင်နတ်အရှင်ကိုးပါးအနက် ကောင်းကင်နတ်အရှင်မူဆိုသော ဘွဲ့ဂုဏ်ထူးများ ရှိသည်။ နဂါးဟန်ခေတ်၏ ပထမနှစ်ကတည်းက ထင်ရှားခဲ့သူလည်း ဖြစ်သော်လည်း ကောင်းကင်နတ်ဘုံ၏ အာဏာရှင်များက အမှန်တကယ် ဖြစ်ခဲ့သည့်အရာကို သိလေသည်။
သူက နဂါးဟန်ခေတ်၏ ပထမနှစ်သို့ မသိလိုက်ဘဲ အချိန်ကူးပြောင်း ရောက်လာခဲ့ပြီး နှစ်တစ်သန်းရှေ့ရောက်နေသော အသိအမြင်တို့ဖြင့် ကောင်းကင်နတ်အရှင်ဘွဲ့ ရရှိခဲ့သည့် ထာဝရငြိမ်းချမ်းရေးအင်ပါယာမှ ယင်ကောင်လေးတစ်ကောင်ထက် မပိုပေ။
လောကသခင်ခန္ဓာဆိုသည်မှာလည်း ထာဝရငြိမ်းချမ်းရေးအင်ပါယာဟု အသိများသော ရွှံ့ဗွက်ထဲ၌ သခင်ဖြစ်နေခြင်းသာ ရှိသည်။ ရှင်းရှင်းပြောရလျှင် အနူတော လူချောပင်။
လူအများကို ကြောက်လန့်စေသည့်အရာက ယိုတုသားတော်ဟူသည့် ဘွဲ့ဖြစ်၏။ ယခုတွင် ချင်မူမှာ ယိုတုသားတော် မဟုတ်တော့သည့်အပြင် သက်ဆိုးမရှည်သော ဝိညာဉ်မဲ့လူသားတစ်ယောက်သာ ဖြစ်လာခဲ့၍ မည်သူမဆို သူ့ကို ရိုက်နှက်နိုင်လေသည်။
သို့သော် ကောင်းကင်နတ်အရှင်မူသည် သူ ထင်ထားသလောက် မရိုးရှင်းသည့်ပုံရ၏။
သူ၏အစွမ်းအစများက အလွန်ထူးဆန်းပြီး သိုင်းအဆင့်မှာ လွန်စွာနိမ့်သော်လည်း သူ၏ကောင်းကင်နတ်သိုင်းက မြင့်မားဆန်းကြယ်လှသည်။
ထိုမျှသာမက သူ့ဘေးရှိ ဖက်တီးနဂါးစာကလေးကလည်း ကြောက်စရာကောင်းသည်။ သူမက အရှေ့ကောင်းကင်နန်းဆောင်၏ ဘုရင်ခံ သူ့ထက်ပင် အင်အားကြီးမားသေးသည်။
အရှေ့ကောင်းကင်နန်းဆောင်၏ နတ်ဘုရားမိစ္ဆာစစ်တပ်ကြီးကို အသုံးချမှ ချင်မူ့ကို အနိုင်ယူနိုင်မည်ဖြစ်သော်လည်း ပလ္လင်ခန်းမထဲ ရောက်နေ၍ ထိုသို့မလှုပ်ရှားနိုင်ပေ။
လှုပ်လည်း မလှုပ်ရှားရဲပေ။
ဩဇာအာဏာလွှမ်းမိုးမှုရှိသူများသာ ချင်မူ့ကို သတ်နိုင်သည်။ သူကတော့ မသတ်နိုင်။
ဩဇာအာဏာလွှမ်းမိုးမှုရှိသူများသည် ကောင်းကင်နတ်အရှင်တစ်ပါးကို သတ်လိုက်သောကြောင့် ဖြစ်ပေါ်လာမည့် ဆူပူမှုများကို ဂရုမစိုက်ဘဲ နေနိုင်၏။ အခြေအနေဆိုးလာလျှင် တစ်ယောက်ယောက်အပေါ် အပြစ်ပုံချလိုက်ရုံသာ ရှိသည်။
သို့သော် သူ၏နောက်ခံက အရှေ့ကောင်းကင်၏ အစိမ်းနတ်မင်းဖြစ်သည့်အတွက် ကောင်းကင်နတ်အရှင်တစ်ပါးကို သတ်သည့်ပြစ်မှုအား မခံယူနိုင်ပေ။
ချင်မူ ပတ်ဝန်းကျင်ကို ကြည့်ကာ ပြုံးလိုက်သည်။ “နတ်မင်း၊ ဧည်သည့်ဖြစ်ပြီး ကျွန်တော် နတ်မင်းရဲ့ ပလ္လင်ခန်းမကို ထိခိုက်စေခဲ့တယ်... စိတ်ရင်းနဲ့ တောင်းပန်ပါတယ်ဗျာ”
နတ်မင်းဝူကျိသည် သူ့မျက်နှာပေါ်တွင် အပြစ်ရှိသလို ခံစားနေရသော အရိပ်အယောင်တစ်စက်မှ မမြင်သော်လည်း အားတင်းကာ ရယ်လိုက်၏။ “ရပါတယ်.... နဂါးဟန်ခေတ်ရဲ့ ပထမနှစ်မှာတုန်းက ကောင်းကင်နတ်အရှင်က ကျောက်စိမ်းရေကန်ကိုတောင် ဖျက်စီးခဲ့သေးတာပဲ.... ငါ့ရဲ့ နိမ့်ကျတဲ့အဆောင်လေးက အဲဒါနဲ့ ဘယ်ယှဉ်နိုင်ပါ့မလဲ”
ချင်မူက ကျယ်လောင်စွာ ရယ်မောရင်း နတ်မင်းဝူကျိ၏ ပခုံးကို ပုတ်ရန် ပြင်နေသည်။ သို့သော် နတ်မင်းဝူကျိမှာ သူ့အတွက် အရပ်မြင့်လွန်းလေသည်။
နတ်မင်းဝူကျိက သူ့ကိုယ်သူ အလျင်အမြန် နှိမ့်ပေးလိုက်သည့်အခါမှ ချင်မူ သူ့ပခုံးကို ပုတ်နိုင်သွားသည်။ ချင်မူ ကျေနပ်သွားပြီး ပြောနေ၏။ “နတ်မင်းက ကျွန်တော့်ကို သိပ်နားလည်တာပဲ... ကျွန်တော့်အကြိုက်ကိုလည်း သိတယ်... နတ်မင်း ကျွန်တော့်ရဲ့ အနာဂတ်အစီအစဉ်တွေကိုလည်း သိနေမလား မသိဘူး”
နတ်မင်းဝူကျိသည် ရိုရိုကျိုးကျိုးဖြင့် မေး၏။ “ကောင်းကင်နတ်အရှင်ရဲ့ အစီအစဉ်ကို သိခွင့်ရှိမလား”
“ကျွန်တော် ထာဝရငြိမ်းချမ်းရေးအင်ပါယာကနေ ထွက်သွားမလို့”
ချင်မူက ပြောသည်။ “လျှောက်သွားပြီး ကမ္ဘာဦးဘုံထဲက မိတ်ဆွေကို လိုက်တွေ့မယ်... အရင်ဆုံး မဟာအကျဉ်းထောင်ဆီ သွားပြီး မိတ်ဆွေတစ်ယောက် ဘယ်လိုနေလဲ ကြည့်ရဦးမယ်... အဲဒါပြီးရင်တော့ ကောင်းကင်နတ်ဘုံမှာ မိတ်ဆွေတစ်ယောက်နဲ့ တွေ့ဖို့ သွားရမယ်”
နတ်မင်းဝူကျိမှာ အထိတ်တလန်ဖြင့် ထအော်သည်။ “ကောင်းကင်နတ်အရှင်၊ ကောင်းကင်နတ်ဘုံကို သွားတာက ကိုယ့်ကိုယ်ကို သတ်သေတာနဲ့ မတူဘူးလား”
ချင်မူက သူ့ကို ကြည့်၍ နတ်မင်းဝူကျိသည် ခန္ဓာကိုယ်နှိမ့်ပေး၏။ သို့သော် ချင်မူ သူ့ပခုံးကို မပုတ်ဘဲ ပြောလိုက်သည်။ “နတ်မင်းက ငယ်လွန်းသေးတယ်... ကျွန်တော်က ကောင်းကင်နတ်ဘုံကို ကောင်းကင်နတ်အရှင်အနေနဲ့ သွားမှာ.. ဒါကြောင့် ကောင်းကင်နတ်အရှင်တစ်ယောက် ခံယူသင့်တဲ့အတိုင်း ဆက်ဆံခံရလိမ့်မယ်... ကျွန်တော့်အတိတ်က အပေါင်းအဖော်တွေလည်း လူရှေ့သူရှေ့မှာ ကျွန်တော့်ကို မတိုက်ခိုက်ပါဘူး... နောက်ကွယ်ကပဲ ကြိတ်ကြံစည်နေကြမှာ”
နတ်မင်းဝူကျိသည် ဤကောင်းကင်နတ်အရှင်က ကောင်းကင်နတ်အရှင်ဘွဲ့နှင့် မထိုက်တန်ကြောင်း ခံစားရသော်လည်း တစ်ခါတရံ မိမိရထားသည့် ဘွဲ့ဂုဏ်ထူးများနှင့် ကိုက်ညီအောင် နေထိုင်ရသည်မှာ ခက်ခဲ၏။ သို့သော် သူ၏သတ္တိကိုတော့ လေးစားမိသေးသည်။ သူက ပြောသည်။ “ကောင်းကင်နတ်အရှင်မူရဲ့ သတ္တိကို လေးစားမိပါတယ်... ဒါ့ဖြင့် လမ်းခရီး အဆင်ပြေချောမွေ့ပါစေလို့ ဆုတောင်းပေးလိုက်ပါ့မယ်”
ချင်မူ ရယ်လိုက်သည်။ “အခုလို ပြောပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... ဒါပေမဲ့ မဟာအကျဉ်းထောင်က ဘယ်မှာမှန်း မသိလို့ နတ်မင်း လမ်းပြပေးလို့ရမလား”
နတ်မင်းဝူကျိသည် အလေးအနက် ပြော၏။ “ကောင်းကင်နတ်အရှင်၊ ကမ္ဘာဦးသစ်ပင်ဆီ သွားပါ.... မဟာအကျဉ်းထောင်က သစ်ပင်အောက်မှာ ရှိပါတယ်”
ချင်မူ သူ့ကို ကျေးဇူးတင်လိုက်၏။ “နတ်မင်း ကျွန်တော့်ကို လိုက်မပို့ပါနဲ့တော့... နှုတ်ဆက်ပါတယ်”
နတ်မင်းဝူကျိက ရိုရိုသေသေ ပြန်ပြောသည်။ “ဒါက ငါ လုပ်ရမယ့်အရာပါ... မင်းက ကောင်းကင်နတ်အရှင်တစ်ယောက်ပဲ မဟုတ်လား... လိုက်မပို့ရင် မင်းအပေါ် ရိုင်းပျရာ ကျပါလိမ့်မယ်... ကောင်းကင်နတ်အရှင်မူ၊ ငါ့နာမည်က ဝူရှန်းကျိပါ.... ကောင်းကင်နတ်အရှင်မူ စိတ်မရှိရင် ရှောင်ဝူလို့သာ ခေါ်ပါ ရပါတယ်”
ချင်မူ ခေါင်းညိတ်၍ ပလ္လင်ခန်းမအပြင်သို့ လမ်းလျှောက်ထွက်လိုက်သည်။
နတ်မင်းဝူကျိသည် သူ့အနောက်မှ လိုက်လာ၏။ ပလ္လင်ခန်းမအပြင်တွင် သတ်ဖြတ်လိုစိတ်များ ထုတ်ဖော်လျက် ဝင်္ကပါအသွင် စီတန်းရပ်နေကြသည့် နတ်ဘုရားမိစ္ဆာစစ်တပ်ကို မြင်ရသည်။
ကောင်းကင်နတ်ဘုံ၏ အသတ်အဖြတ်ဝင်္ကပါသည် တုနှိုင်းမဲ့ပြိုင်ဘက်ကင်းအောင် ကြောက်စရာကောင်းပြီး အရှိန်အဝါက အထက်ဘဝဂ်တိုင်အောင် ရိုက်ခတ်နေ၏။ နတ်လက်နက်များ၊ မိစ္ဆာလက်နက်များမှ တောက်ပသော အလင်းရောင်တို့က ကောင်းကင်တစ်ခွင် ခြုံလွှမ်းထားပြီး သင်္ကေတအမှတ်အသားများက အစိမ်းရောင်သစ်ပင်ကြီးအသွင် ဖွဲ့တည်လျက် ကောင်းကင်ဘုံများအား ဖိနှိပ်ထားသည်။
နတ်မင်းဝူကျိ ဒေါသထွက်သွားသည်။ သူက ရှေ့တက်၍ အော်ဟစ်လိုက်၏။ “ရိုင်းပျလိုက်တာ... ဒါက ကောင်းကင်နတ်အရှင်မူ၊ ငါ့အရှေ့ကောင်းကင်နန်းဆောင်ရဲ့ ဧည့်သည်တော်ကွ... မင်းတို့ကများ ရိုင်းပျရဲရတယ်လို့... လက်နက်ချပြီး နောက်ဆုတ်ကြစမ်း”
အရှေ့ကောင်းကင်နန်းဆောင်၏ နတ်ဘုရား၊ မိစ္ဆာစစ်သည်တော်များ ဇဝေဇဝါ ဖြစ်သွားကြသည်။ သူတို့ ဤနေရာတွင် တပ်စုထားခြင်းမှာ ပလ္လင်ဆီမှ ကြောက်မက်ဖွယ်ရာအရှိန်အဝါတစ်ခု ပေါ်ထွက်လာသည်ကို ခံစားခဲ့ရ၍ ဖြစ်သည်။
သူတို့ရောက်လာသည့်အချိန်တွင် ငှက်ဝကြီးတစ်ကောင်က ပလ္လင်ခန်းမအတွင်းရှိ နတ်ဘုရားတစ်ပါးကို စားနေကြောင်း မြင်ခဲ့ရ၏။ ပလ္လင်ခန်းမ၏ နံရံများလည်း လွင့်ထွက်ကုန်၍ တိုင်လုံးများ၊ ထုတ်တန်းများသာ ကျန်ခဲ့သည်။ ထို့ကြောင့် ဤနေရာတွင် ဝင်္ကပါဖော်ဆောင်ကာ တိုက်ခိုက်ရန် ပြင်နေကြခြင်းပင်။
သို့သော် နတ်မင်းဝူကျိ၏ အမိန့်အရ သူတို့မှာ နောက်ဆုတ်လိုက်ကြသည်။
နတ်မင်းဝူကျိမှာ စိတ်သက်သာရာရသွားပြီး ပြုံးလိုက်၏။ “ကောင်းကင်နတ်အရှင်မူ၊ ကြွပါ”
ချင်မူက ခေါင်းညိတ်၍ နဂါးချီလင်၏ ခေါင်းပေါ်တက်သည်။ နဂါးချီလင်သည် မီးလျှံတိမ်တိုက်များအပေါ် နင်းလိုက်၍ ပြေးထွက်သွားပြီး ယန်အာက ဝဝလုံးလုံး အစိမ်းရောင်စာကလေးအသွင် ပြောင်းလျက် နတ်မင်းဝူကျိ၏ ပခုံးပေါ်တွင် နားနေသည်။ နတ်မင်းဝူကျိက နဂါးချီလင်၏အရှေ့မှ ဦးဆောင်ကာ လမ်းပြပေးနေသည်။
သူက ချင်မူ့ကို မိုင်တစ်ထောင်အထိ လိုက်ပို့၏။ ချင်မူက ပြုံးလျက် ပြောလိုက်သည်။ “နတ်မင်း၊ နတ်မင်းက ကျွန်တော့်ကို မိုင်တစ်ထောင်အထိ လိုက်ပို့ခဲ့ပြီးပါပြီ... ဒီနေရာမှာ နှုတ်ဆက်ကြပါစို့”
နတ်မင်းဝူကျိလည်း ဦးညွှတ်အရိုအသေပေးကာ ပြောသည်။ “နှုတ်ဆက်ပါတယ် ကောင်းကင်နတ်အရှင်”
ယန်အာက သူ့ပခုံးအပေါ်မှ ပျံပြီး ချင်မူ့ပခုံးအပေါ်တွင် နားသည်။ ချင်မူက ပြော၏။ “နတ်မင်းက အင်မတန် ယဉ်ကျေးပြီး ကျွန်တော့်အပေါ် ဖော်ရွေခဲ့ပါတယ်.... အရှေ့ကောင်းကင် အစိမ်းနတ်မင်းရဲ့ ဇာတ်လမ်းကိုလည်း ပြောပြခဲ့တဲ့အတွက် အတော်လေးအကျိုးကျေးဇူး ရခဲ့တယ်... ဒါကြောင့် မနှုတ်ဆက်ခင် နှုတ်ဆက်စကားတချို့ ပြောပါရစေ”
နတ်မင်းဝူကျိသည် ကပျာကယာ ပြော၏။ “နားထောင်နေပါတယ်”
ချင်မူ ပြုံးလိုက်သည်။ “အရှေ့နတ်မင်းချင်းလုံက အရှေ့ကောင်းကင် အစိမ်းနတ်မင်းကို ကောင်းကောင်းမွန်မွန် မဆက်ခံခဲ့တဲ့အတွက် ရန်ငြိုးတစ်ခု ဖန်တီးမိပြီး လုပ်ကြံခံရမယ့်အန္တရာယ် ရှိလာခဲ့တယ်... နတ်မင်းလည်း ထာဝရငြိမ်းချမ်းရေးအင်ပါယာနဲ့ ရန်ငြိုးတစ်ခု ဖန်တီးမိလိုက်ရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာက အရှေ့ကောင်းကင်အစိမ်းနတ်မင်း နောက်တစ်ယောက် ဖြစ်လာမလား ဘယ်သူသိနိုင်မလဲ... ကျွန်တော်တို့ဟာ လုပ်သမျှကိစ္စတိုင်းအတွက် အခွင့်အရေးတစ်ခု ချန်ပေးတတ်တယ်.. ကျွန်တော် ခင်ဗျားကို အခွင့်အရေးတစ်ခု ပေးပြီး အသေမသတ်ခဲ့ဘူး... နတ်မင်းလည်း ထာဝရငြိမ်းချမ်းရေးအင်ပါယာကို အခွင့်အရေးပေးနိုင်ရင် နောင်တစ်ချိန်မှာ ထာဝရငြိမ်းချမ်းရေးအင်ပါယာဘက်က ကျေးဇူးပြန်ဆပ်နိုင်မယ့်အချိန် ရှိလာနိုင်ပါတယ်... ဖက်တီးနဂါး၊ ပြန်ဖို့အချိန်ကျပြီ”
နဂါးချီလင်က သူတို့ကို သယ်ဆောင်သွားသည်။
နတ်မင်းဝူကျိမှာ ဝန်ထုပ်ကြီးကျသွားသကဲ့သို့ စိတ်လက်ပေါ့ပါးသွား၏။ ချင်မူ့စကားများကို သူ သေသေချာချာ စဉ်းစားမိသည့်အခါ တုန်လှုပ်လာမိသည်။
အချိန်တချို့ကြာသော် အရှေ့ကောင်းကင်နန်းဆောင်၏ စစ်တပ်က လိုက်မှီလာသည်။ လေသင်္ဘောများသည် ကောင်းကင်ကို ခွင်းလာပြီး အလံများက သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် တဖျတ်ဖျတ် လွင့်လူနေ၏။
“နတ်မင်း၊ လိုက်သွားရမလား” နတ်ဘုရားတစ်ပါးက မေးသည်။
နတ်မင်းဝူကျိသည် လက်ခါကာ ပြော၏။ “လိုက်သွားစရာမလိုဘူး... ငါ့အမိန့် နာခံ... နဂါးထိန်းဧကရာဇ်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံ၊ မာန်ဟုန်မြစ်နဂါးမင်းအပေါ် ကောင်းကောင်းမွန်မွန် သဘောထား... အရမ်းမရက်စက်ကြနဲ့... ပြီးတော့ ထာဝရငြိမ်းချမ်းရေးအင်ပါယာသားတွေ ဝတ္တရားမပြတ်မလပ် ယဇ်ပူဇော်နေသရွေ့ ရက်စက်စရာမလိုဘူး... အသက်ရှူချောင်အောင် လွှတ်ထားပေးကြ”
နတ်ဘုရားမိစ္ဆာတို့၏ ရင်ထဲတွင် သံသယများ ပေါက်ဖွားလာသော်လည်း ဦးညွှတ်၍ အမိန့်နာခံကြသေးလေသည်။
“နောက်ထပ်အမိန့် နာခံ”
နတ်မင်းဝူကျိသည် အလေးအနက် ပြော၏။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာ လောကသခင်ခန္ဓာချင်၊ နဂါးဟန်ကောင်းကင်နတ်အရှင်မူက မဟာအကျဉ်းထောင်ဆီ သွားနေတယ်... လေသင်္ဘော အမြန်ဆုံးခုတ်မောင်းနိုင်တဲ့ နတ်ဘုရားစစ်သူကြီးတစ်ယောက်ကို ရှာ၊ တောင်ကောင်းကင်နန်းဆောင်၊ မြောက်ကောင်းကင်နန်းဆောင်နဲ့ အနောက်ကောင်းကင်နန်းဆောင်တို့ ပြင်ဆင်ထားနိုင်အောင် သတင်းပို့ကြ”
ကောင်းကင်နတ်စစ်သည်တော်များနှင့် စစ်သူကြီးတို့၏ ရင်ထဲရှိ သံသယများ တိုးပွားလာတော့သည်။
နတ်မင်းဝူကျိသည် မျက်လုံးများမှေးကျဉ်းလျက် တွေးနေ၏။ ‘ကောင်းကင်နတ်အရှင်မူက သူ့ကို သေစေချင်တဲ့လူတွေ အများကြီး ရှိမှန်း သိသိကြီးနဲ့ သူသွားမယ့်နေရာကို ဘာလို့ပြောပြခဲ့တာပါလိမ့်... ဒါပေမဲ့ သူ ဖော်ပြခဲ့မှတော့ ငါလည်း အခြေအနေကို အခွင့်ကောင်းယူရမယ်.... သူ ကောင်းကင်နတ်ဘုံက အဆင့်မြင့်သိုင်းပညာရှင်တွေကို သတ်သတ်၊ သူပဲ အသတ်ခံရခံရ ငါ့ကိစ္စမဟုတ်ဘူး”
သူ ယိုင်ယိုင်ယွဲ့ယွဲ့ သက်ပြင်းချလိုက်သည်။ ‘ကောင်းကင်နတ်ဘုံကိုတောင် သွားဦးမှာတဲ့လေ... ဒီလူက အမှန်တကယ် သတ္တိကောင်းတာပဲ’
နဂါးချီလင် မာန်ဟုန်မြစ်အထက်ပိုင်းသို့ ပြေးနေပြီး ချင်မူက သူ့ခေါင်းပေါ်၌ ထိုင်ကာ အသက်ရှူသွင်းရှူထုတ်ရင်း ကျင့်ကြံနေသည်။ သူ၏သိုင်းအခြေခံသည် တစ်နေ့ထက်တစ်နေ့ မြင့်တက်လာခဲ့၍ လေးလကြာသည့်အခါ ကျင့်စဉ်စွမ်းအင်မှာ မူလအခြေအနေနှင့် နီးကပ်လာခဲ့၏။
ထူးဆန်းသည်က မူလအခြေအနေသို့ ရောက်တော့မည်ဟု ခံစားရသော်လည်း ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာ၏ အလားအလာက မြင့်မားလွန်း၍ ၎င်း၏အကန့်အသတ်နှင့် ဝေးကွာသေးသည်ဟုလည်း ခံစားနေရသည်။
ဤသည်က သူ့ကို အတော်လေး ဇဝေဇဝါ ဖြစ်စေသည်။
ချင်မူသည် ကောင်းကင်နန်းဆောင်နှင့် ကောင်းကင်ရတနာများကို ဖျက်စီး၍ ကောင်းကင်နှင့်မြေပြင်အသစ် ပြန်ဖွင့်လှစ်ကာ ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာအဆင့်သို့ ပြန်ရောက်သွားခဲ့၏။ သူ၏မူလဝိညာဉ်သန္ဓေသားမှာ ထိုအခါမှ ရှင်သန်နိုင်ခဲ့သည်။ ထို့အပြင် ကောင်းကင်ဝိညာဉ် မွေးဖွားခဲ့ခြင်းမှာ ယခင်ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်၊ ကောင်းကင်ရတနာကျင့်စဉ်စနစ်နှင့် မတူညီသော လမ်းတစ်ခု ဖြစ်လာသည်။
ထို့ကြောင့် ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာ ကျင့်စဉ်စွမ်းအင်၏ အကန့်အသတ်သို့ ရောက်ရန် မည်မျှကြာမည်၊ မည်သည်နှင့် တူမည်ကိုလည်း မသိပေ။
သူက အနန္တကပ်ဘေးသုတ္တန်ကို ထုတ်လွှတ်၍ အိပ်မက်ထဲ ဝင်ရောက်သွားရင်း ဖြစ်နိုင်ခြေများကို တွက်ထုတ်နေပြန်သည်။ သို့တိုင်အောင် ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာ၏ အကန့်အသတ်နှင့် ထိုအကန့်အသတ်၏အလွန်က လမ်းကို ရှာမတွေ့သေးပေ။
အကန့်အသတ်မရှိလျှင် နောက်တစ်ဆင့်သို့ ဝင်ရောက်၍ နတ်ဘုရားမဖြစ်နိုင်တော့ပေ။
‘နဂါးဟန်ခေတ်ရဲ့ ပထမနှစ်၊ ကျောက်စိမ်းရေကန်တွေ့ဆုံပွဲမှာတုန်းက ဖန်ဆင်းပညာကနေတစ်ဆင့် မသေနိုင်ခြင်းကို ရနိုင်တယ်လို့ ကောင်းကင်နတ်အရှင်လင် ပြောခဲ့ဖူးတယ်... ငါ အဲဒါကိုသာ လုပ်နိုင်ရင် နတ်ဘုရားတွေနဲ့ မတူသွားဘူးလား... နတ်ဘုရားဖြစ်တာ၊ မဖြစ်တာက အရေးမကြီးတော့ဘူး... ဘယ်လိုအရာကို နတ်ဘုရားလို့ခေါ်တာလဲ... နတ်ဘုရားတစ်ပါးရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်က ဘာလဲ
‘ကောင်းကင်တံတားကို ဖြတ်ကျော်ပြီး ကောင်းကင်နန်းဆောင်ထဲ ဝင်ရောက်နိုင်ရင် နတ်ဘုရားဖြစ်တာလား’
‘အဲဒီနတ်ဘုရားမျိုးက မသေမျိုးဖြစ်လာပြီး ကောင်းကင်နဲ့မြေပြင် တည်ရှိသရွေ့ အသက်ရှင်သွားနိုင်တဲ့ ကောင်းကင်နတ်သိုင်းပညာရှင်တွေအတွက် နာမည်လေးတစ်ခုပဲ... ကောင်းကင်ရတနာအဆင့်ကနေ ဖောက်ထွက်ပြီး ကောင်းကင်နန်းဆောင်အဆင့် တက်နိုင်သွားတဲ့ အဆင့်မြင့်သိုင်းပညာရှင်တွေက သိုင်းပညာရှင်တွေပဲလေ.... နတ်ဘုရားအစစ်တွေမဟုတ်ဘူး’
‘ရှေးဟောင်းနတ်ဘုရားတွေကရော’
‘ရှေးဟောင်းနတ်ဘုရားတွေက ကောင်းကင်နဲ့မြေပြင် မဟာတာအိုကနေ မွေးဖွားလာတဲ့ အင်အားကြီးတဲ့ သတ္တဝါတွေပဲ.... အဲဒါက သူတို့ကို နတ်ဘုရားဖြစ်စေတာလား... မဟုတ်ဘူး... သူတို့က သူတို့ရဲ့မဟာတာအိုနဲ့ ချုပ်နှောင်ခံထားရတာ... အချုပ်အနှောင်တွေကနေ ရုန်းထွက်ဖို့ ခက်တယ်... သူတို့က နတ်ဘုရားတွေမဟုတ်ဘူး... အင်အားကြီးတဲ့ သတ္တဝါတွေသက်သက်ပဲ’
‘ဒီကမ္ဘာပေါ်မှာ နတ်ဘုရားတွေ မရှိပါလား’
ချင်မူက တဟားဟား ရယ်မောရင်း ခေါင်းမော့လိုက်သည်။ နဂါးချီလင်သည် မာန်ဟုန်မြစ်အလယ်ပိုင်းသို့ ရောက်လာပြီး ကမ္ဘာဦးဘုံအတွင်းရှိ ကမ္ဘာဦးသစ်ပင်မှာ အလွန်ကြီးမားလာခဲ့သယောင် ထင်ရ၏။
‘ငါ့ကျင့်စဉ်က လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ရဲ့ နယ်ပယ်ထက် ကျော်လွန်သွားပြီး ယနေ့ခေတ်ကျင့်စဉ်စနစ်အတွင်းမှာ မရှိတော့ဘူး... ဒီကျင့်စဉ်အသစ်ကို ငါ ဘယ်လိုခေါ်သင့်လဲ’
ချင်မူ အတွေးထဲ နစ်မျောသွားပြီးနောက် ဟက်ခနဲ ရယ်လိုက်၏။ ‘ဒီကျင့်စဉ်ကို အခြားသူတွေဆီ ပေးမရမှတော့ ဘယ်လိုခေါ်ခေါ် ကိစ္စမရှိဘူး.. အရင်နာမည်အတိုင်း ဆက်သုံးပြီး လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်လို့ပဲ ခေါ်တော့မယ်’
အရှေ့တွင် ကမ္ဘာဦးသစ်ပင်၏အမြစ်များက မာန်ဟုန်မြစ်တစ်လျှောက် ဖြာထွက်နေသည်။ အမြစ်ကြီးတစ်ချောင်းက မြေပြင်အထက် ကိုက်သုံးရာအပေါ်သို့ ထောင်ထွက်နေ၍ အမြစ်မျှင်များက ကန့်လန့်ကာများသဖွယ် တွဲလောင်းကျနေ၏။
နဂါးချီလင်က ရပ်လိုက်သည်။ ရုတ်တရက် မည်းနက်နေသော အမြစ်တစ်ချောင်းအပေါ်တွင် အဖူးငယ်ငယ်လေးတစ်ဖူးအား သူ လှမ်းမြင်လိုက်ရ၏။ ဤအဖူးလေးသည် လျင်မြန်စွာ ကြီးထွားလာပြီးနောက် အစိမ်းရောင်သစ်ရွက်နှစ်ရွက် ကားထွက်သွားပြီး အလယ်၌ ပန်းအဖူးတစ်ဖူး ရှိနေသည်။
အပင်က မြေပြင်ထက်သို့ ငိုက်စင်းလာပြီး ပန်းအဖူးပွင့်ကားသွားသည့်အခါ ကျောက်ခေါင်းတလားတစ်လုံး ထွက်ကျလာ၏။ သို့သော် ကျောက်အခေါင်းသည် မြစ်ထဲ ကျမသွားပေ။
“ဒီမှာ မိစ္ဆာတွေ သောင်းကျန်းနေတာပဲ” နဂါးချီလင် ထိတ်လန့်သွားသည်။
ချင်မူက သူ့ခေါင်းပေါ်မှ ဆင်း၍ ပန်းပွင့်ဘေးသို့ လျှောက်သွားသည်။ မြစ်ရေသည် တဝုန်းဝုန်း စီးဆင်းနေပြီး ပန်းပွင့်ထဲမှ ခပ်တိုးတိုးအသံများ ကြားလိုက်ရ၏။ “ကောင်းကင်နတ်အရှင်မူ...”
“အမိကမ္ဘာမြေ”
ချင်မူက ပြုံးလိုက်သည်။ “ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်ရဲ့ လက်ထဲမှာ အမိကမ္ဘာမြေ သေသွားပြီး ထင်နေတာ... ဝိညာဉ်တစ်ပိုင်းတစ ကျန်နေသေးတဲ့ပုံပဲ.... ဘာလို့ ကျွန်တော့်လမ်းကို ပိတ်နေတာပါလဲ”