အကျဉ်းထောင်သို့ ရောက်လာသော ကောင်းကင်နတ်အရှင်
Vol. 69 Ch. 903
ကမ္ဘာဦးသစ်ပင်အူတိုင်က တိတ်ဆိတ်စွာ ပြန်လည်ပျံသန်းလာသည်။ ထောင်စောင့်မှာ အသေအချာ ကြည့်ရန် အားခဲထားသော်လည်း ချင်မူ ကမ္ဘာဦးသစ်ပင်အူတိုင်ကို မည်သည့်နေရာ၌ ဖွက်လိုက်ကြောင်း မမြင်ရပေ။
အချိန်အနည်းငယ်ကြာသော် သူသည် ချင်မူတို့ကို အရိုးဖြူပလ္လင်ခန်းမအရှေ့သို့ ခေါ်ဆောင်သွားကာ ပြော၏။ “ကျန်းပိုင်ကွေ့နဲ့ တွေ့ချင်ရင် တရားသူကြီးယန်ဆီမှာ စာရင်းပေးဖို့ လိုပါတယ်"
ဤအခိုက်အတန့်တွင် နတ်ဘုရားတစ်ပါးက အပြုံးပန်းများ ဝေဆာစွာဖြင့် အရိုးဖြူပလ္လင်ခန်းမအပြင်သို့ လမ်းလျှောက်ထွက်လာသည်။ “ကောင်းကင်နတ်အရှင်မူက ကောင်းကင်နတ်အရှင်ပဲလေ... သူ့အနေနဲ့ စာရင်းပေးစရာလိုပါ့မလား... မင်း ပြန်လို့ရပြီ... ကောင်းကင်နတ်အရှင်၊ မဟာအကျဉ်းထောင်က အန္တရာယ်များပါတယ်... ကျုပ်ကိုယ်တိုင် လိုက်ပို့ပေးပါရစေ”
ချင်မူ ကျေးဇူးတင်စကား ဆိုလိုက်သည်။
“ကောင်းကင်နတ်အရှင်၊ ယဉ်ကျေးနေစရာမလိုပါဘူး... ကျုပ် မခံယူဝံ့ပါဘူးခင်ဗျာ”
တရားသူကြီးယန်က အလျင်အမြန် အရိုအသေပြန်ပေးကာ ပြုံးနေသည်။ “ခင်ဗျားက ကောင်းကင်နတ်အရှင်တစ်ယောက် မဟုတ်လား... အတိတ်ကနေ ဒီနေ့ထက်ထိ ကောင်းကင်နတ်အရှင်ဘွဲ့နဲ့ ထိုက်တန်တဲ့လူက ကိုးယောက်ပဲ ရှိခဲ့ပါတယ်... ကျုပ် မခံယူဝံ့ပါဘူး... ကောင်းကင်နတ်အရှင်၊ ဒီဖက်ကြွပါ”
ချင်မူ သူ့နောက်မှ လိုက်သွားပြီး တရားသူကြီးယန်သည် ကမ္ဘာဦးသစ်ပင်အောက်၌ တည်ဆောက်ထားသော မဟာအကျဉ်းထောင်၏ ဝင်ပေါက်ထဲသို့ သူတို့အား ခေါ်ဆောင်သွား၏။ ကမ္ဘာဦးသစ်ပင်၏ တောင်တစ်လုံးတမျှ ကြီးမားလှသည့် အမြစ်တစ်ချောင်းထဲတွင် အပေါက်တစ်ပေါက် ရှိနေသည်။ ထိုအပေါက်၌ ကမ္ဘာဦးသစ်ပင်သားဖြင့် ရိုက်ထားသော တံခါးတစ်ချပ် တပ်ထားသည်။ အစောင့်အရှောက်များလည်း တင်းကြပ်စွာ ချထားလေသည်။
တံခါးထဲ ဝင်လာပြီးနောက်တွင် အောက်သို့ ဆင်းသွားသော သစ်သားလှေကားတစ်စင်း မြင်တွေ့ရသည်။ ဘေးနံရံနှစ်ဖက်အပေါ်၌ အလင်းရောင်တောက်ပနေသည့် နတ်ဘုရား၊ မိစ္ဆာတို့၏ အရိုးစုများ ချိတ်ဆွဲထား၏။ သို့သော် ဤအရိုးစုများဆီမှ နတ်ဘုရားအလင်း၊ မိစ္ဆာအလင်းတို့မှာ မှေးမှိန်လွန်းလေသည်။
“တရားသူကြီးယန်ကို ဘယ်လိုခေါ်ရမလဲ” ချင်မူ ပတ်ဝန်းကျင်ကို စနည်းနာရင်း မေးလိုက်မိသည်။
“ယန်ရှောင်ချင်းလို့ ခေါ်ပါတယ်”
တရားသူကြီးယန်သည် ပြုံးနေ၏။ “ကျုပ်က ကောင်းကင်နတ်ဘုံမှာ ဘာမှမဟုတ်၊ အရာမဝင်တဲ့သူပါ... ကောင်းကင်နတ်အရှင်မူ၊ ကျုပ်ကို ကြားဖူးလောက်မှာမဟုတ်ဘူး”
ချင်မူ ရင်ထဲ လှုပ်ခတ်သွားပြီးနောက် တဟားဟား ရယ်လိုက်သည်။ “ကောင်းကင်နတ်ဘုံရဲ့ လက်ဝဲယံ လက်ထောက်ဝန်မင်း ယန်ရှောင်ချင်း၊ စိတ်ပညာကောင်းကင်နတ်သိုင်းမှာ ကျွမ်းကျင်ပြီး ခိုင်ဧကရာဇ်ရဲ့ မင်တုကောင်းကင်နတ်မင်း တျန်းရှုကို တော်ဝင်မုခ်ဝနတ်ဓားမထဲမှာ နှစ်ပေါင်းခုနစ်သန်း ပိတ်မိသွားအောင် လှည့်စားခဲ့တဲ့သူ”
တရားသူကြီးယန် အံ့အားသင့်သွားသည်။ “ကောင်းကင်နတ်မင်းက ကျုပ်အကြောင်း တကယ် ကြားဖူးတာလား”
ချင်မူက ပြောသည်။ “ကျွန်တော်လည်း တော်ဝင်မုခ်ဝနတ်ဓားမထဲမှာ နှစ်အနည်းငယ် ပိတ်မိနေဖူးတယ်... ကံကောင်းလို့သာ ထွက်လာနိုင်တာ.... တော်ဝင်မုခ်ဝနတ်ဓားမထဲမှာ လက်ဝဲယံ လက်ထောက်ဝန်မင်း ကောင်းကင်နတ်မင်းတျန်းရှုကို လှည့်စားဖို့ သုံးခဲ့တဲ့ အရက်တွေကိုတောင် မြင်ခဲ့ရသေးတယ်... လက်ဝဲယံ လက်ထောက်ဝန်မင်းက ကျွန်တော် တွေ့ဖူးသမျှထဲမှာ စိတ်ပညာကောင်းကင်နတ်သိုင်း တတ်မြောက်ထားတဲ့ ပထမဆုံးတစ်ယောက်ပဲ”
နဂါးချီလင်လည်း ဝင်ပြော၏။ “ကျွန်တော်ဆို ဝန်မင်းရဲ့ အရက်တွေ သောက်ပြီး တျန်းရှုနဲ့ သွေးသောက်ညီအစ်ကို လုပ်ခဲ့သေးတယ်”
ယန်ရှောင်ချင်းက တဟားဟား ရယ်မောသည်။ “ကောင်းကင်နတ်အရှင်ကတော့ မြှောက်နေပြီ.... ကျုပ်က နံပါတ်တစ်ရယ်လို့ မဟုတ်သေးပါဘူး... ကောင်းကင်နတ်အရှင်က စိတ်ပိုင်းဆိုင်ရာ ထင်ပေမယ့် ကျုပ်က အသိစိတ်အလျဉ်ကို လေ့လာတာပါ... အသိစိတ်အလျဉ်ကောင်းကင်နတ်သိုင်းမှာ ထိပ်တန်းသိုင်းပညာရှင်က ချိမင်ခေတ်ရဲ့ ချိဧကရာဇ်ပဲ”
ချင်မူ ရင်ထဲတွင် အနည်းငယ် လှုပ်ရှားသွား၏။
ချိဧကရာဇ်သည် မူလဝိညာဉ်သုံးသွယ် ထာဝရနတ်ဘုရားအသိစိတ်အလျဉ်ကို သူ့ဆီ ပေးခဲ့သော်လည်း ဧကရာဇ်ပလ္လင်အဆင့်ကျင်စဉ်များကိုမူ မပေးခဲ့ပေ။
ချိဧကရာဇ်က ရှေးခေတ်မှ ဧကရာဇ်တစ်ပါး မဟုတ်ပါလော။ သူ၏ထာဝရနတ်ဘုရားအသိစိတ်အလျဉ်က မူလဝိညာဉ်သုံးခုအား ဖွဲ့တည်ရာတွင် အသားပေးထားပြီး မူလဝိညာဉ်အား ခိုင်မာစေသည်။ သို့သော် အသိစိတ်အလျဉ်ကောင်းကင်နတ်သိုင်းများ ဖန်တီးရာ၌မူ ယန်ရှောင်ချင်းလို မျိုးဆက်သစ်ပါရမီရှင်များနှင့် မယှဉ်နိုင်ပေ။
ယန်ရှောင်ချင်းသည် အသိစိတ်အလျဉ်ကောင်းကင်နတ်သိုင်းတွင် ကောင်းကင်နတ်ဘုံ၏ အစွမ်းထက်ဆုံးနတ်ဘုရားဟု ဆိုနိုင်၏။
ယန်ရှောင်ချင်းနှင့် တျန်းရှု၏ ရာထူးအဆင့်အတန်းက တူသည်။ တစ်ယောက်က ပြင်ပကောင်းကင်နတ်ဘုံ၏ လက်ဝဲယံ လက်ထောက်ဝန်မင်း၊ တစ်ယောက်က ခိုင်ဧကရာဇ်ကောင်းကင်နတ်၏ လက်ဝဲယံ လက်ထောက်ဝန်မင်း ဖြစ်သည်။ တျန်းရှုက ယိုတုကောင်းကင်နတ်သိုင်းများ၌ ကျွမ်းကျင်ပြီး ယိုတုမိစ္ဆာတာအိုတွင် သူ၏ ပါရမီနှင့် ပေါက်မြောက်မှုက အတိုင်းထက်အလွန် မြင့်မား၏။ ကောင်းကင်သားတော်ယင်နှင့်ပင် ယှဉ်နိုင်သည်။
အခြားတစ်ဖက်တွင် ယန်ရှောင်ချင်းက အသိစိတ်အလျဉ်ကောင်းကင်နတ်သိုင်းများ၌ ကျွမ်းကျင်သည်။ သူ့အတွက် တျန်းရှုကို အရူးလုပ်ရန်မှာ လေလေး မှုတ်လိုက်သကဲ့သို့ လွယ်ကူသည်။ တျန်းရှုကလည်း သူ့ကို ပြိုင်ဘက်အဖြစ် ဆက်ဆံပြီး သူနှင့် တစ်ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ဖူး၏။
နှစ်ယောက်စလုံး ယိုတု၏မဟာတာအိုစနစ်ကို ကျင့်ကြံထားကြသော်လည်း ချဉ်းကပ်သောနည်းလမ်းများက မတူပေ။
“ကောင်းကင်နတ်ဘုံမှာ ဧကရာဇ်ပလ္လင်အဆင့် အသိစိတ်အလျဉ်ကျင့်စဉ်တွေ သိပ်မရှိဘူး... ချိဧကရာဇ် လွန်ခဲ့တဲ့ နှစ်ပေါင်းလေးသိန်းကတည်းက သေဆုံးသွားတာ နှမြောစရာပဲ... သူ့ရဲ့ ထာဝရနတ်ဘုရား အသိစိတ်အလျဉ်ကလည်း ပျောက်ဆုံးသွားတာကြာပြီ"
ယန်ရှောင်ချင်းက ပြောသည်။ “ကောင်းကင်နတ်ဘုံက ဧကရာဇ်ပလ္လင်အဆင့် အသိစိတ်အလျဉ်ကျင့်စဉ် ဖန်တီးနိုင်ဖို့ ကျုပ်အပေါ် မျှော်လင့်ထားကြတယ်လေ... ဒါပေမဲ့ ခဏခဏ မအောင်မြင်တော့ အပြစ်ပေးတဲ့အနေနဲ့ တရားသူကြီးအဖြစ် ဒီမဟာအကျဉ်းထောင်ဆီ ပို့လိုက်တော့တာပဲ... အောက်ဘုံရောက်မှ ကောင်းကင်နတ်ဘုံအနေနဲ့ မူလဝိညာဉ်သုံးသွယ် ထာဝရနတ်ဘုရား အသိစိတ်အလျဉ်ကို မြေလှန်ရှာနေတာ ရူးကြောင်ကြောင်နိုင်မှန်း သဘောပေါက်သွားတယ်... ဒီမှာ ကောင်းကင်နတ်သိုင်းပညာရှင်တိုင်းက အဲဒါကို တတ်မြောက်ထားတယ်လေ... တစ်ယောက်နဲ့တစ်ယောက် ပေါက်မြောက်နှုန်းခြင်း မတူတာပဲ ရှိတာ”
ချင်မူ ပြုံးလိုက်မိသည်။
ယန်ရှောင်ချင်းသည် ဆက်ပြော၏။ “ကျန်းပိုင်ကွေ့ ဒီကျင့်စဉ်ကို ကျုပ်ဆီ ပေးခဲ့ကတည်းက သူ့ကို ကောင်းကောင်းမွန်မွန် ဂရုစိုက်ပေးခဲ့ပြီး ဒုက္ခမခံခိုင်းခဲ့ဘူး... ဒီအတောအတွင်း မူလဝိညာဉ်သုံးသွယ် ထာဝရနတ်ဘုရားအသိစိတ်အလျဉ်ကို လေ့လာရင်း ကျုပ် အတော်လေး အကျိုးအမြတ် ရခဲ့တယ်.... ကောင်းကင်နတ်အရှင်မူ၊ ဝိညာဉ်မပါဘဲ အခုလို အသက်ရှင်နေနိုင်တာက ထာဝရနတ်ဘုရားအသိစိတ်အလျဉ်ရဲ့ အကျိုးသက်ရောက်မှုကြောင့် မဟုတ်လား"
ချင်မူ ရယ်လိုက်သည်။ “ဒါက ကျွန်တော် ဖြန့်ဝေပေးခဲ့တဲ့ ကျင့်စဉ်ပါ... ကျွန်တော် သိတာပေါ့”
ယန်ရှောင်ချင်းကလည်း သဘောကျစွာ ရယ်သည်။ “ဒါဖြင့် ဆရာတစ်ယောက်ရဲ့ အရှေ့မှာ မကြွားတော့ပါဘူး”
ဤစကားသည် ချင်မူ့ကို သူ့အရှေ့၌ အစွမ်းအစများ ထုတ်မကြွားရန် သတိပေးနေသကဲ့သို့ ရှိ၏။
မြေကြီးအောက်သို့ ရောက်လာသည်နှင့်အမျှ မှောင်သထက် မှောင်လာပြီး သွေးညှီနံ့လည်း ပြင်းလာသည်။ အပြင်မှ သွေးမြစ်တစ်စင်းက အောက်သို့ စိမ့်၍ စီးကျလာရင်း အကျဉ်းခန်းလှောင်ချိုင့်များတစ်လျှောက် ဖြတ်ကျော်သွားသည်။
ကမ္ဘာဦးသစ်ပင်၏ အမြစ်များသည် ရှုပ်ထွေးပြီး တစ်ချောင်းနှင့်တစ်ချောင်း ရစ်ပတ်လိမ်ကျစ်ကာ အကျဉ်းခန်းသဖွယ် ဖွဲ့တည်နေ၏။ အမြစ်ရှည်ရှည်များက သံကြိုးများသဖွယ် နတ်ဘုရား၊ မိစ္ဆာတို့၏ ရုပ်ခန္ဓာနှင့် မူလဝိညာဉ်ထဲသို့ ထိုးဖောက်လျက် ချုပ်ထားကြသည်။
သွေးမြစ်မှာ ပုပ်သိုးနံဟောင်နေသည့်အတွက် မိစ္ဆာကောင်များစွာ မွေးဖွားလာသည်။ ထိုအကောင်များက ဆန်းကြယ်တီကောင်ကြီးများ အသွင်ရှိပြီး လက်များ၊ ခြေထောက်များလည်း ထွက်နေကာ အကျဉ်းသားများ၏ ခန္ဓာကိုယ်အပေါ် တွယ်ကပ်လျက် သွေးစုပ်နေကြ၏။
ထောင်စောင့်များ ရောက်လာလျှင် ဤမိစ္ဆာမျှော့၊ မိစ္ဆာတီကောင်တို့က အကျဉ်းသားများအနောက်ရှိ အရိပ်ထဲတွင် ပုန်းအောင်းကြသည်။ ထောင်စောင့်များ ထွက်သွားလျှင် ခေါင်းပြူထွက်လာပြီး ပြန်တွယ်ကပ်ကာ သွေးဆက်စုပ်ကြသည်။
မဟာအကျဉ်းထောင်ထဲတွင် ရှေ့သွားနောက်ပြန် အမြဲကင်းစောင့်နေသော အစောင့်များဖြင့် လုံခြုံရေးတင်းကြပ်ထား၏။
ချင်မူ ကမ္ဘာဦးသစ်ပင်၏ အမြစ်များကို လေ့လာနေရင်း ပြိုင်ဘက်ကင်းလောက်အောင် သန်မာနေကြောင်း မြင်တွေ့ရသည်။ ဤကမ္ဘာဦးသစ်ပင်သည် အမိကမ္ဘာမြေ၏ ကိုယ်အစစ် ဖြစ်သည့်အလျောက် မာကြောကြံ့ခိုင်မှုက ဧကရာဇ်ပလ္လင်အဆင့် နတ်လက်နက်တစ်လက်နှင့် ယှဉ်နိုင်၏။ တော်ဝင်မုခ်ဝနတ်ဓားမလို ရတနာဓားတစ်လက်သည်သာ ဤအမြစ်တို့ကို ပိုင်းဖြတ်နိုင်လိမ့်မည်။
ထို့အပြင် အမြစ်တို့၏ မျက်နှာပြင်ထက်တွင် အမိကမ္ဘာမြေ၏ မဟာတာအိုသင်္ကေတအမှတ်အသားများလည်း ရှိနေသည်။ ထို့ကြောင့် မည်သူမျှ ဤနေရာမှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။
အကျဉ်းထောင်ထဲ၌ အကျဉ်းကျနေသူများအနက် ကျောက်စိမ်းမြို့တော်အဆင့်နှင့် နတ်ကောင်းကင်ခန်းမအဆင့် ဖြစ်တည်မှုများစွာ ပါဝင်သည်။ သူတို့သည် အမိကမ္ဘာမြေ၏ လက်အောက်ရှိ ကောင်းကင်ဘုံများ၌ နေထိုင်သော မျိုးနွယ်စုအသီးသီး၏ ခေါင်းဆောင်များ ဖြစ်ကြ၏။ ယခုတော့ အကျဉ်းသားများ ဖြစ်နေကြချေပြီ။
အစောင့်များက သူတို့ကို သေသေချာချာ ဂရုစိုက်၍ ဇလုံကြီးတစ်လုံဖြင့် သူတို့ခန္ဓာကိုယ်မှ စီးကျလာနေသော သွေးများကို ခံယူထားသည်။ ဇလုံကြီးပြည့်သွားလျှင် အပြင်သို့ ဂရုတစိုက် သယ်ဆောင်သွားကြ၏။
“သူတို့သွေးက အင်မတန် အသုံးဝင်တယ်”
ယန်ရှောင်ချင်းက ရှေ့မှ ဦးဆောင်သွားနေရင်း ရှင်းပြသည်။ “နတ်ဘုရားမြို့တစ်မြို့ တည်ဆောက်တဲ့အခါ မြို့တံတိုင်းတွေ ခိုင်မာတောင့်တင်းအောင် တံတိုင်းမျက်နှာပြင်တွေအပေါ်မှာ သင်္ကေတအမှတ်အသားတွေ ခတ်နှိပ်ရတယ်.... အဲဒီအတွက် သာမန်နတ်ဘုရားမိစ္ဆာသွေးတွေကို သုံးလို့ရတယ်... အရှင်သခင်နန်းဆောင်တွေကျမှ နတ်ကောင်းကင်ခန်းမနဲ့ ကျောက်စိမ်းမြို့တော်အဆင့် အဆင့်မြင့်သိုင်းပညာရှင်တွေရဲ့ သွေးတွေကို သုံးဖို့ ထိုက်တန်တယ်... မျိုးနွယ်တစ်စုနှင့်တစ်စု သွေးအရောင်က မတူတော့ သူတို့သွေးတွေနဲ့ နံရံတွေကို အရောင်ခြယ်ရင် ဘယ်တော့မှ မမှိန်တော့ဘဲ ထာဝရခံလိမ့်မယ်... သွေးသောက်ရတာ ကြိုက်တဲ့ နတ်ဘုရားတချို့လည်း ကောင်းကင်နတ်ဘုံမှာ ရှိတယ်... သူတို့က သာမန်သွေးဆို မကြိုက်ကြဘူးလေ... အဲဒါနဲ့ ကျုပ်ရဲ့ အကျဉ်းသားတွေဘက် မြှားဦးလှည့်လာတာပေါ့”
ချင်မူ မျက်လုံးများ မှေးကျဉ်းသွား၏။ မဟာအကျဉ်းထောင်အတွင်းရှိ ထောင်စောင့်များအနက် ဆေးပညာကျွမ်းကျင်သည့် နတ်ဘုရားများ ပါဝင်သည်။ သူတို့သည် အကျဉ်းသားများဆီမှ သွေးဆက်ထုတ်နိုင်အောင် ဒဏ်ရာများကို ကုသပေးရင်း အသက်ဆွဲဆန့်ထားကြ၏။
“ယန်ရှောင်ချင်း ငါ မင်းကို သတ်မယ်”
ချီလင်ခေါင်း၊ လူခန္ဓာနှင့် အကျဉ်းသားတစ်ယောက်က ဒေါသတကြီး အော်ဟစ်နေသည်။ “ငါ လွတ်လာရင် မင်းကို အတုံးတစ်ထောင် တုံးပစ်မယ်”
ယန်ရှောင်ချင်းသည် ကျယ်လောင်စွာ ရယ်မောနေ၏။ ရုတ်တရက် သူ၏မျက်ခုံးနှစ်ဖက်ကြား၌ မျက်လုံးတစ်လုံး ပေါ်လာပြီး ထိုမျက်လုံးဆီမှ ကြာပွင့်တစ်ပွင့် ပျံထွက်လာကာ ချီလင်မျိုးနွယ်ခေါင်းဆောင်၏ စိတ်ထဲသို့ ဝင်ရောက်သွားသည်။
ချီလင်မျိုးနွယ်ခေါင်းဆောင်မှာ ငေးကြောင်သွား၏။ တခဏကြာသော် သူ့မျက်နှာထက်တွင် နူးညံ့သိမ်မွေ့သောအမူအရာတစ်ခု ပေါ်လာပြီး ဆူဆူညံညံ မလုပ်တော့ပေ။
“အသိစိတ်အလျဉ်ကောင်းကင်နတ်သိုင်းတွေက သူ့ကို ပျော်စရာကောင်းတဲ့ အိပ်မက်ထဲမှာ ထာဝရနစ်မျောသွားအောင် လုပ်နိုင်တယ်”
ယန်ရှောင်ချင်းက ချင်မူ့ဆီသို့ ရှင်းပြနေ၏။ “ကျုပ် သူ့အသိစိတ်အလျဉ်ထဲမှာ ပျော်စရာကောင်းတဲ့ ကမ္ဘာတစ်ခုကို ကောင်းကင်နတ်သိုင်းနဲ့ ဖန်ဆင်းလိုက်တယ်.. အဲဒီကမ္ဘာထဲမှာ သူ လိုချင်တာ ရနေမှာဆိုတော့ ဘယ်တော့မှ ထွက်လာနိုင်မှာမဟုတ်ဘူး... ကြိုးစားအားထုတ်ရင် ကျုပ် သူ့အတွက် ဖန်ဆင်းပေးထားတဲ့ အတွေးကမ္ဘာထဲမှာ သူ ကောင်းကင်နတ်ဧကရာဇ်တောင် ဖြစ်လာပြီး အင်မတန် ပျော်နေလိမ့်မယ်... အဲဒီကနေတစ်ဆင့် သူ့ဆီက သွေးထုတ်တဲ့အခါ နာကျင်မှုကို မခံစားရတော့ဘဲ ပျော်နေတော့ပေါ့”
နဂါးချီလင် တုန်လှုပ်သွားသည်။ ချီလင်မျိုးနွယ်ခေါင်းဆောင်ကို သူ မှတ်မိသည်။ အမိကမ္ဘာမြေ၏ မြေကမ္ဘာနန်းတော်မှာတုန်းက ချီလင်မျိုးနွယ်ခေါင်းဆောင်သည် သူ့ကို ကျင့်ကြံအားထုတ်တတ်အောင် လမ်းပြပေးခဲ့ဖူး၏။
ထိုမျှအင်အားကြီးမားသော ပုဂ္ဂိုလ်တစ်ယောက်က ထိုကဲ့သို့အခြေအနေ ဖြစ်သွားမည်ဟု သူ မထင်ထားခဲ့ပေ။
ဤနေရာသည် နာမည်အရ မဟာအကျဉ်းထောင် ဖြစ်သည်။ သို့သော် လက်တွေ့၌မူ နတ်ဘုရား၊မိစ္ဆာ သွေးထုတ်စက်ရုံတစ်ရုံသာ ဖြစ်နေ၏။
“ကျန်းပိုင်ကွေ့နဲ့ ဧကရာဇ်အတိုင်ပင်ခံရဲ့ အကျဉ်းခန်းက အရှေ့မှာပဲ”
ယန်ရှောင်ချင်းက သူတို့ကို အကျဉ်းခန်းနှစ်ခန်းဆီ ခေါ်သွားသည်။ ချင်မူ အထဲချောင်းကြည့်လိုက်သည့်အခါ ဧကရာဇ်ယန်ဖုန်းနှင့် ဧကရာဇ်အတိုင်ပင်ခံကို မြင်လိုက်ရသည်။ နှစ်ယောက်သား အကျဉ်းခန်းများထဲ၌ ပိတ်လှောင်ခံထားရသော်လည်း အမြစ်များဖြင့် ထိုးဖောက်မခံထားရပေ။
ဧကရာဇ်ယန်ဖုန်းသည် စူးစူးဝါးဝါး အော်ဟစ်နေသော မိစ္ဆာတစ်ကောင်ကို ကိုင်မြှောက်ထား၏။ သူက ပါးစပ်ဟပြီး စားမည်လုပ်နေစဉ် အကျဉ်းခန်းအပြင်၌ ချင်မူ့ကို မြင်လိုက်ရ၍ အံ့အားသင့်သွားသည်။ ထို့နောက် မိစ္ဆာကို သူ့အနောက်တွင် ကပျာကယာ ဖွက်ကာ ခပ်တည်တည် ထိုင်နေသည်။
တစ်ဖက်အကျဉ်းခန်းထဲတွင် ဧကရာဇ်အတိုင်ပင်ခံက မီးလျှံသိုင်းကွက် ထုတ်လွှတ်၍ မိစ္ဆာတစ်ကောင်ကို ကျက်သည်အထိ မီးကင်နေသည်။ ချင်မူ့ကို မြင်သော်လည်း မိစ္ဆာအား ဖွက်မထားပေ။
“လက်ဝဲယံ လက်ထောက်ဝန်မင်း၊ ကျွန်တော်တို့ကို သီးသန့်တွေ့ခွင့်ပေးလို့ရမလား”
ချင်မူ ပြုံးလိုက်သည်။ “အပြင်သူအရှေ့မှာ ပြောဖို့မသင့်တဲ့ စကားတချို့ ရှိလို့ပါ”
ယန်ရှောင်ချင်းသည် ပြုံးစစဖြင့် တုတ်တုတ်မလှုပ်ပေ။ “ကောင်းကင်နတ်အရှင်မူက ပြိုင်ဘက်ကင်းမှော်ဝိဇ္ဇာရှင် ဖြစ်နေပါသေးတယ်... ဒါကြောင့် အခြားသူတွေကတော့ ကျုပ်အကျဉ်းသားတွေကို မလွှတ်ရဲလောက်ပေမယ့် ကောင်းကင်နတ်အရှင်ကို ထားခဲ့ရင် ကောင်းကင်နတ်အရှင်က လုပ်ရဲပါတယ်... နဂါးသွဲ့ရေကန်မှာတောင် တိုက်ခိုက်ရဲခဲ့တဲ့သူမဟုတ်လား... ဒီအကျဉ်းထောင်လေးကတော့ မပြောပလောက်ပါဘူး”
ချင်မူမှာ ရွေးချယ်စရာမရှိတော့၍ ဧကရာဇ်ယန်ဖုန်းနှင့် ဧကရာဇ်အတိုင်ပင်ခံဆီသို့ ဦးညွှတ်အရိုအသေပေးကာ မေးလိုက်သည်။ “နှစ်ယောက်လုံး ဒီမှာ အဆင်ပြေရဲ့လား”
ဧကရာဇ်ယန်ဖုန်း ဒေါပွသွား၏။ “မင်း ဒီမှာ လာနေကြည့်လိုက်လေ... အဆင်မပြေမလား သိရတာပေါ့”
အခြားတစ်ဖက်တွင် ဧကရာဇ်အတိုင်ပင်ခံသည် ဆင်းရဲဒုက္ခများကို မမှုဘဲ တည်ငြိမ်အေးဆေးနေ၏။ “ဆရာတူအစ်ကိုကြီး ဘာအတွက် ဒီကို ရောက်လာတာလဲ”
ချင်မူ ပြုံးလိုက်သည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ အစစအရာရာ အဆင်ပြေပါတယ် စိတ်မပူကြပါနဲ့... ကျွန်တော် ကမ္ဘာဦးဘုံကနေ ထွက်ပြီး ကောင်းကင်နတ်ဘုံဆီ သွားမလို့ တွေးနေတာ... ဒီခရီးမှာ အသက်ရှင်နိုင်ပါ့မလား မသေချာလို့ မသွားခင် ခင်ဗျားတို့နှစ်ယောက်ကို အရင်လာတွေ့တာပါ”
ဧကရာဇ်ယန်ဖုန်းက အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် ဆို့နင့်နေသောအသံဖြင့် မေးသည်။ “ကောင်းကင်နတ်ဘုံကို သွားမယ်ဟုတ်လား... သူတို့ဓားစာခံ လုပ်မလို့လား”
ချင်မူ ကျယ်လောင်စွာ အော်ရယ်မိလိုက်၏။ “ကျွန်တော်က ကောင်းကင်နတ်အရှင်မူလေ၊ ကောင်းကင်နတ်ဘုံက ကျွန်တော့်ကို ဘယ်လိုလုပ် ဓားစာခံလုပ်လို့ ရမှာတုန်း... အရှင်မင်းကြီးကတော့ နောက်ပြီ.. ကျွန်တော်က ကောင်းကင်နတ်ဘုံမှာ မိတ်ဆွေဟောင်းတစ်ယောက်နဲ့ သွားတွေ့မလို့ပါ”
ဧကရာဇ်အတိုင်ပင်ခံ၏ မျက်ဝန်းများ တောက်ပသွားသည်။ “အစ်ကိုကြီး ကောင်းကင်နတ်ဘုံဆီ သွားတာ အကြံကောင်းပဲ... လူဆိုတာ မျှော်လင့်ချက်မဲ့နေတဲ့ အခြေအနေမှာ အပြင်းအထန် တိုက်ခိုက်ရမယ်၊ အဲဒါမှ အသက်ရှင်နိုင်မယ့် လမ်းကို ရှာတွေ့နိုင်မှာပါ.. မင့်ခန္ဓာကိုယ်က ...."
ချင်မူက သမ်းဝေကာ ပြောလေသည်။ “ကျွန်တော့်ခန္ဓာကိုယ်က တစ်နေ့ပြီးတစ်နေ့ ဆုတ်ယုတ်နေတယ်... ဝိညာဉ်မရှိတော့ သိုင်းအဆင့်ကလည်း ကျသထက် ကျလာတယ်... မသေရုံလေးပဲ ရှိတော့တယ် ပြောရမှာပေါ့ဗျာ... တစ်ချက်တစ်ချက် လမ်းလျှောက်နေရင်း သတိလစ်သွားပြီး သုံး၊ လေးရက်လောက် မျောသွားတတ်တယ်”
ဧကရာဇ်အတိုင်ပင်ခံ မျက်မှောင်ကြုတ်သွား၏။ “မင်းရဲ့အခြေအနေအရဆို ကောင်းကင်နတ်ဘုံဆီ သွားတာက သေဖို့ သွားနေတာနဲ့ မတူဘူးလား”
ချင်မူမှာ စိတ်မပါတော့ဘဲ မျက်ခွံများ လေးလံလာသည်။ “ကျွန်တော်...”
သူက ခွေခနဲ အိပ်မောကျသွားကာ ဟောက်ပင် ဟောက်နေသည်။
ယန်ရှောင်ချင်းသည် သူ့ဘေး၌ ပြုံးနေ၏။ သူက စကားတစ်ခွန်း မပြောဘဲ ချင်မူ့ကို တွဲထားကာ လှဲအိပ်စေလိုက်သည်။
နဂါးချီလင်နှင့် ယန်အာမှာ ဤအဖြစ်အပျက်နှင့် အသားကျနေသကဲ့သို့ မအံ့ဩကြပေ။
ဧကရာဇ်ယန်ဖုန်းက မျက်ရည်များ ဝဲတက်လာပြီး ငိုသံကြီးဖြင့် ပြောတော့သည်။ “ဂိုဏ်းသခင်ချင် ထပ်ပြီး မတောင့်ခံနိုင်တော့ဘူး ထင်တယ်....”
ယန်ရှောင်ချင်း သုံး၊ လေးရက်လောက် စောင့်ပြီးနောက်မှ ချင်မူ နိုးလာသည်။ သူက အထိတ်တလန့် ထအော်၏။ “အိပ်ပျော်သွားပြန်တာလား... ဘယ်လောက်ကြာကြာ အိပ်ပျော်သွားတာလဲ”
ယန်ရှောင်ချင်းက ပြောသည်။ “ကောင်းကင်နတ်အရှင်မူ သုံးရက်နဲ့ ဆယ်နာရီ အိပ်ပျော်သွားပါတယ်”
ချင်မူ အားတုံ့အားနာ ပြောလိုက်မိသည်။ “ကျွန်တော် အကြာကြီး အိပ်ပျော်သွားပြီး လက်ဝဲယံ လက်ထောက်ဝန်မင်းရဲ့ အချိန်တွေကို ဖြုန်းတီးမိသွားပါတယ်... ကဲဗျာ ဒီလောက်နဲ့ ပြန်သင့်ပြီ... အရှင်မင်းကြီး၊ ညီလေး နှုတ်ဆက်ခဲ့ပါတယ်”
ဧကရာဇ်ယန်ဖုန်းနှင့် ဧကရာဇ်အတိုင်ပင်ခံလည်း ထ၍ ပြန်နှုတ်ဆက်ကြသည်။
ယန်ရှောင်ချင်းက ချင်မူ့ကို မဟာအကျဉ်းထောင်၏အပြင် လိုက်ပို့ပေးသည်။ သစ်သားတံခါး စေ့သွားပြီး မြေအောက်အကျဉ်းထောင်ကို ပိတ်လှောင်နေစဉ် ယန်ရှောင်ချင်းသည် တံခါးအပေါ်ရှိ သင်္ကေတအမှတ်အသားများကို ထောင့်စေ့အောင် စစ်ဆေးနေ၏။ ထို့နောက် သူ စိတ်ကျေနပ်သွားသည်။
ထို့နောက် သူသည် ချင်မူ့ကို အရိုးမြို့အပြင်သို့ လိုက်ပို့၏။ ချင်မူက သူ့ဘက်လှည့်ကာ ပြောသည်။ “လက်ဝဲယံလက်ထောက်ဝန်မင်း၊ ကျွန်တော့်ကို လိုက်မပို့လို့ရပါပြီ”
ယန်ရှောင်ချင်းက အရိုအသေပေးသည်။ “နှုတ်ဆက်ပါတယ်... ကောင်းကင်နတ်အရှင်”
သူက ချင်မူ နဂါးချီလင်၏ ခေါင်းပေါ်သို့ ပျံတက်၍ မိုးကုပ်စက်ဝန်း၌ ပျောက်ကွယ်သွားသည့်တိုင်အောင် ကြည့်နေသည်။ ထို့နောက် တရားစီရင်ရာပလ္လင်ခန်းမထဲ ပြန်ဝင်၍ ချင်မူ လာရောက်လည်ပတ်သည့် အကြောင်းအား အသေးစိတ် ချရေးလိုက်၏။ ရုတ်တရက် သူ အံ့ဩတုန်လှုပ်သွားသည်။
ယန်ရှောင်ချင်း၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ သူက စုတ်တံကို အလျင်အမြန် ချ၍ စာအုပ် ကပျာကယာ လှန်ကြည့်လိုက်ရာ ကျန်စာရွက်များ ဗလာကျင်းနေမှန်း မြင်လိုက်ရ၏။
ယန်ရှောင်ချင်း ချွေးပြန်လာသည်။ ဤစာအုပ်တွင် အကျဉ်းထောင်၏ ကိစ္စဝိစ္စမှန်သမျှ အသေးစိတ်ချရေးထားသော မှတ်တမ်းများ ရှိသင့်သည်။ ယခုတော့ အားလုံး ပျောက်ကွယ်သွားချေပြီ။
‘ကောင်းကင်နတ်အရှင်မူ၊ ငါ့ရဲ့ အသိစိတ်အလျဉ်ကောင်းကင်နတ်သိုင်းက အမြင့်ဆုံးအဆင့်ကို ရောက်ရှိပြီး မူလဝိညာဉ်သုံးသွယ် ထာဝရနတ်ဘုရားအသိစိတ်အလျဉ်ကို ရထားပြီးပြီ... ဧကရာဇ်ပလ္လင်အဆင့်နဲ့ ခြေတစ်လှမ်းပဲ လိုတော့တယ်... မင်းက ဆရာသခင် ငါ့အရှေ့မှာ လာကြွားရဲတယ်ပေါ့”
ယန်ရှောင်ချင်း၏ အသိစိတ်အလျဉ်သည် သူ၏မျက်ခုံးနှစ်ဖက်ကြားမှ ထွက်လာပြီး သူက အော်ဟစ်လိုက်၏။ “ကျိုးပျက်စမ်း”
သူ၏အသိစိတ်အလျဉ်ကောင်းကင်နတ်သိုင်းက တုန်ခါပြီး အရပ်လေးမျက်နှာသို့ ဖြာထွက်သွားသည်။ နောက်တခဏတွင် ကောင်းကင်နှင့်မြေပြင် ပြောင်းလဲသွား၏။ ပတ်ဝန်းကျင်မှာ အရောင်ပျောက်ဆုံးသွားကဲ့သို့ အဖြူနှင့်အမည်းသာ ရှိတော့သည်။
ထို့နောက် အဖြူအမည်း ပျောက်ကွယ်သွားသည့်အခါ ယန်ရှောင်ချင်းမှာ တရားစီရင်ရာပလ္လင်ခန်းမထဲ၌ ထိုင်နေရာမှ အကျဉ်းထောင်ထဲရှိ ဧကရာဇ်ယန်ဖုန်းနှင့် ဧကရာဇ်အတိုင်ပင်ခံ၏ အကျဉ်းခန်းများအရှေ့တွင် ရပ်လျက် ရှိနေသေးကြောင်း တွေ့လိုက်ရ၏။