← Chapters

ကမ္ဘာဦးသစ်ပင်အမြုတေ၏ အစွမ်းများ

Vol. 69 Ch. 902

ကမ္ဘာဦးသစ်ပင်အမြုတေ၏ အစွမ်းများ

Vol. 69 Ch. 902

ကမ္ဘာဦးသစ်ပင်သည် စိမ်းစိုအုံ့ဆိုင်းနေပြီး ကမ္ဘာဦးဘုံ၏ ဧရိယာအတော်များများကို လွှမ်းခြုံထား၏။ ကမ္ဘာဦးဘုံရှိ ကောင်းကင်ဘုံများက ဤကမ္ဘာဦးသစ်ပင်ကို ရစ်သိုင်းလှည့်ပတ်နေသည်။ အဝေးမှကြည့်လျှင် များများစားစား မတွေးမိနိုင်သော်လည်း အနားကပ်သွားသည်နှင့်အမျှ ၎င်းမည်မျှ ခမ်းနားလှပကြောင်း သဘောပေါက်လိမ့်မည်။

အမိကမ္ဘာမြေမှာ သေဆုံးသွားပြီဖြစ်သော်လည်း ကမ္ဘာဦးသစ်ပင်တွင် အံ့အားသင့်ဖွယ်ရာ အသက်ဓာတ်စွမ်းအင်တို့ ရှိနေသေးသည်။.

ကောင်းကင်နတ်ဘုံ၏ နတ်ဘုရားများက ကောင်းကင်နတ်ဘုံမှ ကောင်းကင်သတ္ထုများကို စုဝေး၍ ကမ္ဘာဦးသစ်ပင်၏ ထိပ်ဖျားတွင် အခံ့ညားဆုံးနန်းတော်တစ်ဆောင် တည်ဆောက်ထားသည်။ နန်းတော်၏အခင်းအကျင်းက ကောင်းကင်နတ်ဘုံ၏ အခင်းအကျင်းအတိုင်း နဂါးသွဲ့ရေကန်၊ ကျောက်စိမ်းမြို့တော်၊ ကောင်းကင်နန်းဆောင်များ၊ ပလ္လင်ခန်းမများ ပါရှိသည်။ ကမ္ဘာဦးဘုံ၏ ကောင်းကင်နတ်နန်းတော်ဟု ဆိုကြလေသည်။

ရှေး‌ဟောင်းကောင်းကင်နတ်ဧကရာဇ်၏ ကိုယ်အစစ်က ကောင်းကင်နတ်ဘုံတွင် တည်ရှိနေပြီး သူ ပူးကပ်ထားသော ကောင်းကင်နတ်အရှင်ယွီသည် ကမ္ဘာဦးဘုံကို ဖိနှိပ်ထားမည့် လက်နက်အနေဖြင့် ကမ္ဘာဦးဘုံထဲတွင် ကျန်ရစ်ခဲ့၏။ သူက ကမ္ဘာဦးဘုံ နတ်ကောင်းကင်ခန်းမထဲတွင် စံမြန်းနေသည်။

ကောင်းကင်နန်းတော်မှာ တုနှိုင်းမရအောင် ထည်ဝါနေသည့်တိုင် ကမ္ဘာဦးသစ်ပင်၏ အမြစ်များသည် မှောင်မိုက်မည်းနက်နေပြီး အန္တရာယ်များသောနေရာ ဖြစ်၏။ ကောင်းကင်နတ်ဘုံ၏ စစ်တပ်က ကမ္ဘာဦးဘုံ၏ အလောင်းများကို အမြစ်များနေရာတွင် စုပုံထားကာ ကမ္ဘာဦးသစ်ပင်အတွက် အာဟာရဓာတ်များအဖြစ် အသုံးချကြသည်။

အလောင်းပုံများနှင့် သွေးပင်လယ်၏အလယ်တွင် ကမ္ဘာဦးဘုံ၏ အကျဉ်းထောင် တည်ရှိသည်။

အကျဉ်းထောင်သည် ကမ္ဘာဦးဘုံ၏ အန္တရာယ်အများဆုံး၊ အနံအသက်မကောင်းဆုံးသော မြေပြင်ထက်တွင် တည်ထောက်ထားခြင်းဖြစ်ပြီး ကောင်းကင်နတ်ဘုံ၏ နတ်ဘုရားများက အရိုးဖြူများသုံးကာ နံရံတံတိုင်းများ တည်ဆောက်၍ လှောင်ချိုင့်များ ဖန်တီးထား၏။ ကမ္ဘာဦး၏ အန္တရာယ်အများဆုံး ရာဇဝတ်သားများကို အကျဉ်းချထားရန်အတွက် ဖြစ်ပေသည်။ ထို့အပြင် နေနှင့်လကိုလည်း မမြင်သလို၊ လေအေးများက လှိုင်းဂယက်များပမာ တိုက်ခတ်နေသည်။ အတွင်းထဲတွင် အလွန်အေးစိမ့်ပြီး စိုစွတ်နေသည်။

ထိုမျှသာမက နတ်ဘုရားမိစ္ဆာအလောင်းများ၊ အရိုးများ များပြားလွန်းပြီး မြေပြင်တွင် မ‌ခြောက်သွေ့နိုင်သော နတ်ဘုရားမိစ္ဆာသွေးတို့ ဖုံးလွှမ်းနေသည်။ သွေးတို့က ရောနှောသွားသည့်အတွက် အညှီအဟောက်များမှ မိစ္ဆာသတ္တဝါများ မွေးဖွားလာကြကာ အကျဉ်းထောင်အနားတစ်ဝိုက်၌ ကျင်လည်ကျက်စားနေကြသည်။

ကောင်းကင်နတ်ဘုံ၏ နတ်ဘုရားများအနေဖြင့် ဤနေရာသို့ ဆင်းလာခဲပြီး ထောင်စောင့်များ၊ ထောင်မှူးများနှင့် တရားသူကြီးများသာ နေထိုင်တတ်လေသည်။

ကောင်းကင်နတ်ဘုံ၏ ထောင်စောင့်များ၊ ထောင်မှူးများနှင့် တရားသူကြီးများသည် ယိုတုသွေးပါသည့် မိစ္ဆာနတ်ဘုရားများဖြစ်သည့်အလျောက် အညှီအဟောက်များက အခြားသူများအတွက် မခံရပ်နိုင်သ်ောလည်း သူတို့အတွက် အတော်လေး သက်တောင့်သက်သာ ရှိချေသည်။

သို့သော် ဤတစ်ခေါက်တွင် ဧည့်သည်တော်တချို့ အကျဉ်းထောင်သို့ ရောက်လာကြ၏။ အဆင့်တန်းမြင့်မြင့် သခင်မတစ်ယောက်သဖွယ် ဝတ်စားထားသော အမျိုးသမီးတစ်ယောက်က အစောင့်တစ်ယောက် သွေးအိုင်ထဲမှ မွေးဖွားလာသည့် မိစ္ဆာသတ္တဝါတစ်ကောင်ကို ကိုင်၍ ဆေးကြောနေသည်ကို မျက်မှောင်ကြုတ်လျက် ကြည့်နေသည်။

မိစ္ဆာသတ္တဝါမှာ ဆေးကြောခံနေရင်း ဆူဆူညံညံ အော်ဟစ်နေသည်။ မိစ္ဆာ၏ကိုယ်ပေါ်ရှိ နတ်ဘုရားမိစ္ဆာသွေးအစက်များ လွင့်စင်ထွက်သွားပြီး အစောင့်သည် ၎င်းကို မြှောက်၍ ပါးစပ်ဟကာ စားပစ်ရန် ပြင်နေသည်။

အမျိုးသမီးမှာ ထိုမြင်ကွင်းကို မကြည့်ရဲသဖြင့် ကပျာကယာ အကြည့်လွှဲလိုက်သည်။

“အစ်မတော်ယွင်ဟွားရန်၊ ဒီက ထောင်စောင့်တွေက ယိုတုကနေ မွေးဖွားလာတဲ့ မိစ္ဆာနတ်ဘုရားတွေဆိုတော့ ဒီအညှီအဟောက်နဲ့ အမှောင်ထုကနေ မွေးလာတဲ့ မိစ္ဆာ‌ကောင်တွေက သူတို့အတွက် အစာပါ... အစ်မတော်အတွက်တော့ ဒီမိစ္ဆာကောင်တွေက ရွံစရာကောင်းပေမယ့် သူတို့အတွက်တော့ အင်မတန် အရသာရှိတယ်”

လူငယ်တစ်ယောက်သည် အမျိုးသမီး၏ဘေးတွင် ရပ်လျက် နွေးထွေးစွာ ပြုံးနေ၏။ “အထူးသဖြင့် လောလောလတ်လတ် မွေးဖွားလာတဲ့ မိစ္ဆာတွေပေါ့... သူတို့က ပိုလို့တောင် အရသာ ရှိသေးတယ်”

ယွင်ဟွားရန်က ပါးစပ်နှင့် နှာခေါင်းကို အုပ်၍ မျက်မှောင်ကြုတ်နေသည်။ “ဒီအကျဉ်းထောင်က ရက်စက်လွန်းတယ်... လူတွေနေဖို့ မသင့်တော်ဘူး... ဘာလို့ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ လောကသခင်ခန္ဓာက ရောက်မလာသေးတာလဲ... ငါတို့ သူ့ကို မြန်မြန်ရှင်းပြီးရင် ပြန်ပြီး အကျိုးအကြောင်း တင်ပြလို့ရမှာ”

ထောင်စောင့်၏ မျက်လုံးများ လင်းလက်သွားပြီး သူက သွေးအိုင်ထဲမှ မိစ္ဆာတစ်ကောင်ကို ဖမ်းဆွဲလိုက်သည်။ သူက မိစ္ဆာကောင်ကို ကိုင်မြှောက်ထားရင်း လူငယ်ဆီသို့ ရယ်ပြ၏။ “သခင်လေး တောက်ယွီ၊ ဒီကောင်က လတ်ဆတ်တယ် စားချင်လား”

တောက်ယွီဟု ခေါ်သော လူငယ်က မျက်မှောင်ကြုတ်၍ အလျင်အမြန် လက်ခါပြသည်။

အစောင့်က နှမြောစရာဟု ပြန်ပြောပြီးနောက် မိစ္ဆာကောင်ကို သွေးအိုင်ထဲတွင် ထပ်ဆေးနေသည်။ ရုတ်တရက် အနက်ရောင်ကော်လံအဝိုင်းနှင့် ဝတ်ရုံရှည် ဝတ်ထားသည့် တောင့်တောင့်ထွားထွား လူတစ်ယောက်က လမ်းလျှောက်ထွက်လာကာ ပြုံးပြသည်။ “ဘယ်လောက် အရသာ ရှိလိုက်မလဲ... မင်းတို့တွေ ဘာလို့ မစားကြတာတုန်း... ထောင့်စောင့်နတ်မင်း၊ ဆေးပြီးရင် ငါ့ကို ပေးစမ်းပါ... ငါကြိုက်တယ်”

အစောင့်က မိစ္ဆာကောင်ကို ဆေးကြောပြီး လှမ်းပေးသည်။

လူထွားကြီးက ပါးစပ်ဟလိုက်ပြီး အော်ဟစ်နေသော သတ္တဝါအား မြိုချလိုက်၏။

တောက်ယွီနှင့် ယွင်ဟွားရန်မှာ ဤမြင်ကွင်းကြောင့် မျက်မှောင်ကြုတ်သွားပြီး ယွင်ဟွားရန်က အော်သည်။ “ဝေ့မိုကျဲ... တော်သင့်ပြီ”

တောင့်တောင့်ထွားထွား ဝေ့မိုကျဲက မိစ္ဆာသတ္တဝါကို တကျွတ်ကျွတ် ဝါးပြီးနောက် နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်ကာ ဟက်ခနဲ ရယ်လိုက်သည်။ “မင်းတို့က နတ်ဘုရားမျိုးနွယ်၊ ငါက မိစ္ဆာမျိုးနွယ်လေ... ဒါက ငါစားတဲ့ အစာတွေပဲ... မြန်မာကို ရောက်ရင် မြန်မာလို ကျင့်ရတယ်ဆိုတဲ့ ဆိုရိုးလိုပေါ့... မင်းတို့နှစ်ယောက်လည်း လာစားကြည့်ပါ့လား”

တောက်ယွီ၏အမူအရာ အကြီးအကျယ် ပြောင်းလဲသွားပြီး သူက စကားလမ်းကြောင်း လွှဲလိုက်၏။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ အဲဒီလောကသခင်ခန္ဓာက ကောင်းကင်နတ်အရှင်ကိုးပါးထဲက ကောင်းကင်နတ်အရှင်မူပဲ... နဂါးဟန်ခေတ်ရဲ့ ပထမနှစ်တုန်းက သူ့ရဲ့အကြောင်းတွေကို ငါ ကြားထားတယ်... သူက ကောင်းကင်နတ်အရှင်ယွီရဲ့ ကိုယ်စား ကျင့်စဉ်နည်းလမ်းကို ဖြန့်ဝေပေးခဲ့ပြီး သက်ရှိသတ္တဝါတွေကို နတ်ဘုရားဖြစ်လာအောင် လုပ်ဆောင်ပေးခဲ့တယ်တဲ့... နတ်ဘုရားဖြစ်နိုင်မယ့် နည်းလမ်း ထွက်ပေါ်လာမှ သက်ရှိသတ္တဝါတွေဟာ ရှေးဟောင်းနတ်ဘုရားတွေကို ယှဉ်နိုင်လာပြီး အသက်ရှည်လာကြတယ်.. ငါတို့ သူ့ကို ရှင်းပစ်ရမှာက နည်းနည်းတော့...”

ဝေ့မိုကျဲသည် ညစ်ကျယ်ကျယ် ရယ်လိုက်သည်။ “သူ နတ်ဘုရားဖြစ်နိုင်မယ့် နည်းလမ်းကို မဖြန့်ဝေပေးခဲ့ရင် ကောင်းကင်နတ်အရှင်ဟောင်က ဖြန့်ဝေပေးဦးမှာပဲလေ... ငါ ဆရာ့ဆီက ကြားတာတော့ ဒီကောင်းကင်နတ်အရှင်မူက ကောင်းကင်နတ်အရှင်ဟောင်ရဲ့ အခွင့်အရေးကို ခိုးယူသွားတာတဲ့... နဂါးဟန်ကောင်းကင်နတ်ဘုံကို မတော်တဆ အချိန်ကူးပြောင်း ရောက်လာတဲ့ ကောင်က ဘာကောင်မှမဟုတ်ပါဘူးကွာ... ကောင်းကင်နတ်ဧကရာဇ်က တုံးအနေလို့သာ သူ့ကို ကောင်းကင်နတ်အရှင်ဘွဲ့ ပေးခဲ့တာ”

“နင့်ပါးစပ်ကို ပိတ်ထားစမ်း”

ယွင်ဟွားရန်သည် ပတ်ဝန်းကျင်ကို သတိအနေအထားဖြင့် ကြည့်ရှုလိုက်၏။ ချင်မူ ရောက်လာမည့်သတင်းကြား၍ အကျဉ်းဆောင်ဆီ ဆင်းလာခဲ့သော လူငယ်များစွာ ရှိလေသည်။ အနည်းဆုံး အယောက်လေး၊ ငါးရာခန့် ရှိသည့်အပြင် အားလုံးက ကောင်းကင်နတ်ဘုံမှ အစွမ်းထက်လူငယ်သိုင်းပညာရှင်များ ဖြစ်ကြ၏။ လူကောင်းလူဆိုး ရောနေပြီး နေရာတိုင်းတွင် မျက်စိများ၊ နားများ ရှိနေသည်။

ဤလူငယ်အားလုံးက ကောင်းကင်နတ်ဘုံ၏ မဟာကောင်းကင်နန်းဆောင်များမှ တပည့်များ ဖြစ်ကြသည်။ ကောင်းကင်နတ်ဘုံမှ မဟာစစ်တပ်ကို ကမ္ဘာဦးဘုံအား ဖိနှိပ်ရန် စေလွှတ်ခဲ့သည့်အချိန်တွင် ဤလူငယ်များလည်း စစ်ထဲ ဝင်ရောက်၍ ကမ္ဘာဦးဘုံတွင် လေ့ကျင့်ရေးဆင်းသည့်အနေဖြင့် သတ်ဖြတ်တိုက်ခိုက်ခဲ့သည်။ သူတို့အနေဖြင့် စစ်အောင်နိုင်မှုများ ရရှိလျှင် အနာဂတ်တွင် ရာထူးတိုးရန် မျှော်လင့်နိုင်၏။

“ကောင်းကင်နတ်ဧကရာဇ်ကို စော်ကားနေတယ်... နင် သေချင်နေတာလား”

ယွင်ဟွားရန်က အသံကို နှိမ့်၍ ပြောသည်။ “နင့်စကား ကောင်းကင်နတ်ဘုံဆီ ရောက်သွားရင် ဆရာတောင် နင့်ကို ကာကွယ်ပေးနိုင်မှာမဟုတ်ဘူး”

ဝေ့မိုကျဲက ရယ်လိုက်၏။ “ကောင်းကင်နတ်ဘုံမှာ ဆရာက ကောင်းကင်နတ်ဧကရာဇ်ကို အဖက်တောင် လုပ်တာမဟုတ်ဘူး ငါ့စိတ်ထဲ ရှိတာ ပြောတော့ ဘာဖြစ်မှာမလို့လဲ.... နဂါးဟန်ခေတ်ကို အချိန်ရွှေ့ပြောင်းလာတာ ငါတို့ဆိုရင် ဟီးဟီး ကောင်းကင်နတ်အရှင်တင်မဟုတ်ဘဲ... ကောင်းကင်နတ်ဧကရာဇ်တောင် ဖြစ်နိုင်သေးတယ်....” ဤသို့ပြောနေသော်လည်း သူ့အသံသည် တိုးနေ၏။

“အနောက်ကောင်းကင်နန်းဆောင်၊ မြောက်ကောင်းကင်နန်းဆောင်၊ တိမ်ဖြိုခွင်းကောင်းကင်နန်းဆောင်၊ သဲနယ်စပ်ကောင်းကင်နန်းဆောင်၊ ပံစဝိဒရကောင်းကင်နန်းဆောင်၊ မေတ္တယျကောင်းကင်နန်းဆောင်၊ လင်းရောင်ဖြာကောင်းကင်နန်းဆောင်၊ မရောဝကောင်းကင်နန်းဆောင်….”

တောက်ယွီသည် ခပ်တိုးတိုး ပြောနေ၏။ “ကောင်းကင်နတ်ဘုံရဲ့ ကောင်းကင်နန်းဆောင်တိုင်းက လက်ရွေးစင်တပည့်အားလုံးနီးပါး လွှတ်ထားတာပဲ… ငါတို့တာအိုဂိုဏ်းရဲ့ စင်ကြယ်ကျောက်စိမ်းနန်းဆောင်တော့ ကောင်းကင်နတ်အရှင်မူကို သတ်နိုင်တဲ့ ထိပ်ဆုံးစာရင်းထဲ မဝင်လောက်တော့ဘူး”

“ကောင်းကင်နတ်အရှင်ယွီက သူ့ဘွဲ့နဲ့ မထိုက်တန်ဘူး… ကောလဟာလတွေအရက သူက ဝိညာဉ်မရှိတော့လို့ လူသေတစ်ပိုင်းနဲ့ မခြားဘူးတဲ့… ပထမဆုံး လှုပ်ရှားနိုင်တဲ့ ဘယ်သူမဆို ထိပ်ဆုံး ဖြစ်လိမ့်မယ်… ငါတို့ ခြေတစ်လှမ်း နောက်ကျသွားလို့ကတော့ ဘာမှ ရလိုက်မှာမဟုတ်ဘူး”

ဝေ့မိုကျဲက ဆက်ပြောသည်။ “ငါ့အမြင်အရ… ဒီအကျဉ်းထောင်ထဲက ထွက်ပြီး ငါတို့ဆီ သူ့ဘာသာသူ ရောက်လာမှ စောင့်သင့်တယ်… ကောင်းကင်နတ်အရှင်မူ ရောက်လာတာနဲ့ ငါတို့သုံးယောက်သား နာမည်ရဖို့ တိုက်ခိုက်နိုင်မယ်”

တောက်ယွီမှာ အတန်ကြာ တွန့်ဆုတ်နေသည်။ “ကောင်းကင်နန်းဆောင်အသီးသီးက အင်အားကြီးတဲ့ကောင်တွေ အပြင်ထွက်သွားတာ ငါ မြင်လိုက်တယ်… သူတို့လည်း ငါတို့နဲ့ အစီအစဉ် တူနေတာဖြစ်မယ်… ကောင်းကင်နတ်အရှင်မူကို သူတို့ထဲက တစ်ယောက်ယောက် အရင်သွားရင် ဘယ်နှယ့်လုပ်မလဲ”

ဝေ့မိုကျဲသည် သူ့ဘေးမှ ဖြတ်ကျော်သွားရင်း ပြောနေ၏။ “ဒီမှာပဲ ဆက်နေလို့ကတော့ ဘာမှရမှာမဟုတ်ဘူး.. ငါတို့ ဒီတာဝန်ကို အောင်မြင်ရင် ကောင်းကင်နတ်အရှင်ဟောင်ရဲ့ လက်အောက်မှ ပညာသင်ကြားနိုင်အောင် ထောက်ခံပေးမယ်လို့ ဆရာက ပြောထားပြီးပြီ… ကောင်းကင်နတ်အရှင်ဟောင်က ငါတို့ကို နှစ်သုံးဆယ်တိုင်တိုင် သင်ပေးမှာနော်”

ယွင်ဟွားရန်နှင့် တောက်ယွီသည် အံတင်းတင်းကြိတ်လိုက်ပြီး သုံးယောက်သား အကျဉ်းထောင်အပြင်သို့ ချက်ချင်း လျှောက်သွားကြ၏။ တစ်ချိန်တည်းမှာပင် လူဆယ်ယောက်ကျော်လည်း အကျဉ်းထောင်အပြင်သို့ ထွက်လာကြသည်။

သုံးယောက်စလုံး စိုးရိမ်လာ၍ အရှိန်တင်ကာ လျှပ်စီးလို ပြေးလိုက်ကြသည်။ မိုင်တစ်ထောင်ကျော် ပြေးပြီးသည့်အခါ ထိုလူများအား မျက်ခြေဖြတ်နိုင်ခဲ့၏။ သူတို့ စကားပြောတော့မည့်အချိန် အရှေ့တွင် အနီရောင်အလင်းပင်လယ်တစ်စင်းအား မြင်လိုက်ကြရသည်။ ထိုနေရာမှ ဆူဆူညံညံ တိုက်ခိုက်နေသံများ ကြားရလေသည်။

“ကောင်းကင်နတ်အရှင်မူ ရောက်လာပြီ”

သုံးယောက်သား ဝမ်းသာသွားကြသည်။ ဝေ့မိုကျဲက အနီရောင်အလင်း တောက်နေသည့် ဧရိယာကို အရင်ဆုံး ပြေးထွက်သွားပြီး ကျန်နှစ်ယောက်ကိုလည်း လောနေ၏။ “မြန်မြန်… လှုပ်ရှားနေတဲ့သူတွေ လှုပ်ရှားနေကြပြီ… ငါတို့ခြေတစ်လှမ်း နောက်ကျသွားရင် ကောင်းကင်နတ်အရှင်မူကို အခြားတစ်ယောက် သတ်သွားလိမ့်မယ်”

သူ့အမြန်နှုန်းက မယုံနိုင်လောက်အောင် မြန်သည်။ သူ ပြေးနေစဉ် သူ၏ရုပ်ခန္ဓာသည် ကြီးထွားလာပြီး စက္ကန့်ပိုင်းလေးအတွင်း ဒေါသတကြီး အော်ဟစ်နေသည့် မိစ္ဆာနတ်ဘုရားတစ်ပါးအသွင် ပြောင်းသွား၏။

တောက်ယွီနှင့် ယွင်ဟွားရန်မှာ ခြေတစ်လှမ်း နောက်ကျကျန်ခဲ့၍ အံ့အားသင့်နေကြသည်။ ‘အစ်ကိုကြီးဝေ့မိုကျဲရဲ့ သိုင်းအဆင့်နဲ့ အစွမ်းအစတွေက အောက်ဘုံရောက်လာကတည်းက တရှိန်ထိုး တိုးတက်သွားတာပဲ…. ဆရာပြောတာ မှန်တယ်.. တိုက်ခိုက်သတ်ဖြတ်နေမှ မြန်မြန်တိုးတက်ပြီး ကောင်းကင်နတ်သိုင်းတွေ၊ ကျင့်စဉ်၊ လမ်းစဉ်တွေကို နက်နက်နဲနဲ နားလည်လာမှာ”

သူတို့နှစ်ယောက်မှာ လိုက်မှီရန် ကြိုးစားနေသော်လည်း ထူးဆန်းသော မြင်ကွင်းတစ်ခုကို မြင်လိုက်ရ၏။ အရှေ့ရှိ ဝေ့မိုကျဲမှာ ခေါင်းတွင် အပေါက်တစ်ပေါက် ရှိနေပြီး အလင်းတန်းတစ်တန်းက ထိုအပေါက်၌ ထုတ်ချင်းဖောက်နေသည်။

နှစ်ကောင်သား ဆတ်ခနဲ တုန်သွားပြီး အသံတစ်သံ ကြားလိုက်ရ၏။ “ဖက်တီးနဂါး မမကြီးယန်အာ ကျွန်တော် ကမ္ဘာဦးသစ်ပင်ရဲ့ အူတိုင်ကို ဘယ်လိုမျိုးထပ်သုံးရမလဲ သိသွားပြီ.... ကြည့်စမ်း... ဒါကို သေးသေးမျှင်မျှင် သစ်သားအပ်လေးအသွင် ပြောင်းလို့ရတယ်... ကျွန်တော် သစ်သားအပ်တွေသုံးပြီး ဓားကွက်တွေ ထုတ်ဖော်လိုက်ရင်.... ဥပမာ ဒီလိုထိုးဓားလို အကွက်မျိုးပေါ့”

တောက်ယွီက အမြင်စူးရှသဖြင့် သူ၏မျက်စိအရှေ့သို့ ရောက်ရှိလာသော သစ်သားအပ်တစ်ချောင်းအား မြင်လိုက်ရ၏။ တောက်ယွီ မာန်သွင်းအော်ဟစ်လိုက်သည့်အခါ သင်္ကေတအမှတ်အသားများက သူ့ခန္ဓာကိုယ်ကို ၀န်းရံရစ်သိုင်းသွားသည်။ သူက ကောင်းကင်နတ်ဘုံတာအိုဂိုဏ်း၏ မဟာသင်္ချာကို အသုံးပြု၍ ခံစစ်ကောင်းကင်နတ်သိုင်းများ တည်ဆောက်လိုက်ပြီး တခဏအတွင်း သူ၏အရှေ့တွင် လိပ်နက်ကောင်းကင်ဒိုင်း ရာပေါင်းများစွာ ပေါ်လာသည်။

သစ်သားအပ်က လိပ်နက်ကောင်းကင်ဒိုင်းအလွှာများကို ထိုးဖောက်လာပြီး တဖောက်ဖောက် မြည်နေ၏။ သစ်သားအပ်သည် တောက်ယွီ၏ ဘယ်မျက်လုံးကို ဖောက်၍ နောက်စေ့မှ ထွက်သွားလေသည်။ တောက်ယွီမှာ သူ့ခေါင်းအတွင်း၌ ပေါက်ကွဲနေပြီး မူလဝိညာဉ်ပြိုကွဲနေသည်ကို ခံစားလိုက်ရသည်။

သူက ခေါင်းကို ခက်ခက်ခဲခဲ လှည့်၍ ယွင်ဟွားရန်ဆီသို့ ပြောလိုက်၏။ “အစ်မတော် ပြေး”

သူ၏ဘယ်မျက်လုံးအတွင်း၌ သွေးအလင်းတန်းများ ဖြာထွက်နေပြီး ယွင်ဟွားရန်၏ပုံရိပ်က သူ့သူငယ်အိမ်၌ ထင်အပ်နေလေသည်။ ယွင်ဟွားရန်က သူမ၏တာအိုဓားကို အသက်သွင်း၍ သစ်သားအပ်ဆီသို့ ခုတ်ပိုင်းရန် ပြင်နေ၏။ ချက်ချင်းဆိုသလို လင်းလက်နေသော တာအိုဓား၏ မျက်နှာပြင်ထက်တွင် သေးငယ်သော အပေါက်လေးတစ်ပေါက် ပေါ်လာပြီး နောက်တခဏတွင် သွေးအလင်းတန်းတစ်တန်းက သူ၏လှပသော ခေါင်းလေးနောက်မှ ဖောက်ထွက်သွားသဖြင့် ယွင်ဟွားရန်မှာ အင့်ခနဲ ညည်းလိုက်ရသည်။

တောက်ယွီ၏မျက်လုံးများ ဝေဝါးနေသော်လည်း ဤအချိန်တွင် မီးလျှံတိမ်တိုက်များကို နင်းလျက် လမ်းလျှောက်လာနေသော နဂါးတစ်ပိုင်း ချီလင်တစ်ပိုင်း ဧရာမသတ္တဝါကြီးကို မြင်လိုက်ရ၏။ ဤသတ္တဝါကြီး၏ ခေါင်းပေါ်တွင် လက်ချောင်းနှစ်ချောင်း မြှောက်လျက် သစ်သားအပ်သေးသေးလေးတစ်ချောင်းအား ညှပ်ထားသော လူငယ်တစ်ယောက် ရှိနေသည်။

လူငယ်၏ပုခုံးပေါ်တွင် ၀၀ကစ်ကစ် ငှက်ကလေးတစ်ကောင်က စွမ်းအင်ဆေးလုံးတစ်လုံးကို သုတ်ချီ၍ နဂါးချီလင်ဆီသို့ ကျွေးနေ၏။

“ကောင်းကင်နတ်အရှင်မူ” တောက်ယွီ၏မျက်လုံးများ ဝေဝါးသွားပြီး သူ့အလောင်းက ဘုံးခနဲ လဲကျသွားတော့သည်။

နဂါးချီလင်က အကျဉ်းထောင်ရှိရာဆီသို့ တည်ငြိမ်အေးဆေးစွာ လမ်းလျှောက်လာ၏။ သူကမျက်မှောင်ကြုတ်၍ မြစ်ချောင်းများသဖွယ် စီးဆင်းနေသော နတ်ဘုရားသွေးတို့ကို ငုံ့ကြည့်နေ၏။ နံစော်ညှီဟောက်နေသော သွေးချောင်းများထဲတွင် မိစ္ဆာသတ္တဝါလို ပိုးကောင်များက ကူးခတ်သွားလာနေကြလေသည်။

“ဆိုတော့ ဒါက ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံနဲ့ ဧကရာဇ်ယန်ဖုန်းကို အကျဉ်းချထားတဲ့နေရာပေါ့... ဧကရာဇ်ယန်ဖုန်းကတော့ အဆင်ပြေပေမယ့် ဧကရာဇ်အတိုင်ပင်ခံက သိပ်ကိုသန့်ရှင်းတဲ့သူလေ... သူ ဒီမှာ ဘယ်လိုလုပ်နေနိုင်မှာလဲ”

ချင်မူ လက်ချောင်းတောက်လိုက်သည့်အခါ သစ်သားအပ်သည် သူတို့ရှိရာသို့ ပြေးလာနေသည့် ကောင်းကင်နတ်ဘုံသားဆယ်ယောက်ကျော်ဆီသို့ အသံမထွက်ဘဲ ပျံသန်းသွားသည်။ “ဧကရာဇ်ယန်ဖုန်းက သန့်သန့်မသန့်သန့် ဂရုမစိုက်ဘူး.. သူက ၀က်ချေးတွင်းထဲမှာတောင် အိပ်နိုင်တယ်.. ဧကရာဇ်အတိုင်ပင်ခံကတော့ သန့်ရှင်းတာကို အကြိုက်ဆုံးဆိုတော့ ဒီနေရာမှာ အိပ်လို့တောင် မပျော်လောက်ဘူး”

သစ်သားအပ်က သူ့ဆီသို့ ပြန်လည်ပျံသန်းလာသည်။ နဂါးချီလင်က ရှေ့သို့ ဆက်လျှောက်သွား၏။ သူ့ဘေးတွင် အလောင်းများသည် သွေးမြစ်များထဲသို့ တဘုန်းဘုန်းပြုတ်ကျလာနေ၏။ သွေးမြစ်များသည် အိုးတစ်အိုးထဲမှ စီးဆင်းလာနေသကဲ့သို့ တသွင်သွင်စီးဆင်းနေပြီး မိစ္ဆာသတ္တဝါများက မြစ်ထဲကျလာသည့် အလောင်းများကို လုယက်ရင်း ဆူပုံအုံကြွနေကြ၏။

“ကမ္ဘာဦးသစ်ပင်ရဲ့အူတိုင်ကို သစ်သားဓားအဖြစ် ပြောင်းလိုက်ရင် အင်မတန်အင်အားကြီးမှာပဲ” ချင်မူက သက်ပြင်းချ၍ သစ်သားအပ်ကို ဆုပ်ကိုင်ကာ ပြောလိုက်သည်။ “ကြီးထွားလိုက်စမ်း”

သစ်သားအပ်က ပါးလျနေရာမှ မိုင် ၁၀၀ အကွာသို့ ရှည်ထွက်သွားပြီး မမြင်နိုင်သော ကြိုးမျှင်တစ်မျှင်သဖွယ် ရှိနေ၏။

ချင်မူက မိုင် ၁၀၀ ကြိုးမျှင်ကို ဆုပ်ကိုင်၍ ဓားကွက်တစ်ကွက်ထုတ်ဖော်လိုက်သည်။ မိုင် ၁၀၀ အကွာရှိ ကောင်းကင်နတ်ဘုံ၏ လူငယ်ပညာရှင်များမှာ မည်သို့ဖြစ်၍ မည်သို့ပျက်သွားမှန်း မသိကြဘဲ အပိုင်းပိုင်းခုတ်ထစ်ခံလိုက်ရ၏။ မိုင် ၁၀၀ အကွာမှ ထုတ်ဖော်လိုက်သည့်အခါတွင်ပင် ချင်မူ့၏ဓားကွက်များက မည်သူမှ အချိန်မီမရှောင်နိုင်သည့်တိုင်အောင် အတိုင်းထက်အလွန် တိကျနေ၏။ ထို့အပြင် ကမ္ဘာဦးသစ်ပင်၏အူတိုင်က မျက်စိဖြင့်မမြင်ရနိုင်အောင် အလွန်ပါးလျလွန်းလေသည်။

“အမိကမ္ဘာမြေ ပေးလိုက်တဲ့ ဒီအရာက အတော်လေး အသုံးတည့်တာပဲ” ချင်မူက ချီးကျူးမိပြန်သည်။”

နောက်ဆုံးတော့ သူတို့ အကျဉ်းထောင်ဆီ ရောက်လာပြီး ထောင်စောင့်က တားသည်။ ထောင်စောင့်သည် ဧရာမအရိုးခေါင်းကြီးတစ်ခေါင်းဖြင့် တည်ဆောက်ထားသော မြို့ဂိတ်တံခါးအပေါ်၌ ရပ်၍ သူတို့ကို အပေါ်စီးမှ ကြည့်ကာ လှမ်းအော်သည်။ “ဘယ်သူလဲ ပြော”

“ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ချင်မူ”

ချင်မူက နာမည်ကို လှမ်းအော်ပြောလိုက်သည်။ “အကျဉ်းသမားတွေနဲ့ တွေ့ဖို့ လာတာ”

ထောင်စောင့်မှာ အံ့အားသင့်သွားပြီး သူတို့ကို မလျစ်ရှူဝံ့၍ မြို့တံခါးအား အလျင်အမြန် ဖွင့်ပေးသည်။ ကိုက်တစ်ရာကျော် မြင့်မားသည့် ဦးခေါင်းခွံကြီးက ပါးစပ်ဟကာ ဝင်လာခွင့်ပြု၏။ ထောင်စောင့်က ပြောသည်။ “ကောင်းကင်နတ်အရှင်မူက အကျဉ်းထောင်ကို တကယ်လာရဲတာ အင်မတန် ရဲရင့်တာပဲ… ကျေးဇူးပြုပြီး ဝင်လှည့်ပါ.. ကောင်းကင်နတ်အရှင်မူ ရောက်လာမှာကို စောင့်နေကြတဲ့ မိတ်ဆွေကောင်းတွေ အကျဉ်းထောင်ထဲမှာ ရောက်နေကြတယ်… တချို့ဆို ရောက်နော လေးလ၊ ငါးလ ရှိပြီ”

ချင်မူ မြို့ထဲသို့ ဝင်သွားသည့်အခါ မီးဝင်းဝင်းတောက်နေသည့် မျက်လုံးများဖြင့် သူ့ကို တစ်ယောက်ပြီးတစ်ယောက် လှည့်ကြည့်ကြသော သိုင်းပညာရှင်များအား မြင်တွေ့လိုက်ရသည်။

“ကောင်းကင်နတ်အရှင်မူ…” တစ်ယောက်မှာ စိတ်လှုပ်ရှားနေသည်ကို မြိုသိပ်ထားရသဖြင့် တစ်ကိုယ်လုံး တုန်ရီနေသည်။

ရုတ်တရက် ငယ်ရွယ်သော နတ်ဘုရားတစ်ပါးက ရှေ့သို့ ပျံထွက်လာပြီး အော်ဟစ်သည်။ “ကောင်းကင်နတ်အရှင်မူက တစ်ယောက်ပဲ ရှိတယ်…. ငါတို့ကတော့ အများကြီးပဲ… ဘယ်လိုခွဲကြမလဲ”

ချက်ချင်းဆိုသလို အားလုံး အားတက်သရော ဆွေးနွေးနေကြသဖြင့် ဆူဆူညံညံ ဖြစ်သွားသည်။

“အားလုံးပဲ အားလုံးပဲ”

ချင်မူမှာ တခဏစောင့်နေသော်လည်း သူတို့အားလုံး ညှိနှိုင်း၍မရကြသေးပေ။ သူက အော်လိုက်သည်။ “ဆွေးနွေးမနေကြပါနဲ့တော့… ငါ့လက်ထဲကဟာကို ကြည့်ကြပါဦး”

ဆူဆူညံညံအသံများ ရပ်သွားပြီး အားလုံး သူ့လက်ဆီသို့ လှမ်းကြည့်သည့်အခါ ချင်မူက သေးငယ်သော သစ်သားအပ်လေးတစ်ချောင်း ဆုပ်ကိုင်ထားကြောင်း မြင်တွေ့လိုက်ရသည်။

ချင်မူက ရယ်မောရင်း ပြောလေ၏။ “ကြီးလိုက်”

ဘုန်း

မိုင်တစ်ရာရှည်၍ ကိုက်ပေါင်းရာချီ ကျယ်ဝန်းသော သစ်သားတိုင်လုံးကြီး ဘွားခနဲ ပေါ်လာသည်။ ချင်မူက ၎င်းကို ပင့်မြှောက်၍ အကျဉ်းထောင်၏ အလျားတစ်လျှောက် ရိုက်ချလိုက်၏။ ရိုက်ချက်တစ်ချက်တည်းဖြင့် ပ ပတ်ဝန်းကျင်မှာ ပြားကပ်သွားပြီး ကောင်းကင်နတ်ဘုံသား မည်မျှ စိစိညက်ညက်ကြေသွားကြောင်း ဘုရားသာ သိလိမ့်မည်။

သစ်သားတိုင်လုံး ပျောက်ကွယ်သွားသည့်အခါ ကံကောင်းထောက်မ၍ အသက်ရှင်ကျန်ခဲ့သော ကောင်းကင်နတ်ဘုံသားတို့မှာ လေပေါ် ပျံတက်ကြသည်။ သူတို့မှာ အကြီးအကျယ် ကြောက်လန့်နေကြပြီး တိုင်လုံး မည်သည့်နေရာသို့ ပျောက်သွားမှန်း အသည်းအသန် ရှာနေကြသည်။

ချင်မူက မှင်သက်နေသော ထောင်စောင့်ဘက်သို့ လှည့်၍ မေးလိုက်၏။ “ကျန်းပိုင်ကွေ့ကို ဘယ်မှာ အကျဉ်းချထားလဲ”

ထောင်စောင့်မှာ ကျောရိုးထဲ စိမ့်သွားပြီး ကမန်းကတန်း ပြန်ဖြေသည်။ “ကောင်းကင်နတ်အရှင်၊ နောက်က လိုက်ခဲ့ပါ”

သူ ရှေ့မှဦးဆောင်သွားလိုက်စဉ် ရုတ်တရက် အလောင်းတစ်လောင်းသည် ကောင်းကင်ထက်မှ သူ့ခြေထောက်အပေါ်သို့ ဘုတ်ခနဲ ကျလာ၏။

ထောင်စောင့် လန့်ဖျပ်သွားပြီး အလျင်အမြန် မော့ကြည့်လိုက်သည်။ ကောင်းကင်ထက်မှ အလောင်းများက မိုးပေါက်များသဖွယ် ရွာကျလာလေသည်။ ကောင်းကင်နတ်ဘုံသားတို့မှာ ဝိညာဉ်နုတ်ယူခံလိုက်ရသကဲ့သို့ အလောင်းများအဖြစ် ကောင်းကင်ထက်မှ ပြုတ်ကျလာနေကြ၏။

All Chapters