← Chapters

ငါ့ရဲ့အိပ်မက်ကို နင်နဲ့မျှဝေချင်တယ်

Vol. 10 Ch. 10

ငါ့ရဲ့အိပ်မက်ကို နင်နဲ့မျှဝေချင်တယ်

Vol. 10 Ch. 10

မင်္ဂလာဆောင်ဝတ်စုံကိစ္စက မထင်မှတ်ထားဘဲ ကိစ္စကြီးတစ်ခု ဖြစ်လာတယ်ဆိုရမလား။ ဆိုဖီယာက မက်ဒါနာတို့ကို ပြဿနာရှာနေတဲ့အချိန်မှာပဲ လင်ဒါနဲ့ဖလေရာတို့ ပြန်ရောက်လာပြီးတော့ သုံးယောက်လုံးက မက်ဒါနာကို ဝိုင်းပြဿနာရှာကြရော။

“မက်ဒါနာ၊ အခုကိစ္စကို ငါတို့ကို ရှင်းပြစမ်း။”

မိန်းမလှလေးသုံးယောက်ရဲ့ဖိအားက များလွန်းတဲ့အတွက် မက်ဒါနာက မဲ့ရွဲ့နေတဲ့မျက်နှာနဲ့ ​အေမီကို အကူအညီရလေမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ကြည့်လိုက်ပေမဲ့ အေမီကပါ သူ့ကိုဒေါသတကြီး စိုက်ကြည့်နေတာ တွေ့လိုက်ရပါလေရော။

“မမလေးက အဆိုးဆုံးပဲ၊ ဖရာလီတာကို ချစ်မိနေပြီလို့ ကျွန်မကိုပွင့်ပွင့်လင်းလင်း ဖွင့်ပြောလိုက်ရင်ရတဲ့ဥစ္စာကို အခုတော့ လူများနောက်ကွယ်မှာ ပေါက်ကရတွေလုပ်နေတယ်ပေါ့လေ။ ခွင့်မလွှတ်နိုင်ဘူး....”

အေမီက လက်ဖက်ရည်အိုးကို လက်ထဲကိုင်ထားရင်းကနေ အေးစက်တဲ့လေသံနဲ့ ပြောလိုက်တာကြောင့် မက်ဒါနာမျက်နှာတစ်ခုလုံး ဖြူဖျော့နေပါပြီ။ ကျန်တဲ့ လူတွေကို ကြည့်လိုက်တော့လည်း အားလုံးက သတ်ချင်ဖြတ်ချင်နေတဲ့ မျက်နှာတွေနဲ့။

“မက်ဒါနာ၊ ညနေစာအသင့်ဖြစ်ပြီလား။” အဲဒီအချိန်မှာပဲ စစ်သင်္ဘောပျံကြီးက ကျောင်းပေါ်မှာပေါ်လာပြီးရှေ့တန်းကနေပြန်လာတဲ့ ဖရာလီတာနဲ့ဖရက်က ယာဥ်ပေါ်ကနေ ဆင်းလာကြတယ်။ သူတို့နှစ်ယောက်က ရုံးထဲမဝင်ခင်ကတည်းက ကောင်မလေးတွေစုနေလို့ တစ်ခုခုထူးခြားနေမှန်းသိပေမဲ့ ဖရာလီတာက ဆိုဖီယာလက်ထဲမှာရှိနေတဲ့ မင်္ဂလာဆောင်ဂါဝန်ကိုတွေ့တာနဲ့ အခက်တွေ့နေတဲ့မျက်နှာနဲ့ နေရာကနေလစ်ပြေးဖို့ ကြိုးစားပါလေရော။

“ဘယ်ကိုသွားဖို့ စဥ်းစားနေတာပါလဲ၊ ပန်ဒဂါဂွန်သခင်မလေး။”

ဒါပေမဲ့ အကြောင်းသိတဲ့ ဖရက်ကတော့ ဖရာလီတာရဲ့ပခုံးကို လက်နဲ့ဆုပ်ကိုင်ရင်း ဖမ်းထားလိုက်ပါလေရော။ ကျန်တဲ့မိန်းကလေးတွေကလည်း ဖရာလီတာကို ဝိုင်းထားကြပြီ။

“ဒီကိစ္စကို ဒီအတိုင်းလွှတ်ပေးထားလို့မဖြစ်ဘူး၊ အားလုံးစိတ်ကျေနပ်ဖို့အတွက် တရားရုံးတင်ပြီး စစ်ဆေးရမယ်။”

လင်ဒါက အစဖော်လိုက်တာနဲ့ ဖရက်၊ ​အေမီ၊ ဆိုဖီယာ၊ ဖလေရာတို့လေးယောက်လုံးက ခေါင်းညိတ်ကြတာကြောင့် မက်ဒါနာရော ဖရာလီတာပါ သေချင်စိတ်ပေါက်ကုန်ပါလေရော။

...

ညနေစောင်းသွားပြီ။ အခုတစ်အုပ်စုလုံး ချီလုလုတို့စားသောက်ဆိုင်မှာ ရောက်နေပြီးတော့ မက်ဒါနာနဲ့ဖရာလီတာကို မြူတန့်လက်ထိပ်တွေတပ်ပေးထားပြီး ကြမ်းပြင်ပေါ်မှာ ထိုင်ခိုင်းထားကြတယ်။ ချီလုလုကို ကျန်တဲ့သူတွေက တရားသူကြီးအဖြစ် အမှူးထားပြီး နောက်ဆုံးဆုံးဖြတ်လိုက်တဲ့ ဆုံးဖြတ်ချက်ကတော့

“မက်ဒါနာအနေနဲ့ မစ်ရှင်အဖွဲ့မှာ ရှိနေသမျှလူတိုင်းအတွက် မင်္ဂလာဆောင်ဝတ်စုံ ဝယ်ပေးရမယ်။ ဒီလိုမှ တရားမျှတမယ်။”

အဲဒီနောက်တော့ မက်ဒါနာလေးဟာ နေ့စဥ်နဲ့အမျှ ရုံးအလုပ်တွေအပြင် ရှိသမျှကောင်လေးကောင်မလေးတွေနဲ့ဖရက်အတွက် မင်္ဂလာဆောင်ဝတ်စုံတွေ ဝယ်ပေးနေရတာကြောင့် အလုပ်ရှုပ်နေပါတော့တယ်။

...

ကျောင်းသားတွေဖက်ခြမ်းကို ပြောရမယ်ဆိုရင် ဖီးလစ်က နေ့တိုင်းလိုလို ဒုတိယနှစ်တွေ​နဲ့ သွားလေ့ကျင့်နေပြီးတော့ ယုတိုနဲ့တာလီယာအပေါ်မှာ ဖိအားကြီးတစ်ခုလိုဖြစ်လာတယ်။ နောက်ဆုံးတော့ အဲဒီနှစ်ယောက်ကလည်း ဖီးလစ်နဲ့အတူ ဒုတိယနှစ်တွေနဲ့ လာလေ့ကျင့်နေကြပြီ။

ဖီးလစ်က သူပြောထားတဲ့အတိုင်း တစ်လမပြည့်ခင်မှာပဲ ဘယ်လာနဲ့ဂိုးလ်ရဲ့အတွဲကို ဖောက်ထွက်အနိုင်ယူပြီး B+ အဆင့်ကိုရောက်လာတယ်။ ပြီးတဲ့နောက်မှာတော့ ဒုတိယနှစ်ရဲ့အားနည်းတဲ့ အဖွဲ့ဝင်တိုင်းကို အနိုင်ယူပြီးသွားပြီ။

နှစ်လပြည့်တော့ လီနာကိုစိန်ခေါ်ခဲ့တယ်ဆိုပေမဲ့ ဆိုးဆိုးဝါးဝါးနှိမ်နင်းခံလိုက်ရတယ်လေ။ ဒါတောင်မှ တစ်ကိုယ်လုံးဖူးရောင်နေအောင် ဓားပြားနဲ့အရိုက်ခံထားရတဲ့သူက နေ့တိုင်းလီနာနဲ့လာလေ့လာနေတုန်း။

တစ်နေ့တော့ ဖီးလစ်တစ်ယောက် အူအတက်ပေါက်ပြီး ဆေးရုံရောက်သွားပါလေရော။ ဖီးလစ်ရောက်အလာကိုစောင့်နေတဲ့ လီနာကတော့ ကန့်တင်းမှာ လက်ဖက်ရည်သောက်ရင်းကနေ ခွက်ကိုချပြီးတော့

“ဒီနေ့ သူလည်းရောက်မလာပါလား။” လို့ပြောလို့ ဒုတိယနှစ်တွေအားလုံး သေမတတ်အံ့ဩပြီးပြီ။ ဘာပဲဖြစ်ဖြစ် အဲဒါက သူတို့အတန်းရဲ့ရေခဲတုံးလီနာလေ။ ဖီးလစ်ဆိုတဲ့အရူးကောင်နဲ့တွေ့မှ လီနာရဲ့နှလုံးသား အရည်ပျော်ကျသွားတယ်ဆိုပြီး လူတွေပြောနေကြလေရဲ့။

နျူရေရဲ့စကားကိုပြန်ပြောရရင်တော့ “လီ... လီနာက တခြားကောင်လေးတစ်ယောက်အကြောင်း ပြောလာတယ်။” ဆိုတာပဲ။

...

စစ်မြေပြင်ကတော့ အတော်လေးငြိမ်သက်နေတုန်းပဲ။ မက်ဒါနာကိုယ်တိုင်ကတော့ ရုံးအလုပ်တွေနဲ့ရှုပ်နေဆဲ။ ရန်သူတွေ ဘယ်ကနေရောက်လာနိုင်လဲဆိုတာ တွက်ချက်နေတာလဲပါတာပေါ့။

တစ်နေ့တော့ ဒူရမ်ဒဲလ်ဓားကိုသယ်ဆောင်ထားတဲ့ ဗလတောင့်တောင့်ဦးလေးကြီးက သူ့ကိုလာတွေ့တယ်။ ဓားနတ်ဆိုးက နယူးယောက်ရဲ့မြေအောက်က လိုဏ်ခေါင်းတွေကို စောင့်ရှောက်နေရတဲ့ မစ်ရှင်အဖွဲ့ဝင်ပါ။

မက်ဒါနာသူ့ကိုထွက်တွေ့တော့ သူက ကန့်တင်းရှေ့က ခုံတန်းလေးမှာထိုင်နေပါတယ်။ ဓားနတ်ဆိုးကတော့ သူ့ကိုလက်မထောင်ပြတယ်။

“ကောင်မလေး၊ မင်းက ခါတိုင်းလိုပဲ ယောက်ျားလေးတွေရော မိန်းကလေးတွေကြားမှာပါ စန်းပွင့်နေတော့တာပဲ။ ဘယ်သူ့ကို ရွေးဖို့ဆုံးဖြတ်ထားလဲ။”

ဓားနတ်ဆိုးက အပျော်သဘောမေးလိုက်တာဆိုပေမဲ့မက်ဒါနာက ဝေခွဲမရတဲ့အမူအရာနဲ့ ကြမ်းပြင်ကိုငုံကြည့်ပါတယ်။ အဲဒီနောက်တော့ တိုးညှင်းပြီးတော့ ဘေးလူတောင်ကြားဖို့ခက်တဲ့လေသံနဲ့ အခုလို​ပြောပါတယ်။

“ကျွန်မ သူတို့ထဲက တစ်ယောက်ကိုရွေးရမယ်ဆိုရင်ရွေးနိုင်မယ်လို့မထင်ဘူး။ ဘာလို့ဆိုရင် အားလုံးက...”

“မင်းအတွက် အဖိုးတန်တယ်လို့ ပြောမလို့လား...” ဓားနတ်ဆိုးက မက်ဒါနာစကားမဆုံးခင်မှာပဲ ပြောလိုက်တယ်။ မက်ဒါနာက ခေါင်းညိတ်ပြတယ်။

“ကျွန်မ သူတို့ထဲက တစ်ယောက်ကို ရွေးလိုက်တယ်ဆိုပါတော့။ ကျန်တဲ့သူတွေအားလုံး ဝမ်းနည်းပြီးကျန်နေရစ်မှာလေ။”

ဓားနတ်ဆိုးက သာမန်မိန်းကလေးတစ်ယောက်လိုမျိုး ဒီစကားတွေကိုပြောနေတဲ့ မဟာမိတ်မစ်ရှင်အဖွဲ့ခေါင်းဆောင်ကို ကြည့်ရင်းနဲ့ သက်ပြင်းချလိုက်ပါတယ်။ မက်ဒါနာက ထပ်ပြီးတော့ပြောလိုက်တယ်။

“ကျွန်မ သူတို့အားလုံးကို ချစ်တယ်။”

ဓားနတ်ဆိုးကတော့ ခေါင်းကိုခါယမ်းလိုက်တယ်။ “ဆန့်ကျင်ဘက်အနေနဲ့ မင်းသူတို့ထဲက ဘယ်သူ့ကိုမှ မချစ်တာလည်း ဖြစ်နိုင်တာပဲလေ။”

မက်ဒါနာကတော့ အဲဒီစကားကြောင့် ခေါင်းခြောက်သွားတယ်။ ဓားနတ်ဆိုးကတော့ မိုးကောင်းကင်ကြီးကို မော့ကြည့်ရင်းနဲ့ ဆက်ရှင်းပြတယ်။

“အချစ်ဆိုတဲ့အရာက လူတစ်​ယောက်ကို ရူးမိုက်စေတဲ့အရာပဲ။ တခြားသူတွေကို ထိခိုက်စေမယ်ဆိုရင်တောင်မှ ကိုယ်ချစ်တဲ့မိန်းကလေးကို ပိုင်ဆိုင်ချင်အောင် လုပ်ပေးနိုင်တဲ့ ခံစားချက်မျိုး။”

သူတို့နှစ်ယောက်လုံး တစ်ခဏတာ တိတ်ဆိတ်သွားပါတယ်။ ဓားနတ်ဆိုးက သက်ပြင်းအရှည်ကြီးချပါတယ်။ အဲဒီနောက်တော့ သူက ခုံတန်းကနေထလိုက်တယ်။

“ကောင်မလေး၊ မင်းသူတို့အားလုံးကို တန်ဖိုးထားတယ်ဆိုတာတော့အမှန်ပဲ။ ဒါပေမဲ့ သူတို့အပေါ်မှာရှိနေတဲ့ မင်းရဲ့ခံစားချက်က အချစ်ဆိုတာတော့မဟုတ်ပါဘူး။ ဒီအတိုင်း တန်ဖိုးထားတာသက်သက်ပဲ။”

မက်ဒါနာက ဓားနတ်ဆိုးရဲ့စကားကို ငြင်းပယ်ချင်ပေမဲ့ ငြင်းပယ်ဖို့လုံလောက်တဲ့ အကြောင်းပြချက်ကို သူရှာမရဘူးဖြစ်နေပါတယ်။ ဓားနတ်ဆိုးကတော့ သူ့အတွေးအမြင်တွေကိုပဲ ဆက်ပြောပြနေပါတယ်။

“သူတို့က မင်းကိုဘယ်လောက်ပဲချစ်ချစ်၊ မင်းအနေနဲ့ ရွေးရမယ့် ဘဝလက်တွဲဖော်က တစ်ယောက်တည်းပါပဲ။ သူတို့ထဲကလည်း ဖြစ်ချင်ဖြစ်မယ်၊ တ​ခြားသူတစ်ယောက်လည်း ဖြစ်ချင်ဖြစ်မယ်။ သေချာတာတော့ သူတို့အားလုံးမဟုတ်ဘူး။”

ဓားနတ်ဆိုးက ရှေ့ကိုတက်လာပြီး မက်ဒါနာရဲ့နှလုံးသားရှိရာကို လက်ညိုးညွန်ပြလိုက်ပါတယ်။ အဲဒီနောက်တော့

“ဘာလို့ဆိုရင် မင်းနှလုံးသားထဲမှာရှိတဲ့ ချစ်သူအတွက်ဆိုတဲ့နေရာက သေးငယ်လွန်းပြီး သူတို့အားလုံးကိုပေးဖို့ နေရာမဆန့်တာကြောင့်လေ။”

အဲဲဒီနောက်တော့ ဓားနတ်ဆိုးက ကျောင်းဝင်းထဲကနေပြီး တဖြည်းဖြည်းထွက်ခွာသွားတယ်။ မက်ဒါနာကတော့ ကောင်းကင်ထက်ကို ငေးကြည့်ရင်းနဲ့တွေဝေနေဆဲ။

“အချစ်မဟုတ်ဘူးလား....”

သူ့ကိုယ်သူ ပြန်မေးခွန်းထုတ်ကြည့်လိုက်တော့ သူ့အနားမှာ မိန်းမလှလေးတွေ ရှိနေတာကြောင့် ရင်ဖိုမိတယ်ဆိုပေမဲ့ ဒါက သာမန်ယောက်ျားလေးတစ်ယောက်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘာဝဖြစ်စဥ်ပါပဲ။ သူက မိန်းကလေးတစ်ယောက်ဖြစ်နေပြီဆိုပေမဲ့ပေါ့။

“တွေးကြည့်ခါမှ ငါသူတို့ထဲကတစ်ယောက်နဲ့ ဘဝလက်တွဲဖော်ဖြစ်ချင်တယ်လို့မှ မတွေးခဲ့မိတာ။ ငါက ဒီအတိုင်း သူတို့နဲ့အတူ တစ်ဘဝလုံးပျော်ပျော်ရွှင်ရွှင်နေသွားချင်ရုံပဲ။ ပြီးတော့ အဲဒီခံစားချက်က....”

သူ့နားထဲမှာ ဓားနတ်ဆိုးပြောခဲ့တဲ့ အချစ်မဟုတ်ဘူးဆိုတဲ့ စကားလုံးဟာ ပဲ့တင်သံထပ်လို့နေပါတယ်။ မက်ဒါနာက သူ့နှလုံးသားပေါ်ကို လက်တင်ပြီးမေးလိုက်တယ်။

“ငါက ဘယ်သူ့ကိုချစ်တာလဲ။” မက်ဒါနာ သူ့ကိုယ်သူ ပြန်အဖြေမပေးနိုင်တာကို အံ့ဩစွာနဲ့ သတိထားမိလိုက်တယ်။

“ဆိုဖီယာလား....” ခန္ဓာကိုယ်အတည်တကျမရှိတဲ့ မိန်းကလေးအကြောင်းတွေးမိတော့ စိတ်ကူးယဥ်ဆန်မှုတွေ သူ့ခေါင်းထဲမှာ ပြည့်လာပေမဲ့ တမ်းတမ်းစွဲချစ်မိနေတာမျိုးတော့ မဟုတ်ဘူးရယ်။

ဖရာလီတာ၊ လင်ဒါ၊ ဖလေရာ၊ ဖရက်၊ အေမီ စတဲ့ကျန်တဲ့သူတွေအားလုံးကို စဥ်းစားကြည့်တော့လည်း သူတို့တွေအားလုံးက သူ့ရဲ့ရင်ဘတ်ထဲက လွတ်နေတဲ့နေရာမှာ ရှိနေတာမဟုတ်ဘူး။ တဖြည်းဖြည်းတွေးရင်းနဲ့ သူ့နှလုံးသားက အေးခဲပြီးသေဆုံးနေတယ်လို့ တွေးမိတဲ့အထိပဲ။ နောက်တော့ သူ့မျက်လုံးထဲကနေ မျက်ရည်စတချို့စီးကျလာတယ်။

“ငါက မချစ်နိုင်တာများလား...”

ဒီအတွေးကိုတွေးမိတော့ ဘေးပတ်ဝန်းကျင်မှာရှိသမျှ အရာအားလုံးကို မက်ဒါနာမေ့သွားသလိုပဲ။ အမှောင်ထုထဲမှာ နှစ်ပေါင်းများစွာ တိတ်တဆိတ်အချိန်တွေကုန်ဆုံးနေရသလိုပဲ။

“မက်ဒါနာ၊ နင်တစ်ယောက်တည်း ဘာလို့ငိုနေတာလဲ။”

ရုတ်တရက် ကြားလိုက်ရတဲ့ စကားသံကြောင့် မက်ဒါနာမော့ကြည့်လိုက်တော့ ဗင်နီလာရေခဲမုန့်နှစ်ခွက်ကိုင်ထားတဲ့ ဖရာလီတာက သူ့ရှေ့မှာရပ်နေပြီ။ မက်ဒါနာက မျက်ဝန်းက မျက်ရည်တွေကို သုတ်လိုက်ပြီး ဖရာလီတာကို ပြန်ဖြေလိုက်တယ်။

“ဖရာလီတာ၊ ငါက နင်တို့ထဲက တစ်ယောက်ကိုမှ မချစ်မိသေးဘူးထင်တယ်။”

ဖရာလီတာက မက်ဒါနာရဲ့စကားကိုကြားတော့ ချိုမြိန်စွာပြုံးလိုက်တယ်။ ပြီးတဲ့နောက် ရေခဲမုန့်ခွက်ကို ထိုးပေးလိုက်ပြီး

“ငါသိတာပေါ့၊ မက်ဒါနာရဲ့ခံစားချက်တွေကို ငါက ဘယ်လိုလုပ်ပြီး နားမလည်ဘဲ နေပါ့မလဲ။ နင်က ငါတို့ကို အခုထိ သူငယ်ချင်းတွေလို့ပဲ မြင်နေတဲ့ဥစ္စာ။”

ဖရာလီတာက မက်ဒါနာရဲ့ဘေးမှာ ဝင်ထိုင်တယ်။ အဲဒီနောက်တော့ မက်ဒါနာရဲ့ပခုံးကို မှီလိုက်လေရဲ့။ မက်ဒါနာကတော့ ဖရာလီတာရဲ့နူးညံ့တဲ့အထိအတွေ့ကြောင့် ကြောင်အမိသွားတယ်။ ဒီမိန်းကလေးက သူ့အပေါ်မှာ အမြဲတမ်းကြင်နာပေးခဲ့တာလေ။

“ဒါပေမဲ့ နင်ငါ့ကို အခုမချစ်မိသေးလဲ အဆင်ပြေပါတယ်။ လောလောဆယ်တော့ ငါက နင့်ကိုချစ်နေပြီး နင်က ငါ့အ​နားမှာရှိနေပေးရုံနဲ့တင် ငါတို့ဆက်ဆံရေးက လုံလောက်နေတာကြောင့်ပါ။”

ဖရာလီတာက သူ့ကိုပြုံးပြလိုက်တယ်။ မက်ဒါနာကတော့ ဖရာလီတာကို အထူးအဆန်းသတ္တဝါတစ်ကောင်လိုမျိုး ကြည့်နေမိပါတယ်။ ဖရာလီတာက မက်ဒါနာရဲ့လက်တစ်ဖက်ပေါ်ကို သူ့လက်တင်​လိုက်ပြီး ပြောလိုက်ပါတယ်။

“ဒါပေမဲ့ နင်အခုငါ့ကိုမချစ်သေးဘူးဆိုတာက ငါ့ကိုဘယ်တော့မှ မချစ်မိဘူးလို့ ဆိုလိုတာမဟုတ်ဘူးလေ။ ငါကတော့ နင်ငါ့ကိုချစ်မိလာဖို့ အခုရော နောင်ရော အမြဲတမ်းကြိုးစားနေမှာပဲ။”

ဖရာလီတာရဲ့စကားတွေကြောင့် မက်ဒါနာတုန်လှုပ်လာတယ်။ ဖရာလီတာရဲ့စကားသံတွေထဲ ဝမ်းနည်းမှုကို သူခံစားရပေမဲ့ ဒီမိန်းကလေးက သူ့အနားမှာရှိနေတဲ့အတွက် သူဝမ်းသာလာမိသလိုပဲ။ မက်ဒါနာက လမ်းတစ်ဖက်မှာပေါက်နေတဲ့ မြက်ပင်တွေကို ငေးကြည့်နေရင်းကနေ ဖရာလီတာကို ပြန်မေးလိုက်ပါတယ်။

“တကယ်လို့ ငါတို့အိုမင်းလာတဲ့အထိ ငါဆီကအချစ်ကို နင်မရခဲ့ရင်ရော။”

မက်ဒါနာရဲ့စကားကြောင့် ဖရာလီတာက မက်ဒါနာရဲ့လက်ကို ပိုပြီးကြင်ကြင်နာနာဆုပ်ကိုင်ထားလိုက်ပြန်ပါတယ်။

“ငါအာမခံနိုင်တာကတော့ ငါက နင်သေတဲ့အထိ နင့်ဘေးနားမှာ ရှိပေးနေမယ်ဆိုတာပဲ။ ငါတို့လက်ထပ်တဲ့အခါကျရင် ပထမဆုံးနှစ်လေးတွေမှာ ငြိမ်းချမ်းတဲ့ကမ္ဘာကြီးတစ်ခုလုံးကို မြင်ပြီးတဲ့အထိ လျှောက်သွားကြမယ်။ ကမ္ဘာကြီးက ရှုခင်းတွေကို ကြည့်ရတာ နင်မုန်းလာတဲ့အခါကျရင် ဆိတ်ငြိမ်တဲ့မြို့လေးတစ်မြို့မှာ အိမ်လေးတစ်လုံးဝယ်မယ်။ ကလေးတွေနဲ့အတူနေကြမယ်။”

မက်ဒါနာက ဖရာလီတာကို ကြည့်လိုက်တယ်။ အခုအသေးမလေးက ခန္ဓာကိုယ်တစ်ခုလုံး သိမ့်သိမ့်တုန်နေတယ်။ ဖရာလီတာရဲ့စကားတွေကိုနားထောင်နေရင်း ဘာကြောင့်မှန်းမသိ မက်ဒါနာရဲ့နှလုံးသားက နာကျင်လာတယ်။

“မက်ဒါနာက ကလေးအများကြီးမထိန်းချင်လောက်တာမလို့ ယောက်ျားလေးတစ်ယောက်နဲ့ မိန်းကလေးတစ်ယောက်ပဲ မွေးကြရအောင်။ နေ့တိုင်းကလေးတွေနဲ့အတူဖြတ်သန်းရင်း ကလေးတွေကြီးလာတဲ့အခါ နယ်ကျောင်းလေးမှာပဲထားမယ်။ အဆင့်မြင့်ကျောင်းတွေလိုမျိုး ဇိမ်ခံပစ္စည်းတွေရှိမှာမဟုတ်ပေမဲ့သူတို့ပျော်မှာပါ။”

ဖရာလီတာက မက်ဒါနာရဲ့လက်ကိုဆုပ်ကိုင်ထားရင်းကနေပြီး မက်ဒါနာရဲ့လက်မောင်းကိုပါ ထွေးပွေ့ထားလိုက်တယ်။ ခန္ဓာကိုယ်ချင်းနီးကပ်လွန်းတာကြောင့် ဒီမိန်းကလေးရဲ့ကိုယ်သင်းရနံနဲ့အနွေးဓာတ်ကို မက်ဒါနာခံစားနေမိပြန်တယ်။

“သူတို့အရွယ်ရောက်လာတဲ့အခါ တစ်ယောက်မဟုတ်တစ်ယောက်ကတော့ ဟီးရိုးဖြစ်ချင်မှာပဲလေ။ ရှင်က ဒဏ္ဍာရီတွင်မယ့်သူရဲကောင်းကြီး ဖြစ်ခဲ့တာပဲမဟုတ်လား။ သူတို့ကို ဟီးရိုးကျောင်းတစ်ကျောင်းဆီပို့မယ်။ ကျွန်မတို့သားသမီးတွေ ကမ္ဘာကြီးကိုကယ်တင်နေတာကို တီဗီကနေတစ်ဆင့်ကြည့်ရင်း ကျွန်မတို့အိုမင်းလာကြမယ်။”

“သူတို့နှစ်ယောက် လက်တွဲဖော်ရှာတွေ့တဲ့အခါ ကျွန်မတို့အိမ်က ထွက်သွားကောင်း ထွက်သွားနိုင်တယ်။ ဒါပေမဲ့ ရှင့်ဘေးမှာ ကျွန်မရှိနေပေးမှာမလို့ ရှင်အထီးကျန်မှာမဟုတ်ပါဘူး။”

“ကျွန်မက ရှင့်ထက်ပိုငယ်တာမလို့ ရှင်လွတ်လွတ်လပ်လပ်မထနိုင်မသွားနိုင်တော့တဲ့အခါ ကျွန်မက ရှင့်ကိုစောင့်ရှောက်ပေးမယ်။ လောလောဆယ်တော့ ဘာဟင်းမှမချက်တတ်ပေမဲ့ ရှင်စားဖို့အတွက်ဆို စွပ်ပြုတ်လေးတွေပြုတ်ပေးနိုင်မှာပါ။”

“ဖြစ်နိုင်ရင် ရှင့်ကို ကျွန်မထက်အရင်ထွက်သွားစေချင်တယ်။ အတ္တကြီးသလိုခံစားမိပေမဲ့ ကျွန်မမရှိတဲ့အထီးကျန်မှုကို ရှင့်ကိုမခံစားရချင်လို့ပါ။ ပြီးရင်တော့ ကျွန်မရှင့်နောက်ကို လိုက်လာခဲ့မယ်။”

ဖရာလီတာရဲ့စကားတွေကိုနားထောင်ဖို့အတွက် မက်ဒါနာမှာ ခွန်အားမကျန်တော့ဘူး။ သူ့နှလုံးသားကို တစ်စုံတစ်ယောက်က ဖိညှစ်ထားသလိုဖြစ်နေပြီး အဲဒီမိန်းကလေးက ဖရာလီတာပါ။

“ဒါတွေက ကျွန်မရဲ့အိပ်မက်တွေပဲ၊ ကျွန်မရဲ့အိမ်မက်က ရှင်နဲ့မှပြည့်စုံနိုင်မှာပါ။” ဖရာလီတာက သူ့စကားကို အဆုံးသတ်လိုက်တယ်။ မက်ဒါနာကတော့ ဖရာလီတာရဲ့မျက်လုံးတွေထဲကို ကြည့်လိုက်တယ်။ ဒီစကားတွေကို ဖရာလီတာက စိတ်ရင်းနဲ့ပြောနေခဲ့တာ။

“တကယ်လို့ ငါက မင်းကိုမချစ်နိုင်တော့တဲ့ စက်ရုပ်တစ်ရုပ်လို ဖြစ်နေရင်တောင်မှလား။”

ဖရာလီတာက မက်ဒါနာရဲ့စကားကိုကြားတော့ ခေါင်းကိုညိတ်ပြလိုက်တယ်။ “ရှင့်မှာနှလုံးသားမရှိတော့ဘူးဆိုရင်တောင် ကျွန်မဘေးမှာ ရှင်ရှိနေသမျှ အဆင်ပြေပါတယ်။”

မက်ဒါနာမှာ ဖရာလီတာကို ပြောဖို့စကားတောင် ရှာမရတော့ဘူး။ မျက်ရည်ကျမိတာကြောင့်လား ဖရာလီတာကြောင့်လားမသိပေမဲ့ သူ့လည်ချောင်းက ခြောက်ကပ်နေပြီး ဘာသံမှထွက်မလာတော့ဘူး။

ဒါပေမဲ့ ဖရာလီတာကတော့ သူ့လက်နှစ်ဖက်လုံးနဲ့ မက်ဒါနာရဲ့လက်ကို ဆုပ်ကိုင်ထားလိုက်ပါတယ်။ “ဒါပေမဲ့လေ၊ ကျွန်မရဲ့အိပ်မက်တွေ တကယ်ဖြစ်လာဖို့ဆိုရင် မက်ဒါနာက ကျွန်မတို့ရဲ့ကတိတွေကို တန်ဖိုးထားမှဖြစ်မှာ။ ဒါကြောင့် ကျွန်မနဲ့ပေးထားတဲ့ကတိကို ဘယ်တော့မှ မဖောက်ဖျက်ပစ်ပါနဲ့နော်။ သတိရနေပေးပါ။”

မက်ဒါနာရဲ့ခေါင်းက တစ်ခဏလောက် အလုပ်မလုပ်ဖြစ်နေပေမဲ့ သူနဲ့ဖရာလီတာကြားမှာ ကတိတစ်ခုရှိခဲ့တာ မှတ်မိနေ​သေးတယ်။ ဖီးနစ်ကို မသုံးပါဘူးဆိုတဲ့ကတိ။

မက်ဒါနာက ဖရာလီတာကို နောက်တစ်ကြိမ်ကြည့်လိုက်မိပြန်တယ်။ မျက်လုံးတွေနီရဲတဲ့အထိ ငိုထားတဲ့ ဖရာလီတာက သူ့ရှေ့မှာ ချစ်ဖို့အလွန်ကောင်းပါတယ်။ မက်ဒါနာက ခေါင်းညိတ်လိုက်ပြီးတော့ အခုလိုပြောလိုက်လေရဲ့။

“ကောင်းပြီလေ၊ ငါ့ကတိကို ငါမှတ်မိပါတယ်။ အခုတော့ ရေခဲမုန့်တွေ အရှည်ပျော်မကျခင် စားကြတာပေါ့။”

မက်ဒါနာက ပျော့ပြဲနေပြီဖြစ်တဲ့ ခွက်ထဲက ရေခဲမုန့်တွေကိုကြည့်ရင်း ပြောလိုက်ပါတယ်။ ဖရာလီတာကတော့ ပြုံးလိုက်ရင်းနဲ့ သစ်သားဇွန်းကိုကောက်ကိုင်လိုက်ပါတယ်။

“အင်း၊ စားကြတာပေါ့။”

နောက်တော့ သူတို့နှစ်ယောက်က ဗင်နီလာရေခဲမုန့်ကို ကမ္ဘာ့အဖိုးတန်စားစရာလိုမျိုး သဘောထားပြီး စားဖြစ်ခဲ့ကြတယ်။ စားစရာကုန်သွားချိန်မှာတော့ ဖရာလီတာက ခုံတန်းကနေ ထလိုက်ပြီး မက်ဒါနာကို ပြောလိုက်တယ်။

“ဒီနေ့ကျွန်မပြောခဲ့တဲ့စကားတွေကို တခြားသူတွေဆီ ပြန်မပြောနဲ့နော်။ နောက်တစ်ခါ ချီလုလုဆီမှာ အစစ်ခံနေရလိမ့်မယ်။”

နောက်တော့ ဖရာလီတာက ဝန်ထမ်းဆောင်ဆီကို ပြန်သွားပါတယ်။ မက်ဒါနာကတော့ ဘာမှမရှိတော့တဲ့ ရေခဲမုန့်ခွက်ကို လက်ထဲမှာကိုင်ရင်းနဲ့ ကြောင်ပြီးရပ်နေဆဲပါ။ နေဝင်ခါနီးတော့ အေမီရောက်လာပြီး သူ့ကိုဦးညွှတ်လိုက်တယ်။

“မမလေး၊ ကန့်တင်းရှေ့မှာ တစ်ယောက်တည်းထိုင်ပြီးတော့ ဘာတွေစဥ်းစားနေတာလဲ။”

မက်ဒါနာပြုံးလိုက်မိတယ်။ အဲဒီနောက်တော့ အေမီကိုမော့ကြည့်ပြီး ပြောလိုက်ပါတော့တယ်။

“ငါ့အသက်ကို ငါတစ်ယောက်တည်းပိုင်တော့တာမဟုတ်ဘူးလို့ တွေးမိရုံပါ။ ဒီအသက်က တခြားတစ်ယောက်ရဲ့နှလုံးသားမှာ နေရာယူထားခဲ့ပြီးပြီမလို့ပါ။”

All Chapters