လူတစ်ယောက်ရဲ့နာမည်! ကစားစရာမဟုတ်တဲ့ လူတစ်ယောက်! ၂
Vol. 13 Ch. 181
အခုတော့ ဝိုင်လုပ်ငန်းကို သူဌေးချင်ဆီ အရမ်းရောင်းချင်နေပြီပေါ့?
သို့ရာတွင် ဆရာကျန်းက သူ့လေသံကိုပိုမြှင့်လိုက်ပြီး_ ''ဥက္ကဌချင်... ကျုပ်တို့ ဝိုင်လုပ်ငန်းက အရောင်းမစွံဘူးဆိုပေမဲ့ ဝိုင်ကြောင့်လုံးဝမဟုတ်ပါဘူး... စီမံခန့်ခွဲမှုကြောင့်ပါ... စီရင်စုထဲက အရာရှိတွေက အသုံးမကျတာနဲ့ ဘာမေးလို့မေးရမှန်းမသိတာတွေပါ... သူတို့က အရက်ကစော်ဖောက်တဲ့အခြေခံကိုတောင် မသိကြဘူး... အရောင်းလည်ပတ်တဲ့အခါ သူတို့ပဲအရှိန်ပျက်အောင်လုပ်တာ''
''ဒီဝိုင်လုပ်ငန်းက သူတို့စီမံမှုကြောင့် ကမောက်ကမဖြစ်ကုန်တာ... ခင်ဗျားနဲ့စီရင်စုက ဝိုင်လုပ်ငန်းကိုဝယ်မယ်ဆိုရင် သူတို့လှည့်စားတာခံရလို့မဖြစ်ဘူး... ဒီဝိုင်လုပ်ငန်းက ကျုပ်တို့ရဲ့နည်းပညာကလွဲပြီး ဘာမှတန်ဖိုးမရှိဘူး... တစ်ယွမ်မှပိုမပေးနဲ့''
“…” ချန်လီမှာ ရုတ်တရက် စိတ်ဓာတ်ကျသွား၏။
စီရင်စုက သူဌေးချင်နှင့် တန်ဖိုးညှိနှိုင်းလိုခြင်းမရှိ၍သာ တော်တော့သည်။ သူဌေးချင်ကို စျေးအနည်းဆုံးနှင့် အခွန်ကင်းလွတ်ခွင့်ပေးရန် သတ်မှတ်ထားပြီးဖြစ်သည်။
မဟုတ်လို့ ပုံမုန်တန်ဖိုးအတိုင်းသာ သူတကယ်ညှိနှိုင်းမိရင် ဆရာကျန်းက ငြိမ်နေမှာမဟုတ်ဘူးမလား?

ဟိုကဝိုင်လုပ်ငန်းကို ဝယ်တောင်မဝယ်ရသေး။ ဒီလူက သူ့ကိုယ်သူ သူ့ဝန်ထမ်းစာရင်းသွင်းနေပြီတဲ့လား?
ဒီအခြေအနေကြီးက နည်းနည်းသွေဖည်ရာကျမနေဘူးလား?
လီရှင်းရယ်လိုက်သည်။
ဆရာကျန်း၏ခံစားချက်ကို သူကိုယ်ချင်းစာနိုင်မည်ထင်သည်။ စီရင်စုပိုင်လုပ်ငန်းအတော်များများမှာ စီမံရေးကမောက်ကမဖြစ်မှုကို ရှောင်လွှဲရမည်မဟုတ်။ လုပ်နိုင်စွမ်းနှင့် ရာထူးနေရာ အံဝင်ခွင်ကျမဖြစ်သည်ကများ၏။
ထို့အပြင် နေရာပိုသေးလေလေ အခြေအနေက ပိုသိသာလေလေပင်။ နောက်ပြီး တစ်ယောက်ကအလုပ်လုပ်နေရင် နှစ်ယောက်ကဘာမှမလုပ်တာ ပုံမှန်လိုဖြစ်နေသည်။ ဝိုင်လုပ်ငန်းကို ဘယ်လိုလူရောက်လာတယ်ဆိုတာ မြင်သာသည်။
ဝိုင်ထုတ်တဲ့နေရာကိုဝင်ဝင်ချင်း ဝိုင်ဖောက်ထားတဲ့အနံ့အရ ဝိုင်၏အမွှေးနံ့မှာပြဿနာရှိပုံမရ။ ဒီဝိုင်မျိုးကို သာမန်လူလက်ထဲထားလိုက်ရင် ကောင်းကောင်းစီမံနိုင်မည်မဟုတ်ပေ။
အကယ်၍ စီရင်စုပိုင်လုပ်ငန်းသာမဟုတ်ခဲ့ရင်...
......
ဆရာကျန်းမှာ ခဏခဏအနိုင်ကျင့်ခံခဲ့ရ၍ဖြစ်မည်။ အခု ဝိုင်ဘယ်လိုလုပ်တယ်ဆိုတာလည်းသိ၊ ချင်းလင်ဆေးဖက်ဝင်ဝိုင်လည်းစိမ်တတ်သော သူဌေးချင်နဲ့ဆုံသောအခါ ရင်ဘတ်ချင်းနီးသောမိတ်ဆွေကဲ့သို့ဖြစ်သွားပြီး ချက်ချင်းသူ့ဆီလက်အောက်ခံတော့သည်။
ဆရာကျန်းကြောင့် ချင်လင်မှာ ကသိကအောက်ဖြစ်သွား၏။ သူကဝိုင်လုပ်ငန်းကိုဝယ်ဖို့မဆုံးဖြတ်ရသေးသောကြောင့်_ ''ဆရာကျန်း... အဒီဆယ်စုနှစ်ချီတဲ့ဝိုင်သိုလှောင်ခန်းကို တစ်ချက်လောက်ကြည့်ချင်လို့!''
''ကောင်းပါပြီ သူဌေးချင်... ကျုပ်နောက်လိုက်ခဲ့ပါ'' ဆရာကျန်းက ချင်လင်တို့ကိုလှိုက်လှိုက်လှဲလှဲကြိုဆိုပြီး ဝိုင်သိုလှောင်ခန်းဆီခေါ်သွားလိုက်သည်။
ဝိုင်သိုလှောင်ခန်းထဲတွင် နေရာအတော်များများလွတ်နေ၏။ ဘာပဲဖြစ်ဖြစ် စီးပွားရေးမကောင်းသောနေရာဖြစ်၍ သိုလှောင်ထားသောဝိုင်များများစားစားမရှိပေ။
ဆရာကျန်းလည်း စတင်မိတ်ဆက်ပေးသည်_ ''သူဌေးချင်... ကျုပ်တို့ဝိုင်လုပ်ငန်းမှာ တန်ဖိုးအရှိဆုံးကတော့ ဒီဝိုင်သိုလှောင်ခန်းပဲ...''
ဝိုင်သိုလှောင်ခန်းထဲဝင်ပြီးနောက် လီရှင်းကငုတ်တုပ်ထိုင်ချလိုက်ပြီး သူ့နားတဝိုက်ရှိမြေကြီးတချို့ကိုလက်နှင့်ဆုပ်ယူကာ နှာခေါင်းနားကပ်၍ အနံ့ခံကြည့်လိုက်သည်...

လီရှင်းဘာလုပ်နေမှန်း ချင်လင်မသိသော်လည်း ထိုအချိန်တွင်လီရှင်းမှာ သူ့ကျွမ်းကျင်ရာအလုပ်ကိုတလေးတစားနှင့် ထူးထူးခြားခြားတည်ကြည်နေ၏။
ထို့ကြောင့်သူလည်း ဘာလုပ်ရနိုးနိုးနှင့် လီရှင်းနောက်လိုက်ကာ ဟန်ဆောင်နေလိုက်သည်။ တစ်ခါတရံ သူရေလိုက်ငါးလိုက်နေရမည်။ ဘာပဲဖြစ်ဖြစ် သူ့အကြောင်းပေါ်သွားလို့မှမဖြစ်ဘဲ။
မဟုတ်လို့ ဒီနယ်ပယ်ရဲ့တက်သစ်စလေးက သူ့ကိုစမ်းသပ်တာခံရမှန်း လီရှင်းသိသွားလျှင် သူ့စိတ်ဓာတ်တွေပြိုလဲသွားလိမ့်မည်။
သူတို့နှစ်ဦးပုံကိုတွေ့လျှင် ဆရာကျန်းကပိုပြုံးလိုက်မိသည်။ သူဌေးချင်က ဘယ်လိုသောက်ရမှန်းသိရုံတင်မကဘူး။ သူခေါ်လာတဲ့လူတွေကလည်း ဘယ်လိုသောက်ရမှန်းသိတာပဲ။
နောက်ပြီး သူတို့နှစ်ယောက်က ဝိုင်သိုလှောင်ခန်းကိုလေ့လာဖူးသည်မှာ သိသာနေသည်။ သူသာဝိုင်လုပ်ငန်းကိုလက်လွှဲယူလိုက်ရင် အခြေအနေတွေကတစ်မျိုးဖြစ်သွားမည်။
အချိန်တချို့ယူပြီးနောက် လီရှင်းက_ ''နံရံတွေက ကျောက်တုံးနဲ့လုပ်ထားပြီးတော့ အခန်းမြေပြင်ကို ရွှံ့ဝါနဲ့ဖုံးအုပ်ထားတယ်... ဖွဲ့စည်းထားပုံအရတော့ ဒီဝိုင်သိုလှောင်ခန်းက နှစ် ၅၀၊ ၆၀ ကျော်လောက်ပြီ... ဒီဝိုင်သိုလှောင်ခန်းဟောင်းထဲမှာ ဝိုင်ဖြူကိုထူးထူးခြားခြားအနံ့ထွက်စေဖို့အတွက် ဇီဝပိုးမွှားတွေလုံလုံလောက်လောက်ရှိတယ်''
ထိုစကားကို ဆရာကျန်းကြားလျှင် သူကချက်ချင်းတလေးတစားနှင့်_ ''လူကြီးမင်း... အရမ်းအံ့သြဖို့ကောင်းတာပဲ... ကျုပ်ဆရာရဲ့ဆရာငယ်ငယ်ကတည်းက စီရင်စုထဲကဒီဖိုကိုရခဲ့တာ နှစ် ၆၀ ကျော်ပြီပေါ့... အဲဒီတုန်းက ရွှံ့ဝါက တခြားဝိုင်သိုလှောင်ခန်းမှာပဲရှိသေးတာ... အဲဒီသိုလှောင်ခန်းကထုတ်တဲ့ဝိုင်က အပြင်ကဝိုင်တွေထက် တကယ်ပိုမွှေးတာ... ဒါပေမဲ့ ဇီဝပိုးမွှားက ဘာလဲတော့ ကျုပ်တို့မသိဘူး''
''ဒီလိုဝိုင်သိုလှောင်ခန်းမျိုးကို ပိတ်ပစ်လိုက်ရင် နှမြောစရာပဲ'' လီရှင်းက ချန်လီကိုတစ်ချက်ကြည့်ပြီးဆိုလိုက်သည်။ ဘယ်သူ့ကို သူအပြစ်တင်နေတယ်ဆိုတာ ပြောစရာမလို။
ဆရာကျန်းက ထိုစကားကြားလျှင် ချန်လီကိုကြည့်လိုက်ပြီး ချက်ချင်းလီရှင်းကိုထောက်ခံလိုက်သည်_ ''ဟုတ်တယ်မလား? ဘယ်လောက်နှမြောစရာကောင်းလဲ... အဲဒီလူတွေက ဘာမှမသိဘူး... မွှေဖို့လောက်ပဲတတ်တာ''
''...'' ချန်လီမှာ ဆွံ့အသွားသည်။ ဘာလို့အားလုံးက သူ့ကိုဝိုင်းကြည့်နေတာလဲ? မွှေတဲ့သူက သူမှမဟုတ်တာ။ သူကတာဝန်ခံလည်း မဟုတ်ဘူးလေ။
ထိုအချိန်တွင် လီရှင်းက ရုတ်တရက်တစ်နေရာကိုလျှောက်သွားပြီး တံခါးခေါက်ကြည့်လိုက်သည်။ သူကအံ့သြပုံနှင့် ဆရာကျန်းကိုအမှတ်တမဲ့ကြည့်လိုက်၏။
ဆရာကျန်းက နည်းနည်းစိတ်လှုပ်ရှားသွားသည်။
အကြောင်းမှာ ထိုအောက်တွင် ပစ္စည်းကောင်းဝှက်ထားသောကြောင့် သူကတွေ့သွားမှာစိုးထိတ်သွား၏။
ဝိုင်လုပ်ငန်းကအရာရှိတွေ ဒီဝိုင်လုပ်ငန်းကိုမရောင်းဖြစ်ရင် အထဲကပစ္စည်းကို အဲဒီလူတွေဖျက်ဆီးပစ်ကြလိမ့်မည်။ သူကချက်ချင်း အာရုံပြောင်းလိုက်၏_ ''သူဌေးချင်... ကျုပ်တို့ဝိုင်ကိုလာမြည်းကြည့်ပါဦး... အာနိသင်မကောင်းတော့ သက်တမ်းရင့်ဝိုင်မရှိဘူး... ဝိုင်အသစ်တွေအတော်များများက သက်တမ်း ၂ နှစ်ပဲရှိသေးတယ်''
ဆရာကျန်းက ဘေးထွက်သွားပြီး ဝိုင်ရွှေ့နေပြီဖြစ်၍ လီရှင်းက ဘာမှမပြောတော့ချေ။
သိပ်မကြာခင် ဆရာကျန်းက ပုလင်းအသေးသုံးလုံးနှင့် ဖန်ခွက် ၁၀ ခွက်လောက်ယူလာသည်။ သူက ခွက်ထဲဝိုင်ငှဲ့ပေးလိုက်ပြီး_ ''သူဌေးချင်... မြည်းကြည့်ပါဦး... ဒီဝိုင်တွေက ကျုပ်တို့ဝိုင်လုပ်ငန်းကထုတ်တာ... နှစ်သစ် နှစ်ဝက်နဲ့ အကြာဆုံး ၂ နှစ်ဝိုင်ပဲ''
ချင်လင်က ထိုစကားကြားလျှင် ရှေ့တိုးပြီး ဝိုင် ၃ ပုလင်းကိုကိုင်ကာ အနံ့ခံကြည့်လိုက်သည်_ ''အင်း... ဝိုင်အနံ့ကတော့ ထင်ထားတဲ့အတိုင်းပဲ... အရမ်းကောင်းတယ်... မောက်ထိုက်နဲ့တော့ ကွာရမယ်... ရိုးရိုးမောက်ထိုက်ထက် ပိုကောင်းမှာသေချာတယ်... ဘရန်းအတော်များများက ဝိုင်သိုလှောင်ခန်းဟောင်းက ဒီအနံ့ပဲရတယ်''