လူတစ်ယောက်ရဲ့နာမည်! ကစားစရာမဟုတ်တဲ့ လူတစ်ယောက်! ၃
Vol. 13 Ch. 182
လီရှင်း၏စကားကိုကြားလျှင် ချန်ရှန်းဖေနှင့်မာလဲ့ဝမ်လည်း စူးစမ်းချင်စိတ်နှင့်ရှေ့တိုး၍ သူတို့ဝိုင်ခွက်ကိုမြှောက်ကာ နှာခေါင်းနားကပ်ပြီး အနံ့ခံကြည့်လိုက်သည်။ ထို့နောက် နှစ်ယောက်လုံး အံ့သြသွားပုံရ၏။
''တကယ်ကောင်းတာပဲ!''
''ဝိုင်နံ့က တကယ်အရမ်းကောင်းပြီး ပြင်းတယ်''
သူတို့နှစ်ယောက်လုံးက ကျွမ်းကျင်ဝိုင်နံ့ခံတတ်သူတွေမဟုတ်သော်လည်း နာမည်ကြီးဝိုင်အတော်များများကိုသောက်ခဲ့ဖူးသည်။ အခြေခံလောက်တော့ ဝိုင်နံ့ကိုခွဲခြားနိုင်သေး၏။
ချင်လင်က သိချင်စိတ်နှင့် ဝိုင်ခွက်ကိုကိုင်ပြီး သူ့နှာထိပ်ဖျားနားထားလိုက်သည်။ ဒီဝိုင်က သူအရင်ဝယ်ခဲ့ဖူးသော ဆေးဖက်ဝင်ဝိုင်နှင့် အမှန်ပင်နည်းနည်းကွာခြားနေ၏။
ဒီဝိုင်နံ့က အရမ်းနှစ်သက်စရာကောင်းသည်။

အမှန်အတိုင်းဆိုရလျှင် ဒါသူ့အတွက်ပထမဆုံးအကြိမ်အနံ့ခံဖူးခြင်းဖြစ်ပေသည်။ ဒါကြောင့်ရှေးလူကြီးတွေက ဝိုင်နံ့ကနှစ်သက်စရာကောင်းတယ်လို့ဆိုကြတာကိုး။
ဒီစစ်မှန်တဲ့ဝိုင်နံ့က အမှန်ပင်သာမန်ဝိုင်များနှင့် ကွာခြားသည်။
ထိုအချိန်တွင် လီရှင်းက ၂ နှစ်သက်တမ်းရှိဝိုင်ခွက်ကိုကိုင်ပြီး မျက်စိမှိတ်ကာ အရသာခံလိုက်၏။ ခဏအကြာ သူက_ ''ဆန် ကန်စွန်းဥကစီ ကောက်ညှင်း ဂျုံ...''
လီရှင်းက ပါဝင်ပစ္စည်းတစ်ခုပြီးတစ်ခုရေရွတ်နေသံကို ဆရာကျန်းကြားလျှင် သူ့ပုံစံမှာ ပိုပိုပြီး မယုံနိုင်သည့်ပုံပေါက်လာသည်။ အမှန်ပင်ထိုပစ္စည်းများကို အချိုးကျရောစပ်ထားခြင်းဖြစ်သောကြောင့် သူတို့ကိုပိုပြီး လေးစားသွား၏။ နောက်ပြီး ပါဝင်ပစ္စည်းများကို တေးသီသလို အစဉ်အတိုင်းဆိုသွားခြင်းဖြစ်လေသည်။
သူဌေးချင်ခေါ်လာတဲ့သူက စွမ်းလိုက်တာ။
''နှမြောစရာကောင်းလိုက်တာ!'' လီရှင်းကရုတ်တရက်ပြောလိုက်သည်_ ''ဒီလိုဝိုင်သိုလှောင်ခန်းကောင်းကောင်းနဲ့... ဝိုင်ဖောက်တဲ့နည်းတွေက မဆိုးဘူး... ဒါပေမဲ့ ဘယ်လိုပါဝင်ပစ္စည်းအညံ့တွေသုံးထားတာလဲ? ၂ နှစ်တောင်ရှိနေပြီ... အရသာကညံ့တုန်းပဲ... ဒီလိုအခြေအနေကောင်းတွေနဲ့ ဒီဝိုင်လုပ်ငန်းမလည်ပတ်နိုင်တာ ဘယ်သူ့အပြစ်မှတော့မဟုတ်ဘူး''
ဝိုင်အရသာမှာ ဝိုင်သိုလှောင်ခန်းသက်တမ်းအပြင် ပါဝင်ပစ္စည်းနှင့်လည်းဆိုင်သည်။ နောက်ပြီး ပါဝင်ပစ္စည်းပိုကောင်းလေလေ အတွေ့အထိအရသာပိုကောင်းလေလေပင်။ သက်တမ်းချင်းတူလျှင်တောင် ပါဝင်ပစ္စည်းကြောင့် အနည်းနှင့်အများကွာခြားတတ်သည်။
......
ဝိုင်အရသာကို လွယ်လွယ်ကူကူခွဲခြားလို့ရသည်။
ဆရာကျန်းက ထိုစကားကြားလျှင် နည်းနည်းစိတ်ပူသွားပြီး_ ''လူကြီးမင်း... ဒီအတွက်တော့ ဝိုင်လုပ်ငန်းကိုအပြစ်ပြောလို့မရဘူး... ကျုပ်တို့က ဝိုင်ဖောက်တဲ့နေရာတာဝန်ခံတွေဆိုပေမဲ့ အဲဒီလူတွေက ငွေချွေတာချင်တယ်ပဲပြောနေတာ... ကျုပ်တို့အတွက် သူတို့ဝယ်ပေးတဲ့ပစ္စည်းတွေက ဘယ်ကမှန်းမသိရဘူး... ကျုပ်တို့လိုအပ်ချက်နဲ့လုံးဝမကိုက်ညီနိုင်ဘူး... သူတို့သာ အရည်အသွေးကောင်းတဲ့ပစ္စည်းတွေပေးမယ်ဆိုရင် ဒီဝိုင်သိုလှောင်ခန်းဟောင်းနဲ့ သေချာပေါက် ဒီထက်ကောင်းတဲ့ဝိုင်တွေလုပ်နိုင်တယ်''
လီရှင်းက ချန်လီကို မျက်မှောင်ကြုတ်ပြီးကြည့်လိုက်ကာ_ ''ခင်ဗျားတို့တွေက ဘုရားပေးတဲ့လက်ဆောင်ကို တကယ်အလဟဿဖြစ်အောင်လုပ်ပစ်တာပဲ''
ချန်လီကမတတ်သာပုံနှင့် အောင့်သီးအောင့်သက်ပြောလိုက်ရတော့သည်_ ''လူကြီးမင်းလီ... အဲဒါကြောင့် ခင်ဗျား သူဌေးချင်ကိုလက်လွှဲမယူစေချင်ဘူးလား? ကျုပ်တို့လက်ထဲမှာ တကယ်အလဟဿဖြစ်နေတာ''
လီရှင်းကမကျေနပ်ပုံပြလိုက်ပြီးမှ ချင်လင်အား_ ''သူဌေးချင်... ဒီဝိုင်သိုလှောင်ခန်းဟောင်းက တကယ်မဆိုးဘူး... ကျွန်တော့်ရလဒ်တွေက လက်လှမ်းမီတယ်... ဒါပေမဲ့ တခြားသူတွေကိုဝင်ရှုပ်ခွင့်မပေးနဲ့... ဒီဝိုင်သိုလှောင်ခန်းဟောင်းမျိုးနဲ့ ဝိုင်စိမ်ဖို့ပါဝင်ပစ္စည်းတွေရမ်းသမ်းထည့်တာတော့ တကယ်ရယ်စရာကောင်းတယ်ဗျာ''
လီရှင်း လူတွေကိုလှောင်ပြောင်လို့မဆုံးတော့တာ ချင်လင်ပထမဆုံးမြင်ဖူးခြင်းပင်။ သူတကယ်ဝိုင်ကိုသဘောကျပုံရပြီး ကောင်းတာတွေလုပ်ဖို့ ရှက်နေပုံရသည်။ ထို့ကြောင့် သူလည်းပြုံးလိုက်ကာ ချင်လင်အား_ ''အကြီးအကဲချန်... ဒီဝိုင်လုပ်ငန်းကို ကျွန်တော်လက်လွှဲယူနိုင်ပါတယ်... ဒါပေမဲ့ နောက်ဆက်တွဲဘာပြဿနာမှမဖြစ်ချင်ဘူး... ဘာပဲဖြစ်ဖြစ် ဆရာကျန်းက ဘာမှအသုံးမကျတဲ့လူတွေရှိတယ်လို့ ပြောတယ်လေ!''

ဆရာကျန်းက ချင်လင်၏စကားကြားလျှင် သူ့မျက်နှာမှာပြုံးရွှင်သွားပြီး_ ''အဲဒီပြဿနာကောင်တွေကို အစောကြီးကတည်းကဖယ်ရှားသင့်တာ''
''မပူပါနဲ့ သူဌေးချင်... စီရင်စုက ဒီကိစ္စကိုကိုင်တွယ်မှာပါ'' ချန်လီက သက်ပြင်းအရှည်ကြီးချလိုက်သည်။ သူ့တာဝန်ပြီးမြောက်သွားပြီဆိုသော်လည်း ဒီကိစ္စတွေကိုအရင်ဖြေရှင်းရဦးမည်။
ဘာပဲဖြစ်ဖြစ် ဒါကစီရင်စုရဲ့လုပ်ငန်းဖြစ်နေပြီး စီမံရေးက ပူးတွဲနေရာယူထားရဆဲဖြစ်သည်။ သူလက်တစ်လုံးခြားလုပ်၍မရ။
သူဌေးချင်တို့ပြောပုံအရ ဒီဝိုင်လုပ်ငန်းအခြေအနေတွေက အရမ်းကောင်းလိမ့်မည်။ ဒီလုပ်ငန်းတွေကိုထိန်းသိမ်းထားတဲ့အထိမဖြစ်သင့်။ မကောင်းသတင်းဆက်ထွက်နေလိမ့်မည်။
ဝိုင်လုပ်ငန်းကိုကြည့်ရှုပြီးနောက် ချင်လင်ကလက်လွှဲယူဖို့သဘောတူလိုက်သဖြင့် ချန်လီက စီရင်စုကိုဖုန်းဆက်ပြီး သတင်းတင်ပြလိုက်၏။
ချင်လင်က သူ့လူတွေနှင့် ဝိုင်လုပ်ငန်းအပြင်ထွက်သွားသောအခါ ဝိုင်ပုလင်းတချို့လည်းယူသွားလိုက်သည်။ သူဂိမ်းထဲဝင်ပြီး အချက်အလက်ကို တိတိကျကျကြည့်ချင်သေးသည်။
ဆရာကျန်းက ဖော်ဖော်ရွေရွေလိုက်ပို့ပေးပြီး_ ''သူဌေး... ခင်ဗျားဖုန်းနံပါတ်လေးပေးခဲ့ပါ... နောက်ကျ ဝိုင်လုပ်ငန်းအခြေအနေနဲ့ပတ်သက်ပြီး မေးချင်တာရှိရင် တန်းဆက်လိုက်ရုံပါပဲ''
ဟုတ်ပြီလေ သူက'ချင်'ကိုတောင် ဖြုတ်လိုက်ပြီ။
ဘေးနားမှချန်လီမှာ ဝိုင်လုပ်ငန်းမရောင်းရသေးခင်မှာပဲ သူကအပြင်လူဖြစ်သွားသလိုခံစားလိုက်ရသည်။
ချင်လင်ကပြုံးလိုက်ပြီး သူ့လုပ်ငန်းကတ်ကို ဆရာကျန်းဆီပေးလိုက်ကာ သူ့လူတွေပြန်ခေါ်သွားလိုက်သည်။
ကားစက်ပြန်နှိုးပြီး တောင်ပေါ်မှဆင်းလာရာ လီရှင်းက စိတ်မရှည်ပုံနှင့်_ ''သူဌေးချင်... စစ်ဆေးကြည့်တာဘယ်လိုလဲ? ကျွန်တော် ဆုရသင့်တယ်မလား?''
လီရှင်းလောနေပုံကိုကြည့်ရင်း ချင်လင်ကဟိတ်ဟန်ထုတ်လိုက်ပြီး_ ''လူကြီးမင်းလီက ဆရာကျပါတယ်... ကျွန်တော့်တွက်ဆချက်နဲ့ နည်းနည်းကွာတယ်ဆိုပေမဲ့ လူကြီးမင်းလီအောင်ပါတယ်... ဆုက ခင်ဗျားအတွက်ပါပဲ''
ဘာကွာတယ်ဆိုတာ သူလည်းမသိ။ သူမှလုံးဝနားမလည်ဘဲလေ။
သို့သော် ကိစ္စမရှိ။ သူ့ရည်ရွယ်ချက်အထမြောက်ခဲ့ပြီ။
လီရှင်းက ထိုစကားကြားလျှင် အံ့အားသင့်သွားပြီး_ ''သူဌေးချင်... အဲဒီကစီကို အရသာခံနိုင်ခဲ့လား? အခုပဲမရေမရာဖြစ်နေတာ... အဲဒါကြောင့် ဘာမှမပြောခဲ့တာ''
''ဝိုင်လုပ်ငန်းရဲ့ပါဝင်ပစ္စည်းထဲမှာ ပြောင်းဖူးကစီဓာတ်ပါသေးတယ်လို့လည်း ထင်တယ်... အရမ်းနည်းပြီးတော့ အာလူးကစီနဲ့ရောထားလို့သာ လုံးဝမသေချာတာ... သူဌေးချင်က အရသာခံနိုင်တယ်လို့မထင်ထားဘူး... အခုတော့ ကိုယ့်ရဲ့နိမ့်ကျမှုကို တကယ်ရှက်မိတယ်''
''ကျွတ်... ကျွတ်...'' ချင်လင်အံ့အားသင့်သွားသည်။
ဒါလည်း အလုပ်ဖြစ်တယ်လား?