← Chapters

ပိုက်ဆံရှိလျှင်တောင် မဝယ်နိုင်! သဘာဝဂျင်ဆင်း! ၂

Vol. 13 Ch. 186

ပိုက်ဆံရှိလျှင်တောင် မဝယ်နိုင်! သဘာဝဂျင်ဆင်း! ၂

Vol. 13 Ch. 186

ဒါကြောင့်လည်း စျေးကွက်ထဲမှာ နှစ် ၂၀ သက်တမ်းရှိတဲ့ဝိုင်က ၁၀ နှစ်ဝိုင်ထက် အများကြီးပိုစျေးကြီးခြင်းဖြစ်သည်။

သို့သော် လတ်တလောနှစ်များအတွင်း ဗဟုသုတနှံ့စပ်သည်ဆိုသော သတိရှိသူများကငြင်းဆိုထားကြသည်။ သူတို့ဝိုင်ကိုထောက်ခံလေလေ ပိုကောင်းလေလေဖြစ်၏။

သူတို့က သိပ္ပံနည်းပညာဆိုင်ရာ ငြင်းခုံမှုအမျိုးမျိုးကိုဖြစ်စေသည်။

ဥပမာ - ပစ္စည်းကိရိယာများအသုံးပြုခြင်း၊ ပျက်စီးခြင်း၊ သက်တမ်းရင့်ခြင်းတို့က ဝိုင်ထဲမှဓာတ်ပြုခြင်းကိုရပ်တန့်စေသည်။ ဆေးဖက်ဝင်ဝိုင်ကိုလည်း ပတ်ဝန်းကျင်၊ အလုံပိတ်ခြင်းနှင့် ရာသီဥတုကြောင့် သက်ရောက်မှုများရှိနိုင်သည်။ သက်တမ်းကြာရှည်လျှင် အာနိသင်ကလျော့ကျသွားလိမ့်မည်... အားလုံးအထောက်အထားများရှိသည်။ သိပ္ပံနည်းကျစမ်းသပ်ချက်များတောင် ပြုလုပ်ထားကြ၏။

ဘာပဲဖြစ်ဖြစ် ဝိုင်သက်တမ်းတစ်ခုရလျှင် ၁၀ နှစ်လောက်တွင် အရသာအကောင်းဆုံးဖြစ်မည်။ ဒီထက်ပိုကြာကြာထိန်းသိမ်းထားလျှင် အရသာက တဖြည်းဖြည်းယိုယွင်းလာမည်။ ဤသည်က ဦးနှောက်စားခြင်းသက်သက်ဖြစ်၏။

သို့သော် ဒီလူတွေနားမလည်ကြတာက နှစ် ၁၀၀ သက်တမ်းရှိဝိုင်နှင့် နှစ် ၁၀၀ သက်တမ်းရှိဆေးဖက်ဝင်ဝိုင်ကို အမှတ်မထင်သာဖော်ပြကြသည်။

လူချမ်းသာတစ်ယောက်က နှစ် ၁၀၀ သက်တမ်းရှိဝိုင်ကို ငွေသန်းချီသုံးဖို့ဆန္ဒရှိရင် သူကဒီလူတွေထက်ပိုပြီး သတိရှိတာလား မိုက်မဲတာလား?

ဝိုင်သက်တမ်းရင့်လေလေ စျေးပိုကောင်းလေလေပင်။ သက်တမ်းပိုကြာသည်ဆိုသောအချက်အပြင် အရည်ပိုကျလေလေ၊ အတွေ့အထိပိုကောင်းလေလေ။ နောက်အကြောင်းအရင်းတစ်ချက်က အချိန်အကြာကြီးကြာပြီးလျှင် ဒီသတိရှိတဲ့လူတွေ ပေါ်လာဦးမည်။ ထိန်းသိမ်းရခက်သည်ကလည်း တန်ဖိုးမြင့်ရခြင်း၏ အကြောင်းရင်းတစ်ချက်ပင်။

ဝိုင်ကိုနှစ် ၁၀၀ ထိန်းသိမ်းထားဖို့၊ နှစ် ၁၀၀ ရှိတဲ့သက်တမ်းရင့်ဝိုင်စစ်စစ်ဖြစ်လာဖို့ အလွန်လွယ်ကူသည်ဆိုပါလျှင် နှစ် ၁၀၀ သက်တမ်းရှိကို ဒီလောက်တန်ဖိုးထားကြမည်မဟုတ်။

လူချမ်းသာတွေက နှစ် ၁၀၀ သက်တမ်းရှိဝိုင်စစ်စစ်အတွက် သန်းချီအကုန်ခံကြမည်ဖြစ်သော်လည်း တဝက်တပျက်နှင့်ပြဿနာရှိသော နှစ် ၁၀၀ သက်တမ်းရှိဝိုင်ကိုမူ သန်းချီသုံးစွဲမည်မဟုတ်ပေ။

ခြားနားချက်ကို သူပုံဖော်ကြည့်ရမည်။

ချန်ရှန်းဖေနှင့်မာလဲ့ဝမ်က ဝိုင်သောက်ပြီးပြီးချင်း ဘာတစ်ခွန်းမှမဆိုဘဲ လီရှင်းဆီ တန်းပြီးခွက်ထိုးပေးလိုက်ကြသည်။

ရည်ရွယ်ချက်က ရှင်းပါသည်။ နောက်တစ်ခွက်လိုချင်သည်ပေါ့။

......

ဝိုင်အာနိသင်ကိုမဆိုထားနှင့် အရသာသက်သက်နှင့်ပင် အရင်ထက်အများကြီးပိုကောင်းသည်။ တစ်လုံးကိုယွမ် ၂၀၀၀၀၊ ၃၀၀၀၀ ပေးရသော သက်တမ်းနှစ် ၂၀ ရှိ ဘရန်းများထက်တောင် ပိုကောင်းသည်ဟုထင်ရ၏။

ဆေးဖက်ဝင်ဝိုင်သာမဟု​တ်လျှင် ဒီအတွေ့အထိက သွားရည်ယိုလောက်သည်။

ထိုပုံစံကိုမြင်လျှင် လီရှင်းကထောက်ထောက်ထားထားဆိုလိုက်၏_ ''လောင်ချန် လောင်မာ... ဒီဆေးဖက်ဝင်ဝိုင်က အရမ်းအားပြည့်တယ်... နေ့လယ်ခင်း မှောင်တောင်မမှောင်သေးဘူး... ဒီတော့ အရမ်းအားဖြစ်နေလို့မကောင်းဘူးထင်တယ်''

ထိုစကားများက အမျိုးသမီးသုံးဦးကို နည်းနည်းရှက်သွေးဖြာသွားစေသည်။



သူတို့အားလုံးက ဆေးဖက်ဝင်ဝိုင်၏အာနိသင်များကို သိထားကြသည်။ ဘာပဲဖြစ်ဖြစ် သူတို့ယောက်ျားတွေ​သောက်လျှင် အကျိုးခံစားရသူက သူတို့ဖြစ်နေသည်လေ။

ချန်ရှန်းဖေက ထိုစကားကြားလျှင် သူ့ဝိုင်ခွက်ကိုချလိုက်သည်။ အသောက်များသွားရင် ဘယ်လိုမအီမသာဖြစ်တယ်ဆိုတာ သူအရင်ကစမ်းဖူးသောကြောင့်ပင်။ သူမူးလို့မဟုတ်သော်လည်း တခြားနည်းနဲ့...

''သခင်လေးလီ ဥက္ကဌချန် ဥက္ကဌမာ'' လျိုယီကလျှောက်လာပြီး လီရှင်းတို့လှမ်းကြည့်အောင် အသံပြုလိုက်သည်။

မာလဲ့ဝမ်က စလိုက်သည်_ ''ဘာလဲ? ဥက္ကဌလျိုက သူဌေးချင်ဆီက ဘာဝိုင်မှမရလိုက်ဘူးလား?''

သူတို့အားလုံးက စောစောကလျိုယီ၏လှုပ်ရှားမှုကိုတွေ့လိုက်ကြသည်။ နောက်ပြီး လျိုယီ သူဌေးချင်ဆီကဝိုင်ရမရလည်း သိချင်နေကြ၏။

လျိုယီသာဝိုင်တောင်းနိုင်ရင် သူတို့သူဌေးချင်ကိုသိလာတာကြာပြီ မရစရာအကြောင်းမရှိ။

လျိုယီကသက်ပြင်းချပြီး ရှင်းပြလိုက်သည်_ ''သူဌေးချင်ကပြောတယ်... အခုဒီငွေပုလင်းနဲ့ဝိုင်က တစ်လုံးပဲရှိတာတဲ့... အဲဒါ သခင်လေးလီကနိုင်သွားလို့ နောင်ကျမှပဲ ကျုပ်တို့သောက်ပါတော့တဲ့''

သူဌေးချင်က သူထုတ်ချင်တဲ့အချိန်ကျမှ ထုတ်ပေးမည်။

''ဥက္ကဌလျို... တစ်ခွက်လောက်သောက်မလား?'' လီရှင်းက လျိုယီကိုမေးလိုက်သည်။ တစ်ဖက်လူလာရတဲ့ရည်ရွယ်ချက်က ဒါပဲမလား?

''ကျေးဇူးတင်ပါတယ် သခင်လေးလီ'' လျိုယီက ပြုံးပြီး သူ့ဖန်ခွက်ကိုကမ်းပေးလိုက်သည်။

လီရှင်းက သူ့ကိုတစ်ခွက်ငှဲ့ပေးပြီး ချက်ချင်းပုလင်းကိုပြန်ပိတ်လိုက်၏။

ဝိုင်ကိုချိတ်ပိတ်ပစ်လိုက်သည်။ သူကဖြည်းဖြည်းချင်းအရသာခံကြည့်ချင်တဲ့သူ။ ဒီမှာထပ်ဖြုန်းလို့မဖြစ်တော့။

လျိုယီက သူ့ဝိုင်ခွက်ကိုကိုင်ပြီး အရသာခံကြည့်လိုက်သည်။ ဝိုင်သောက်ပြီးနောက် သူ့အမူအရာအရ သူလုံးဝထင်မထားသောဝိုင်မှန်းသိနိုင်ပေသည်။

''ဒီလိုဝိုင်ကောင်းကို ကျုပ်တို့မရနိုင်တာ နှမြောစရာပဲ'' လျိုယီက နည်းနည်းသက်ပြင်းချလိုက်သည်။ သူ့လိုသူဌေးကြီးကို မရေမတွက်နိုင်တဲ့လူတွေက အားကျလိုက်တာလို့မတွေးပါနဲ့။ အရာရာကို သူငွေနဲ့ဝယ်နိုင်လိမ့်မယ်လို့ မထင်ပါနဲ့။ မိန်းမကိစ္စတောင် ငွေသိန်းချီသုံးရင် ရချင်ရဦးမည်။

ဒါပေမဲ့ ဒီကမ္ဘာမှာ သူတို့ပိုက်ဆံရှိလျှင်တောင် မဝယ်နိုင်သောပစ္စည်းများ အမှန်ပင်ရှိနေသည်။

ဒီနေ့ ပိုက်ဆံနဲ့မဝယ်နိုင်တဲ့အရာတစ်ခုကို ထပ်တွေ့လိုက်ရပြန်ပြီ။ အဲဒါက ငွေပုလင်းနဲ့ ချင်းလင်စံအိမ်ရဲ့ဆေးဖက်ဝင်ဝိုင်။

လျိုယီက သူ့စားပွဲဆီပြန်လာခဲ့ပြီး အလိုမကျဖြစ်နေဆဲ။

သူက သူ့ရှေ့မှကြေးညိုဆေးဖက်ဝင်ဝိုင်ကိုကြည့်လိုက်သည်။ ဒီဝိုင်ကကောင်းသော်လည်း အတော်ကွာနေသေး၏။

နေ့လယ်စာစားပြီးလျှင် လျိုယီက ပူပန်စိတ်နှင့်ပြန်သွားသည်။

လီရှင်းတို့က ရွက်လွှင့်သွားကြ၏။ ဘာပဲဖြစ်ဖြစ် သူတို့မှာ ဆေးဖက်ဝင်ဝိုင်အစွမ်းပြနေကြပြီ။ နေ့ခင်းကြောင်တောင်ကြီး တချို့အရာလုပ်ဖို့မသင့်တော်၍ သူတို့ဘာသာလေ့ကျင့်ခန်းလုပ်ပြီး ခွန်အားဖြုန်းတီးပစ်ရမည်။

ရွက်လွှင့်တာက အားအများကြီးစိုက်ထုတ်ရသည်။

ချင်လင်က သူတို့အတွက် လက်မှတ်အသင့်ပြင်ပေးထားလိုက်၏။

…

နောက်တစ်ညကုန်သွားသည်။

မဲနှိုက်အစီအစဉ် မနေ့ကပြီးဆုံးခဲ့ပြီးနောက် စံအိမ်ဝင်ငွေမှာ ယွမ် ၁.၅ သန်းကျော်ပြီး အမြင့်ဆုံးစံချိန်တင်ခဲ့၏။

အစီအစဉ်ပြီးဆုံးပြီး နောက်နေ့မနက်တွင်မူ ခရီးသည်များမှာ ပွဲလှုပ်ရှားချိန်ကလို ပြည့်လျှံမည့်အရိပ်အယောင်မျိုးမတွေ့ရတော့။



သို့သော် မဲနှိုက်အစီအစဉ်က ပိုကျော်ကြားလာပြီး ချင်းလင်စံအိမ်ကိုလူသိများနှုန်းထပ်တိုးလာသည်။

နေ့လယ်စာစားပြီးနောက် ချန်ရှန်းဖေနှင့်မာလဲ့ဝမ်တို့လည်း နောက်ဆုံးပေါက်မဲသုံးပြီးဖြစ်သွား၏။

တတိယမြောက်နေ့တွင် သူတို့ပေါက်မဲမဝယ်နိုင်ကြ။ မဲပေါက်သောခရီးသည်များကမရောင်းကြသလို ရောင်းသည့်မဲကိုလည်း ကျောက်ဖူရုံက စားပွဲမပါဘဲဝယ်သွားခြင်းဖြစ်သည်။ ထို့အပြင် အဆုံးတွင် စျေးကအလွန်မြင့်တက်သွားသေး၏။

ဤသည်က မာလဲ့ဝမ်ပြောသော အစစ်အမှန်အိမ်ခြံမြေရဲ့လက်ဦးပုံစံသစ်သဘောဖြစ်ပုံရသည်။

ချန်ရှန်းဖေနှင့်မာလဲ့ဝမ်က သူတို့နောက်ဆုံးစားပွဲကိုစားပြီးသောအခါ သူတို့ဇနီးများနှင့်ပြန်ထွက်သွား၏။

လီရှင်းကမူမပြန်ဘဲ သူ့ဇနီးလင်းလျိုနှင့်နေခဲ့သောကြောင့် ချင်လင်အံ့သြမိသည်။

''သူဌေးချင်... ကျွန်တော်ဒီမှာ ရက်ပိုင်းလောက်နေဦးမယ်'' လီရှင်းက ချင်လင်ကိုအပြုံးနှင့်ပြောလိုက်သည်_ ''ခင်ဗျား ရုံချန်းစီရင်စုနဲ့ စာချုပ်လက်မှတ်ထိုးပြီးရင် ဝိုင်လုပ်ငန်းမှာ ဘာဝှက်ထားတယ်ဆိုတာ ကျွန်တော်ကြည့်ချင်သေးတယ်''

''???'' ချင်လင်စဉ်းစားသွားသည်_ ''ဝိုင်လုပ်ငန်းမှာ ဝှက်ထားတာရှိတယ်လား?''

လီရှင်းကပြုံးပြီး ရှင်းပြလိုက်၏_ ''ဝိုင်သိုလှောင်ခန်းမှာရှိလိမ့်မယ်... ဝိုင်သိုလှောင်ခန်းကို ကျွန်တော်စစ်ကြည့်တော့ အောက်မှာလွတ်နေတဲ့ကြမ်းပြင်ကိုတွေ့လိုက်တယ်... အဲဒါကိုလေ့လာကြည့်တော့ ဆရာကျန်းနည်းနည်းမူမမှန်ဖြစ်နေတာ သတိထားမိတယ်... သူကချက်ချင်းတောင် စကားလမ်းကြောင်းပြောင်းသွားသေးတယ်... ဒီဆရာကြီးမှာ လျှို့ဝှက်ချက်ရှိလိမ့်မယ်''

''ဒါမျိုးရှိသေးလား?'' ချင်လင်နည်းနည်းအံ့သြသွားသည်။ လီရှင်းပြောတဲ့အကြောင်း စူးစမ်းချင်လာ၏။

နောက်နှစ်ရက်တွင် စံအိမ်ခရီးသည်များ တဖြည်းဖြည်းနှင့် တသမတ်တည်းဖြစ်လာသည်။

ချင်လင်လည်း လူဦးရေထိန်းထားနိုင်ရန်အတွက် ချင်ရန်စတူဒီယိုကိုအကူအညီတောင်းပြီး အရည်အသွေးမြင့်ကြော်ငြာဗီဒီယိုများရိုက်ကူး၏။

သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်တွင် ''ပန်းပွင့်ခြင်း၊ အလှစိုက်ပင်ဖြစ်ခြင်း၊ ဆွဲဆောင်မှုရှိခြင်း၊ ဓာတ်ပုံစားခြင်း၊ ဂေဟစနစ်ညီမျှခြင်း'' စသောနည်းပညာပိုကောင်းစေသောအရည်အသွေးများရှိသည်။ ၄င်းမှာ ကြော်ငြာ၏စီးဆင်းရာဖြစ်နေဆဲပင်။

ဤဂိမ်းအရည်အသွေးများကြောင့် ထွက်လာသောဗီဒီယိုမှာလှပပြီး ဆွဲဆောင်မှုရှိသည်။ ခရီးသည်များကို မယုံနိုင်အောင်ဖမ်းစားထား၏။ မွေးနီနှင့်ရှဉ့်လေးများ၏တုံ့ပြန်ပုံဗီဒီယိုကြောင့် ပိုကြည့်ပျော်ရှုပျော်ရှိလာသည်။

ရွက်လွင့်အစီအစဉ်မှာ အတော်တိုးတက်လာ၏။ နွေရာသီမရောက်သေးတာ နှမြောစရာ။ မဟုတ်ရင် ရေပေါ်တိုက်ပွဲကြီးက ပိုဆွဲဆောင်မှုရှိပေမည်။ သို့ဖြစ်လျှင် ပန်းပင်လယ်နှင့်တွဲဖက်ပြီး ပိုသက်ရောက်မှုရှိလိမ့်မည်။

နှစ်ရက်အကြာ_

ချင်လင်က မနက်စောစော ဂိမ်းထဲမှပစ္စည်းများကို စံအိမ်ပို့လိုက်ပြီး သူ့ရုံးခန်းထဲပြန်လာခဲ့သည်။ ကျောက်မိုချင်းရောက်နေပြီမှန်း သူသိလိုက်၏။

''စာရင်းတွေပြီးသွားပြီ'' ကျောက်မိုချင်းက စာရင်းတစ်ထပ်ကြီး ချင်လင်ဆီပေးလိုက်သည်။

၄င်းမှာ ပွဲအစီအစဉ်ပြီးနောက် ခရီးသည်စာရင်းများဖြစ်၏။

စံအိမ်မှာ လွန်ခဲ့သောနှစ်ရက်အတွင်း နေ့တိုင်းခရီးသည်ဦးရေ ၄၀၀၀ ရခဲ့သည်။

သို့သော်လည်း ပွဲအစီအစဉ်အပြီးထိမျှသာဖြစ်ပြီး နောက်ကျတဖြည်းဖြည်းကျဆင်းလာလိမ့်မည်။

စာရင်းတွက်ချက်မှုအရ သူတို့ဝီရိယရှိရှိနှင့်ဗီဒီယိုတင်နေသမျှ လူဦးရေပမာဏတစ်ခုကိုထိန်းထားနိုင်မည်ဖြစ်ပြီး နောက်ဆုံးနေ့စဉ်ပျမ်းမျှခရီးသည်ဦးရေ ၃၀၀၀ ရှိနိုင်ပေမည်။

ဤပမာဏက အရင် ၁၅၀၀ နှင့်စာလျှင် အကြီးအကျယ်တိုးတက်လာခြင်းပင်။

ချင်လင်လည်း စိတ်ကျေနပ်မိသည်။ သူကပြုံးပြီး_ ''ဒီတစ်ခေါက် အားလုံးအလုပ်ရှုပ်သွားကြတယ်... ဒီလအားလုံး ထပ်တိုးဆုကြေးရမယ်ဆိုတာ ပြောပြလိုက်ပါ... ပြီးတော့ သူတို့ရဲ့ဝန်ဆောင်မှုတွေ မပေါ့လျော့ဖို့လည်း ပြောလိုက်ပါ''

''အင်း... ကျွန်မအားလုံးကို သတင်းကောင်းပြောလိုက်မယ်'' ကျောက်မိုချင်းခေါင်းညိမ့်လိုက်သည်။ စံအိမ်က လှုပ်ရှားမှုကာလအတွင်းမှာ အမှန်ပင်အလုပ်ရှုပ်သွားကြ၏။ အားလုံးက ပင်ပန်းသွားကြသဖြင့် လွန်ခဲ့သောနှစ်ရက်တွင် အားလျော့လာကြသည်မှာ ရှောင်လွှဲမရပေ။

ထို့ကြောင့် ဤအချိန်တွင် အားလုံး၏စိတ်အားထက်သန်မှုတဖန်တက်ကြွလာစေရန် အပိုဆု​ကြေးပေးပြီး မွှေပေးရမည်။

ကျောက်မိုချင်းထွက်သွားလျှင် ချင်လင်က သူ့ကွန်ပျူတာဖွင့်ပြီး စံအိမ်ကိစ္စတချို့ဖြေရှင်းလိုက်သည်။ သူ့စိတ်ထဲမှဖန်သားပြင်ကိုလည်းကြည့်လိုက်ပြီး ဂိမ်းဇာတ်ကောင်ကိုကစားခိုင်းထား၏။

အရင်ဆုံး အသစ်ပြန်ပေါ်လာသောငါး ၃၅ ကောင်ကိုငါးမျှားလိုက်သည်။ ထို့နောက် ဂိမ်းဇာတ်ကောင်ကို နိုထရီဒိန်းတောင်သို့သွားစေလိုက်၏။

ဒီတစ်ကြိမ် နိုထရီဒိန်းတောင်ဝင်လိုက်သောအခါ နောက်ထပ်တောင်တန်းထွက်ကုန်တစ်ခုပေါ်နေသဖြင့် အံ့သြသွားသည်။ နောက်ပြီး အခုပေါ်နေသည်က ချူကီနှင်းဆီနှင့်ပျဉ်းမဟုတ်ပုံမရ။ မုန်လာဥပုံကာတွန်းပုံလေးဖြစ်နေသည်။

(သဘာဝဂျင်ဆင်းရသည့်အတွက် ဂုဏ်ယူပါတယ်!)



All Chapters