နှစ် ၃၀ သက်တမ်းရင့်ဝိုင်! ချင်းလင်ဆေးဖက်ဝင်ဝိုင်အကြောင်းမသိတာ ဘယ်သူလဲ? ၁
Vol. 13 Ch. 189
ချင်လင်က ဆရာကျန်းနောက်လိုက်၍ ရိုးရိုးရှင်းရှင်းရုံးခန်းတစ်ခုထဲဝင်သွားလိုက်သည်။
ဆရာကျန်းက အမှိုက်ပုံတထပ်ကြီးနှင့်နေရာကိုရှင်းပြီးနောက် ကျောက်အုတ်ခဲများကိုဖယ်ထုတ်လိုက်ရာ ဝင်ပေါက်တစ်ခုပေါ်လာသည်။
တစ်နည်းဆိုရလျှင် လီရှင်းမှန်သည်။ အမှန်ပင် အလယ်တွင်သိုလှောင်ခန်းရှိနေ၏။
ဆရာကျန်းက ရှင်းပြဖို့လည်းမမေ့_ ''သူဌေးချင်... တကယ်တော့ ဒီဝိုင်လုပ်ငန်းအောက်မှာ ဝိုင်သိုလှောင်ခန်းရှိတယ်''
''ဒီသိုလှောင်ခန်းက လှောင်ဖို့မြှုပ်ထားတာလား?'' လီရှင်းက ထူးထူးခြားခြားမျှော်လင့်စောင့်စားနေသည်။
ပုံမှန်အားဖြင့် ဝိုင်သိုလှောင်ခန်းများမှာ အကျိုးအမြတ်အတွက် ဝိုင်မြန်မြန်ထုတ်ရ၏။ ဤသည်က ပတ်ဝန်းကျင်ပြဿနာရှိသည်။ ဝိုင်ဟောင်းများကိုသိုလှောင်ရန်မဖြစ်နိုင်။
ထို့ကြောင့် သက်တမ်းရင့်ဝိုင်ကိုသိုလှောင်ရန် အထူးမြေအောက်ခန်းသေးသေးတစ်ခုဆောက်ထားရသည်။

သာမန်အခြေအနေတွင် ဤအထူးမြေအောက်ခန်းကို ပြင်ပအကြောင်းများသက်ရောက်မှုကိုလျှော့ချရန် ဖွင့်ခဲသည်။
ချင်လင်က ဆရာကျန်းနောက်မှ သိုလှောင်ခန်းထဲလိုက်သွားရာ အထဲကမြင်ကွင်းကို ရှင်းရှင်းလင်းလင်းမြင်ရ၏။
နေရာက သိပ်မကြီးသော်လည်း သိုလှောင်ထားသော အဖုံးပိတ်ထားသည့်အရွယ်အစားမျိုးစုံပုလင်းများနှင့် ပြည့်နေသည်။ ပုံစံကြည့်ရတာ သက်တမ်းကြောင့်ဖြစ်ပုံရပြီး အရွယ်အစားတညီတည်းမဖြစ်နိုင်။
ထို့အပြင် ပုလင်းအကြီးကြီးမျက်နှာပြင်ပေါ်တွင် ဓာတ်ပြုနေပုံအရ ဤဝိုင်များကို တစ်သုတ်တည်းထည့်ထားခြင်းမဟုတ်။ တချို့မှာ သက်တမ်းကြာရှည်ပုံရပြီး တချို့ကမကြာသေး။
ဆရာကျန်းလည်း ရှင်းပြလိုက်သည်_ ''နောက်ပိုင်းဒီမှာ ဝိုင်တွေအများကြီးသိမ်းခဲ့တယ်... နှစ်တိုင်းလိုလို ဘယ်သူ့ကိုမှမပြောဘဲ တချို့တလေလာသိမ်းထားတယ်''
ချင်လင်က စူးစမ်းချင်စိတ်နှင့်မေးလိုက်သည်_ ''ဆရာကျန်းရဲ့ဝိုင်သိုလှောင်ခန်းကို ဘယ်သူမှမတွေ့ဘူးပေါ့?''
......
လီရှင်းလည်း ဆရာကျန်းကို သိချင်စိတ်နှင့်ကြည့်လိုက်သည်။
အခန်းထောင့်တွင် သက်တမ်းအလွန်ရင့်နေသော ပုလင်းကြီး ၁၀ လုံးမကရှိနေသည်ကို သူမြင်ရသည်။ လုံးဝမထိရသေးဘဲ ထိန်းသိမ်းထားတဲ့ပုလင်းဘယ်နှစ်လုံးလောက်ရှိမလဲ သူသိချင်နေပြီ။
သိုလှောင်နည်းစနစ်ကြောင့် နှစ်တချို့ကြာသောအခါ အလေအလွင့်ဖြစ်သောဝိုင်ထွက်လာဦးမည်။ အချိန်ကြာလေလေ ဝိုင်အလေအလွင့်ဖြစ်နှုန်းမြင့်လေလေဖြစ်သည်။
ထို့ကြောင့် သက်တမ်းနှစ် ၂၀၊ ၃၀ ရှိသောဝိုင်ကို စျေးကွက်ထဲတွေ့မြင်နိုင်သေးသော်လည်း ထိုထက်ပိုကြာလျှင် မတွေ့ရသလောက်ပင်။ တွေ့ရပြီဆိုလျှင်လည်း စျေးကခန့်မှန်းမရနိုင်တော့။
ထိုအချိန်တွင် ဆရာကျန်းလည်း ပြန်စဉ်းစားလိုက်ပြီး_ ''တကယ်တော့ အစက ဒီသိုလှောင်ခန်းအကြောင်းကို ကျုပ်လည်းမသိခဲ့ဘူး... ဆရာက မပြောပြဘူး''
''ဒါကို အမှတ်မထင်တွေ့ခဲ့တာ... ကျုပ်တွေ့တော့ သတင်းပို့မလို့ပဲ... ဒါပေမဲ့ အဲဒီအရာရှိတွေ အဲလောက်အသုံးမကျဘူးဆိုတာ ဘယ်သူသိမှာလဲ? အရာရှိတစ်ယောက် ရောက်လာတယ်... အကျိုးအမြတ်ရဖို့အတွက် ပါဝင်ပစ္စည်းတွေရဲ့အရည်အသွေးကိုလျှော့ချင်တယ်တဲ့... ကျုပ်ဘာမှမပြောတာပဲကောင်းတယ်''
''နောက်တော့ ဒီနေရာကို ကျုပ်ဘာသာ ကျုပ်ရုံးခန်းအဖြစ်သတ်မှတ်လိုက်တယ်... ကျုပ်က ဝိုင်လုပ်ငန်းထုတ်လုပ်ရေးတာဝန်ခံပဲ... တခြားဆရာတွေက ကျုပ်ရုံးခန်းကိုလာလေ့မရှိဘူး... စီမံရေးအတွက်တော့ သူတို့ဝိုင်လုပ်ငန်းကို တစ်နှစ် ၂ ကြိမ်လောက်လာတတ်တယ်''
''မလှည့်စားတဲ့လူတချို့ရှိတယ်... ဒီဝိုင်လုပ်ငန်းကို ရောင်းစားခံရမလား ဒေဝါလီခံရမလား ကျုပ်မှန်းမိတယ်... အရေးပေါ်အချိန်ကျရင် ဝိုင်လုပ်ငန်းကိုများကယ်တင်နိုင်မလားဆိုပြီး ကျုပ်ဒီဝိုင်တွေကိုထိန်းသိမ်းဖို့ ပြင်ဆင်ထားခဲ့တာ''
ချင်လင်က ထပ်မေးလိုက်သည်_ ''ဒါဆို ဒီဝိုင်သိုလှောင်ခန်းကလူတွေရော မသိဘူးလား?''

ဆရာကျန်းက ခဏတွေးလိုက်ပြီးမှ_ ''ကျုပ်လည်း ဒါကိုသိချင်နေတာ... အဲဒါကြောင့် စုံစမ်းခဲ့တယ်... ဖြစ်နိုင်တာ တစ်ခုပဲရှိတယ်... ဝိုင်လုပ်ငန်းဆောက်ပြီးတော့ အရင်ဆုံးသမဝါယမအသင်းကပိုင်ခဲ့တာ... အဲဒီနောက်ပိုင်းမှာ ဆိုးဝါးတဲ့ကာလရှိတယ်မလား?''
''အဲဒီကာလရဲ့နောက်ဆုံးနှစ်တွေမှာ ဝိုင်လုပ်ငန်းကိုအဖျားခတ်ခဲ့တယ်... အချိန်တော်တော်ကြာ ခြောက်ကပ်ကပ်ဖြစ်ခဲ့တာ... နောက်တော့ ဒီဝိုင်လုပ်ငန်းကို စီရင်စုရဲ့စီးပွားရေးအဖြစ်နဲ့ ပြန်စခဲ့တယ်... ဝန်ထမ်းတွေလည်း မတူတော့ဘူး''
''ကျုပ်ဆရာကလည်း သူ့သားသေပြီးနောက်မှ လွတ်ရာလွတ်ကြောင်းအတွက် ဝိုင်လုပ်ငန်းထဲဝင်ခဲ့တာ... သူဘာလို့ ဒီဝိုင်သိုလှောင်ခန်းအကြောင်းဘာမှမပြောလဲ ကျုပ်မသိဘူး... ဒါကိုတွေ့တော့ သူနောက်မှထည့်ထားတဲ့ဝိုင်ရှိနေတယ်ဆိုတာ သိသာတယ်''
ကြည့်ရတာ နည်းနည်းအချိုးအကွေ့များပုံပဲ။ အရင်ပြောခဲ့သော ဝိုင်သိုလှောင်ခန်းအချိန်နှင့် အကြမ်းဖျင်းအားဖြင့် ကိုက်ညီနေသည်။
ချင်လင်နှင့်လီရှင်းလည်း အဲဒီကာလဆိုသော အဓိပ္ပါယ်ကိုသိကြသည်။ ခေါင်းစဉ်က နည်းနည်းအတိမ်းအစောင်းမခံသောခေါင်းစဉ်ဖြစ်၍ သူတို့နှစ်ဦးလည်း ထပ်မမေးချင်တော့။ ဘာပဲဖြစ်ဖြစ် နောက်ထပ်အစ်အောက်စရာလည်းမရှိတော့ချေ။
အထူးသဖြင့် ချင်လင်အတွက် လက်ရှိအရေးအကြီးဆုံးအချက်က ဝိုင်သိုလှောင်ခန်းထဲမှဝိုင်ပင်။ သူကလောလောလတ်လတ် သဘာဝဂျင်ဆင်းနှင့် ဂျင်ဆင်းခါး ၉ ခုရထားသည်ဖြစ်၍ ၎င်းတို့ကိုစိမ်ရန် ဝိုင်ကောင်းကောင်းလိုနေသည်။
ဆရာကျန်းက ဆက်ပြီး_ ''သူဌေးချင်... အခုဝိုင်လုပ်ငန်းကိုဝယ်လိုက်ပြီဆိုတော့ ခင်ဗျားက ဝိုင်ကောင်းကောင်းလုပ်နိုင်မယ်ဆိုတာ ကျုပ်ယုံတယ်... ဒီဝိုင်တွေကိုယူပြီး အသုံးချပါ... အကူအညီဖြစ်ကောင်းဖြစ်လိမ့်မယ်''
သူဝိုင်လုပ်ငန်းကို အလုပ်သင်လူငယ်ဘဝနှင့်ဝင်ကတည်းက နည်းပညာပိုင်းတာဝန်ခံဖြစ်ခဲ့သည်။ ဒီတစ်လျှောက်လုံး ဝိုင်လုပ်ငန်းကိုမှီခိုပြီး အိမ်ထောင်ကျ၊ ကလေးရ၊ မိသားစုကိုထောက်ပံ့နိုင်ခဲ့၏။ ဝိုင်လုပ်ငန်းပြိုလဲမသွားရေးကို သူ့စိတ်ထဲစွဲနေသည်။
ချင်လင်က ဆရာကျန်း၏ရိုးသားသောအသွင်အပြင်ကိုကြည့်ပြီး ခေါင်းညိမ့်လိုက်၏။
သက်တမ်းရင့်ဝိုင်တချို့ရှိလျှင် သာမန်ဝိုင်ကိုအထောက်အကူပြုဖို့ ပိုလွယ်သည်ဆိုသော်လည်း...
သူကစိုးရိမ်စွာနှင့်_ ''ဒါနဲ့ ဆရာကျန်း... စီရင်စုက ဒီအကြောင်းသိသွားရင် ပြဿနာရှိနိုင်လား?''
အဆိုးဆုံး ဒီအပြုအမူကို အလွဲသုံးစားလုပ်သည်ဟုအထင်ခံရနိုင်သည်။
အမှန်အတိုင်းဆိုရလျှင် အခုဆရာကျန်းကို ဘာမှမထိခိုက်စေချင်။
ဒီဆရာက မဆိုး။
မဟုတ်ရင် ဒီဝိုင်သိုလှောင်ခန်းထဲကဝိုင်တွေက ငွေအမြောက်အများတန်သည်။ ဟိုအရင်ကတည်းက သူရွှေ့ယူဖို့အခွင့်အရေးရှိသည်။
လီရှင်းကပြုံးလိုက်ပြီး_ ''ဘာပြဿနာရှိလဲ? သူဌေးချင်... ခင်ဗျားဝိုင်လုပ်ငန်းကိုဝယ်ပြီးမှ ဒီသိုလှောင်ခန်းနဲ့ အထဲကသက်တမ်းရင့်ဝိုင်တွေကို တွေ့ခဲ့တာလေ''
''ပြီးတော့ စာချုပ်လည်း လက်မှတ်ထိုးပြီးနေပြီ... ဒါရုံချန်းစီရင်စုရဲ့ပြဿနာသက်သက်ပဲ... ဆရာကျန်းပြောတဲ့အပြစ်သားတွေကြောင့်ဆို ပိုဟုတ်သေး... ဝိုင်လုပ်ငန်းကို ဒီလောက်အကြာကြီးတာဝန်ခံလုပ်ခဲ့တာတောင် ဒီလိုအခြေအနေမျိုးရှိမှန်း သူတို့မသိဘူးဆိုတာ အဓိပ္ပါယ်မှမရှိဘဲ''
ဆရာကျန်းက ချက်ချင်းဝင်ပြောလိုက်သည်_ ''အမှန်ပဲ... သူဌေး... ခင်ဗျားက ဒီဝိုင်သိုလှောင်ခန်းကို ဝိုင်လုပ်ငန်းဝယ်ပြီးနောက်ပိုင်းမှတွေ့တာ... အရင်က ဘယ်သူမှမသိဘူး''
လီရှင်းက အလိုက်သင့်ပင်_ ''တကယ်တော့ ရုံချန်းစီရင်စုကသိသွားလည်း ကိစ္စမရှိဘူး... အခုရုံချန်းစီရင်စုက ခင်ဗျားအပေါ်အားထားနေရတာ သူဌေးချင်... သူတို့ဒီကိစ္စကို အလေးအနက်ထားမှာမဟုတ်ဘူး''