နှစ် ၃၀ သက်တမ်းရင့်ဝိုင်! ချင်းလင်ဆေးဖက်ဝင်ဝိုင်အကြောင်းမသိတာ ဘယ်သူလဲ? ၃
Vol. 13 Ch. 191
''သခင်လေးလီ... ဒီနေ့ဘာမှာကြားစရာရှိပါသလဲ?'' ဥက္ကဌကျွမ်က ချက်ချင်းမေးလိုက်သည်။ သူက သခင်လေးလီကို လျစ်လျူမရှုရဲ။
လီရှင်းက လိုရင်းကိုတန်းပြောလိုက်သည်_ ''ဥက္ကဌကျွမ်... ရုံချန်းစီရင်စုထဲကို အထူးရောစပ်တဲ့ဝိုင်နဲ့ ကိရိယာတွေပို့ပေးပါ... ကျွန်တော် ဝိုင်ကြမ်း ကတ်တီ ၁၂၀၀ ရချင်တယ်''
ဥက္ကဌကျွမ်က အံ့သြသွားပြီး_ ''အဲလောက်တောင်လား? ဘယ်ဝိုင်လုပ်ငန်းမှာ သခင်လေးလီရောက်နေတာလဲ?''
လီရှင်းက တည့်တည့်ပြောလိုက်သည်_ ''ဘယ်နေရာလဲ မလောပါနဲ့ဦး... ခင်ဗျားရဲ့စီးပွားရေးကို မထိခိုက်ပါဘူး... ခင်ဗျားရဲ့ဝိုင်က ညံ့လွန်းတယ်''
''အာ!'' ဥက္ကဌကျွမ်မှာ တစ်ခဏမျှ ပြောစရာစကားပျောက်ဆုံးသွားပြီး_ ''သခင်လေးလီ... ဒီလိုမပြောပါနဲ့လား? ကျွန်တော့်ဝိုင်က အနည်းဆုံးတော့ အလယ်အလတ်တန်းစားထဲမှာ ဆရာတစ်ဆူပါပဲ... နောက်ပြီး အထက်တန်းစားဝိုင်ထဲကို ဝင်တိုးနိုင်မယ့်ဝိုင်တစ်မျိုးလည်းရှိပါတယ်''
လီရှင်းက ဒီအကြောင်းဆွေးနွေးဖို့ စိတ်ရှုပ်မခံဘဲ ဆက်ပြောလိုက်သည်_ ''ကျွန်တော် ချင်းလင်စံအိမ်ရဲ့ဝိုင်သိုလှောင်ခန်းဟောင်းထဲမှာ... ဒီပစ္စည်းတွေ မြန်မြန်ပို့ပေးနော်''
လီရှင်း၏စကားကိုကြားလျှင် ချင်လင်ပြုံးမိသည်။
ချင်းလင်စံအိမ်မှာ ဝိုင်သိုလှောင်ခန်းဟောင်းရှိတယ်တဲ့။ သက်တမ်းရင့်ဝိုင်သတင်းက လီရှင်းကတဆင့်ပြန့်သွားရင်ကောင်းမည်။

လီရှင်းရဲ့ဂုဏ်ပုဒ်နဲ့ဆို သူ့အတွက်အကောင်းဆုံးအကာအကွယ်ဖြစ်လိမ့်မည်။
နောင်မှာ သူဆေးဖက်ဝင်ဝိုင်တွေထပ်ထုတ်ရင် အပြင်လူတွေက ဒီဝိုင်သိုလှောင်ခန်းဟောင်းထဲကဟု ထင်ကြလိမ့်မည်။
''ချင်းလင်စံအိမ်? ချင်းလင်ဆေးဖက်ဝင်ဝိုင်?'' ဥက္ကဌကျွမ်က ရုတ်တရက်သူ့အသံကိုမြှင့်လိုက်ပြီး_ ''ဒါကြောင့် သခင်လေးလီက ကျွန်တော့်ဝိုင်ကို ညံ့လွန်းတယ်လို့ပြောတာကိုး... ချင်းလင်ဆေးဖက်ဝင်ဝိုင်က အခုအရမ်းအဆင့်မြင့်နေပြီ... သူ့ကိုမယှဉ်နိုင်ဘူး... လက်ရှိကျွန်တော်က ဝိုင်ဖြူစျေးကွက်မှာ... ပြန်ရောက်ရင်စီစဉ်ပြီး မနက်ဖြန်မနက်ပို့ပေးလိုက်ပါမယ်''
လီရှင်းကဖုန်းချပြီး ချင်လင်အား_ ''ဒီသက်တမ်းရင့်ဝိုင်ကို အထူးရောစပ်ဝိုင်နဲ့ ကိရိယာတွေနဲ့ရောမှာ... တန်ဖိုးတော့မနည်းဘူး... တစ်ကတ်တီကို ယွမ် ၃၀၀ ကျော်ကျမယ်... ဒီဝိုင်တွေရောလိုက်ရင် အနည်းဆုံးယွမ် ၂၀၀၀၀၀ ကျမှာ''
''အင်း... နောက်ကျရင် တစ်ဖက်လူကို ကျသင့်ငွေရှင်းပေးလိုက်မယ်'' ချင်လင်ခေါင်းညိမ့်လိုက်သည်။ လောလောဆယ် ဒီအတွက် သူလုံးဝစိတ်ထဲမထား။ ဘာပဲဖြစ်ဖြစ် တစ်ကတ်တီယွမ် ၃၀၀ တန်ဝိုင်ကို နှစ် ၃၀ သက်တမ်းရင့်ဝိုင်နဲ့ရောလိုက်ရင် ယွမ် ၁၀၀၀၀ တန်သွားလိမ့်မည်။ ဆေးဖက်ဝင်ဝိုင်ပါထပ်စိမ်လိုက်ရင် ယွမ် ၁၀၀၀၀၀ တန်သွားမည်။
......
''အရင်ဆုံး ဒီဝိုင်ကိုပြန်ပိတ်ကြရအောင်'' လီရှင်းက ဖွင့်ထားသောဝိုင်ကိုကြည့်ရင်း ဆရာကျန်းအားပြောလိုက်သည်_ ''ခင်ဗျားမှာ ပိတ်တဲ့ကိရိယာတွေနဲ့ရွှံ့ဝါရှိလား?''
''ရှိတယ်!'' ဆရာကျန်းက ချက်ချင်းခေါင်းညိမ့်ပြီး ပြင်ဆင်ရန်ထွက်သွားသည်။
ဖွင့်ထားသောဝိုင်ပုလင်းများကိုပြန်ပိတ်ရန် လီရှင်းအချိန်ယူလိုက်ရ၏။
ပိတ်ပြီးလျှင် သူတို့သုံးယောက်က ဝိုင်သိုလှောင်ခန်းမှပြန်ထွက်လာပြီး ဝင်ပေါက်ကိုပိတ်လိုက်သည်။
သူတို့စံအိမ်ပြန်ရောက်သောအခါ ချင်လင်ကစိတ်ပူနေဆဲပင်။ သူကချန်တပေကိုဖုန်းဆက်ပြီး လူခေါ်ကာ ဝိုင်လုပ်ငန်းကိုစောင့်ခိုင်းလိုက်သည်။
ဝိုင်လုပ်ငန်းကိုနှစ်ခေါက်သွားကြည့်တဲ့အတော်အတွင်း မည်သည့်လုံခြုံရေးကိုမှမတွေ့ခဲ့ရ။ အချိန်တန်ရင် လုံခြုံရေးအစောင့်များစီစဉ်ရဦးမည်။ မဟုတ်ရင် ဆရာအုပ်စုတစ်ခုခုဖြစ်ခဲ့လျှင် ဒုက္ခများနေမည်။
ဆရာများကို အလုပ်သင်ခေါ်ခိုင်းပြီး လေးလေးလံလံအလုပ်များကို အလုပ်သင်များအားလုပ်စေချင်သည်။ အရင်လူငယ်များမလာကြခြင်းမှာ လစာနည်းသောကြောင့်ဖြစ်၏။ သူသာလစာမြှင့်ပေးရင် ဘယ်သူမှမလာဘူးလို့ သူမယုံ။
နောက်ဆုံး ဝိုင်လုပ်ငန်းက ပိုက်ဆံဘယ်လောက်များများရမည်ဆိုသည်ကို သူဂရုမစိုက်။ သူဂရုစိုက်တာက ဝိုင်လုပ်ငန်းက သူ့အတွက်အကာအကွယ်ဖြစ်ဖို့ပင်။ နောင်မှာ ဂိမ်းထဲကဝိုင်များများစားစားမထုတ်သရွေ့ ဘယ်သူမှသူတို့အာရုံမစိုက်သင့်သည့်ကိစ္စကို စိတ်ဝင်စားတော့မည်မဟုတ်ချေ။
မင်မြို့တော်၌_
ဝိုင်ဖြူစျေးကွက်ရုံးခန်းတစ်ခုတွင် ကျွမ်ရွေ့က လီရှင်းနှင့်ဖုန်းပြောပြီးနောက် ဖုန်းချပြီး ရုံးခန်းထဲမှတခြားလူများကိုပြောလိုက်သည်_ ''အားနာလိုက်တာ... သခင်လေးလီရဲ့ဖုန်းကို မကိုင်လို့မဖြစ်လို့ပါ''

တခြားသူများကလည်း သူကဲ့သို့ပင် ဝိုင်လုပ်ငန်းလုပ်သူများဖြစ်ကြသည်။
သူတို့ဒီနေ့စုဝေးကြခြင်းမှာ ကုန်ကြမ်းတန်ဖိုးလျှော့ချရန် အင်အားစုများပေါင်းစည်းဖို့ ဆွေးနွေးကြခြင်းဖြစ်၏။
တခြားသူများက ကျွမ်ရွေ့၏စကားကိုကြားလျှင် နားလည်မှုနှင့်ခေါင်းညိမ့်လိုက်ကြသည်။
ဘာပဲဖြစ်ဖြစ် သခင်လေးလီနာမည်ကိုကြားလျှင် ဘယ်သူမှန်းသူတို့သိကြသည်။
ဝိုင်လုပ်ငန်းကလူအားလုံး သခင်လေးလီအကြောင်းသိထားကြ၏။
သူက မင်မြို့တော်မှာ သာမန်မဟုတ်တဲ့ပုဂ္ဂိုလ်။ မိသားစုလမ်းကြောင်းကိုမရွေးချယ်ဘဲ ဝိုင်လေ့လာဖို့မရမကတောင်းဆိုခဲ့သည်။ ပိုအဓိကကျတာက ဝိုင်သုတေသနလုပ်ပြီးနောက် ပိုပြီးနာမည်ကျော်လာခြင်းပင်။
မင်မြို့တော်တွင် နာမည်ကျော်ဆရာကြီးများမှာ လီရှောင်ကန်းကိုမမီ။ မင်စီရင်စုတစ်ခုလုံးတွင် ပိုတောင်နာမည်ကျော်လာသည်။
သူမိသားစုနောက်ခံကြောင့် စီးပွားရေးမလုပ်ရခြင်းသာမဟုတ်လျှင် သခင်လေးလီမှာ သူဝိုင်လုပ်ငန်းစလုပ်သည်နှင့် သူတို့ကိုအသာလေးကျော်တက်သွားလိမ့်မည်။
သူနှင့်အဆက်အသွယ်ရှိသည့်အတွက် ကျွမ်ရွေ့ကိုအားကျနေကြ၏။
တစ်ယောက်က စပ်စပ်စုစုမေးလိုက်သည်_ ''ဥက္ကဌကျွမ်... ခင်ဗျားအခုချင်းလင်စံအိမ်လို့ပြောလိုက်တာ... သခင်လေးလီက ချင်းလင်စံအိမ်နဲ့အဆက်အစပ်ရှိနေတာလား?''
တခြားသူများကလည်း ကျွမ်ရွေ့ကို သိချင်စိတ်နှင့်ကြည့်လိုက်ကြသည်။
သူတို့ချင်းလင်စံအိမ်ကို မဖြစ်မနေအာရုံစိုက်ထားရသည်။ အခုထွက်လာတဲ့ချင်းလင်ဆေးဖက်ဝင်ဝိုင်က အရမ်းနာမည်ကြီးနေသည်။ နောက်ပြီး ချင်းလင်ဆေးဖက်ဝင်ဝိုင်က ထွက်ထွက်ချင်း ထိပ်တန်းစာရင်းထဲ တန်းဝင်သွားပြီ။
အဆင့်ကမြင့်လွန်း၍ သူတို့အမြီးတောင်မမြင်လိုက်ရ။
သူတို့အားလုံးက ဝိုင်လုပ်ငန်းထဲမှဖြစ်ပြီး မင်မြို့သားများဖြစ်ကြသည်။ အခုကြားလိုက်ရတဲ့နာမည်ကြောင့် မစပ်စုဘဲနေဖို့မဖြစ်နိုင်။
ကျွမ်ရွေ့က ရှင်းပြလိုက်သည်_ ''သခင်လေးလီကပြောတယ်... သူက ချင်းလင်စံအိမ်ရဲ့ဝိုင်သိုလှောင်ခန်းဟောင်းထဲမှာတဲ့... ချင်းလင်စံအိမ်ရဲ့ဝိုင်သိုလှောင်ခန်းဟောင်းထဲမှာ ဝိုင်နောက်တစ်သုတ်ရှိတယ်ထင်တယ်... အခု အထူးရောစပ်တဲ့ဝိုင်နဲ့ကိရိယာတွေလိုနေလို့ ငါ့ကိုပို့ခိုင်းတာ... ကြည့်ရတာ သခင်လေးလီက သူ့အတွက် လက်တိုလက်တောင်းလုပ်နေတဲ့ပုံပဲ''
ထိုစကားက အားလုံးကိုလန့်သွားစေသည်။
ဘယ်လိုလုပ်ပြီး ချင်းလင်စံအိမ်က သခင်လေးလီလိုလူကို လက်တိုလက်တောင်းခိုင်းနိုင်တာလဲ? တကယ်မယုံနိုင်စရာပဲ။
သို့သော် ဤသည်က အဓိပ္ပါယ်တစ်မျိုးလည်းထွက်သည်။ ချင်းလင်စံအိမ်ရဲ့ဝိုင်က တကယ်ကောင်းတယ်ဆိုတဲ့သဘော။
သခင်လေးလီက ဝိုင်ကြည့်ပေးဖို့ကို စိတ်တောင်မဝင်စားဘူး။