လင်းယုလင်း
Vol. 37 Ch. 505
ထိုသူ၏ အသံကို ကြားရသည့်အခါ ဟန်လိသည် အံ့ဩသွားမိသည်။ သူ့အောက်ဘက်ရှိ ပင်လယ်သည် လှိုင်းဂယက်ထ၍ အဖြူရောင်အလင်းနှင့် လင်းလက်သွားသည်။ သည့်နောက်မှာ ပင်လယ်ထံမှ ကျင့်ကြံသူတစ်ယောက် ပျံသန်းထွက်လာ၏။
ထိုကျင့်ကြံသူသည် ကြယ်နန်းတော်၏ အဖြူရောင်ဝတ်စုံကို ဝတ်ထား၏။ သူက နက်မှောင်သောဆံပင်ကို ပိုင်ဆိုင်ထားလျက် ရှိသည်။ ထိုသူ၏ ပုံပန်းသွင်ပြင်ကို မြင်သည့်အခါ ဟန်လိသည် အံ့အားတသင့် ဖြစ်မိသည်။
ထိုသူသည် ဖြူဖွေးသော အသားအရေ၊ ထူထဲနက်မှောင်သော မျက်ခုံး၊ နူးညံ့နီရဲသည့် နှုတ်ခမ်းတစ်စုံ၊ သွယ်လျသည့် နှာတံတို့ကို ပိုင်ဆိုင်ထားသည်။ ထိုကြယ်နန်းတော်မှ ကျင့်ကြံသူသည် သံသယ မရှိစွာ ချောမောသည်။ သို့သော် ဟန်လိကို တုန်လှုပ်သွားစေသည်မှာ သူသည် ယောက်ျားလား မိန်းမလား မသိရခြင်းပင်။
ထိုသူသည် အမျိုးသမီးတစ်ယောက်ဖြစ်လျှင် သူမ၏ အပြုံးကလှ၍ လှုပ်ရှားမှုများက ညက်ညောမှု ရှိသည်ဟု ပြောနိုင်လိမ့်မည်။ ထိုသူ့ကို အမျိုးသားတစ်ယောက်ဟု ဆိုလျှင် သူသည် စွဲဆောင်မှု ရှိလှသော ယောက်ျားပျိုဟု ဆိုနိုင်ပေလိမ့်မည်။
“ကျုပ်က အစ်ကိုရဲ့ နာမည်ကို မသိပေမယ့် ကယ်တင်ပေးခဲ့တဲ့အပေါ် ကျေးဇူးအများကြီး တင်ပါတယ်။ ကျုပ်ဟာ ကြယ်နန်းတော်ရဲ့ ပြင်ပရေးရာကြီးကြပ်သူတစ်ယောက်ဖြစ်တဲ့ လင်းယုလင်းပါ…”
ထိုသူ၏ အသံမှာ သာယာမှု ရှိသလို အနိမ့်အမြင့်လည်း ရှိနေသည်။ ဤသည်က ဟန်လိကို မျက်မှောင်ကြုတ်၍ စိုးရိမ်မှု ခံစားရစေသည်။
ထိုသူသည် သူ့ကို ကောင်းကင်တောင်ပိုင်းဒေသ၏ မိစ္ဆာဂိုဏ်းတစ်ဂိုဏ်းဖြစ်သော ဟာမိုနီနှောင်ကြိုးဂိုဏ်း၏ လူငယ်သခင်လေးထျန်ကို ပြန်တွေးမိသွားစေသည်။ သို့သော် နောက်ထပ် စဉ်းစားကြည့်သည့်နောက် သူတို့နှစ်ယောက်သည် လုံးဝ ကွဲပြားသည်။ လူငယ်သခင်လေးထျန်သည် အလွန်အမင်း ချောမောလွန်းသော်လည်း သူ့အပြုအမူ၊ အသံအနေအထားတို့အရ ယောက်ျားတစ်ယောက်ဖြစ်မှန်း သိသာသည်။
သည်လင်းယုလင်းကမူ သူ၏ အပြုအမူဟန်ပန်များက ယောက်ျားတစ်ယောက်ကဲ့သို့ ဖြစ်သော်လည်း မိန်းမဆန်သည့်သဘော ရှိနေသည်။ ထို့အပြင် သူ့အသံ။ ထိုအသံကြောင့် သူ့ကို ယောက်ျားလား၊ မိန်းမလား ခွဲခြားဖို့ငှာ ပို၍ ခက်စေ၏။
“ကျုပ်က ဟန်လိပါ။ စောစောတုန်းက ကျုပ် လှုပ်ရှားခဲ့တာကလည်း သိပ်အားစိုက်ခဲ့ရတာ မဟုတ်ပါဘူး။ သူတို့ကသာ ကျုပ်ကို အတင်းအကြပ် လာမလုပ်ရင် ကျုပ်လည်း သူတို့ကို တိုက်ခိုက်ခဲ့မှာ မဟုတ်ဘူး…”
“ဘာပဲဖြစ်ဖြစ်ပါ…ကျုပ်ကတော့ အစ်ကို့ကို တကယ်ပဲ ကျေးဇူးတင်ပါတယ်…”
လင်းယုလင်းသည် ချိုသာစွာ ပြုံး၏။
ဟန်လိစိတ်ထဲ အေးစက် တုန်ရင်သွားသည်။ သူသည် ထိုသူ့ကို ယောက်ျားလား၊ မိန်းမလား မသိသေးသော်ငြား ထိုသူ၏ အလှအပကိုမူ မမြင်ချင်ယောင်သာ ဆောင်ထားလိုက်တော့သည်။
လင်းယုလင်းသည် သူ့အပြုံးကို ပြန်ရုတ်သိမ်း၏။ ထို့နောက်တွင် သူက အလေးအနက် ပြောလာသည်။
“ရောင်းရင်းဟန် ကောင်းကင်ကြယ်မြို့ထဲ သွားချင်တဲ့အတွက်ကြောင့်များ ခုလောက်ထိ အလျင်လို နေတာလား။ ဒီမြို့ဟာ အခု ပိတ်ထားတယ်။ ဝင်ဖို့ အတော်လေး ခက်မယ်။ ရောင်းရင်း ဝင်ချင်တယ်ဆို ကျုပ်ကို ကယ်ပေးခဲ့တဲ့ကို ပြန်ကျေးဇူးဆပ်တဲ့အနေနဲ့ ကျုပ်က ခင်ဗျားကို မြို့ထဲ ခေါ်သွားပေးပါမယ်…”
လင်းယုလင်းသည် ထိုသို့ ပြောသည့်အချိန်၌ ဟန်လိသည် အံ့အားသင့်မိသည်။ သို့သော် ခဏ စဉ်းစားပြီးသည့်နောက်မှာ သူသည် ကြယ်ကြွေမဟာမိတ်နှင့် မပတ်သက်ကြောင်းကို ပြသပြီး ဖြစ်ခဲ့သည် မဟုတ်လား။ ထိုအဖွဲ့၏ ကျင့်ကြံသူနှစ်ယောက်ကို သူ အခုလေးတင်မျှ သတ်ပစ်ခဲ့လိုက်တာပင်။
လင်းယုလင်းက သူ့ကို စ၍ ကမ်းလှမ်းလာမှတော့ ဟန်လိလည်း ငြင်းမနေတော့ပေ။ သူက အားတက်သည့်ဟန်ဖြင့် တုန့်ပြန်သည်။
“ကျုပ်ရဲ့ လှိုဏ်ဂူဟာ ကောင်းကင်ကြယ်မြို့မှာပါ။ ဒါ့ကြောင့် ကျုပ် ပြန်ဖို့ အလျင်လိုနေတာ။ ရောင်းရင်းလင်းကိုတော့ ကျေးဇူးတင်ရပြီ။ မဟုတ်ရင် ကျုပ်လည်း မြို့ထဲ ဝင်နိုင်မှာ မဟုတ်ဘူး…”
လင်းယုလင်းသည် တောက်ပစွာ ပြုံး၍ ပြန်တုန့်ပြန်လာသည်။
“ခင်ဗျားက တကယ် နိမ့်ချတာပဲ။ ရောင်းရင်းဟာ ဟိုနှစ်ယောက်ကို ချက်ခြင်း သတ်ပစ်နိုင်စွမ်း ရှိမှတော့ မြို့ထဲ ဝင်ဖို့ ဘာအထောက်အထားမှ ရှိစရာ မလိုပါဘူး။ ကျုပ်တို့ ကြယ်နန်းတော်က ခင်ဗျားကို ကြိုဆိုပါတယ်။ ဒါပေမဲ့လို့ ကျုပ် နောက်ကို လိုက်လာတဲ့သူတွေထဲဟာ အဲ့နှစ်ယောက်တည်း မဟုတ်ဘူး။ ပြီးတော့ သူတို့နှစ်ယောက်က အသန်မာဆုံးလည်း မဟုတ်ကြဘူး။ ကျုပ်တို့ မြန်မြန် ခရီးနှင်တာကတော့ အကောင်းဆုံးပေါ့…”
ဟန်လိသည် ခေါင်းညိတ်၍သာ ပြန်တုန့်ပြန်သည်။ ထို့နောက်တွင် သူတို့နှစ်ယောက်သ်ည ကောင်းကင်ကြယ်မြို့ထံသို့ အလင်းတန်းအဖြစ် ပြောင်းလဲ၍ ပျံသန်းလာတော့သည်။ လမ်းတွင် ဟန်လိသည် လင်းလုလင်းကို သိချင်စိတ်ဖြင့် စူးစမ်းနေမိသည်။
လင်းယုလင်း၏ ဝတ်စုံဖြူမှာ မသိမသာ လျော့တိလျော့ရဲ ရှိသော်လည်း ဟန်လိသည် အပြင်ပိုင်းကနေ ကြည့်၍ သူ့ကို ယောက်ျားလား၊မိန်းမလား မခွဲခြားနိုင်ပေ။ အနီးကပ် ကြည့်သည့်အခါ လင်းယုလင်း၌ လည်ဇလုတ် မရှိနေတာကို တွေ့ရသည်။ သို့သော်ငြား ဤလောက်နှင့် သူက မိန်းမတစ်ယောက်ဟု ကျိန်းသေပေါက် ပြောရန် မလုံလောက်ပေ။ သူ သိထားသလောက်ဆို လူတစ်ယောက်၏ ယင်နှင့်ယန်ကို ပြောင်းလဲစေသည် ကျင့်ကြံခြင်း ပညာရပ်အချို့ ရှိမှန်း သိထားသည်။
“ဒီလူက အဲ့လို ပညာရပ်တစ်ခုကိုတော့ မကျင့်ကြံလောက်ဘူး မလား…”
ဟန်လိသည် ထူးဆန်းစွာ ထိုသို့ တွေးမိသည်။
သူ့အကြည့်ကို သတိပြုမိသည့်အခါ ကိုယ်လူချောသည် ဟန်လိဘက်သို့ လှည့်၍ စွဲဆောင်မှု ရှိစွာ ပြုံးပြသည်။ ထိုအခါ ဟန်လိသည် အရှက်ရသွားပြီး ခေါင်းလွှဲ၏။
“ရောင်းရင်းမှာက ရှေးဟောင်းရတနာနှစ်ခုတောင် ပိုင်ဆိုင်ထားတာပဲ။ တကယ့်ကို မိုးကောင်းကင်က ကောင်းချီးပေးခံရတဲ့ပုံပဲ။ ကျုပ်က မှော်ရတနာ အများအပြား မြင်ဖူးပေမယ့် ရောင်းရင်းရဲ့ ကြေးမျှင်လိုမျိုး စွမ်းရည်နဲ့ဟာမျိုးတော့ တစ်ခုတောင် မမြင်ဖူးခဲ့ဘူး။ ဒီရတနာတွေရဲ့ ဇစ်မြစ်ကိုတော့ ကျုပ် တကယ်ပဲ သိချင်မိပါတယ်…”
ပျံသန်းနေရင်း လင်းယုလင်းသည် ဟန်လိ၏ ရှေးဟောင်းရတနာတို့အကြောင်း ထုတ်ပြောလာသည်။
ဟန်လိသည် မရေမရာသာ ပြန်တုန့်ပြန်သည်။
“ကြီးကျယ် မနေပါဘူး။ ကျုပ်က သာမန်ကျင့်ကြံသူတွေထက် အခွင့်အရေး ပိုရသွားခဲ့လို့ပါ…”
“ဟားဟား…ဒါပေမဲ့ ရောင်းရင်းက အဆင့်တူ ကျင့်ကြံသူနှစ်ယောက်ကို သတ်နိုင်ခဲ့တာလေ။ ဘယ်လိုလုပ် သာမန်ဟုတ်ပါ့မလဲ။ ခင်ဗျား ကျုပ်တို့ ကြယ်နန်းတော်ကို ဝင်ရောက်ဖို့ စိတ်မဝင်စားဘူးလား။ ကျုပ် ထောက်ခံပေးမှာပေါ့…”
သူသည် ဟန်လိ မဖြေချင်တာ မြင်သည့်အခါ အတင်းမမေးတော့ပေ။ ထိုအစား အခြားအကြောင်းကို ထပ်ပြောလာသည်။
ဟန်လိသည် ထိုစကားကို ကြားသည့်အခါ မျက်မှောင်ကြုတ်မိသည်။ ထိုလင်းယုလင်းသည် ကိုင်တွယ်ဖို့ ခက်၏။ သူတို့သည် မြို့ထဲသို့ ခုထိ မဝင်ရသေးပေ။ သူသည် အလေးအနက် မေးခွန်းများကို စလာခဲ့ပြီ။ အခုချိန်၌ ကြယ်နန်းတော်သို့ ဝင်ရောက်မည့် ကျင့်ကြံသူတိုင်းသည် စတေးခံ ဖြစ်သွားနိုင်သည်။ သို့သော် သူသာ ငြင်းဆန်လျှင် သူသည် မြို့ထဲသို့ ဝင်ရောက်ရန် အာမခံချက် ရှိပါ့မည်လား။
ခဏ စဉ်းစားပြီးနောက်မှာ ဟန်လိသည် သက်ပြင်းချပြီး ပြောလာသည်။
“ကျုပ်က ကြယ်နန်းတော်ဆီ ဝင်ချင်ပေမယ့်လည်း ပြင်းပြတေးသံဂိုဏ်းက ကျုပ်အပေါ် အများကြီး ကောင်းထားခဲ့တယ်။ ဒါ့ကြောင့် လာမယ့်နှစ်တွေမှာ ပြင်းပြတေးသံဂိုဏ်းရဲ့ ဧည့်အကြီးအကဲအဖြစ် ဆက်ရှိပေးရလိမ့်မယ်။ ကျုပ် တကယ် တောင်းပန်ပါတယ်…”
ဟန်လိသည် ပြင်းပြတေးသံဂိုဏ်းကို အကြောင်းပြ၍ ငြင်းရတော့သည်။
“ကိစ္စမရှိပါဘူး။ ရောင်းရင်းဟန်ရဲ့ သစ္စာရှိမှုအပေါ် ကျုပ် လေးစားမိပါတယ်။ ဒါပေမဲ့လို့ ကြယ်နန်းတော်ဟာလည်း ရောင်းရင်းကို ကျုပ်တို့လိုမျိုး အဆင့်နဲ့ ဝင်ရောက်လာမယ်ဆို ကြိုဆိုချင်စိတ် ရှိပါတယ်…”
လင်းယုလင်းသည် ဟန်လိ၏ ငြင်းဆန်မှုအပေါ် မည်သည့် မကျေမနပ်မှုမျှ မပြပေ။ ထိုအစား သူသည် ဟန်လိနှင့် ပြန့်ကြယ်ကြယ်နန်းတော်၏ စိတ်ဝင်စားဖွယ် ဇာတ်လမ်းများ၊ သတင်းစကားများအကြောင်းကိုသာ ပြောတော့သည်။ သူက ကြယ်နန်းတော်နှင့် ကြယ်ကြွေမဟာမိတ်တို့အကြောင်းကိုတော့ ရှောင်၍ ပြောသည်။
လင်းယုလင်းသည် စကားလမ်းလွှဲသွားတာ မြင်သ်ည့အခါ ဟန်လိသည် ပျော်သွားသည်။ သူ့ကိုလည်း စိတ်သက်သာရာ ရသွားစေ၏။
သူတို့သည် တလမ်းလုံး ထွေရာလေးပါး ပြောလာနေရင်း ကောင်းကင်ကြယ်မြို့သို့ တဖြည်းဖြည်း ရောက်လာကြသည်။ သို့သော် သူတို့သည် ကျွန်းအနီးသို့ မရောက်ခင် သူတို့ရှေ့၌ ကျင့်ကြံသူငါးယောက်အုပ်စုတစ်ခု ပေါ်လာကြသည်။ ထိုသူများကား မည်သည့်နေရာမှ ထွက်လာကြမှန်း မသိရပေ။
သူတို့ခေါင်းဆောင်မှာ မျက်နှာဝါကြင့်ကြင့်နှင့် သက်လတ်ပိုင်းလူတစ်ယောက်ပင်။ သူသည် အမြုတေဖွဲ့စည်းခြင်းအစောပိုင်းအဆင့်ပင်။ ကျန်သည့်လေးယောက်ကမူ အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူများသာ။
“ကျုပ်တို့က ကြီးကြပ်သူလင်းကို လေးစားသမှု ပေးပါတယ်…” လင်းယုလင်းမှန်း သိသွားပြီးနောက်မှာ အခြေခံတည်ဆောက်ခြင်းလေးယောက်သည် ရှေ့သို့ ပျံသန်းလာပြီး သူ့ကို ဂါဝရပြု နှုတ်ဆက်ကြသည်။ လင်းယုလင်းသည် ကြယ်နန်းတော်၌ နာမည်ရှိသူတစ်ယောက် ဖြစ်ပုံ ရသည်။
မျက်နှာဝါကြင့်ကြင့်နှင့် ကျင့်ကြံသူသည် အံ့အားသင့် ကျေနပ်သွားဟန်တူပြီး မေးလာသည်။
“ဂျူနီယာညီလေးလင်း။ မင်း အဆင်ပြေရဲ့လား။ ကြည်လင်တောင်ပိုင်းကျွန်း တိုက်ခိုက်ခံရတယ် ကြားလို့ ကျုပ်က စိတ်ပူနေတာ။ ဒါနဲ့ ဒီရောင်းရင်းကရော ဘယ်သူများလဲ…”
ဝါကြင့်ကြင့်မျက်နှာနှင့်သူသည် ဟန်လိဘက်သို့ လှည့်၍ စူးစမ်းသည်။
လင်းယုလင်းက ပြောပြ၏။
“ကြယ်ကြွေမဟာမိတ်အဖွဲ့က နှစ်ယောက်က လမ်းမှာ ကျုပ် နောက်ကို လိုက်လံတိုက်ခိုက်ခဲ့ကြတယ်။ ဒါပေမဲ့ ဒီရောင်းရင်းဟန်က ကျုပ်ကို ကယ်တင်ပေးခဲ့တာပဲ။ ရောင်းရင်းဟန်ရဲ့ လှိုဏ်ဂူဟာ ကောင်းကင်ကြယ်မြို့ထဲမှာ ရှိနေတာလေ။ ဒါ့ကြောင့် ကျုပ်က သူ့ကို ခေါ်လာပေးတာပါ။ ရောင်းရင်းဟန်ကို မြို့ထဲ ခေါ်ခွင့်ပြုဖို့ ဘာပြဿနာမှ မရှိဘူးမလား…”
မြို့ထဲသို့ အလျင်အမြန် လာရောက်ရသောကြောင့်လည်း သို့တည်းမဟုတ် ဒဏ်ရာရထား၍လား မသိရလေဘဲ ဟန်လိသည် လင်းယု၏ မျက်နှာမှာ အတော်လေး ဖြူရော်နေတာကို မြင်ရသည်။
“ဂျူနီယာညီလေးကို ကယ်တင်ခဲ့တဲ့သူ ဖြစ်မှတော့ ဘာပြဿနမှ မရှိတော့ပါဘူး။ ဒါနဲ့ ညီလေးလင်း…မင်း ဒဏ်ရာရထားတာလား…”
ဟန်လိသည် ဝါကြင့်ကြင့်နှင့်သူက အလွန်စိတ်ပူနေဟန် မြင်သည့်အခါ သူ့စိတ်ထဲ လှုပ်ခတ်သွားသည်။
“မကြီးကျယ် ပါဘူး။ သူတို့က မှော်ရတနာတစ်ခုနဲ့ ကျုပ်ကို တိုက်ခိုက်ခဲ့ပေမယ့် ကျုပ်မှာ ကောင်းကင်သင်းရနံ့ချိန်းကြိုးရဲ့ အကာအကွယ် ရှိနေတယ်လေ။ ဒါ့ကြောင့် ထိခိုက်မှု များများစားစား မဖြစ်ခဲ့ပါဘူး…”
လင်းယုလင်း၏ ချောမောသော မျက်နှာမှာ မသိမသာ နီမြန်းသွားသည်။ သို့သော် သူ့အမူအရာကမူ တည်ငြိမ်လျက်ပင်။ ခဏ တွေဝေနေပြီးသည့်နောက် ဝါကြင့်ကြင့်မျက်နှာနှင့်သူသည် ပုလင်းငယ်တစ်ခုကို ထုတ်၍ လှမ်းပေးသည်။
“ဒါက လျှို့ဝှက်ဖော်စပ်နည်းနဲ့ သန့်စင်ဖော်စပ်ထားတဲ့ ကောင်းကင်ဝိညာဉ်ဆေးလုံးပါ။ ကျေးဇူးပြုပြီး ညီလေးလင်း ဒါကို သောက်လိုက်ပါ။ ဒါဆို မင်းရဲ့ အသက်ဓာတ်စွမ်းအင်တွေ ထိခိုက်မှုကို ကာကွယ်ပေးနိုင်လိမ့်မယ်…”
လင်းယုလင်းသည် ထိုသည်ကို မြင်သည့်အခါ သူက မျက်နှာပျက်သွားသည်။ သူသည် ဒေါသထွက်သွားသည့်အလား။ သို့သော် ခဏအကြာ တစ်စုံတစ်ခုကို သူ တွေးမိသွားပုံ ရပြီး ပြုံး၍ ပြောလာသည်။
“ဒီလိုဆိုမှတော့ ကျနော်က စီနီယာအစ်ကို့ကို ကျေးဇူးတင်ရတော့မှာပေါ့။ အရင်ဆုံး ကျုပ်တို့ နန်းတော်ဆီ သွားပြီး ကြည်လင်တောင်ပိုင်းကျွန်းအကြောင်း တင်ပြကြရအောင်။ စီနီယာအစ်ကိုကတော့ ရောင်းရင်းဟန်ကို မြို့ထဲ ဝင်ဖို့အတွက် ကူညီပေးဖို့ မျှော်လင့်မိပါတယ်။ သူက ကျုပ်ရဲ့ ကယ်တင်သူ ဖြစ်တော့ အစ်ကိုလည်း သူ့ကို ကောင်းကောင်း ဂရုစိုက်ပေးလိုက်ပါအုံး…”
ထို့နောက်တွင် လင်းယုလင်းသည် ပြုံး၍ သူ၏ သွယ်လျသောလက်ဖြင့် ဆေးပုလင်းကို အသာအယာ လှမ်းယူသည်။ ထိုအခိုက်တွင် သူသည် အမျိုးသမီးတစ်ယောက်အသွင် ပေါ်နေတာ သံသယ ရှိရန် မလိုချေ။
လင်းယုလင်း၏ သာယာလှသော စကားလုံးများကို ကြားသည့်အခါ ထိုသူသည် စိတ်လှုပ်ရှားဟန် ဖြစ်ပေါ်၏။ ပြဿနာ မရှိပါဘူး။ “အကြီးအကဲဝမ်က အခု တာဝန်ကျနေတာ။ သူက ဂျူနီယာညီကို ခက်ခဲစေအောင် လုပ်မှာ မဟုတ်ပါဘူး…”
ထို့နောက်တွင် သူက သူ့ရင်ဘက်ကို ပုတ်ကာ ပြောလာသည်။
“ကျေးဇူးပြုပြီး…ရောင်းရင်းဟန် ကျုပ်နဲ့ အားမနာတမ်းသာ လိုက်ခဲ့ပေးပါ…”
ဟန်လိက ထိုသည်ကို မြင်သည့်အခါ သူ့မျက်လုံးထဲ၌ ထူးခြားသည့်ဟန် ဖြတ်ပြေးသွားသည်။ လင်းယုလင်းကား အမျိုးသမီးတစ်ယောက်လား။ မဟုတ်ဘူးလား။ ဝါကြင့်ကြင့်နှင့်သူသည် လင်းယုလင်းအပေါ် မည်သည့်အတွက်ကြောင့် တပ်မက်သကဲ့သို ဖြစ်နေရသနည်း။