← Chapters

လိုအပ်ချက်များ

Vol. 37 Ch. 506

လိုအပ်ချက်များ

Vol. 37 Ch. 506

မျက်နှာဝါကြင့်ကြင့်နှင့်သူသည် လင်းယုလင်း ထွက်သွားသော အရပ်ထံ အချိန်အတော်ကြာ ငေးကြည့်နေသည်။ သည့်နောက်မှ သူ့အကြည့်သည် ဟန်လိထံ ပြန်ရောက်သည်။ သူက တည်ငြိမ်စွာ ပြောသည်။

“ရောင်းရင်းက ညီလေးလင်းကို ကူညီပေးခဲ့တယ် ဆိုပေမဲ့ ကျုပ် ခင်ဗျားကို မေးကို မေးရမယ့် မေးခွန်းအချို့ ရှိပါတယ်။ ရောင်းရင်းအနေနဲ့ ပူးပေါင်းပေးဖို့ မျှော်လင့်ပါတယ်…”

ဟန်လိသည် တည်ငြိမ်စွာ ပြန်ပြောသည်။ “ရောင်းရင်း မေးချင်တာသာ မေးပါ။ ကျေးဇူးပြုပြီး အားနာမနေပါနဲ့…”

ထိုသူသည် ခေါင်းညိတ်ကာ ပြောလာ၏။

“ကောင်းပါပြီ။ အရင်ဆုံး ခင်ဗျား ဘယ်သူဘယ်ဝါဆိုတာ ပြောပြပေးပါ။ ကျုပ်က မှန်၊မမှန် စစ်ဆေးကြည့်ပါမယ်…”

ထိုစကားကို ကြားသည့်အခါ ဟန်လိသည် ပြုံး၍ တုန့်ပြန်သည်။

“ကျုပ်က ပြင်းပြတေးသံဂိုဏ်းရဲ့ ဧည့်အကြီးအကဲတစ်ယောက်ပါ။ ဒီမှာ ကျုပ်ရဲ့ ဂိုဏ်းအမှတ်အသားနဲ့ မြို့ထဲက ကျုက်ရဲ့ လှိုဏ်ဂူကို ထိန်းချုပ်လို့ရတဲ့ သက်သေခံတံဆိပ်ပါ။ ရောင်းရင်း အနေနဲ့ ကြည့်ကြည့်ရင် အတုလား၊ အစစ်လား သိပါလိမ့်မယ်…”

“ပြင်းပြတေးသံဂိုဏ်းလား။ အဲ့ဂိုဏ်းမှာ အကြီးအကဲဟန် ဆိုတဲ့ တစ်ယောက် ရှိ၊မရှိ စစ်ဆေးကြည့်လိုက်…”

ဝါကြင့်ကြင့်မျက်နှာနှင့်သူသည် တံဆိပ်ပြားနှစ်ခုကို ယူ၍ သူ့နောက်မှ သူများထံ ပစ်ပေးပြီး ထိုသို့ အမိန့်ပေးသည်။

“ဟုတ်ကဲ့ပါ…” သူ့နောက်မှ မိန်းမလှကျင့်ကြံသူတစ်ယောက်သည် ထိုအမိန့်ကို ကြားသည်နှင့် သူမ၏ သိုလှောင်အိတ်ထဲမှ ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူပြီး ၎င်းအထဲသို့ စိတ်ဝိညာဉ်အာရုံ ထည့်သွင်းသည်။ ယင်းနောက် သူမသည် ဟန်လိကို လှမ်းလှမ်းကြည့်ပြီး တလေးတစား ပြောသည်။

“ကြီးကြပ်သူကျောက်…ပြင်းပြတေးသံဂိုဏ်းမှာ အကြီးအကဲဟန်ဆိုတဲ့ အမည်နဲ့ တစ်ယောက် ရှိပါတယ်။ မှတ်တမ်းထဲကအတိုင်းလည်း ရုပ်သွင် တူညီမှု ရှိပါတယ်ရှင့်…”

ဝါကြင့်ကြင့်မျက်နှာနှင့်သူသည် ထိုစကားကို ကြားသည့်အခါ သူသည် ခေါင်းညိတ်ပြသည်။

“အို…ဒီတံဆိပ်ပြားနှစ်ခုလုံးဟာ အစစ်အမှန်ပါပဲ။ ဒါ့ကြောင့် ရောင်းရင်းရဲ့ နောက်ခံပုံရိပ်နဲ့ ပတ်သက်လို့ ဘာပြဿနမှ မရှိတော့ပါဘူး…”

ထိုသူသည် တံဆိပ်ပြားများကို ဟန်လိထံသို့ ပြန်ပေးပြီး ပြောလိုက်သည်။

“ကောင်းပြီ…ဒါဆို မင်းတို့လေးယောက် ကင်းလှည့်နေအုံး။ ကျုပ် ဒီရောင်းရင်းကို မြို့ထဲ ခေါ်သွားပေးလိုက်မယ်…”

သူ့နောက်မှ လေးယောက်သည် ပြော၏။ “ဟုတ်ကဲ့ပါ...”

ယင်းနောက်တွင် ထိုသူသည် ဟန်လိကို ခေါ်၍ ကောင်းကင်မြို့ထဲထံ ပျံသန်းလာသည်။ ဟန်လိသည် သူ၏နောက်မှ နီးနီးကပ်ကပ် လိုက်ပါလာသည်။ ခဏအကြာတွင် သူသည် ဟန်လိကို မြို့တံတိုင်းအမြင့်ကြီးထံ ခေါ်လာပြီး ယင်းနောက် မြို့ဂိတ်တံခါးထံ ဦးတည်သည်။

ဟန်လိသည် သူ၏ စိတ်ဝိညာဉ်အာရုံဖြင့် ဘေးပတ်ဝန်းကျင်ကို စူးစမ်းလျက် ရှိ၏။ သူသည် လမ်းတစ်လျှောက်တွင် ပုန်းကွယ်နေသည့် ကျင့်ကြံသူ ခြောက်ယောက်လောက် အနည်းဆုံး ရှိနေတာ မြင်ခဲ့ရသည်။ သူတို့သည် အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူ အများစု ဖြစ်သော်လည်း အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူနှစ်ယောက်လည်း ပါသည်။ ဟန်လိ၏ မျက်နှာဟန်ပန်မှာ တည်ငြိမ်လျက် ရှိသော်လည်း စိတ်ထဲ၌မူ တုန်လှုပ်နေပြီ။ ကြည့်ရတာ ကြည်လင်တောင်ပိုင်းကျွန်းထံ တိုက်ခိုက်ခဲ့မှုက ကောင်းကင်ကြယ်မြို့ကို ပို၍ လုံခြုံရေး တင်းကြပ်စေခဲ့တာ ဖြစ်မည်။ သူ ထင်ထားသည့်အတိုင်းပင်။ သူ့၌ ထောက်ခံပေးသူတစ်ယောက်သာ မရှိလျှင် မြို့ထဲသို့ အလွယ်တကူ ဝင်၍ မရမှာ စိုးရပေ၏။

မြို့ဂိတ်တံခါးများသည် ထီးတည်း ဖြစ်နေ၏။ ၎င်းတို့၏ အပြင်ဘက်၌ စောင့်ကြပ်နေသော ဝတ်ရုံဖြူနှင့် ကျင့်ကြံသူဆယ်ယောက်ကျော်ကလွဲ၍ မည်သူမျှ ရှိမနေပေ။ ထို့အပြင် ဟန်လိသည် မြို့နှင့် နီးလာသည့်အခါ သူသည် ထိုနံရံများမှာ အဖြူရောင်အလင်း ခပ်သဲ့သဲ့ တောက်ပလျက် ရှိတာ တွေ့ရသည်။ ၎င်းတို့သည် အတားအဆီးတစ်ခု၏ သက်ရောက်မှုအောက်မှာ ရှိနေသည့်အလား။

ဝါကြင့်ကြင့်မျက်နှာနှင့်သူသည် မြို့ဂိတ်တံခါးထံ ခြေချပြီးသည့်နောက်မှာ သူသည် ဝါးထိုင်ခုံပေါ်၌ ထိုင်နေလျက်ရှိသော အဘိုးအိုတစ်ယောက်ထံ တန်းသွားသည်။

သူက ထိုအဘိုးအိုကို ဂါဝရပြု နှုတ်ဆက်ပြီး တလေးတစားလေသံဖြင့် ပြောသည်။

“ကြီးကြပ်သူယု၊ ဒါကတော့ ပြင်းပြတေးသံဂိုဏ်းရဲ့ အကြီးအကဲဟန်ပါ။ သူ့ကို ကျုပ် စစ်ဆေးကြည့်ခဲ့ပြီးပါပြီ။ ဘာပြဿနာမှ မတွေ့ခဲ့ပါဘူး။ ကြီးကြပ်သူယုက သူ့ကို မြို့ထဲထိ ပို့ဆောင်ပေးနိုင်မလားဗျ။ ကျုပ်ကတော့ ဒီမှာ ကြာကြာ နေလို့မရဘူး။ ကင်းဆက်လှည့်ရအုံးမှာ…”

ဟန်လိ၏အကြည့်သည် ထိုအဘိုးအိုထံသို့ ကျရောက်သွားသည်။ သူက ချက်ခြင်းပင် သတိထား၏။ ဝါကြင့်ကြင့်နှင့်သူသည် ထိုကျင့်ကြံသူအပေါ် ခုလောက်ထိ ယဉ်ကျေးနေတာ အံ့အားသင့်စရာ မရှိပေ။ ထိုသူသည် အမြုတေဖွဲ့စည်းခြင်း အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေသည် မဟုတ်လား။ ထိုအဘိုးအိုသည် ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လာ၏။

“ပြင်းပြတေးသံဂိုဏ်းလား…”

ခဏ ချီတုံချတုံ ဖြစ်နေပြီးနောက်မှာ ဝါကြင့်ကြင့်မျက်နှာနှင့်သူသည် ထပ်ပြောလာသည်။

“အမှန်ပါပဲ။ သူဟာ ညီလေးလင်းကိုလည်း ကူညီပေးခဲ့တဲ့သူပါ…”

ထိုအဘိုးအို၏မျက်လုံးထဲ၌ အေးစက်မှုတစ်ခု ဖြတ်ပြေးသါားသည်။ သူသည် စိတ်အားတက်ကြွသွားပုံ ရသည်။ ထို့နောက်မှာ ၎င်းက ပျောက်ကွယ်သွားသည်။ သည့်နောက် သူသည် ပျင်းရိပျင်းတွဲလေသံဖြင့် ပြောလာသည်။

“ထူးဆန်းတာပဲ။ ကောင်းပြီ…ကျုပ် သဘောပေါက်ပြီ။ ရောင်းရင်းကျောက် ပြန်နိုင်ပါပြိ…”

ဝါကြင့်ကြင့်မျက်နှာနှင့်သူသည် ထိုအဘိုးအိုကို နှုတ်ဆက်ပြီးသည့်နောက် ပျံသန်းထွက်သွားတော့သည်။ ဟန်လိကမူ နေရာတွင်သာ တည်ငြိမ်စွာ ရပ်လျက် ထိုအဘိုးအိုကို တိတ်ဆိတ်စွာ ကြည့်နေသည်။

“ကျုပ်က ပြင်းပြတေးသံဂိုဏ်းရဲ့ ကောင်မလေးခရမ်းဝိညာဉ်ကို အရင်က အကြိမ်ကြိမ် မြင်ဖူးခဲ့တယ်။ သူမဟာ တကယ်ကို လှတာပဲ။ ကျုပ် ကြားတာတော့ မင်းဟာ ပြင်းပြတေးသံဂိုဏ်းရဲ့ အကြီးအကဲဆို။ ဒါပေမဲ့ ကံမကောင်းတာက ကျုပ်ဟာ မင်းနဲ့ အရင်က လုံးဝ မဆုံခဲ့ဖူးတာပဲ။ ကြည့်ရတာ မင်းရဲ့ ငယ်ရွယ်ပုံအရ မင်းလည်း အသက်အရွယ် နုပျိုစေတဲ့ ပညာရပ်ကို ကျင့်ကြံတယ်နဲ့ တူတယ်။ ကျုပ်တို့ရဲ့ ရောင်းရင်းလင်းလို့ပေါ့။ ကျုပ် သိသလောက်ဆို အဲ့ပညာရပ်တွေရဲ့ သဘာဝဟာ ယင်ဓာတ်အစွန်းရောက်တယ်တဲ့။ အမျိုးသားတစ်ယောက်က ဒါကို ကျင့်ကြံရင် အကျိုးကျေးဇူး နည်းနည်းပဲ ရှိနိုင်လိမ့်မယ်…”

တည်ကြည်စွာဖြင့် ဟန်လိက မေးလိုက်သည်။

“ရောင်းရင်း ပြောပုံအရဆို ရောင်းရင်းလင်းဟာ အမျိုးသားတစ်ယောက်ပေါ့။ ကျုပ်ရဲ့ ရုပ်သွင်ကတော့ ဟိုးလွန်ခဲ့တဲ့ အချိန်တုန်းက ကျုပ် သောက်ဖူးခဲ့တဲ့ ရုပ်သွင်နုပျိုဆေးရဲ့ ရလဒ်ပါ။ ကျင့်ကြံခြင်း ပညာရပ်တစ်ခုကြောင့် မဟုတ်ပါဘူး…”

ထိုအဘိုးအိုသည် သည်စကားကို ကြားသည့်အခါ ရယ်ပြီး ဖြည်းဖြည်းချင်း ပြောလာသည်။

“ကျုပ်တို့ရဲ့ ကြယ်နန်းတော်ကိုတောင်တိုင် ရောင်းရင်းလင်းဟာ ယောက်ျားလား၊ မိန်းမလား မသိပါဘူး။ ဒါပေမဲ့လို့ သူဟာ သူ့ရုပ်သွင်ကို ထိန်းသိမ်းဖို့ ပညာရပ်တစ်ခုကို ကျင့်ကြံတာကတော့ သံသယရှိစရာ မလိုဘူး။ ဟားဟား…ရောင်းရင်းဟန်ကတော့ အဲ့လို ရှားပါးဆေးကို သောက်ခဲ့ရတဲ့ အခွင့်အရေး ရခဲ့တာကတော့ အထင်ကြီးစရာပါပဲ…”

ထိုအဘိုးအိုသည် ဆက်၍ ပြောလာသည်။

“ကောင်းပါပြီ။ ကျုပ် ဒီအကြောင်း ဆက်မပြောတော့ဘူး။ ခင်ဗျားရဲ့ နောက်ခံကိုလည်း စစ်ဆေးပြီးပြီဆိုတော့ ဒီအဘိုးအိုက ထပ်ပြီး နှောက်ယှက်မနေတော့ဘူး။ ဒါပေမဲ့လို့ အခုကာလဟာ ပုံမှန် ဟုတ်မနေဘူး။ ဒါ့ကြောင့် စည်းမျဉ်းတွေ ရှိနေတယ်။ ကျုပ် ပြောပြတာကို ရောင်းရင်း သေချာ နားထောင်ပါ…”

ဟန်လိသည် မျက်ခုံးပင့်လျက် တိတ်ဆိတ်နေမြဲပင်။

ထိုအဘိုးအို၏ အမူအရာသည် တင်းမာလာပြီး သူက ရေခဲတမျှ အေးစက်သည့် လေသံဖြင့် ပြောလာသည်

အခု ရောင်ရင်းမှာ ရွေးစရာ နှစ်ခု ရှိတဘ်။ ခင်ဗျားဟာ ကြယ်နန်းတော်နဲ့ ပူးပေါင်းပြီး ကျုပ်တို့ရဲ့ တိုက်ပွဲမှာ ကူညီပေးရမယ်။ ခင်ဗျား တာဝန်ပြီးမြောက်တာနဲ့ အကျိုးအမြတ် အများအပြား ရမယ်။ ကျုပ်တို့က ဘယ်သူ့ကိုမျှ အလကား သပ်သပ် မလုပ်ခိုင်းပါဘူး။ ခင်ဗျားက ဒီတိုက်ပွဲမှာ မပါဘဲ မြို့ထဲမှာ နေချင်တယ်ဆို ကျုပ်တို့က အတင်းအကြပ်တော့ တိုက်ခိုက်မှာ မဟုတ်ဘူး။ ဒါပေမဲ့ အခု မြို့ထဲမှာ စစ်စည်းမျဉ် ချထားတယ်။ သတ်မှတ်ထားတဲ့ အချိန်တွင်းကလွဲလို့ ဘယ်သူကမှ သူတို့ရဲ့ နေရာကနေ ထွက်ခွင့် မရှိဘူး။ ကျုပ်တို့ရဲ့ ကြီးကြပ်သူအဖွဲ့ဟာ ဒီစည်းမျဉ်းတွေကို ဖောက်ဖျက်တာတွေ့ရင် သတ်ပစ်မှာ ဖြစ်တယ်။ ရောင်းရင်းဟန်အနေနဲ့ အခု ခင်ဗျားရဲ့ ရွေးချယ်မှုကို ပြောနိုင်ပါပြီ…”

ဟန်လိ၏ မျက်လုံးထဲ၌ ထူးခြားသည့်ဟန်တစ်ခု ဖြတ်ပြေးသွားသည်။ အချိန်တစ်ခုကြာ သူ စဉ်းစားနေ၏။

ထိုသည်ကို မြင်သည့်အခါ သူသည် ဟန်လိကို မလောခိုင်းပေ။

သည့်နောက်မှာ ဟန်လိသည် အလေးအနက်‌ မေးသည်။

“ကျုပ်က မြို့ထဲ ဝင်ပြီးရင် ပြင်ပကြယ်ပင်လယ်များဆီ သွားရောက်တဲ့ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို အသုံးပြုနိုင်စွမ်း ရှိမှာလား…”

“အစတုန်းကတော့ ခင်ဗျားအနေနဲ့ စိတ်ဝိညာဉ်ကျောက်တုံးပေးတာနဲ့ အဆင်ပြေပါတယ်။ ဒါပေမဲ့ အခုကတော့ အဲ့လို မရတော့ဘူး။ ခင်ဗျားက ပြင်ပကြယ်ပင်လယ်များဆီ သွားချင်တယ်ဆို ကျုပ်တို့အတွက် တစ်ခုခု လုပ်ပေးရမယ်…”

ထိုအဘိုးအိုသည် ဟန်လိ၏ မေးခွန်းကို မျှော်လင့်ထားသည့်အလား အံ့အားသင့်ဟန် မဖြစ်ပေါ်သွားပေ။ ဟန်လိသည်လည်း ထိုသို့ ဖြစ်လာနိုင်မည်ဟု ခန့်မှန်းထားပြီးပင်။ သူက မျက်မှောင်ကြုတ်လျက် မေးသည်။ “ဘယ်လိုမျိုး လုပ်ပေးရမှာလဲ…”

ထိုအဘိုးအိုသည် ပြုံး၍ ပေါ့ပေါ့ပါးပါး ပြောသည်။

“ရိုးရှင်းပါတယ်။ တိုက်ပွဲစတနာဲ့ ခင်ဗျားဟာ ကြယ်နန်းတော်ရဲ့ တာဝန်တစ်ခု ချမှတ်ခြင်းကို ရမယ်။ အဲ့တာဝန်ကတော့ ကြယ်ကြွေမဟာမိတ်ဘက်က ခင်ဗျားနဲ့ ကျင့်ကြံခြင်းအဆင့်တူ တစ်ယောက်ကို သတ်ပေးဖို့ပဲ…”

ထိုစကားကို ကြားသည့်အခါ ဟန်လိသည် စိတ်ထဲ၌ ခါးသက်စွာ ရယ်မိသည်။ ကြည့်ရတာ ကြယ်နန်းတော်၏ အထက်ပိုင်းပုဂ္ဂိုလ်များသည် မြို့ထဲမှ ထွက်ခွာချင်သည့် ကျင့်ကြံသူများအပေါ် အသုံးချဖို့ စိတ်ကူးထားပုံ ရသည်။ ကြယ်နန်းတော်သည် သူတို့ကို မထိန်းချုပ်ထားသည့်တိုင် သူတို့သည် မြို့ထဲမှ ထွက်ချင်လျှင် ကြယ်ကြွေမဟာမိတ်အဖွဲ့မှ တစ်ယောက်ယောက်ကို သတ်ပေးဖို့ရန် လိုအပ်နေသည်။ တနည်းအားဖြင့် ၎င်းသည် ကြယ်ကြွေမဟာမိတ်အဖွဲ့၏ ခွန်အားကို လျော့နည်းစေနိုင်မည် ဖြစ်သလို ထိုကျင့်ကြံသူများသည် ရန်သူနှင့် ပူးပေါင်းမည့်အဖြစ်ကိုလည်း တားဆီးနိုင်ပေလိမ့်မည်။

ဟန်လိသည် အလျင်အမြန် ပြောလာ၏။

“ကျုပ်က ရောင်းရင်းလင်းနဲ့အတူ ဒီကို လာတဲ့လမ်းမှာ ကျုပ်နဲ့ အဆင့်တူတဲ့နှစ်ယောက်ကို သတ်ခဲ့ပြီးပြီးလေ။ ဒါကိုကော ထည့်မတွက်ဘူးလား…”

“ခင်ဗျားက သတ်ခဲ့ပြီးပြီလား…” ထိုအဘိုးအိုသည် လှုပ်ရှားသွားသည်။

“အမှန်ပါပဲ…” ဟန်လိသည် တွေဝေမနေဘဲ ခေါင်းညိတ်ပြသည်။

“ကံကောင်းစွာနဲ့ အဲ့လိုဟာမျိုးကို ထည့်မတွက်ဘူး။ တိုက်ပွဲစပြီးတဲ့နောက်မှသာ အကြုံးဝင်မှာ ဖြစ်တယ်။ ဒီ့အရင် သတ်ထားခဲ့တာတွေကိုတော့ ထည့်တွက်မှာ မဟုတ်ဘူး…”

ဟန်လိသည် သူ့မေးစေ့ကို ပွတ်၍ ထပ်မေးသည်။

“ရောင်းရင်းကကော တိုက်ပွဲ ဘယ်အချိန်လောက် စတင်မလဲလို့ ထင်မြင်ယူဆပါသလဲ…”

ဟန်လိ၏ မေးခွန်းကြောင့် ထိုအဘိုးအိုသည် နည်းနည်းတော့ အံ့အားသင့်သွားသည်။ သူက ဟန်လိထံသို့ တချက်လှမ်းကြည့်ပြီးမှ တည်ငြိမ်စွာ ဖြေသည်။

“လာမယ့် ရက်အနည်းငယ်လောက် ဖြစ်လိမ့်မယ်။ ကြယ်ကြွေမဟာမိတ်က အတွင်းပိုင်းကျွန်းကို တိုက်ခိုက်လိမ့်မယ်လို့ မစီစဉ်ထားလောက်ဘူး။ ဒါပေမဲ့ ကောင်းကင်ကြယ်မြို့ကိုတော့ တတ်နိုင်သမျှ အမြန်ဆုံး တိုက်ခိုက်လာလိမ့်မယ်…”

သည့်နောက်မှာ ဟန်လိသည် တည်ငြိမ်စွာ ပြောသည်။ “ကျုပ် စာရင်းသွင်းထားပါမယ်။ ကျုပ်က အဆင့်တူတစ်ယောက်ကို သတ်ပြီးတဲ့နောက်တော့ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို အသုံးပြုလို့ရဖို့ မျှော်လင့်ပါတယ်…”

ထိုအဘိုးအိုသည် သူ့ခန္ဓာကိုယ်ကို ပုတ်၏။ ထို့နောက်တွင် အဝါရောင်တောက်ပလျက်ရှိသည့် လက်စွပ်တစ်ကွင်းကို ထွက်ပေါ်လာသည်။ သူက ၎င်းကို ဟန်လိထံသို့ ကမ်းပေး၍ ပြောလိုက်သည်။

“ကောင်းပြိ။ ဒီလက်စွပ်ကို သိမ်းထားပါ။ ဒါက ခင်ဗျားဟာ ကြယ်နန်းတော်အဖွဲ့ဝင်တစ်ယောက် ဖြစ်တဲ့အကြောင်း အချိန်တစ်ခုထိ ကိုယ်စားပြုပေးလိမ့်မယ်။ တိုက်ပွဲ ဖြစ်တဲ့အခါ ဒီလက်စွပ်ကနေ ခင်ဗျားကို တာဝန်ချပါလိမ့်မယ်…”

All Chapters