← Chapters

အစီအစဉ်တစ်ခုအတိုင်း ဆုံးဖြတ်ခြင်း

Vol. 37 Ch. 508

အစီအစဉ်တစ်ခုအတိုင်း ဆုံးဖြတ်ခြင်း

Vol. 37 Ch. 508

ထို့နောက်တွင် သူတို့၏ စကားဝိုင်းသည် အပျက်ပျက်နှင့်သာ အဆုံးသပ်သွားပြီး သူတို့လည်း မှော်ပစ္စည်းများ သုံး၍ သူတော်စင်တောင်အောက်သို့ အလျင်အမြန် ပြန်ဆင်းသွားကြသည်။ ဟန်လိသည် ထိုနှစ်ယောက်နောက်သို့ နီးနီးကပ်ကပ် မလိုက်ပေ။ သိသာလွန်းသွားမှာ ဆိုး၍ပင်။ ထိုအစား သူက သူ့စိတ်ဝိညာဉ်အာရုံ အမျှင်တန်းကို နေမကောင်းသည့်ဟန်လူနား၌ ရစ်ခွေထားပြီး သူတို့ ပျံသန်းတာကို စောင့်ကြည့်လျက် အကွာအဝေးတစ်ခုခြား၍သာ နောက်မှ လိုက်လာသည်။

ထိုနှစ်ယောက်သည် ဟန်လိနှင့် ယှဉ်ပါက အလွန်နှေး၏။ နှစ်နာရီလေက်ကြာမှ သူတို့သည် သူတောင်စင်တောင်၏ လေးလွှာမြောက်သို့ ရောက်လာပြီး ခြံဝန်းတစ်ခုထဲသို့ ဝင်သွားကြသည်။ ခဏအကြာတွင် ဟန်လိသည် ၎င်းခြံဝန်းပေါ်၌ ပေါ်လာသည်။

သည်နေရာမှာ လူသူကင်းမဲ့သည်။ အကွာအဝေးတစ်ခု၌ အလားတူ ခြံဝန်းအချို့အပြင် ဝါးတောအုပ်ငယ်တစ်ခုလည်း ရှိသည်။ ဟန်လိ၏အကြည့်က သည်ခြံဝန်းပေါ်သို့ ကျရောက်သွားချိန် သူ့မျက်လုံးများမှာက တောက်ပသွား၏။

သည်ခြံဝန်းမှာ အထင်ကြီးဖွယ် မရှိချေ။ သို့သော် အပြင်ဘက်တွင်မူ စီးဆင်းရေအစီအရင်တစ်ခု ချထား၏။ ၎င်းသည် ကျင့်ကြံသူများ အမှန်တကယ် တိုက်ခိုက်ချင်လျှင် အလုပ်မဖြစ်သော်လည်း စောလျင်စွာ သတိပေးခြင်းမျိုးလောက်တော့ လုပ်ဆောင်နိုင်သည်။ သို့သော် ၎င်းအစီအရင်သည် ဟန်လိကဲ့သို့ အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူ၊ အစီအရင်မန္တာန်များအပေါ် အတော်အတန် နားလည်ထားသူအဖို့ အသုံးမဝင်လှပါ။

ဟန်လိသည် ၎င်းကို ပိုင်ရှင် သတိမပြုမိစေဘဲ ဖြတ်သန်းဖို့ ယုံကြည်မှု အပြည့်ရှိသည်။

သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေ၏။ ထို့နောက်တွင် ဟန်လိ၏ပုံရိပ်သည် ဝေဝါးကာ မိုးပြာအလင်းတန်းအဖြစ် ပျောက်ကွယ်သွားသည်။ များမကြာမီ သူသည် ခြံဝန်းတွင်း၌ အသံတစ်စက်မျှ မထွက်ဘဲ ပြန်ပေါ်လာ၏။ သူ၏ မှော်စွမ်းအားကို ထိန်းချုပ်လိုက်သည်။ ထိုအခါ အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူ မဆိုနှင့်ဦး အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူတစ်ယောက်ပင် သူ့ကို ထောက်လှမ်းနိုင်တော့မည် မဟုတ်ချေ။

ဟန်လိသည် အခုလောက် ဂရုစိုက်ခြင်းမှာ သည်နေရာ၌ အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူတစ်ယောက် ရှိနေမှာ စိုး၍ပင်။ သို့မဟုတ်ပါက သူသည် ပုံမှန်ကွယ်ဝှက်ခြင်းပညာရပ်တစ်ခုလောက်ကိုသာ အသုံးပြု၍ ရသည်။ ဟန်လိသည် ခြံဝန်းအလယ်၌ မလှုပ်မယှက် ရပ်၍ သူ့စိတ်ဝိညာဉ်အာရုံကို ဘေးပတ်ပတ်လည်သို့ ဖြည်းဖြည်းချင်း ထုတ်လွှတ်ပြီး ခြံဝန်းတစ်ခုလုံးကို ခြုံလွှမ်းသည်။ ထို့နောက် သူသည် တောင်ဘက်ခြမ်းသို့ ကြည့်နေရင်း သူ့မျက်နှာထက်၌ အတန်ငယ် အံ့အားသင့်ဟန် ဖြစ်ပေါ်လာ၏။

သူသည် အခြားအခန်းများ၌ လူသူမရှိတာကို ကောင်းစွာ ခံစားမိသည်။ တောင်ဘက်ခြမ်းရှိ အခန်းတစ်ခုတည်း၌သာ ကျင့်ကြံသူ ခုနစ်ယောက်တိတိသာ ရှိနေ၏။

ထိုခုနစ်ယောက်၌ အမျိုးသားငါးယောက်၊ အမျိုးသမီးနှစ်ယောက် ပါသည်။ အသားမည်းမည်းသူနှင့် နေမကောင်းသည့််ပုံစံနှင့်သူလည်း သူတို့ထဲ၌ ရှိနေသည်။ သူတို့ထဲ၌ ကျင့်ကြံမှု အမြင့်ဆုံးမှာ နှာခေါင်းကောက်ကောက်နှင့် လူတစ်ယောက် ဖြစ်၏။ ထိုသူက ပိုးဖဲဝတ်ရုံကို ဝတ်ထားသည်။

သူသည် အခြေခံတည်ဆောက်ခြင်း နောက်ဆုံးအထွတ်အထိပ်အဆင့်၌ ရှိနေလျက် အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ ဝင်ရောက်ရန် ပြင်ဆင်နေသည့် အနေအထားမျိုးပင်။ ကျန်သည့်သူများကမူ အခြေခံတည်ဆောက်ခြင်းအလယ်အဆင့်များသာ။

ထင်ထားသည့်တိုင်းပင်။ လူတစ်ယောက်သည် ပြင်ပကြယ်ပင်လယ်များသို့ သွားရောက်ချင်လျှင် အနည်းဆုံး ကျင့်ကြံမှုအဆင့်မှာ သည်လောက်ရှိရန် လိုအပ်သည် မဟုတ်လား။ သို့သော် သူတို့သည် အစောပိုင်းတည်းက ဆွေးနွေးခဲ့ပြီးပြီဖြစ်၍ အခုအခါ မျက်နှာအပျက်ပျက်ဖြင့် တိတ်ဆိတ်နေကြသည်။ အခန်းထဲ၌ မည်သူကမျှ စကားတစ်ခွန်းမျှ မပြောကြပေ။

ဟန်လိသည် စိတ်မရှည် မဖြစ်ချေ။ သူသည် နေရာတွင် တိတ်တဆိတ် ရပ်၍ စောင့်နေ၏။ သူသည် သူတို့၏ စကားဝိုင်းက သူ့အတွက် အသုံးဝင်သော အချက်အလက်ကို ပေးလိမ့်မည်ဟု ယုံ၏။ သူ့အတွက် အစီအစဉ်တစ်ခုကိုပင် ချ၍ ရနိုင်လောက်သည်။

ဆယ့်ငါးမိနစ်လောက် ကြာပြီးသည့်နောက် သက်လတ်ပိုင်းအမျိုးသမီးတစ်ယောက်သည် စိတ်မရှည်တော့ဟန်ဖြင့် ပူပန်တကြီး ပြောလာသည်။

“အစ်ကိုယီ…ရောင်းရင်းဟောင် ပြောပုံအရ သူတို့ဟာ လူတစ်ယောက်ကို စိတ်ဝိညာဉ်ကျောက်တုံငါးထောင်စီ ပေးရမယ်တဲ့။ ဒါမှသာ ပြင်ပင်ကြယ်ပင်တွေဆီ ကျုပ်တို့ကို တည်နေရာရွှေ့ပြောင်းခွင့် ပေးနိုင်မယ်တဲ့။ အဲ့လိုမျိုး စိတ်ဝိညာဉ်ကျောက်တုံးတွေ ပေးလိုက်ရင် ကျမတို့ ကြယ်နန်းတော်ရဲ့ တာဝန်ချပေးတာကနေ ကင်းလွတ်နိုင်လိမ့်မယ်။ အစ်ကိုယီကော ဘယ်လိုထင်လဲ။ တကယ်တော့ တိုက်ပွဲစပြီဆို ထွက်ခွာဖို့ နောက်ကျလွန်းသွားလိမ့်မယ်…”

သူမ၏ ဘက်ခြမ်းတွင် ထိုင်နေသော ဖြူရော်ရော်အသားအရည်နှင့် သက်လတ်ပိုင်းအရွယ် အမျိုးသမီးသည် ရန်လိုသည့်လေသံဖြင့် ပြောလာသည်။

“အမျိုးသမီးလျှို၊ ရှင် ပြောပုံအရ ရှင်ဟာ စိတ်ဝိညာဉ်ကျောက်တုံးတွေကို ပေးချင်နေတဲ့ ပုံပဲ။ ဒါပေမဲ့ ရှင့်ရဲ့ ရောင်းရင်းတွေဟာ ဒီလောက် ပမာဏ မတတ်နိုင်ဘူးဆိုတာကို ရှင် မစဉ်းစားဘူးလား။ ကျမနဲ့ ကျမ ယောက်ျားတို့လည်း ဒီလောက်ပမာဏကို မတတ်နိုင်ဘူး။ ရောင်းရင်းက တစ်ယောက်တည်း ထွက်သွားချင်နေတာလား…”

သူမသည် တဖက်သူ၏ စကားကို ကြားသည့်အခါ စိတ်အနှောက်အယှက် ဖြစ်သွားပုံ ရပြီး မေးသည်။

“ကျမက တစ်ယောက်တည်း သွားချင်ပါတယ်လို့ ပြောခဲ့လို့လား။ ကျမတို့က အစ်ကိုယီကို မေးကြည့်နေတာ။ အစ်ကိုယီဟာ အတွေ့အကြုံများပြီး ကျမတို့ထဲမှာလည်း ကျင့်ကြံမှုအမြင့်ဆုံး။ ဒါ့ကြောင့် သူက ကောင်းကျိုး၊ဆိုးကျိုးအပေါ် ချိန်ဆ တွက်ချက်ပေးနိုင်မှာပဲလေ…”

ပိုးဖဲဝတ်ရုံနှင့်သူသည် ပြောလာသည်။

ကောင်းပြီ။ မင်းတို့နှစ်ယောက် ဆက်မပြောကြတော့နဲ့။ ရောင်းရင်းလျှိုဟာလည်း တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို သူမ တစ်ယောက်တည်း အသုံးပြုနိုင်မှာ “မဟုတ်ပါဘူး။ ပြင်ပကြယ်ပင်လယ်များဟာ အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူတစ်ယောက်တည်း လှည့်ပတ် သွားလာနိုင်တဲ့ နေရာမျိုး မဟုတ်ဘူး။ ကျုပ်တို့ အတူတူ သွားမှသာ ရှင်သန်နိုင်မှာ။ ကံကောင်းခဲ့ရင် ကျုပ်တို့ဟာ စိတ်ဝိညာဉ်သားရဲ အချို့ကိုတောင် သတ်နိုင်ပြီး သူတို့ရဲ့ အမြုတေကို ဆေးလုံးတွေအဖြစ် ဖော်စပ်သန့်စင်နိုင်တာမျိုးတောင် ဖြစ်နိုင်တယ်။ ဒါ့အပြင် တိုက်ပွဲဖြစ်တဲ့အချိန်အတွင်း ကျုပ်တို့ဟာ အဆင့်တူ ကျင့်ကြံသူတစ်ယောက်ကို သတ်ရတဲ့ တာဝန်လည်း လုပ်စရာ လိုတော့မှာ မဟုတ်ဘူး။ ဒီစစ်ပွဲသာ ဖြစ်လာခဲ့ရင် အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူတွေတောင် ရှင်သန်နိုင်ဖို့ ခက်တယ်ဆိုတော့ ကျုပ်တို့လိုမျိုး အဆင့်နိမ့် ကျင့်ကြံသူတွေကတော့ ပြောနေစရာကို မလိုတော့ဘူး။ ဒါ့အပြင် ကြယ်နန်းတော်ဟာ သူတို့စကားကို ပြန်ရုတ်သိမ်းမှာ စိုးမိတယ်…”

“အဲ့လိုတော့ မဖြစ်နိုင်ပါဘူး။ ကြယ်နန်းတော်ဟာ ဒီလို မတရားတာမျိုးတော့ လုပ်မှာ မဟုတ်ဘူး။ တာအိုရောင်းရင်းယီ…ခင်ဗျားက သံသယများ လွန်ကဲနေသလို မဖြစ်နေဘူးလား…”

လူထွားလူငယ်တစ်ယောက်က ဝင်ပြောသည်။ သူသည် ငယ်ရွယ်ပုံ ရသော်လည်း ရင့်ကျက်သည့် အရှိန်အဝါ ပိုင်ဆိုင်ထားသည်။

“ဒီလို ဖြစ်နိုင်ခြေ နည်းပေမယ့် မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ အခုက ကြယ်နန်းတော်တစ်ခုတည်းက အကြွင်းမဲ့အာဏာ ကိုင်ထားတာ မဟုတ်တော့ဘူး။ ကြယ်နန်းတော်ဟာ အန္တရာယ်ကြုံရပြီဆို အကျိုးဆက်ကို ဘာမှမတွေးတော့ဘဲ သူတို့ လုပ်ချင်တာ လုပ်လာနိုင်တယ်။ ဒါကသာ စွမ်းအားရဲ့ ပုံစံအမှန်ပဲ ဖြစ်တယ်။ ဟား…”

ပိုးဖဲဝတ်စုံနှင့်သူသည် ထိုသို့ ပြောပြီး နှာခေါင်းရှုံ့သည်။ သူသည် အင်အားစုကြီးများအပေါ် နားလည်သဘောပေါက်မှုအချို့ ရှိထားပုံ ရသည်။

ထိုသို့ ပြောပြီးနောက်မှာ အခန်းထဲရှိ လူတိုင်းသည် တိတ်ဆိတ်သွားကာ အတွေးထဲ နစ်မြောသွားကြသည်။

ထို့နောက်တွင် လူကောင်ကြီးကြီးတစ်ယောက်က ပြောလာ၏။

“ဒါ့ကြောင့် အကောင်းဆုံး ရွေးချယ်မှုဟာ စိတ်ဝိညာဉ်ကျောက်တုံးတွေကို ကျုပ်တို့ အသက်ရှင်ဖို့အတွက် အသုံးပြုတာပဲ။ ကျုပ်တို့ကသာ တိုက်ပွဲမှာ အမှန်တကယ် ပါဝင်ရမယ်ဆို အသက်ခံရဖို့များတယ်။ ကျုပ်တို့ထဲက တစ်ချို့တလေ ရှင်သန်နိုင်ခဲ့ပြီး ပြင်ပကြယ်ပင်လယ်ဆီ သွားခွင့်ရမယ်ဆိုရင်တောင် ဟိုရောက်ရင် လူအင်အား နည်းသွားတဲ့အတွက် ရှင်သန်ရပ်တည်နိုင်ဖို့ ခက်သွားလိမ့်မယ်။ ဒါကလည်း နောက်ထပ် ဘေးကပ်ဆိုး တစ်မျိုးပဲလေ…”

“ဒါပေမဲ့လည်း အခု ပြင်ပကြယ်ပင်လယ်များဆီ သွာဖို့ဟာ စိတ်ဝိညာဉ်ကျောက်တုံး အများကြီး ကုန်မှာလေ…”

အသားမည်းမည်းနှင့် ကျင့်ကြံသူသည် စိတ်ဓာတ်ကျစွာ ပြောလာသည်။ ထိုစဉ် ပိုးဖဲဝတ်စုံနှင့်သူသည် ကြားဖြတ်ကာ အေးတိအေးစက်ဟန်ဖြင့် ဝင်ပြော၏။

“မင်း သေသွားခဲ့ရင် စိတ်ဝိညာဉ်ကျောက်တုံးတွေက ဘာလုပ်လို့ ရအုံးမလဲ။ ဒါ့အပြင် ကျုပ်တို့ဟာ ပြင်ပကြယ်ပင်လယ်များမှာ ကျုပ်တို့ ဆုံးရှုံးသွားတဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေအတွက် ပြန်ကာမိအောင် အဆင့်မြင့် နတ်ဆိုးသားရဲအချို့ကို အမဲလိုက်လို့ ရနိုင်တယ်။ ခုချိန်မှာ အရေးကြီးဆုံးဟာ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို အသုံးပြုနိုင်ဖို့ပဲ…”

အသားမည်းမည်းနှင့်သူသည် အခုလို ပြောလာသည့်သူအပေါ် အတော်လေး ရှိန်ပုံရသည်။ သူက ချက်ခြင်း အသံပြန်တိတ်သွားသည်။

“စိတ်ဝိညာဉ်ကျောက်တုံး ကင်းမဲ့တာကတော့ ခင်ဗျားတို့ တတ်နိုင်သလောက် အကုန်ထုတ်ကြ။ လိုအပ်တဲ့ အရေအတွက် မပြည့်မီရင် ကျုပ်တို့ ပိုတဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေကို အချိန်တစ်ခုထိ တစ်ယောက်ကိုတစ်ယောက် ငှားပေးမယ်။ ကျုပ်တို့ ပြင်ပကြယ်ကျွန်းဆီ ရောက်တဲ့အခါ အဲ့အကြွေးကို အတိုးပါ ပေါင်းပြီး ပြန်ဆပ်ကြရမယ်…”

ထိုလူကောင်ကြီးကြီးနှင့်သူသည် သူတို့အတွက် ဆုံးဖြတ်ပေးသည်။

ကျန်သည့် ခြောက်ယောက်သည် မကျေမနပ်ဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်ကြသည်။ သို့သော် သူတို့အားလုံးသည် သူ့အမိန့်ကို အင်တင်တင်နှင့် လက်ခံကြပုံ ရသည်။

လူကောင်ကြီးကြီးနှင့်သူသည် ထိုသည်ကို မြင်သည့်အခါ နည်းနည်းတော့ ကျေနပ်သွားပြီး နေမကောင်းသည့်ပုံစံနှင့်သူထံ လှည့်၍ အားမနာတမ်း ပြောသည်။

“ရောင်းရင်းကျန်း…ကျုပ်တော့ မနက်ဖြန်ကျရင် ခင်ဗျား ခရီးတစ်ထောက်လောက်သွားဖို့ ဒုက္ခပေးရတော့မှာပဲ။ သူတို့ဟာ ဈေးလျှော့ပေးနိုင်မလား သွားညှိကြည့်အုံး။ အဲ့လိုမှ မဖြစ်နိုင်ဘူးဆိုလည်း ကျုပ်တို့ သူတို့ ပြောတဲ့အတိုင်းပဲ သဘောတူကြတာပေါ့။ ဒါပေမဲ့လို့ မနက်ဖြန်ပြီးတာနဲ့ ကျုပ်တို့ ထွက်မယ်။ နှောင်နှေးနေလို့ မဖြစ်တော့ဘူး။ ကျုပ်တို့ဟာ တိုက်ပွဲမတိုင်ခင် မထွက်သွားဘူးဆို အကုန်အချည်းနှီး ဖြစ်ကုန်လိမ့်မယ်…”

နေမကောင်းသည့်ပုံနှင့်သူသည် ထပ်တဲလဲ သဘောတူသည်။ ယင်းနောက်မှာ အသက်ဝင်သော ဆွေးနွေးပွဲတစ်ခုသည် ဤအခန်းထဲ၌ စတင်တော့သည်။ သူတို့က အသေးစိတ်အချက်အလက်များကို ပြောဆိုနေကြတာပင်။

ဟန်လိသည် အခန်းအပြင်ဘက်တွင် ရပ်နေလျက် သူတို့ ပြောသမျှ အားလုံးကို ရှင်းရှင်းလင်းလင်း ကြားနေရသည်။ သူသည် ထူးခြားစွာ မပြုံးမိဘဲ မနေနိုင် ဖြစ်ရ၏။ ထို့နောက်တွင် မိုးပြာအလင်းလင်းလက်လျက် သူသည် သဲလွန်စမရှိ ပျောက်ကွယ်သွားတော့သည်။

နောက်တစ်နေ့တွင် နေမကောင်းသည့်ပုံနှင့်လူသည် နေအိမ်ဝန်းမှ ထွက်လာပြီး ကြယ်စုံကောင်းကင်နန်းတော်ထံ ဦးတည်သည်။ သူကား သူ့အထက်မှ လူတစ်ယောက် လိုက်ပါလာတာကို လုံးလုံး သတိမပြုမိချေ။ ဟန်လိသည် ကြယ်စုံကောင်းကင်နန်းတော်၏ အနီးဝန်းကျင်နားထိ လိုက်လာပြီး ထိုနေရာသို့ ရောက်သည့်အခါ ထိုသူသည် အနီးရှိ အဆောက်အဦထဲသို့ သတိထား၍ လှစ်ခနဲ ဝင်သည်။

ထို့နောက်တွင်မူ ဟန်လိသည် တိတ်ဆိတ်စွာ စောင့်နေ၏။

တစ်နာရီလောက် ကြာသည့်နောက်မှာ ထိုသူသည် ယင်းအဆောက်အဦထဲမှ ခိုးကြောင်ခိုးဝှက် ပြန်ထွက်လာ၏။ သူ့မျက်နှာထက်တွင်လည်း စိတ်လှုပ်ရှားသည့် အရိပ်အယောင် ပေါ်နေသည်။ သည့်နောက်မှာ ဟန်လိသည် သူ့နောက်သို့ ပြန်၍ ထပ်လိုက်လာ၏။

သို့ရာတွင် မထင်မှတ်ထားသော တစ်စုံတစ်ခုသည် သူ့မျက်စိရှေ့၌ ဖြစ်ပွားလာသည်။

နေအိမ်အတွင်းသို့ မဝင်ခင် နေမကောင်းသည့်ပုံနှင့်သူ၏ စိတ်လှုပ်ရှားမှုသည် လုံးဝ ပျောက်ကွယ်ကာ မသက်မသာဖြစ်သည့်ဟန် အစားထိုးဝင်ရောက်သည်။ ထိုသည်ကို မြင်သည့်အခါ ဟန်လိသည် မျက်မှောင်ကြုတ်၏။ မေးစေ့ကို လက်ဖြင့် ပွတ်လျက် သူသည် စစဉ်းစားကြည့်သည်။

“ဖြစ်နိုင်တာက…”

All Chapters