← Chapters

ထိုးဖောက်ခြင်း

Vol. 37 Ch. 509

ထိုးဖောက်ခြင်း

Vol. 37 Ch. 509

တတိယမြောက်နေ့တွင် ကြည်လင်တောက်ပသော ကောင်းကင်အောက်၌ အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူအုပ်စုသည် သူတို့၏ ခြံဝန်းထဲကနေ ပျံသန်းထွက်လာပြီး ကြယ်စုံကောင်းကင်နန်းတော်ထံ ဦးတည်ကြသည်။

ညမထွက်ရ အမိန့်ရှိနေ၍ မနက်ခင်းအစောပိုင်းတွင် ဖြတ်သွားဖြတ်လာ ကျင့်ကြံသူ အရေအတွက်မှာ နည်းပါးသေးသည်။ သို့ဖြစ်၍ သူတို့ခုနစ်ယောက်သည် ပို၍ သတိထားကြသည်။ သူတို့တစ်ယောက်ချင်းစီသည် လမ်းတွင် ခေါင်းများ မော်မထားကြပေ။ သို့သော် ရှေ့ဆုံးမှ ပိုးဖဲဝတ်စုံဖြင့်သူကမူ ပျံသန်းနေရင်း သူ့ပတ်ဝန်းကျင်ကို သတိထား၍ ကြည့်နေသည်။

ကြယ်စုံကောင်းကင်နန်းတော်ထံ လာသည့် သူတို့၏ ခရီးစဉ် ချောမွေ့သည်။ မည်သည့်ပြဿနာမျှ မဖြစ်ခဲ့ပေ။ သူတို့သည် ကြယ်ကောင်းကင်နန်းတော်ထံ ရောက်လာသည့်အခါ သူတို့၏ အမူဟန်ပန်များက စိတ်သက်သာရာ ရကုန်၏။

သို့သော် ထိုအခိုက်တွင် ပိုးဖဲဝတ်ရုံနှင့်သူသည် ရုတ်တရက် လေထဲတွင် တုန်လှုပ်သည့်ဟန်ပန်ဖြင့် ရပ်သည်။ သူ့လက်ကို အလေးအနက် ပင့်မြှောက်ပြီး ထူးခြားသည့် ချိပ်ဟန်တစ်ခုကို ဖြစ်ပေါ်စေသည်။ အခြားသူများသည် ဤသည်ကို မြင်သည့်အခါ သတိကြီးကြီး ထားကုန်၏။

ထိုသူသည် ဗလာကင်းမဲ့နေသော နေရာတစ်ခုထံ စိုက်ကြည့်လျက် ပြင်းရှသော လေသံဖြင့် ပြောသည်။

“ရောင်းရင်းက ဘာကြောင့်များ ကျုပ်တို့ လမ်းကြောင်းကို တားဆီးပိတ်ပင်ရတာလဲ…”

တစ်ချိန်တည်းမှာ သူ့လက်က သူ့ခါးရှိ သိုလှောင်အိတ်ထံ ရောက်နှင့်ပြီး ဖြစ်၏။

သူတို့ရှေ့ရှိ ဗလာကင်းမဲ့နေသော နေရာထံမှ မိုးပြာအလင်းတစ်ခု တောက်ပသွားပြီး မိုးပြာဝတ်စုံနှင့် ကျင့်ကြံသူတစ်ယောက် ပေါ်လာသည်။ သူသည် လက်နောက်ပစ်လျက် ရပ်နေ၏။ သူက ဖြည်းဖြည်းချင်း ခပ်ဩဩလေသံဖြင့် ပြောလာသည်။

“ဟားဟား…ရောင်းရင်းတို့ စိုးရိမ်ဖို့ မလိုပါဘူး။ ကျုပ်က ခင်ဗျားတို့ကို စောင့်နေပေမယ့်လည်း တောင်းဆိုစရာလေး တစ်ခု ရှိရုံတင်ပါ…”

တစ်ဖက်သူ၏ ကျင့်ကြံမှုအဆင့်ကို ခံစားမိသည့်အခါ သူတို့အားလုံးသည် သတိအနေအထားဖြစ်ကုန်သလို စိုးရိမ်ကြောင့်ကြမှုလည်း မြင့်တက်လာသည်။ အခု သူတို့အုပ်စုရှေ့၌ စကားလာပြောသူမှာ အခြေခံတည်ဆောက်ခြင်း အထွတ်အထိပ်၊အတုအယောင် အမြုတေဖွဲ့စည်းခြင်းအဆင့်မှာ ရှိနေသည် မဟုတ်လား။

မျက်လုံးထဲ၌ အေးစက်မှု လင်းလက်သွားပြီး ပိုးဖဲဝတ်ရုံနှင့်သူသည် တည်ငြိမ်စွာ မေးလိုက်သည်။

“တာအိုရောင်းရင်းရဲ့ နာမည်က ဘာများလဲ။ ကျုပ်တို့က ခင်ဗျားကို ဘယ်လိုများ ကူညီပေးရမှာလဲ…”

မိုးပြာဝတ်ရုံနှင့်သူသည် ထိုခုနစ်ယောက်၏ မျက်နှာကို ဖြူရော်သွားစေမည့် စကားများ ပြောလာချေသည်။

“ကျုပ်နာမည်က ဝိညာဉ်သေပါ။ ကျုပ်က လေလွင့်ကျင့်ကြံသူတစ်ယောက်ပါပဲ။ ခင်ဗျားတို့က ကြယ်စုံကောင်းကင်နန်းတော်ဆီ သွားကြမလို့မလား။ ကျုပ်ကိုပါ ခေါ်သွားပေးလို့ ရနိုင်မလား။ ကျုပ်လည်း ပြင်ပကြယ်ပင်လယ်များဆီ သွားချင်ပါတယ်…”

ပိုးဖဲဝတ်စုံနှင့်သူသည် ထိုစကားကို ကြားသည့်အခါ သူ့အမူအရာမှာ လှုပ်ခတ်သွားသည်။ သူက ခဏ တိတ်ဆိတ်သွားပြီး ပြုံး၍ ပြန်ပြောသည်။

“ဒီတော့ ရောင်းရင်းက ဝိညာဉ်သေပေါ့။ ဒါပေမဲ့ ကြယ်စုံကောင်းကင်နန်းတော်နဲ့ ပြင်ပကြယ်ပင်လယ်များဆီကို သွားမယ်ဆိုတာက ခင်ဗျားအနေနဲ့ ဘာကို ဆိုလိုတာလဲ။ ကျုပ်တို့အုပ်စုက ကိုယ်ရေးကိုယ်တာ ကိစ္စလေး ရှိနေလို့ ဒီတိုင်း လာခဲ့တာ။ ကြယ်စုံကောင်းကင်နန်းတော်ဆီ သွားစရာ ကိစ္စလည်း ရှိမနေဘူး။ ရောင်းရင်း မှားပြောနေတာပဲ နေမယ်…”

အခြားသူများကမူ တိတ်ဆိတ်နေသည်။ သူတို့က သည်ကိစ္စအပေါ် ထိုပိုးဖဲဝတ်စုံဖြင့် လူကောင်ကြီးကြီးလူပေါ်၌သာ လက်လွှဲထားသည့်အလား။

ဝိညာဉ်သေသည် တဟားဟား ရယ်မောလျက် အေးဆေး ပြောသည်။

“ရောင်းရင်းယီက သံသယလွန်ကဲနေဖို့ မလိုပါဘူး။ ကျုပ်က ဒီကို ရောက်နှင့်နေမှတော့ ခုလောက်နဲ့ ကျုပ်ကို ဘယ်လိုလုပ် အရူးလုပ်လို့ ရပါမလဲ…”

ပိုးဖဲဝတ်စုံနှင့်သူ၏ စိတ်ထဲ၌ တုန်ယင်သွားသည်။ သူက နှာခေါင်းရှုံ့၍ ပြော၏။

“ဟက်…ခင်ဗျားက ကျုပ် ဘယ်သူဘယ်ဝါမှန်း သိနေမှတော့ ကျုပ်တို့အစီအစဉ်ကိုလည်း သဘောပေါက်ထားမှာပေါ့…”

ထို့နောက်တွင် သူသည် သိုလှောင်အိတ်ထဲမှ သူ့လက်ကို ပြန်ထုတ်ရန် ဟန်ပြင်သည်။

အခြားကျင့်ကြံသူများသည်လည်း မိုးပြာဝတ်စုံနှင့်သူကို ဝိုင်းလိုက်ကြသည်။

မိုးပြာဝတ်စုံနှင့်သူသည် သူတို့၏ လှုပ်ရှားမှုများကို လစ်လျူရျုပြီး အေးအေးဆေးဆေးဖြင့် ပြောသည်။

“ခင်ဗျားတို့က ကျုပ်ကို သတ်ဖို့ မကြိုးစားစေချင်ဘူး။ ကျုပ်ကိုယ်ကျုပ် မြှောက်ပြောတာ မဟုတ်ပေမယ့် ခုလက်ရှိ ကျုပ်ရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ဆို ခင်ဗျားတို့ ကျုပ်ကို မြန်မြန်ဆန်ဆန် သတ်နိုင်မှာ မဟုတ်ဘူး။ ကျုပ်သာ အော်ပြီးတော့ ကြယ်နန်းတော်ကို အကူအညီတောင်းခံလိုက်ရင် ဘာတွေဆက်ဖြစ်မလဲ ကျုပ် သိချင်မိတယ်…”

သူ ထိုသို့ ပြောသည့်နောက်မှာ ထိုကျင့်ကြံသူအုပ်စုသည် တစ်ယောက်ကိုတစ်ယောက် ကြည့်မိကုန်သည်။ သူတို့၏အကြည့်က ပိုးဖဲဝတ်စုံနှင့်သူထံ ကျရောက်သွားကြသည်။

ထိုသူသည် မျက်နှာပျက်နေပြီ။ တဖက်သူ၏ ခြိမ်းခြောက်မှုမှာ ဟာသမဟုတ်မှန်း သူ သိ၏။

ခဏ စဉ်းစားပြီးနောက်မှာ သူ့ဒေါသကို ဖိနှိပ်လျက် အေးတိအေးစက် မေးလာသည်။

“ရောင်းရင်းက ကျုပ်တို့ရှိက ဘာအကူအညီ လိုချင်တာလဲ။ ကျုပ်တို့မှာ ခုနစ်ယောက် ပြည့်နေပြီ။ ဒါ့အပြင် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ဟာ တစ်ကြိမ်မှာ ခုနစ်ယောက်ပဲ ခေါ်ဆောင်ပေးမှာ။ ကျုပ်တို့က နောက်တစ်ယောက် ထပ်ခေါ်လာခဲ့ရင်တောင် သူတို့က ငြင်းလိမ့်မယ်…”

မိုးပြာဝတ်စုံနှင့်သူသည် ပြုံး၍ ပြော၏။ “စိတ်အေးအေးထားပါ။ ကျုပ်က ခင်ဗျားတို့ကို ခက်ခဲအောင် လုပ်မှာ မဟုတ်ပါဘူး။ ကျုပ် ခန်းမထဲ ဝင်နိုင်တာနဲ့ သူတို့ကို ဆွဲဆောင်ဖို့ နည်းလမ်း ကျုပ်မှာ ရှိပါတယ်။ သဘောတူညီမှု မရဘူးဆိုလည်း ကျုပ်က ဒီကိစ္စကို အတင်းအကြပ် လုပ်မှာ မဟုတ်သလို ခင်ဗျားတို့ရဲ့ အစီအစဉ်ကိုလည်း ဖျက်လိုဖျက်စီး လုပ်မှာ မဟုတ်ဘူး…”

“ဒီလောက်ပဲလား…” သူသည် မျက်မှောင်ကြုတ်သွား၏။ သူ့ထံ၌ သံသယရှိဟန် ဖြစ်ပေါ်သည်။

“အဲ့လောက်ပါပဲ…” မိုးပြာဝတ်စုံနှင့်သူက သေချာကြောင်း ပြန်ပြော၏။

ထိုလူသည် တစ်ကိုယ်တည်း တီးတိုးရေရွတ်နေပြီးနောက်မှာ သူက အံတင်းတင်းကြိတ်လျက် ပြောလာ၏။

“ကောင်းပြီ…ကျုပ်တို့က ခင်ဗျားကို မိတ်ဆက်ပေးမယ်။ ကျုပ်တို့ဘက်က သဘောတူပေးနိုင်တာ ဒါအကုန်ပဲ…”

တစ်ဖက်သူ သဘောတူမည်ကို မျှော်လင့်ထားပြီး ဖြစ်သည့်အလား မိုးပြာဝတ်စုံနှင့်သူက တည်တည်ငြိမ်ငြိမ်ပင် ပြန်ပြောသည်။

“ဒီလိုဆိုရင် ခင်ဗျားကို ကျုပ် ကျေးဇူးတင်ပါတယ်…”

နေမကောင်းသည့်ဟန်နှင့် သူသည် ကောင်းကင်ထက်သို့ မော့ကြည့်လျက် ပူပန်တကြီးဖြင့် လောသည်။

“ရောင်းရင်းတို့ ကြယ်စုံကောင်းကင်နန်းတော်ကို မြန်မြန်သွားကြရအောင်။ ကျုပ်တို့ နောက်ကျနေပြီ။ အဲ့လိုဆို သူတို့တွေ စိတ်မရှည် ဖြစ်လာလိမ့်မယ်…”

မိုးပြာဝတ်စုံနှင့်သူက ထိုသို့ ပြောလာသူထံ တစ်ချက် လှမ်းကြည့်သည်။ သို့သော် ပိုးဖဲဝတ်စုံနှင့်သူသည် စကားတစ်ခွန်းမှ မဆိုတော့ဘဲ သူ့လက်ကို ပင့်မြှောက်ပြပြီး ရှေ့ဆက်ကြသည်။ သူတို့သည် မိုးပြာဝတ်စုံနှင့်သူကို အလည်တွင် ထားထား၍ ရှေ့ဆက်ကြသည်။ သူတို့က သူ့ကို အလွတ်မပေးထားသည့် သဘောပင်။ မိုးပြာဝတ်စုံနှင့် သူသည် တည်တည်ငြိမ်ငြိမ်ပင် လိုက်လာသည်။

သူတို့အဖို့ ကြယ်စုံကောင်းကင်နန်းတော်ထံ ရောက်လာဖို့ သိပ်မကြာလိုက်ပေ။ ထိုအုပ်စု နန်းတော်ရှေ့သို့ ရောက်လာစဉ် နေမကောင်းသည့်ဟန်နှင့်သူသည် ရုတ်တရက် အရှိန်မြင့်ကာ ရှေ့သို့ တိုးသွားပြီး အဆောက်အဦထဲသို့ အရင် ဝင်ရောက်၏။

ပိုးဖဲဝတ်စုံနှင့်သူကော၊ အခြားသူများကောသည် ဤသည်ကို ထူးခြားသည်ဟု မထင်ကြပေ။ တကယ်တော့ ထိုသူကသာ ကောင်းကင်ကြယ်နန်းတော်မှ သူများနှင့် အဆက်အသွယ်ရှိသူ မဟုတ်လား။ သူတို့ ရောက်လာသည့်အခါ သူ့အနေဖြင့် ဦးဆောင်ရမှာ သဘာဝပင်။ ဘာမျှ မှားမနေပေ။

အထဲသို့ ဝင်လာပြီးနောက်မှာ သူတို့အုပ်စုသည် တည်ငြိမ်မှုရရန် ခက်နေသည်။ သူတို့၏ မျက်နှာထက်၌ ကြောင့်ကြစိုးရိမ်မှုများ ပေါ်နေ၏။ ကြယ်စုံကောင်းကင်နန်းတော်ထဲသို့ ဝင်လာပြီး ဖြစ်၍ ခုချိန်၌ သူတို့၏ အသက်များသည် တဖက်သူများ၏လက်ထဲသို့ ကျရောက်သွားပြီ မဟုတ်လား။ သို့သော် အရာအားလုံးကမူ မျှော်လင့်ထားသည့်အတိုင်း ဆက်သွားနေပုံ ရသည်။

သည်နေရာတွင် အတားအဆီးများလည်း မရှိနေပေ။ ကြည့်ရတာ နန်းတော် တာဝန်ရှိသူများသည် ၎င်းတို့ကို ကြို၍ ဖယ်ရှားပေးထားပုံ ရသည်။

သို့သော် သူတို့အုပ်စု အစိုးရိမ်ရဆုံးမှာ သည်အဆောက်အဦထဲရှိ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို စောင့်ကြပ်နေသော ကြယ်နန်းတော်မှ အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူနှစ်ယောက်ကိုပင်။

နေမကောင်းသည့်ပုံနှင့်သူက ထိုနှစ်ယောက်ကို မြင်သည့်အခါ ချက်ခြင်း ရွှင်လန်းစွာ ပြုံး၍ သူတို့ထံ လှမ်းသွားပြီး တလေးတစား နှုတ်ဆက်သည်။

“စီနီယာကူး၊ စီနီယာချန်း…ကျနော်တို့ ရောက်ပါပြီ။ စီနီယာတို့ဘက်ကကော ပြင်ဆင်ပြီးပြီလားဗျ…”

ထိုနှစ်ယောက်ထဲမှ ဦးခေါင်းပြောင်နှင့် အဘိုးအိုက ခေါင်းညိတ်ပြပြီး ဖြည်းဖြည်းချင်း ပြောသည်။

“ငါတို့ဘက်က အဆင်သင့်ပဲ။ မင်းတို့ စိတ်ဝိညာဉ်ကျောက်တုံးတွေ ပေးပြီးတာနဲ့ ငါတို့က လူတစ်ယောက်စီအတွက် ရွှေ့ပြောင်းခြင်းအဆောင်တွေကို ပေးမယ်။ မင်းတို့ တတ်နိုင်သမျှ အမြန်ထွက်သွားနိုင်တယ်။ ဒါပေမဲ့ ပေးရမယ့် စိတ်ဝိညာဉ်ကျောက်တုံးတွေတော့ လျော့လို့ မရဘူး…”

ပိုးဖဲဝတ်စုံနှင့်သူသည် ရှေ့သို့ လှမ်းလာပြီး တလေးတစား ပြောသည်။

“စိတ်ချပါ စီနီယာ…။ ကျုပ်တို့ သဘောတူထားတဲ့ စိတ်ဝိညာဉ်ကျောက်တုံး ပမာဏကို ယူလာခဲ့ပါတယ်…”

ထိုဦးခေါင်းပြောင် အဘိုးအိုသည် သူ့ကို သုံးလေးကြိမ်လောက် စူးစမ်းကြည့်ပြီးသည့်နောက်မှာ ပြောလာသည်။

“ဒီတော့ မင်းက တာအိုရောင်းရင်းယီ ဖြစ်ရမယ်။ မျှော်လင့်ထားတဲ့အတိုင်း မင်းရဲ့ ကျင့်ကြံခြင်းက ထူးကဲပါတယ်…”

သို့သော် သူ့အကြည့်က ဟန်လိထံသို့ ကျရောက်သွားချိန်တွင်မူ သူသည် မျက်နှာပျက်သွားသည်။

သုန်မှုန်သွားပြီး သူက ပြောလာ၏။

“ငါတို့ သဘောတူထားတာ ခုနစ်ယောက် မဟုတ်လား။ နောက်တစ်ယောက်က ဘယ်လိုလုပ် ဒီမှာ ရှိနေရတာလဲ။ ဒီရောင်းရင်းကလည်း အတုအယောင် အမြုတေဖွဲ့စည်းခြင်းအဆင့်မှာပဲမလား။ ခင်ဗျား ဘယ်သူလဲ ကျုပ် သိလို့ ရနိုင်မလား…”

“သူက…” ပိုးဖဲဝတ်စုံနှင့်သူသည် ခါးသီးစွာ ပြုံး၏။ သူက ရှင်းပြချင်နေသည်။ သို့သော် ဟန်လိက ပြုံး၍ ကြားဖြတ်ကာ ဝင်ပြောလာသည်။

“ကျုပ်က လေလွင့်ကျင့်ကြံသူတစ်ယောက် ဖြစ်တဲ့ ဝိညာဉ်သေပါ။ ပြင်ပကြယ်ပင်လယ်များဆီ သွားချင်ပါတယ်။ တာအိုရောင်းရင်းယီနဲ့ အခြားသူတွေဆီက ကျုပ် ကြားရသလောက်တော့ အဲ့လို သွားဖို့အတွက် စိတ်ဝိညာဉ်ကျောက်တုံး ငါးထောင် ကုန်ကျမယ်တဲ့။ စီနီယာတို့ အပြစ်မယူဖို့ မျှော်လင့်မိပါတယ်။ စီနီယာတို့ကသာ ကျနော့်ကိုလည်း လက်ခံပေးမယ်ဆို ဒီအစီအရင်ကို အသုံးပြုဖို့အတွက် နှစ်ဆ ပေးပါ့မယ်…”

“နှစ်ဆ ဟုတ်လား…” ထိုဦးခေါင်းပြောင်နှင့် သူသည် ခဏတော့ တုန်လှုပ်အံ့အားသင့်သွားသည်။ သူက သူ့ဘေးရှိ ပညာရှိဟန်ပန်နှင့် သက်လတ်ပိုင်းလူထံသို့ လှမ်းကြည့်၏။

ထိုသက်လတ်ပိုင်းလူသည် မျက်မှောင်ကြုတ်ကာ ဖြည်းဖြည်းချင်း ပြောသည်။

“မင်းက နှစ်ဆပေးမယ်ဆိုရင်တောင် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ဟာ တစ်ကြိမ်မှာ လူခုနစ်ယောက်ပဲ အများဆုံး ပို့ပေးနိုင်တယ်။ ပြီးတော့ မင်း တစ်ယောက်တည်းအတွက် ဒီအစီအရင်ကို အသုံးပြုပေးဖို့ဟာလည်း မဖြစ်နိုင်ဘူး။ မဟုတ်ရင် ကျုပ်တို့အထက်ကသူတွေကို ဖုံးကွယ်ဖို့ ခက်ခဲသွားလိမ့်မယ်…”

“ဂျူနီယာလည်း အဲ့လို တွေးထားပြီးသားပါ။ ဒါ့ကြောင့် စီနီယာတို့ကို ခက်ခဲအောင် လုပ်မှာ မဟုတ်ပါဘူး…”

ဟန်လိသည် ပြုံး၍ တစ်ဖက်သို့ ခေါင်းလှည့်ကြည့်ပြီး အားနာသည့်ဟန် တစ်စက်မျှ မရှိဘဲ ပြောချသည်။

“ရောင်းရင်းက ကျုပ်ကို နေရာဖယ်ပေးနိုင်မလားဗျ…”

All Chapters