ခြိမ်းခြောက်အကျပ်ကိုင်ခြင်း
Vol. 37 Ch. 510
ဟန်လိသည် နေရာအစားပေးဖို့ တောင်းဆိုလိုက်သည့်သူမှာ နေမကောင်းသည့်ပုံနှင့်လူထံမှ ဖြစ်၏။
“ခင်ဗျား ဘာပြောလိုက်တာလဲ…” ထိုသူ၏မျက်နှာထက်၌ အလန့်တကြား ဖြစ်သွားသလို ခဏအကြာ ဒေါသထွက်ဟန် ဖြစ်ပေါ်သည်။
အခြားသူများသည်လည်း တစ်ယောက်နှင့် တစ်ယောက်ကြည့်မိကုန်သည်။ သူတို့သည် ဟန်လိ၏ ရည်ရွယ်ချက်ကို မသိနေဘဲ ရှိ၏။
ဟန်လိသည် တည်ငြိမ်စွာပင် ပြောလိုက်သည်။
“စိတ်အေးအေးထားပါ…ရောင်းရင်း။ ကျုပ်က အလကား ခင်ဗျားကို နေရာဖယ်ပေးခိုင်းမှာ မဟုတ်ပါဘူး။ ကျုပ်မှာ အဆင့်ငါးနတ်ဆိုးသားရဲ အမြုတေနှစ်ခု ရှိတယ်။ ခင်ဗျားနေရာအတွက် ဒါတွေကို ကျုပ် ပေးမယ်လေ…”
ဟန်လိသည် သူ့ဝတ်ရုံထဲမှ အပြာရောင်အလုံးနှစ်ခုကို ထုတ်ယူသည်။ ၎င်းတို့ထံမှ ထုတ်လွှတ်နေသော ချီအရ အဆင့်ငါးနတ်ဆိုးသားရဲ အမြုတေများ ဖြစ်မှန်း သိသာ၏။
ထိုသူသည် ၎င်းအမြုတေနှစ်ခုကို လိုချင်တပ်မက်ဟန်ဖြင့် ကြည့်၏။ သို့သော် ခဏအကြာ သူက တစ်စုံတစ်ခုကို တွေးမိသွားပြီး အေးတိအေးစက် နှာခေါင်းရှုံ့ကာ ပြောသည်။
“ဟက်…ဒီအမြုတေနှစ်ခုအတွက်နဲ့ ကျုပ် နေရာကို ပေးရမယ်တဲ့လား…”
ဟန်လိသည် စိတ်မဆိုးပေ။ ထိုအစား သူက ထူးခြားစွာ ပြုံး၍ သူ့နှုတ်ခမ်းသည် လေးငါးကြိမ်လောက် တုန်ခါသွား၏။ သူသည် လူတိုင်းရှေ့မှာပင် ထိုသူ့ထံ အသံပို့လွှတ်လိုက်တာ သိသာသည်။ သူ့စကားသံများကို ကြားရသည်နောက်မှာ နေမကောင်းသည့်ပုံနှင့်လူမှာ ရုတ်တရက် ဖြူရော်သွားသည်။
ထို့နောက်တွင်မူ ဟန်လိသည် အသံပို့လွှတ်ခြင်း မရှိဘဲ ပြော၏။
“ဒီလောက်ဆို ရောင်းရင်းနဲ့ အလဲအလှယ် မဖြစ်စရာ မရှိတော့ပါဘူး။ ကျုပ် ပြောတာ မှန်တယ်မလား…”
ထိုသူသည် ဟန်လိ၏ စကားကို ကြားသည့်အခါ သူ၏ စိုးရိမ်ကြောင့်ကြနေသော မျက်နှာမှာ ချွေးစေးများ ပြန်လာသည်။ ဟန်လိထံသို့ ကြမ်းကြုတ်ဟန်ဖြင့် တစ်ချက်လှမ်းကြည့်ပြီးနောက်မှာ သူက အံတင်းတင်းကြိတ်၍ ပြောလိုက်၏။
“ကောင်းပြီ။ ရောင်းရင်းက အဲ့လို ပြောမှတော့ ကျုပ် နေရာ ခင်ဗျားကို ပေးပါ့မယ်…”
ထိုစကားများကား အခြားခြောက်ယောက်ကို တုန်လှုပ်သွားစေ၏။
ပိုးဖဲဝတ်စုံနှင့်သူက အမူအရာ ပျက်သွားပြီး နေမကောင်းသည့်ပုံနှင့်လူထံ စိုက်ကြည့်၏။ သူက အေးစက်စွာ ပြောလိုက်သည်။
“ရောင်းရင်းကျန်း…ခင်ဗျား ဘာပြောလိုက်တာလဲ။ ကျုပ်တို့ အတူတကွ သွားကြမယ်လို့ ပြောထားခဲ့ကြတာ မဟုတ်ဘူးလား။ ခင်ဗျားက ဘာကြောင့်…”
သူ့စကားမဆုံးခင်မှာပင် နေမကောင်းသည့်ပုံနှင့်လူက ခါးသီးစွာ ရယ်မောပြီး အကူအညီမဲ့စွာ ပြောလာသည်။
“ကျုပ် တကယ်ပဲ တောင်းပန်ပါတယ်။ ဒါပေမဲ့ ကျုပ်တို့ အချိန်တစ်ခုတော့ ခွဲရမှာ စိုးမိတယ်။ ခင်ဗျားတို့ပဲ အရင် သွားလိုက်ကြပါ။ နောက်ထပ် အခွင့်အရေးထပ်ရခဲ့ရင် ကျုပ် လိုက်လာခဲ့ပါမယ်…”
ပိုးဖဲဝတ်စုံနှင့်သူသည် စကားထပ် မဆိုလေတော့။ ကျန်သည့်သူများလည်း ထိုနည်းတူပင်။ ကြည့်ရတာ သူတို့၏ တာအိုရောင်းရင်းကျန်းမှာ သူ့နေရာကို ပေးဖို့ ဆုံးဖြတ်ပြီးသွားပြီ မဟုတ်လား။ ဆက်ပြောနေလည်း အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။ ကံကောင်းသည်မှာ လူတစ်ယောက် လျော့သွား၍ သူတို့၏ အစီအစဉ်များ၌ သိသိသာသာ ကွာခြားမှု မဖြစ်သွားနိုင်ပေ။
ဦးခေါင်းပြောင်နှင့် အဘိုးအိုက မျက်မှောင်ကြုတ်လျက် နေမကောင်းသည့်ပုံနှင့်လူထံ မကျေမချမ်း စိုက်ကြည့်၏။
“ဟား…မင်းတို့ စိတ်ကြိုက် နေရာချင်း လဲလို့ ရတယ်လို့ ဘယ်သူကများ ပြောခဲ့တာလဲ…”
“စီနီယာကူး…ကျုပ်…” ထိုသူက ရှင်းပြရန် ကြိုးစား၏။ သို့သော် သူ့ထံမှ မည်သည့်စကားမျှ ထွက်မလာခဲ့ပေ။
သို့သော် ထိုချိန်၌ ဟန်လိသည် သူ့လက်ကို လှုပ်ခါ၍ ကျောက်စိမ်းသေတ္တာနှစ်ခုကို ထုတ်ယူပြီး တစ်ခုကို ဦးခေါင်းပြောင်အဘိုးအိုထံ ကျန်တစ်ခုကို သူ့ဘေးရှိ ပညာရှိဟန်ပန်နှင့်သူထံသို့ ပစ်ပေးလိုက်သည်။
ကျောက်စိမ်းသေတ္တာများကို မြင်သည့်အခါ သူတို့က ဖမ်းယူပြီး ဟန်လိထံ တည်တည်ငြိမ်ငြိမ် လှမ်းကြည့်သည်။
ဟန်လိက အသားနားခံသည့်ဟန်ပန်ဖြင့် ပြောလိုက်သည်။
“ဒီသေတ္တာတွေထဲမှာ ဂျူနီယာ မထင်မှတ်ဘဲ ရလာခဲ့တဲ့ ရတနာနှစ်ခု ပါပါတယ်။ ကျေးဇူးပြုပြီး စီနီယာလို့ ဒါကို လက်ခံပေးပါ…”
သူတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် ကြည်မိကြသည်။ သူတို့မျက်လုံးထဲ၌ သိချင်စိတ်များ ရှိနေသည်။ သေတ္တာကို စူးစမ်းပြီးနောက်မှာ ၎င်းထံ၌ မည်သည့် လှည့်ကွက်မျှ ရှိမနေပုံ ပေါ်သည်။ သူတို့သည် သေတ္တာများကို သတိထား၍ ဖွင့်ကြသည်။ အထဲ၌ တွေ့မြင်ရသည့်အရာကြောင့် သူတို့နှစ်ယောက်လုံးထံတွင် ပျော်ရွှင်အံ့အားသင့်ဟန်များ အလိုလို ဖြစ်ပေါ်သည်။ ပညာရှိဟန်နှင့်သူသည် ပြောလာ၏။
“တာအိုရောင်းရင်း ဝိညာဉ်သေက ဒီရတနာနှစ်ခုကို ကျုပ်တို့ဆီ တကယ်ပဲ ပေးချင်စိတ် ရှိတာလား…”
ဟန်လိသည် မသိမသာ ပြုံး၍ ပြန်ပြောသည်။
“ဒီပစ္စည်းနှစ်ခုဟာ အဖိုးတန်မှန်း ဂျူနီယာသိပေမယ့် ခုလက်ရှိ ဂျူနီယာရဲ့ ကျင့်ကြံမှုနဲ့ ဒါတွေက အသုံးမတည့်ပါဘူး။ ဒါ့ကြောင့် ပြင်ပပင်လယ်ပြင်ဆီ သွားပြီး အေးအေးချမ်းချမ်း ကျင့်ကြံချင်စိတ်ပဲ ဂျူနီယာမှာ ပိုရှိပါတယ်…”
ဦးခေါင်းပြောင်နှင့်အဘိုးအိုသည် သူ့အဖော်နှင့် ဆွေးနွေးပြီး သူသည် အလျင်အမြန်ပင် သဘောတူသည်။
“ဟားဟား…ကောင်းတယ်။ ရောင်းရင်းဝိညာဉ်သေဟာ ကျုပ်တို့ကို ဒီလို လက်ဆောင်မျိုး ပေးမှတော့ ကျုပ်တို့ကလည်း အကျိုးအကြောင်း မသိတဲ့သူတွေ မဟုတ်ပါဘူး။ ခင်ဗျားအနေနဲ့ အခြားခြောက်ယောက်နဲ့အတူ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို အသုံးပြုနိုင်ပါတယ်…”
ပညာရှိဟန်ပန်နှင့် ကျင့်ကြံသူချန်းသည် မပျော်မရွင်ဟန် ပေါက်နေသော်လည်း သူ့လက်ထဲရှိ ပစ္စည်း၏ စွဲဆောင်မှု ခံရကာ သူသည် ဆန့်ကျင်ဘက်အနေနှင့် ဘာမျှ ဝင်မပြောတော့ပေ။ ထိုမြင်ကွင်းသည် အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူများ၏ စိတ်နှလုံးကို လှုပ်ခါသွားစေသည်။ ထိုသေတ္တာထဲ၌ မည်သည့်အရာများ ပါလေသနည်းဟု သိချင်စိတ်လည်း ပြင်းပြင်းပျပျ ဖြစ်ကုန်၏။ သို့ပေမည့် ကြယ်နန်းတော်မှ ကျင့်ကြံသူများသည် သေတ္တာများကို ခပ်မြန်မြန် ပြန်ပိတ်လိုက်ကြ၏။
သို့ပေမည့် ပိုးဖဲဝတ်စုံနှင့်သူကမူ ထိုသေတ္တာနှစ်ခုကို ကြည့်ပြီး သူ့မျက်လုံးထဲ၌ အံ့အားသင့်ဟန် ဖြတ်ပြေးသွားသည်။ သူသည် သေတ္တာထဲ၌ မည်သည့်အရာ ပါနေသလဲကို မမြင်နိုင်သော်လည်း သူတို့ပြောပုံအရ မှော်ရတနာ ဟူသော စကားလုံးနှစ်လုံးကို မတွေးမိဘဲ မနေနိုင် ဖြစ်သွားသည်။ ဝိညာဉ်သေဆိုသူသည် သည်စီနီယာနှစ်ယောက်ကို မှော်ရတနာများ တကယ်ပဲ ပေးခဲ့လေသလား။ ခန့်မှန်းချက်တစ်ခုမျှသာ ဆိုသော်ငြား သူသည် အံ့အားမသင့်မိဘဲ မနေနိုင် ဖြစ်ရ၏။
ပိုးဖဲဝတ်စုံဖြင့် သူ၏ အတွေးများ မဆုံးသေးခင်မှာပင် ကြယ်နန်းတော်မှ ကျင့်ကြံသူနှစ်ယောက်သည် သူတို့နောက်မှ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ဘက်သို့ လှည့်ပြီး အဖြူရောင်ကျောက်စိမ်းအမိန့်ပြားတစ်ခုကို လက်ထဲ၌ ဆုပ်ကိုင်လျက် မန္တာန်တစ်ခုကို စတင် ရွတ်ဆိုသည်။ အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူများသည် ဤသည်နှင့် ပတ်သက်၍ မည်သည့်ထူးခြားချက်ကိုမျှ မမြင်သော်ငြား ဟန်လိကမူ စိတ်အေးသွားကာ သက်ပြင်းရှည်ကြီး ချမိတော့သည်။
“ကံကောင်းလို့…ဒီတည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ပေါ်မှာ လှည့်ကွက်တစ်ခု ရှိနေတာပဲ။ ငါ ဒါကို မသိဘဲ ဒီအစီအရင်ထဲ ဝင်ခဲ့မိရင် ခက်ခဲတဲ့အခြေအနေထဲ ကျရောက်သွားနိုင်တယ်…”
သူ ထိုနှစ်ယောက်ကို ပေးခဲ့သော ကျောက်စိမ်းသေတ္တာများထဲ၌ အနီရောင်တလက်လက် တောက်ပသော ဓားတိုမှော်ရတနာတစ်ခုစီ ပါသည်။ ထိုဓားများသည် အရိုးသခင် သတ်ခဲ့သော ဟုယွဲ့ထံမှ သူ ရခဲ့တာ ဖြစ်သည်။
(မှတ်ချက် ဟုယွဲ့အသတ်ခံခဲ့ရသည့် အကြောင်းကို အပိုင်း (၄၂၅) တွင် ဖော်ပြထားပြီး ဖြစ်ပါသည်။)
ထိုမှော်ရတနာများသည် ထူးခြားအံ့ဖွယ် မကောင်းနေသော်လည်း သာမန်အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူများအတွက်မူ အလွန်တရာ အဖိုးတန်နေသည်။
မှော်ရတနာသည် လူတစ်ယောက်၏ အသိစိတ်နှင့် မချိတ်ဆက်ထားနိုင်ခဲ့လျှင်ပင် ၎င်း၏ ခွန်အား ခုနစ်ဆယ်ရာခိုင်နှုန်းကို အသုံးပြု၍ ရပေသည်။ သည့်အတွက်ကြောင့် သာမန်အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူများအတွက် မှော်ရတနာတစ်ခုကို ရရန် တောင့်တကြခြင်းပင်။
မှော်ရတနာများစွာသည် နှစ်များ တစ်လျှောက် ရှိခဲ့ကြသော်လည်း အများစုသည် တိုက်ပွဲ၌ ပျက်စီးကြ၏။ ကျန်သည့် မှော်ရတနာများထဲမှ အများစုမှာလည်း စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများ သို့မဟုတ် သာမန်ထက် ပိုအစွမ်းထက်သော အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများ၏ လက်ထဲသို့ ရောက်ကုန်ကြတာ များသည်။
ကြယ်နန်းတော်ကဲ့သို့ အင်အားစုကြီး၌ မှော်ရတနာများစွာ ပိုင်ဆိုင်ထားမှာ သိသာသည်။ သို့သော် အလားတူပင် သူတို့၌ အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူ အရေအတွက်ကလည်း များလှသည်။
သို့ဖြစ်၍ သည်နှစ်ယောက်ကဲ့သို့ အမြုတေဖွဲ့စည်းခြင်းအစောပိုင်း ကျင့်ကြံသူနှစ်ယောက်အဖို့ အင်အားစုအတွက် ကောင်းကျိုး ဆောင်ပေးထားခြင်းသာ မရှိခဲ့လျှင် သူတို့အတွက် မှော်ရတနာများ ချီးမြှင့်ခံရလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် သူတို့သည် မှော်ရတနာတစ်ခု သူတို့လက်ထဲ ကျရောက်လာသည့်အခါ၌ အလွန်ပျော်မြူးသွားခဲ့တာပင်။ ထိုမှော်ရတနာများကို သန့်စင်ပြီးပါက သူတို့၏ ခွန်အားသည် များစွာ တိုးတက်လာမည် မဟုတ်လား။
ဟန်လိက သည်အခြေအနေကို အပြည့်အဝ ဖမ်းဆုပ်ခဲ့တာသာ ဖြစ်၏။
ဟန်လိသည် နေမကောင်းသည့်ဟန်နှင့်လူ၏ အမူအရာသည် နေအိမ်ခြံဝန်းသို့ ပြန်ရောက်သည့်အချိန်၌ ပြောင်းလဲသွားခဲ့တာ မြင်သည့်အခါ သူက ထိုသို့ ပြောင်းလဲမှုနှင့် ပတ်သက်ပြီး သိချင်စိတ် ဖြစ်ခဲ့မိသည်။ ထို့ကြောင့် ဟန်လိသည် သူ့အခန်းထဲသို့ လျှို့ဝှက်ဝင်ရောက်ခဲ့သည်။ သည့်နောက်မှာ သူသည် သူ့ကို သတိမမေ့တမေ့ အခြေအနေဖြစ်အောင် လုပ်သည်။ ထိုသို့ ပြုလုပ်ပြီး သူ၏ အားကောင်းသော စိတ်ဝိညာဉ်နှင့်အတူ ညှို့ငင်ခြင်းပညာရပ်ကို အသုံးပြုကာ ထိုသူ၏ အနက်ရှိုင်းဆုံးအတွေးများကို နှိုက်ထုတ်ကြည့်သည်။
ဤသို့ဖြင့် ဟန်လိသည် ထိုသူနှင့် ကြယ်နန်းတော်မှ ကျင့်ကြံသူများသည် အခြားအခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူများထံမှ စိတ်ဝိညာဉ်ကျောက်တုံး ရနိုင်သလောက် ညှစ်ထုတ်ကြရန် တိုင်ပင်ထားခဲ့သည့်အကြောင်းကို သိခဲ့ရသည်။
ဟန်လိသည် သူ၏ နတ်ဆိုးအမြုတေနှစ်ခုနှင့်အတူ ထိုအကြောင်းဖြင့် သည်လူ့အား ခြိမ်းခြောက်ခဲ့သည့်အခါတွင်မူ နေမကောင်းသည့်ဟန်နှင့်လူသည် ဟန်လိကို နာခံခဲ့ရတော့သည်။ ထိုသို့ နာခံခဲ့ရချိန်၌ သူသည် ကြယ်နန်းတော်မှ ကျင့်ကြံသူများက သူ့အပေါ် ထောင်ချောက်ဆင်ခဲ့လားဟုပင် မစဉ်းစားမိဘဲ မနေနိုင် ဖြစ်ခဲ့သည်။
အခုချိန်တွင် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်သည် အဖြူရောင် စတင်လင်းလက်လာသည်။ ကြည်လင်လှသော မြည်သံနှင့်အတူ အဖြူရောင်တောက်ပမှုမှာ ရုတ်တရက် ပျောက်ကွယ်သွား၏။
အစီအရင်၏ အတားအဆီးများပျောက်ကွယ်သွားတာ မြင်သည့်နောက်မှာ ဦးခေါင်းပြောင်အဘိုးအိုသည် အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူအုပ်စုဘက်သို့ လှည့်၍ ပွင့်ပွင့်လင်းလင်း ပြောလာသည်။
“ပုံမှန်ဆို ဒီအဆောက်အဦထဲမှာ နောက်ထပ် တာဝန်ရှိသူတစ်ယောက် ရှိသေးတယ်။ ဒါပေမဲ ကံကောင်းတာကတော့ သူဟာ ပြီးခဲ့တဲ့ရက်တုန်းက ကိစ္စအချို့ ကိုင်တွယ်ဖို့ ကြယ်နန်းတော်ခန်းမဆီ သွားခဲ့ရတယ်။ မဟုတ်ရင် မင်းတို့အနေနဲ့ ပိုပေးရလိမ့်မယ်။ ကောင်းပြီ…အခုပဲ မင်းတို့ရဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေ လာပေးကြပါ…”
သူ ထိုသို့ ပြောပြီးသည့်နောက်မှာ ကျင့်ကြံသူတိုင်းသည် သူတို့၏ ကြိုတင်ပြင်ဆင်ထားပြီးသော သိုလှောင်အိတ်များကို ထုတ်၍ ထိုအဘိုးအိုထံ ပေးကြသည်။
ဟန်လိကမူ နောက်ထပ် သားရဲအမြုတေနှစ်ခုကို ထုတ်ယူပြီး ပေးသည်။ ထိုအခါ အနှီအဘိုးအို၏ မျက်နှာထက်၌ အံ့ဩထိတ်လန့်ဟန် ဖြစ်ပေါ်သည်။
ပေးလာသည့် သိုလှောင်အိတ်များကို စစ်ဆေးကြည့်ပြီးနောက်မှာ သူက ကျေနပ်စွာဖြင့် ခေါင်းညိတ်သည်။ ထိုသည်ကို မြင်သည့်အခါ သက်လတ်ပိုင်းအရွယ်ပညာရှိဟန်နှင့်သူသည် အဆောင်များကို ထုတ်ကာ ဟန်လိနှင့် အခြားသူများအား ပေးသည်။
သူက အစီအရင်ထံ လက်ညှိုးထိုးပြီး အေးစက်စက် ပြော၏။
“ဒါက ရွှေ့ပြောင်းခြင်းအဆောင်တွေပဲ။ ဒါတွေကို မင်းတို့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ထားလိုက်ပြီးတာနဲ့ မင်းတို့ ထွက်ခွာနိုင်ပြီ…”
အခြားသူများကမူ တွေဝေနေ၏။ သို့သော် ဟန်လိသည် စကားတခွန်းမျှ မဆိုဘဲ အစီအရင်ထံ လှမ်းလျှောက်သွားသည်။
ဤသည်မှာ သူသည် သတ္တိရှိလှကြောင်း ပြတာ မဟုတ်ပေ။ သူက ၎င်းတည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို သူ၏ စိတ်ဝိညာဉ်အာရုံဖြင့် အလျင်အမြန် ကြည့်ရှုခဲ့ပြီး မည်သည့်မှားယွင်းတာကိုမျှ မတွေ့ခဲ့သောကြောင့်သာ ဖြစ်သည်။
တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်၏ အရှေ့ရှိ ကျောက်ပြားပေါ်တွင်မူ အံ့ဖွယ်နက်ရှိုင်းကျွန်းဟု စာသားများကို ရေးထား၏။
ဟန်လိသည် ထိုအမည်အပေါ် အလေးအနက် မထားပေ။ ပြီးခဲ့သော အတွေ့အကြုံအရ ကျွန်းများ၏ အမည်များအရ ၎င်းတို့သည် သိသိသာသာ ကွဲပြားမှု မရှိခဲ့သောကြောင့်ပင်။