ပင်လယ်ပြင်သို့ နောက်တစ်ခေါက်
Vol. 37 Ch. 511
ဟန်လိသည် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ထံသို့ တွေဝေခြင်းမရှိ လှမ်းလျှောက်သွားတာ မြင်သည့်နောက်မှ အခြားကျင့်ကြံသူများက သူ့နောက်သို့ လိုက်ပါလာသည်။ ထိုခုနစ်ယောက်သည် အစီအရင်မန္တာန်ထဲ ဝင်သွားပြီးနောက် ဦးခေါင်းပြောင်အဘိုးအိုသည် ခပ်ရေးရေးပြုံး၍ မန္တာန်ချိပ်ဟန်တစ်ခုကို ဖြစ်စေသည်။ ထိုအခါ သူ့လက်ချောင်းထံမှ အဖြူရောင်အလင်းစက်များ လွင့်မြောလာသည်။
ထိုအလင်းစက်များကို စိုက်ကြည့်နေလျက် သူသည် ရုတ်တရက် မေးသည်။
“ကျုပ်တို့က မင်းတို့ကို ပြင်ပကြယ်ပင်လယ်များဆီ လျှို့ဝှက်ပို့ပေးခဲ့တဲ့အပေါ် မင်းတို့အနေနဲ့ ဟောင်ဖွာဟောင်ဖွာတော့ မလုပ်ကြဘူး မလား…”
ပိုးဖဲဝတ်စုံနှင့်သူသည် ချက်ခြင်းပင် အသားနားခံသည့် မျက်နှာပေးဖြင့် တုန့်ပြန်သည်။
“ဒါပေါ့…ကျနော်တို့ အဲ့လို လုပ်မှာ မဟုတ်ပါဘူး။ စီနီယာတို့ ခုလို လုပ်ဆောင်ပေးခဲ့တဲ့အပေါ်လည်း ကျုပ်တို့က တကယ်ပဲ ကျေးဇူးတင်မိပါတယ်။ ဒါ့အပြင် အဲ့လို ပြောလို့လည်း ကျုပ်တို့အတွက် ဘာအကျိုးမှ မရှိပါဘူး…”
ပိုးဖဲဝတ်စုံနှင့်သူကို စိုက်ကြည့်လျက် ဦးခေါင်းပြောင်အဘိုးအိုက အေးစက်စွာ ပြောလိုက်သည်။
“မင်း နားလည်ရင် ပြီးတာပဲ။ ကြယ်နန်းတော်မှာ ကျုပ်တို့ရဲ့ အဆင့်မှာ လူအနည်းငယ်ပဲ ရှိတယ်။ ဒါ့ကြောင့် အဆိုးဆုံးမှ ဒီအကြောင်း ပြန်ကြားသွားရင်တောင် အဆိုးဆုံးမှ ကျုပ်တို့ကို ပြင်းပြင်းထန်ထန် သတိပေးရုံလောက်ပဲ။ ဒါပေမဲ့ အဲ့လိုမျိုး ကောလဟာလတွေ ရောက်လာခဲ့ရင်တော့ ရောင်းရင်းချန်းနဲ့ ကျုပ်က မင်းတို့ကို ခွင့်လွှတ်မယ် မထင်နဲ့။ ပြီးတော့ မင်းတို့ပေးတဲ့ စိတ်ဝိညာဉ်ကျောက်တုံး အနည်းငယ်လောက်အတွက်နဲ့လည်း ကျုပ်တို့ရဲ့ ဂုဏ်သတင်းကို မထိခိုက်ခံနိုင်ဘူး…”
သူ့အကြည့်သည် အခြားသူများထံ ဝေ့ကြည့်ပြီးနောက်မှာ ဟန်လိထံသို့ ကျရောက်သွားသည်။
“စီနီယာက အမှန်တကယ် အကျိုးအကြောင်း သိတဲ့ ပုဂ္ဂိုလ်ပါပဲ…”
ပိုးဖဲဝတ်စုံနှင့်သူသည် အားတင်းပြုံး၍ ထိုသို့ ပြောသည်။ သို့သော် သူ့နောက်ကျောတွင်မူ စိမ့်ခနဲ့ ဖြစ်သွားမိသည်။
“ဟမ်…အပိုတွေ မပြောတော့နဲ့။ အခု မင်းကိစ္စပဲ မင်းအာရုံစိုက်တော့…”
ဦးခေါင်းပြောင်နှင့်အဘိုးအိုသည် သည့်ထက် ပိုမပြောတော့ပေ။ သူက သူ့လက်ချောင်းကို လှုပ်ခတ်စေပြီး တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို အသက်သွင်းသည်။
ရုတ်တရက် ထိုမှော်အစီအရင်၏ ပတ်ပတ်လည်ရှိ စိတ်ဝိညာဉ်ကျောက်တုံးများသည် အဖြူရောင်လင်းလက်လာပြီး သူတို့ခုနစ်ယောက်ကို ပျောက်ကွယ်သွားစေတော့သည်။
ဦးခေါင်းပြောင်အဘိုးအိုသည် သူတို့ကို အောင်မြင်စွာ တည်နေရာရွှေ့ပြောင်းပေးပြီးသည့်အချိန်၌ သူ့အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားပြီး အလိုမကျစွာ မေးလာသည်။
“ဘယ်လို ဖြစ်သွားတာလဲ။ သူတို့ကို ရွှေ့ပြောင်းခြင်းအဆောင် အတုတွေပဲ ပေးလိုက်မယ်လို့ ကျုပ်တို့ သဘောတူထားခဲ့တာ မဟုတ်ဘူးလား။ ခင်ဗျားက သူတို့ကို ဘာကြောင့်များ အစစ်တွေ ပေးလိုက်ရတာလဲ။ ဒါက ကျုပ်တို့ အရင် သဘောတူထားတဲ့အတိုင်း မဟုတ်ဘူးနော်…”
ပညာရှိဟန်ပန်နှင့်သူသည် အေးစက်စက်နှာခေါင်းရှုံ့ပြီး မကျေမချမ်း ပြောသည်။
“ကျုပ်သာ ရွှေ့ပြောင်းခြင်းအဆောင်အတုတွေ ပေးလိုက်မယ်ဆို ကျုပ်တို့ အသက်ရှင်ဦးမယ်လို့ ခင်ဗျား ထင်နေတာလား။ ကျုပ်တို့ကို မှော်ရတနာ ပေးခဲ့တဲ့သူဟာ စဦးစိတ်ဝိညာဉ်အဆင့် ပုဂ္ဂိုလ်ပဲ။ ကျုပ်တို့ကသာ အဆောင်အတုတွေ ပေးလိုက်မယ်ဆို သူက ဒေါသထွက်ပြီး ကျုပ်တို့ကို သတ်ပစ်လိမ့်မယ်…”
ထို့နောက်တွင်မူ သူသည် အဖြူရောင်အဝတ်စတစ်ခုကို ထုတ်ကာ သူ့ဦးရှိ ချွေးများကို သုတ်သည်။
ဦးခေါင်းပြောင်အဘိုးအိုသည် တုန်လှုပ်သည့်ဟန်ဖြင့် ပြောလာသည်။
“စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူ ဟုတ်လား။ အစ်ကိုချန်း…ခင်ဗျား နောက်နေတာလား…။ အဲ့လူဟာ အခြေခံတည်ဆောက်ခြင်း နောက်ဆုံးအဆင့် ဆိုတာ အသိသာကြီးပဲကို…”
သူတို့နောက်မှ နေမကောင်းသည့်ဟန်နှင့်လူသည် ဆွံ့အနေမိသည်။
“အစ်ကိုကူး…ခင်ဗျားလည်း ကျုပ်ရဲ့ စိတ်ဝိညာဉ်သားရဲဖြစ်တဲ့ စိတ်ဝိညာဉ်ယုန်အကြောင်း သိပါတယ်။ ဒီသားရဲကောင်မှာ တခြားကျွမ်းကျင်မှု မရှိပေမဲ့ အခြားလူတစ်ယောက်ရဲ့ စိတ်ဝိညာဉ်အာရုံကိုတော့ သေချာ အာရုံခံနိုင်တယ်လေ…”
ပညာရှိဟန်ပန်နှင့်သူသည် သူ့လက်ကို လှန်လှောပြီး ယုန်တစ်ကောင်ကို ထုတ်ယူသည်။ ထိုစားရဲ၏ နားရွက်တို့မှာ ရှည်သွယ်၍ အစိမ်းရောင်မျက်လုံးတောက်တောက် ပိုင်ဆိုင်ထားသည်။
သူက ထိုစိတ်ဝိညာဉ်သားရဲယုန်ကို ပွတ်သပ်ပေးရင်းကနေ ပြောလာသည်။
“သူက သူ့အော်ရာကို လျှို့ဝှက်ပညာရပ်တစ်ခု အသုံးပြုပြီး ဖုံးကွယ်ထားခဲ့ပေမယ့် ကျုပ်တို့ အစီအရင်မန္တာန်အပေါ်က အတားအဆီးကို ဖြေရှင်းပြီးတဲ့နောက်မှာ သူဟာ သူ့စိတ်ဝိညာဉ်အာရုံနဲ့ ဒါကို လျှို့ဝှက်စစ်ဆေးကြည့်ခဲ့တယ်။ အဲ့အချိန်မှာ ကျုပ်ရဲ့ ယုန်သားရဲဟာ တစ်ခုခုမူမမှန်တာကို ထောက်လှမ်းနိုင်တဲ့ အခွင့်အရေး ရသွားတယ်။ ကျုပ်ရဲ့ ယုန်ဟာ အမြုတေဖွဲ့စည်းခြင်းအလယ်အဆင့် ဒါမှမဟုတ် နောက်ဆုံးအဆင့်ဆိုရင်တောင် သင့်လျော်တဲ့ တုန့်ပြန်မှုတစ်ခု လုပ်ဆောင်တယ်။ ဒါပေမဲ့ ဒီကောင်က အဲ့စိတ်ဝိညာဉ်အာရုံအပေါ်မှာတော့ ဘာမှကို မတုန့်ပြန်ဘဲ ကျုပ် အင်္ကျီလက်အိုးထဲမှာ တုန်တုန်ရင်ရင်နဲ့ ဆက်ပုန်းနေခဲ့တာ။ ဒါက သူ့စိတ်ဝိညာဉ်အာရုံဟာ နက်ရှိုင်းလှတယ်လို့ ဆိုလိုနေတယ်။ ကျုပ်ယုံဟာ ကျုပ်တို့ အကြီးအကဲတွေဆီ သွားတွေ့တဲ့အချိန်မှာလဲ ခုလိုမျိုးပဲ တုန့်ပြန်တာလေ…”
သူ့အသံတွင် အကြောက်တရား ပါဝင်နေသည်။
“အဲ့လိုဆိုမှတော့ သူဟာ စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်ပဲ ဖြစ်ရမယ်…”
ဦးခေါင်းပြောင်အဘိုးအို၏ ခေါင်းထက်၌လည်း ချွေးပြန်လေပြီ။
“သူဟာ စဦးစိတ်ဝိညာဉ်အဆင့် မဟုတ်ရင်တောင် ကျိန်းသေပေါက် အမြုတေဖွဲ့စည်းခြင်း နောက်ဆုံးအဆင့် ဖြစ်နိုင်တယ်။ အဲ့လိုအဆင့်ဖြစ်နေရင်လည်း သူ့အတွက် ကျုပ်တို့ကို ရှင်းထုတ်ဖို့ဆိုတာ အများအပြား အားစိုက်နေဖို့ လိုလိမ့်မှာ မဟုတ်ဘူး…”
ပညာရှိဟန်ပန်နှင့်သူသည် သံသယမရှိဟန်ဖြင့် ထိုသို့ ပြောသည်။
“ကံကောင်းတာပဲ။ အစ်ကိုချန်ကသာ အကင်းမပါးခဲ့ဘဲ ကျုပ်တို့သာ အဆောင်အတုတွေ ထုတ်ပေးခဲ့မိရင် ကိုယ့်ကိုယ်ကိုယ် ဖျက်စီးသလို ဖြစ်ခဲ့မှာ။ မှော်ရတနတစ်ခုကို သူက ကျုပ်တို့ဆီ နည်းနည်းလေးမျှ မနှမြောတဲ့ပုံနဲ့ ပေးခဲ့တည်းက တစ်ခုခုတော့ ထူးခြားနေပြီလို့ ကျုပ် တွေးခဲ့မိသေးတယ်…”
သို့သော် နောက်ထပ် စဉ်းစားပြီးနောက်မှာတော့ ဦးခေါင်းပြောင်အဘိုးအိုသည် အလန့်တကြား ထပ်မေးတော့သည်။
“ဒါပေမဲ့လို့ သူ့ကို ပြင်ပြကြယ်ပင်လယ်များဆီ ပို့ပေးလိုက်တာက ဘာပြဿနာမှ ရှိမလာနိုင်လောက်ဘူး မလား…”
“ဘာပြဿနာ ရှိရမှာလဲ။ သူဟာ စဦးစိတ်ဝိညာဉ်အဆင့် လေလွင့်ကျင့်ကြံသူတစ်ယောက်ပဲ။ သူဟာ ပြင်ပပင်လယ်ဆီ ဦးတည်တာဟာ ကြယ်နန်းတော်နဲ့ ကြယ်ကြွေမဟာမိတ်အဖွဲ့ကြား စစ်ပွဲမှာ မပါဝင်ချင်လို့ပေါ့။ ဒါ့ကြောင့် ကျုပ်တို့ ပို့ပေးခဲ့တဲ့သူဟာ စဦးစိတ်ဝိညာဉ်အဆင့်မှန်း အပေါ်ကသူတွေ မသိဘူးဆို ဘာပြဿနာမှ မရှိနိုင်ဘူး…။ မဟုတ်ရင်တော့ ကျုပ်တို့ အပြင်းအထန် အပြစ်ပေးခံရလိမ့်မယ်…”
အဘိုးအိုကို ထိုသို့ ရှင်းပြပြီးနောက်မှာ သူ့အကြည့်သည် ဘေး၌ ပါးစပ်အဟောင်းသား ဖြစ်နေသော နေမကောင်းသည့်ဟန်နှင့်လူထံ ကျရောက်လာသည်။
ပညာရှိဟန်ပန်နှင့်သူက သူ့ကို ကြည့်လာသည့်အခါ ထိုသူသည် ရုတ်တရက် တုန်ရင်သွားပြီး တစ်ခုခုကို သဘောပေါက်သွားသည်။ သူသည် အလျင်အမြန်ပင် နောက်သို့ ခြေလှမ်း၍ ပြော၏။
“စီနီယာတို့ ပြောခဲ့တဲ့စကားတွေကို ကျုပ် ဘာမှ မကြားလိုက်ပါဘူး။ ကျုပ် ဘာကိုမှ ပြန်…”
သူ့စကားမဆုံးသေးခင်မှာပင် အဝါရောင်အလင်းတန်းတစ်ခုသည် သူ့ထံ ပျံသန်းဝင်လာပြီး သူ့အား အပိုင်းပိုင်း ဖြစ်သွားစေတော့သည်။
ဦးခေါင်းပြောင်နှင့်အဘိုးအိုသည် သူ၏ မှော်ရတနာကို ပြန်သိမ်းပြီး သုန်မှုန်စွာ ပြောလိုက်သည်။
“ဒီလိုဆိုရင် အခြား ဘယ်သူမှ သိနိုင်တော့မှာ မဟုတ်ဘူး။ ငါတို့က တစ်ယောက်နဲ့တစ်ယောက် ပတ်သက်မှုအချို့ ရှိပေမယ့်လည်း ကံမကောင်းစွာနဲ့ ငါ မင်းကို ထွက်သွားခွင့် မပြုနိုင်တာပဲ…”
ဟန်လိနှင့် အခြားကျင့်ကြံသူခြောက်ယောက်သည် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်၏ အခြားတစ်ဖက်ရှိ ကမ်းခြေအနီး ကျောက်သားအခန်းတစ်ခုထဲ၌ ပေါ်လာကြပေသည်။
ဟန်လိသည် အခန်းထောင့်သို့ ဝေ့ဝိုက်ကြည့်ရှုသည်။ ထိုနေရာတွင် ကြယ်နန်းတော်မှ ကျင့်ကြံသူတစ်ယောက်သည် မျက်နှာအမာရွက်နှင့် မီးခိုးရောင်ဝတ်စုံကျင့်ကြံသူကို စကားပြောနေသည်။
ကြယ်နန်းတော်မှ ကျင့်ကြံသူသည် သူတို့ပေါ်လာတာ မြင်သည့်အခါ မျက်မှောင်ကြုတ်၍ စူးစမ်းသည်။ သို့ရာတွင် ခဏအကြာတွင် သူက စိတ်မဝင်စားတော့ဘဲ မီးခိုးရောင်ဝတ်စုံနှင့်ကျင့်ကြံသူဖြင့်သာ စကားထပ်ဆက်သည်။
သည်အစီအရင်၌ တာဝန်ရှိသူသည် မကျေနပ်သည့်လေသံဖြင့် ပြောနေသည်။
“ကျုပ် ပြောပြီးပြီ။ ခုလက်ရှိ အစီအရင်ဟာ လာဖို့ လမ်းပဲရှိတယ်။ ပြန်ပို့လို့ မရဘူး။ ဂိုဏ်းက ကျုပ်ရှိက ရွှေ့ပြောင်းခြင်းအဆောင်အားလုံးကို ပြန်သိမ်းသွားပြီ။ ကျုပ်ကိုယ်တိုင်တောင် မပြန်နိုင်သေးဘူး။ ဒါ့ကြောင့် ရောင်းရင်းက ကျုပ်ကို အတင်းအကြပ် ဖိအားပေးဖို့ ကြိုးစားနေတာဟာ ဘာအဓိပ္ပာယ်မှ မရှိဘူး…”
မီးခိုးရောင်ဝတ်စုံနှင့် ကျင့်ကြံသူကလည်း ဒေါသတကြီး အော်ဟစ်သည်။
“အဓိပ္ပာယ် မရှိလိုက်တာ။ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ တချို့သူတွေ ပြန်သွားကြတာ။ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ဟာ ဘာလို့ ခုလောက်ထိ အလျင်အမြန် ပြောင်းလဲသွားရတာလဲ…”
“ကျုပ် အကြိမ်ကြိမ် ရှင်းပြပြီးပြီလေဗျာ။ ဒါပေမဲ့ ခင်ဗျားက ကျုပ် ပြောတာကျ နားမထောင်ဘူး။ ကျုပ်လည်း ထပ်မပြောပြနိုင်တော့ဘူး…”
ကြယ်နန်းတော်မှ ထိုကျင့်ကြံသူသည် မီးခိုးရောင်ဝတ်စုံနှင့်ကျင့်ကြံသူကို တစ်ချက်လှမ်းကြည့်ပြီး ထိုင်ချကာ မျက်လုံးမှိတ်ထားလိုက်တော့သည်။
“ခင်ဗျား…” မီးခိုးရောင်ဝတ်စုံနှင့် ကျင့်ကြံသူသည် သူ့ကို လစ်လျူရှုခံရတာ မြင်သည့်အခါ သူ့အသားအရေမှာ နီမြန်းသွားသည်။ သို့သော် သူသည် နည်းနည်းလေးမျှ တိုက်လားခိုက်လားတော့ မလုပ်ပေ။ သူသည် ကြယ်နန်းတော်မှ ကျင့်ကြံသူကို တိုက်ခိုက်ဖို့ သတ္တိ လားလားမျှ မရှိနေချေ။ သူက ဒေါသတကြီးဖြင့် မကျေမချမ်းဖြစ်ကာ တစ်ဖက်သို့ လှည့်ပြန်မည် ပြင်သည်။ ထိုစဉ် သူ့အကြည့်က ခုမှ ရောက်လာသော ဟန်လိနှင့် အခြားသူများထံ ကျရောက်သွားပြီး သူ့မျက်နှာထက်၌ ပျော်ရွှင်သွားဟန် ရုတ်တရက် ဖြစ်ပေါ်သည်။
သူက သူတို့ထံသို့ ဦးတည်လျှောက်လာပြီး သည်အုပ်စု၌ ခေါင်းဆောင်ဖြစ်ဟန်ရသော ပိုးဖဲဝတ်စုံနှင့် ကျင့်ကြံသူကို နှုတ်ဆက်၍ မေးသည်။
“ရောင်းရင်းကျင့်ကြံသူတွေဟာ ကောင်းကင်ကြယ်မြို့ကနေ လာခဲ့တာလား…”
မျက်နှာအမာရွတ်နှင့်သူသည်လည်း အခြေခံတည်ဆောက်ခြင်း နောက်ဆုံးအဆင့် ဖြစ်နေ၍ ပိုးဖဲဝတ်စုံနှင့်သူသည် သူ့ကို မလစ်လျူရှုဝံ့ဘဲ ပြန်ဖြေသည်။
“အမှန်ပါပဲ။ ကျုပ်တို့ ခုလေးမှ ရောက်လာခဲ့တာပါ။ ဘာများဖြစ်လို့လဲ တာအိုရောင်းရင်း…”
သို့ရာတွင် သူသည် မီးခိုးရောင်ဝတ်စုံနှင့်သူက မည်သည်ကို ပြောလာလိမ့်မည်ဟု ခန့်မှန်းပြီး ဖြစ်သည်။
မီးခိုးရောင်ဝတ်စုံနှင့်သူသည် မျှော်လင့်သည့်လေသံဖြင့် မေးလာသည်။
“ကျုပ်က ရှုယွမ်ပါ။ ကျုပ် ဒီပြင်ပကြယ်ပင်လယ်များမှာ ရောက်နေတာ နှစ်ပေါက်နေပြီ။ ကြယ်ကြွေမဟာမိတ်အဖွဲ့ဟာ အမှန်တကယ် ဖွဲ့စည်းခဲ့ပြီး မြို့သိမ်းတိုက်ပွဲတွေ တိုက်၊မတိုက် ကျုပ်ကို ပြောပြပေးနိုင်မှာမလား…”
ပိုးဖဲဝတ်စုံနှင့် ကျင့်ကြံသူသည် ရှုယွမ်၏ အမူအရာကို မြင်သည့်အခါ ထိုသူ ကြားချင်တာကို သိ၏။ သို့သော် အမှန်တရားကမူ ထိုသူ့ကို စိတ်ပျက်စေလိမ့်မည်သာ။ သူက ရှင်းပြလိုက်သည်။
“အမှန်ပါပဲ။ လမ်းမှန်နဲ့ မိစ္ဆာတာအိုကျင့်ကြံသူတွေ ပူးပေါင်းပြီး ကြယ်ကြွေမဟာမိတ်အဖွဲ့ဆိုပြီး ဖွဲ့စည်းခဲ့ပြီး ချက်ခြင်းပဲ ကြယ်နန်းတော်ကို စစ်ကြေငြာခဲ့ပါတယ်။ ကျုပ်တို့လည်း အဲ့ပဍိပက္ခမှာ မပါချင်လို့ ဒီကို တည်နေရာရွှေ့ပြောင်းလာခဲ့တာပါ။ ရောင်းရင်းအနေနဲ့ အချိန်တစ်ခုထိတော့ ပြန်လို့ မရမှာ ကျုပ် စိုးရိမ်မိပါတယ်…”
ရှုယွမ်သည် နေရာတွင် လက်မခံနိုင်သည့်ဟန်ဖြင့် တုန်လှုပ်စွာ ရပ်နေသည်။
“ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ။ ကျုပ်က ပြန်ပြီးတော့ ကျုပ်ရခဲ့တဲ့ ကုန်ကြမ်းပစ္စည်းတွေကို ဆေးလုံးတွေအဖြစ် သန့်စင်ချင်နေတာလေ။ အချိန်တွေ အလကားဟသ ဖြစ်လိုက်တာကွာ…”
ထိုသို့ ပြောပြီးနောက်မှာ သည်အခန်းသည် တိတ်ဆိတ်သွားတော့သည်။
ပြင်ပကြယ်ပင်လယ်များထံ ရောက်လာဖို့ အမျိုးမျိုး ကြံဆခဲ့ရသော်လည်း သူတို့တွင် ပြန်မည့် နည်းလမ်း မရှိဖြစ်ကာ အကူအညီမဲ့ရသည်ပင်။
အချိန်တစ်ခု ကြာပြီးနောက် ပိုးဖဲဝတ်စုံနှင့်သူ၏ အမူအရာသည် ပြောင်းလဲသွားပြီး သူသည် ရုတ်တရက် မိုးခိုးရောင်ဝတ်စုံနှင့်သူထံ လှည့်၍ ပြောလိုက်သည်။
“ကျုပ်နာမည်က ယီကျင်းပါ။ ဒါကတော့ ကျုပ်ရဲ့ မိတ်ဆွေတွေပဲ။ ရောင်းရင်းရှုက ဒီကို ရောက်တာ နှစ်ပေါက်နေပြီ ဆိုတော့ အံ့ဖွယ်နက်ရှိုင်းကျွန်းနဲ့ ပတ်သက်ပြီး ကျုပ်တို့ကို မိတ်ဆက်ပေးနိုင်မလား။ အဲ့အတွက်လည်း အလကား မဖြစ်စေရပါဘူး။ ကျုပ်တို့က အပြန်အလှန်အနေနဲ့ စိတ်ဝိညာဉ်ကျောက်တုံးအချို့ ပြန်ပေးပါမယ်…”
ရှုယွမ်သည် သူ၏ မကျေမချမ်းစိတ် မပြေသေးသော်လည်း သူက တက်တက်ကြွကြွ တုန့်ပြန်သည်။
“ဒီလို ပေးစရာ မလိုပါဘူး။ ခင်ဗျားတို့ကလည်း ကျုပ်ရဲ့ မေးခွန်းကို ဖြေပေးခဲ့တဲ့အတွက် ကျုပ်ကလည်း မျက်နှာသာ ပြန်ပေးရမှာပေါ့။ ကျေးဇူးပြုပြီး ခင်ဗျား မေးချင်တာသာ မေးပါ။ ကျုပ် သိသလောက် ပြန်ဖြေပါ့မယ်…”
သည်မရင်းနှီးသော နေရာအကြောင်း သိရတော့မည် ဖြစ်၍ အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူအုပ်စုမှာ ပျော်ရွှင်သွားကြသည်။
ဟန်လိသည် ထိုသည်ကို မြင်သည့်အခါ သူလည်း ပြုံးမိ၏။ သူလည်း သူတို့၏ နောက်နားမှာရပ်၍ တစ်ဖက်သူ ရှင်းပြမည်ကို စောင့်နေလိုက်သည်။