ကျောက်နက်မြို့
Vol. 37 Ch. 512
ပိုးဖဲဝတ်စုံနှင့် ယီကျင်းသည် အခန်းထဲသို့ ဝေ့ဝိုက်ကြည့်ရှုပြီး ထောင့်တစ်နေရာတွင် ထိုင်နေသော ကြယ်နန်းတော်မှ ကျင့်ကြံသူ့ထံ အကြည့်ရောက်သွားသည်။
“ဒီမှာက ပြောလို့ သိပ်အဆင်မပြေဘူး။ ရောင်းရင်းရှု…ကျုပ်တို့ အပြင်ဘက်မှာ သွားပြောကြရင် ကောင်းမလား…”
“အပြင်ဘက်မှာလား…ရတာပေါ့…” ရှုယင်သည် မထူးခြားနားဟန်ဖြင့် ပြန်တုန့်ပြန်သည်။
ယီကျင်းက ကျေနပ်သွား၏။ သို့သော် ခဏအကြာတွင် သူသည် တစ်စုံတစ်ခုကို တွေးမိပြီး ဟန်လိဘက်သို့ လှည့်ကြည့်လာသည်။
“အစ်ကို ဝိညာဉ်သေ…ခင်ဗျားလည်း ကျုပ်တို့နဲ့ လိုက်ပြီး နားထောင်မယ်မလား။ ကျုပ်တို့ ပူးပေါင်းလုပ်ဆောင်တာက ပိုကောင်းမယ်မလား…”
ဟန်လိသည် ခဏ စဉ်းစားပြီး ပြုံး၍ ပြန်ပြောသည်။
“ဒါပေါ့…ကျုပ်လည်း နားထောင်ချင်ပါတယ်…” ထို့နောက်တွင် ဟန်လိသည် သူတို့နောက်သို့ လိုက်လာသည်။
“အန်…ဒီရောင်းရင်းက ခင်ဗျားတို့ အုပ်စုဝင် မဟုတ်ဘူးလား…”
ရှုယွမ်သည် အတော်လေး အံ့အားသင့်သွားသည်။
အသားမည်းမည်းနှင့် သက်လတ်ပိုင်းလူသည် ရုတ်တရက် ရန်လိုဟန်ဖြင့် လှမ်းအော်ပြောသည်။
“သူက ကျုပ်တို့နဲ့ အတူတူ တည်နေရာရွှေ့ပြောင်းလာခဲ့တာ။ ဒါပေမဲ့ ဒီမတိုင်ခင်တုန်းက ကျုပ်တို့ဟာ သူစိမ်းတွေ…”
ယီကျင်းသည် မျက်မှောင်ကြုတ်သွား၏။ သို့သော် သူက ဘာမျှတော့ မပြောပေ။ ရှုယွမ်ကလည်း ခေါင်းညိတ်ပြသည်။
သူတို့သည် ကျောက်အခန်းထဲမှ ထွက်လာကြပြီးနောက်မှာ အသစ်ရောက်လာသူများမှာ သူတို့၏ ပတ်ဝန်းကျင်သို့ အံ့အားသင့်ဟန်ဖြင့် လေ့လာကြည့်ရှုနေကြသည်။ သည်မြင်ကွင်းမှာ ဟန်လိ ကျောက်စိမ်းနက်ကျွန်း၌ မြင်ခဲ့ရသော မြင်ကွင်းနှင့် လုံးလုံးလျာလျာ ကွဲပြားနေသည်။
သူတို့သည် ဈေးမြို့ငယ်တစ်ခုအတွင်း၌ ပေါ်လာကြသည်။ သည်မြို့မှာ သေသပ်မှု မရှိဘဲ တစ်ဆယ်ကီလိုမီတာလောက်သာ အကျယ်အဝန်း ရှိသော်လည်း ၎င်းတစ်မြို့လုံးကို အနက်ရောင်ကျောက်တုံးများဖြင့် တည်ဆောက်ထားသည်။ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင် ရှိနေသော ခပ်မြင့်မြင့် အဆောက်အဦမှာ မြို့လယ်၌ တည်ရှိ၏။ သူတို့သည် မြို့၏ အမြင့်နေရာကနေ စီးကြည့်နေရသည် ဖြစ်၍ မြို့ပတ်ဝန်းကျင်ကို ကောင်းစွာ မြင်ရသည်။
သည်မြို့ကို အဖြူရောင်တလက်လက် တောက်ပနေသော အရံအတားတစ်ခုဖြင့် ဆယ်မီတာမျှ မြင့်သော ကျောက်နံရံများနှင့် ဝိုင်းရံထားသည်။ သို့ပေမည့် နံရံများ၏ နောက်တွင်မူ အရွယ်အစားအမျိုးမျိုးရှိ အဆောက်အဦအမြင့်များ ရှိနေ၏။ ထူးခြားသည်မှာ မည်သည့်အဆောက်အဦမျှ ခေါင်းမိုးချွန်ချွန် မရှိလေဘဲ အားလုံးမှာ ပြားချပ်လျက်ပင်။
သည်မြို့၌ အဆောက်အဦများ ပြည့်နေသော်ငြား ၎င်းတို့ထဲမှ အချို့သည် တသီးတသန့် တည်ဆောက်ထားသည်။
ဟန်လိကို တုန်လှုပ်စေသည်မှာ မြို့၏ အနက်ရောင်ကျောက်သားလမ်းများပေါ်၌ ကျင့်ကြံသူများကြားတွင် သေမျိုးအချို့ ရှိနေခြင်းပင်။
သို့သော် ဤလောက်က ဟန်လိကို တုန်လှုပ်သွားစေဖို့ မလုံလောက်သေးပေ။ သူ့ကို တုန်လှုပ်စေသည်က သေမျိုးများထဲ၌ အများစုသည် ငယ်ရွယ်လှပသော အမျိုးသမီးငယ်များ ဖြစ်နေခြင်းပင်။ အခြားသေမျိုးများကမူ ဗလတောင့်တောင့်အမျိုးသားများနှင့် နူးညံ့သိမ်မွေ့သော လူငယ်များသာ။
ယီကျင်းတို့အုပ်စုလည်း ဤမြင်ကွင်းကို တွေ့သည့်အခါ၌ ဟန်လိကဲ့သို့ပင် တုန်လှုပ်ကုန်သည်ပင်။
သူတို့သည် ပြင်ပကြယ်ပင်လယ်များထံ ခရီးနှင်ချင်သည် ဖြစ်၍ သည်ကျွန်းပေါ်၌ တင်ကြို၍ လေ့လာကြမည်မှာ သဘာဝပင်။ သို့ပေမည့် သည်မြင်ကွင်းသည် သူတို့ ရရှိထားသော အချက်အလက်နှင့် လုံးဝ ဖီလာဖြစ်နေသည်။
ယီကျင်း၏ မျက်နှာပေါ်တွင် ထူးခြားသော ဟန်အမူအရာတစ်ခု ပေါ်လာသည်။ ထို့နောက်တွင် သူက လေးနက်သည့်လေသံဖြင့် ပြောသည်။
“ရောင်းရင်းလျှို…ခင်ဗျား အံ့ဖွယ်နက်ရှိုင်းကျွန်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေပါတဲ့ ကျောက်စိမ်းပြားကို တစ်ချက်လောက် ထပ်ကြည့်လိုက်ပါအုံး။ မှားများ မှားနေလားလို့…”
“ကျမ…ကျမ…ထပ်ကြည့်လိုက်ပါမယ်…” အမျိုးသမီးလျှိုသည် သူမ၏ သိုလှောင်အိတ်ထဲသို့ အလျင်စလို ရှာကြည့်သည်။
ရှုယွမ်သည် သူ့လက်ကို ဝေ့ရမ်းပြီး သူမ ကျောက်စိမ်းပြား ရှာတာကို တားဆီး၏။
“အံ့ဖွယ်နက်ရှိုင်းကျွန်းနဲ့ ပတ်သက်ပြီး အချက်အလက်ကို ရှာဖို့ မလိုဘူး။ အဲ့အချက်အလက်အများစုက မှားနေမှတော့ ခုလို အံ့အားတသင့် ဖြစ်ကုန်ကြတာ သဘာဝပါပဲ…”
ယုကျင်း၏ အမူအရာသည် ပြောင်းလဲသွားသည်။ “မှားယွင်းနေတာဟုတ်လား။ ဒါကို ဘယ်လို အဓိပ္ပာယ်လဲ…”
“ဒါက ရိုးရှင်းပါတယ်။ အံ့ဖွယ်လေးနက်ကျွန်းဟာ အခြားနတ်ဆိုးသားရဲကျွန်းတွေနဲ့ သိသိသာသာ ကွဲပြားတယ်။ ဒီကျွန်းကနေ ပြန်သွားတဲ့ ကျင့်ကြံသူအားလုံးဟာ နှုတ်လုံရတယ်။ အချက်အလက်အချို့လောက်ပဲ ပေါက်ကြားခွင့် ပြုတာ။ မဟုတ်ရင် သူတို့ဟာ ပြင်းပြင်းထန်ထန် အပြစ်ပေးခံရလိမ့်မယ်။ ဒါ့ကြောင့် ခင်ဗျားတို့အနေနဲ့ ဒီကျွန်းကို ရောက်လာတာဟာ ကံကောင်းတာလား၊ ဆိုးတာလားကတော့ ပြောဖို့ခက်လိမ့်မယ်…”
“အချို့ သတင်းအချက်လောက်ပဲလား။ ဒါက ကြယ်နန်းတော်ကြောင့်လား…”
အမျိုးသမီးလျှိုသည် လက်မခံနိုင်သည့်ဟန် ပေါ်သည်။
ရှုယွမ်က သက်ပြင်းချ၍ ပြောလိုက်သည်။
“ဒါက ကြယ်နန်းတော်ကြောင့် မဟုတ်ဘူး။ ဒါပေမဲ့ ဒီကျွန်းကို အုပ်စိုးတဲ့ အင်အားစုတွေကြောင့်ပဲ။ ကြယ်နန်းတော်တောင် ဒီအင်အားစုအုပ်စုကို အလွယ်တကူ မဆန့်ကျင်ချင်ဘူး…”
ထိုစကားလုံးများသည် ဟန်လိကို မျက်ခုံးပင့်သွားစေသည်။ အခြားသူများမှာလည်း တစ်ယောက်နှင့်တစ်ယောက် အကြောင်သား ကြည့်မိကုန်သည်။
ရှုယွမ်သည် အားပါးတရ ရယ်မောပြီး ကျယ်လောင်စွာ ပြောလာ၏။
ဟားဟား…ဒီနေရာက ခင်ဗျားတို့ စိတ်ကူးထားတာနဲ့ မတူဘူး။ တကယ်တော့ တချို့ ကျင့်ကြံသူတွေအတွက် ဒီနေရာဟာ အိပ်မက်ပဲ မက်လို့ ရနိုင်မယ့်နေရာ ဖြစ်တယ်။ ကျောက်တုံးနက်မြို့ဟာ ဒီအံ့ဖွယ်နက်ရှိုင်းကျွန်းပေါ်က တစ်ခုတည်းသော မြို့ဖြစ်ပြီး တစ်ခုတည်းသော ဈေးမြို့ဆိုလည်း ဟုတ်တယ်။ ခင်ဗျားတို့မှာ စိတ်ဝိညာဉ်ကျောက်တုံးတွေ ဒါမှမဟုတ် နတ်ဆိုးသားရဲအမြုတေတွေ ပိုင်ဆိုင်ထားသရွှေ့တော့ ဒီမြို့ဟာ ကျင့်ကြံသူတစ်ယောက်အတွက် နိဗ္ဗာန်ဘုံပဲ။
ခင်ဗျားဟာ တခြားနတ်ဆိုးသားရဲကျွန်းတွေမှာ မရနိုင်တဲ့ ပစ္စည်းအမယ်တွေကိုလည်း ဝယ်ယူနိုင်တယ်။ ထိပ်တန်းကျင့်ကြံခြင်းပညာရပ်ပဲ ဖြစ်ဖြစ်၊ အထင်ကြီးဖွယ် မှော်ရတနာတွေပဲဖြစ်ဖြစ်၊ အဖိုးမဖြတ်နိုင်တဲ့ စိတ်ဝိညာဉ်သားရဲတွေ၊ ဒါမှမဟုတ် ရှားပါးကုန်ကြမ်းအမယ်တွေ အားလုံးဟာ ဒီမှာ ရှိတယ်…”
သူ့ကျယ်လောင်သော စကားသံကြောင့် အနီးအနားမှ ကျင့်ကြံသူများနှင့် သေမျိုးများသည် သူတို့ထံ လှမ်းကြည့်လာသည်။ သို့သော် ခဏအကြာ သူတို့၏ အကြည့်များကို ပြန်ဖယ်ရှားကာ ကိုယ့်လမ်းကိုယ်သာ ဆက်သွားကြသည်။
ယီကျင်းသည် သည်စကားကို ကြားသည့်အခါ အံ့ဩတကြီး ဖြစ်နေသည်။ ဟန်လိကမူ တည်ငြိမ်သည့်ဟန်ပန်ဖြင့် သူ့ဘေးပတ်လည်သို့ ကြည့်နေသည်။ သူသည် ရှုယွမ် ပြောခဲ့သည့် စကားများကို မကြားခဲ့လေသည့်အလား။
ရှုယွမ်က ဤသည်ကို မြင်သည့်အခါ ဟန်လိထံသို့ အံ့အားသင့်ဟန်ဖြင့် တစ်ချက် လှမ်းကြည့်သည်။
ယီကျင်းကမူ သက်ပြင်းရှည်ကြီး ချပြီး လေးပင်သည့်လေသံဖြင့် မေးသည်။
“အစ်ကိုရှု...ကျုပ်တို့ကို ဒီနေရာအကြောင်း မိတ်ဆက်ပြောပြနိုင်မလား…”
ရှုယွမ်သည် အစောပိုင်းတုန်းက စိတ်ဓာတ်ကျနေရာကနေ ပြန်ကောင်းမွန်လာပုံ ရ၏။ သူက တက်ကြွစွာပင် ပြောလာသည်။
“ရတာပေါ့။ ကျုပ်လည်း အချိန်တစ်ခုထိ မထွက်နိုင်မှတော့ ကျုပ်တို့ ဒီမြို့ထဲ လှည့်ပတ်ကြည့်ရင်း ခင်ဗျားတို့ကို ရှင်းပြပေးမယ်လေ။ အဆင်ပြေလား။ ဒီနေရာမှာ ရပ်ပြီး ရှင်းပြနေတာထက် အဲ့လို သွားရင်းလာရင်း ရှင်းပြတာက ပိုအသုံးဝင်လိမ့်မယ်။ ဒါပေမဲ့ လူတိုင်းပဲ အနာဂတ်မှာ အဆင်များ ပြေခဲ့ရင်တောင့် ကျေးဇူးပြုပြီး ကျုပ်ကို မေ့မပစ်ပါနဲ့…”
“ဒီလိုဆိုမှတော့ ကျုပ်လည်း အစ်ကိုရှုကို ကျေးဇူးတင်ရတော့မှာပေါ့။ ဒီမြို့ဟာ အခြားမြို့တွေနဲ့ အတော့်ကို မတူတဲ့ပုံပဲ…”
ထို့နောက်တွင် ယီကျင်းသည် လမ်းမပေါ်မှာပင် ပြောင်ပြောင်တင်းတင်း သေမျိုးအမျိုးသမီးတစ်ယောက်ကို ရင်ခွင်ထဲ ထည့်၍ လမ်းလျှောက်လာသော အမျိုးသားကျင့်ကြံသူတစ်ယောက်ထံ အံ့အားသင့်ဟန်ဖြင့် လှမ်းကြည့်မိသည်။ ပတ်ဝန်းကျင်ရှိ အခြားသေမျိုးများနှင့် ကျင့်ကြံသူများသည်လည်း သည့်အပေါ် ထွေထွေထူးထူး စိတ်ဝင်စားသည့်ဟန် ပေါ်မနေပေ။
ရှုယွမ်သည် ဤသည်ကို မြင်သည့်အခါ ပြုံးရုံသာ ပြုံး၏။ သူက စကားထပ်မဆိုတော့ပေ။ ထိုအစား သူသည် သူတို့ကို ကျောက်သားအဆောက်အဦကြီးတစ်ခုထံ ခေါ်လာသည်။ ထိုအဆောက်အဦသည် ဟန်လိကို အာရုံစိုက်မိစေခဲ့ပြီး ဖြစ်သော သည်မြို့ထဲမှ အကြီးမားဆုံးအဆောက်အဦများထဲမှ တစ်ခု ဖြစ်၏။
အကွာအဝေးတစ်ခု၌ သူက ၎င်းအဆောက်အဦ၏ ဝင်ပေါက်တွင် လှပကာစွဲဆောင်မှု ရှိသည့် သေမျိုးအမျိုးသမီးနှစ်ယောက် ရပ်နေတာကို မြင်သည်။ ကျင့်ကြံသူ အများအပြားသည် ၎င်းအဆောက်အဦထဲ ဝင်ဝင်သွားကြစဉ် သူမတို့သည် ကြိုဆိုသည့်အပြုံး ပြုံးပြုံးပြသည်။ ရှုယင်သည် အလေးအနက်အသွင်ဖြင့် သူတို့ကို လမ်းမှာ သတိပေးသည်။
“ဒါကို စိတ်ထဲမှာ စွဲနေအောင် မှတ်ထားပါ။ ဒါက ကောင်းကင်ကြယ်မြို့ မဟုတ်ပေမယ့် မှော်တိုက်ပွဲအားလုံးကို တင်းတင်းကြပ်ကြပ် တားမြစ်ထားတယ်။ တချို့ အထူးဧရိယာတွေကလွဲလို့ပေါ့။ ဒီစည်းမျဉ်းကို ဖောက်ဖျက်ရင် အမေးအမြန်း မရှိ သေဒဏ်ပေးခံရမယ်…”
အသားမည်းမည်းနှင့် သက်လတ်ပိုင်းအမျိုးသားသည် တုန်လှုပ်စွာဖြင့် ထပြောသည်။
“ဘယ်လိုတုန်း။ ဒီပြစ်ဒဏ်ဟာ ကောင်းကင်ကြယ်မြို့ထက်တောင် ပိုပြင်းထန်နေသေးတယ်…”
ရှုယင်သည် ဖြည်းဖြည်းချင်း ရှင်းပြသည်။
“အမှန်ပဲ။ ဒီမှာက ပိုပြင်းထန်တယ်။ ဒါပေမဲ့ အဲ့လိုဆိုပေမယ့်လို့ မြို့ထဲ ဝင်လာတဲ့ ကျင့်ကြံသူတွေဟာ ပူပန်စရာ မလိုဘဲ အမှန်တကယ် အေးဆေးနေနိုင်ကြတယ်။ ကျုပ် သိသလောက်ဆို မြို့ထဲမှာ ဘယ်သူကမှ သူတို့ရဲ့ ရန်ငြှိုးတွေကို မဖြေရှင်းကြဘူး။ မြို့ထဲမှာ အေးဆေး နေကြတယ်။ တကယ်တော့ ဒီမြို့မှာ တချိန်လုံး စောင့်ကြပ်နေတဲ့ စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူ တစ်ယောက် ရှိတယ်လေ…”
“စဦးစိတ်ဝိညာဉ် အဆင့်ကျင့်ကြံသူတစ်ယောက် ဟုတ်လား…” ယီကျင်းတို့အုပ်စုမှာ တုန်လှုပ်သည့်ဟန်များ ဖြစ်ပေါ်ကုန်သည်။ ဟန်လိလည်း စိတ်ထဲ၌ အပြင်းအထန် တုန်လှုပ်မိသွား၏။ သူက လုံးဝ သတိကြီးကြီး ထားသွားသည်။
“ကောင်းပြီလေ…ဒီအဆောက်အဦထဲ ဝင်ပြီးတော့မှပဲ ဆက်မေးစရာ ရှိတာ မေးကြတော့…”
တံခါးဝမှ မိန်းမလှနှစ်ယောက်၏ အပြုံးအောက်မှာပင် သူတို့အုပ်စုသည် ရှုယင်၏နောက်မှ အဆောက်အဦထဲ လိုက်ဝင်လာကြသည်။
ဟန်လိသည် သူတို့နောက်မှ လိုက်လာရင်း သူ့မျက်လုံးထဲ၌ ထူးခြားသည့်အလင်းတစ်ခု ဖြတ်ပြေးသွား၏။
ဝင်ပေါက်ထဲ လှမ်းဝင်လာပြီးသည့်နောက်မှာ သူတို့၏ လမ်းကို စက်ဝန်းအသွင်မျက်နှာပြင်ကြီးတစ်ခုက ပိတ်ဆို့ထားသည်။ ၎င်းသည် ပန်းရောင် ရှိပြီး နန်းဝတ်နန်းစားနှင့် မိန်းမပျိုတစ်ယောက်သည် ကောင်းကင်ထက်သို့ ပျံသန်းနေသည့် ပုံရိပ်တစ်ခု ၎င်းပေါ်၌ ရှိနေသည်။ ထိုအမျိုးသမီး၏ ပုံရိပ်သည် အမှန်တကယ် ပျံသန်းနေသလား ထင်ရ၏။ ထိုမျက်နှာပြင်ထံမှ ပန်းရောင်အလင်း ခပ်ဖျော့ဖျော့ကို ထုတ်လွှတ်နေ၏။ သို့ဖြစ်၍ ၎င်းမှာ အဆင့်နိမ့်မှော်ပစ္စည်းမဟုတ်နိုင်ဖို့ များသည်။
သည်အကာအရံမျက်နှာပြင်၏ ဘေးနှစ်ဖက်တွင် စက်ဝိုင်းပြတ်တံခါးနှစ်ချပ် ရှိသည်။ ထိုမျက်နှာပြင်၏ ရှေ့တွင်မူ နန်းဝတ်နန်းစားနှင့် အမျိုးသမီးကျင့်ကြံသူတစ်ယောက် ရှိနေပြီး သူမက အသက်သုံးဆယ်ဝန်းကျင်လောက် ရှိရော့မည်။ သူမသည် အမျိုးသား ကျင့်ကြံသူတစ်ယောက်နှင့် ပြုံး၍ ပျော်ရွှင်စွာ စကားစမြည် ပြောနေသည်။
သို့သော် ထူးခြားသည်မှာ သာမန်အသွင် ရှိသော်လည်း သူမ၏ လှုပ်ရှားမှုတိုင်းမှာ မိန်းမဆန်လွန်းပြီး စွဲဆောင်မှု ပြည့်နှက်လှသည်။ ထို့အပြင် သူမမျက်နှာအပေါ်ရှိ အပြုံးသည် သိသိသာသာ စွဲဆောင်နိုင်လွန်းသည်။
သူမသည် သူနှင့် စကားပြောနေသော အမျိုးသားကဲ့သို့ပင် အခြေခံတည်ဆောက်ခြင်း အလယ်အဆင့်၌ ရှိသော်လည်း ထိုသူမှာ သူမ၏ လွှမ်းမိုးမှုကို အပြည့်အဝ ခံနေရသည်။
သို့ရာတွင် ရှုယွမ်နှင့် အခြားသူများကို ထိုအမျိုးသမီးက မြင်သည့်အခါ သူမ၏မျက်လုံးသည် ရုတ်တရက် တောက်ပသွားပြီး လက်ခုပ်တီးသည်။ ထိုအခါ ငယ်ငယ်ရွယ်ရွယ် သေမျိုးမိန်းမပျိုတစ်ယောက်သည် တံခါးအနောက်မှ ထွက်လာသည်။ သူမက ထိုအမျိုးသားကျင့်ကြံသူကို အကာမျက်နှာပြင်နောက်သို့ ဆွဲခေါ်သွားစဉ်ျ ထိုသူသည် အမျိုးသမီးကျင့်ကြံသူကိုသာ တပ်မက်ဟန်၊ မခွဲချင်မခွာဟန်နှင့် လှမ်းကြည့်သွားသေးသည်။