ပင်လယ်နက်ပိုင်းမှ နတ်ဆိုးသားရဲများ
Vol. 37 Ch. 513
“အို…တာအိုရောင်းရင်းရှု မဟုတ်လား…။ ရှင်က ကောင်းကင်ကြယ်မြို့ကို ပြန်ချင်နေတယ်လို့ ကျမ ကြားခဲ့တယ်။ ဒါပေမဲ့ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ဟာ အသုံးပြုလို့ မရနိုင်သေးဘူးလို့ ကျမထင်တယ်…”
ထိုအမျိုးသမီး၏ အသံသည် နူးညံ့ကာ စွဲဆောင်မှု ရှိလှပြီး ကြားရသူအဖို့ သက်တောင့်သက်သာ ဖြစ်စေနိုင်သည်။
ဟန်လိသည် အလိုလို မျက်မှောင်ကြုတ်မိကာ စိတ်ထဲ၌ ခါးသီးစွာ ရယ်မိသည်။ သူနှင့် တွေ့ရ ကြုံခဲ့ရသော အမျိုးသမီးအများစုသည် စွဲညှို့မှုပညာရပ်အမျိုးအစားအချို့ကို ကျင့်ကြံခဲ့သူများ ဖြစ်နေခဲ့သည်။ အခု သည်အမျိုးသမီး၏ စွဲညှို့မှုပညာရပ်သည် နတ်သမီးခရမ်းဝိညာဉ်နှင့် ယွမ်ယောင်တို့ထက်စာလျှင် မပြောပလောက်သော်ငြား အဆင့်နိမ့် အမျိုးသားကျင့်ကြံသူများ၏ စိတ်ကို ဖမ်းစားနိုင်ဖို့ငှာ လုံလောက်သည်ထက် ပိုလေသည်။
ထိုအတွေးဖြင့် ဟန်လိသည် ထိုကျင့်ကြံသူအုပ်စုထံ ဝေ့ကြည့်သည်။ ယီကျင်းနှင့် ရှုယွမ်တို့သည် သူတို့၏ဟန်ပန်များကို ထိန်းထားနိုင်ကြသည်။ သို့သော် အခြားအမျိုးသားကျင့်ကြံသူများ၏ အမူအရာများကမူ တမျိုးတမည် ဖြစ်နေကြသည်။ သူတို့၏ အကြည့်များက ထိုအမျိုးသမီး၏ခန္ဓာကိုယ်ပေါ် စုန်ချည်ဆန်ချည် ဖြစ်နေသည်။
“ဒီကျင့်ကြံသူတွေက ခုမှ ရောက်လာကြတာ။ ကျုပ်က သူတို့ကို ခေါ်လာတာပါ…”
ထို့နောက် ရှုယွမ်သည် မကျေမချမ်းလေသံဖြင့် ပြောသည်။
“ကောင်းကင်ကြယ်မြို့ကို ပြန်ဖို့ကတော့ အချိန်တစ်ခုတော့ ကြာအုံးမှာ။ တိုက်ပွဲဖြစ်တော့မယ်ဆိုတဲ့ သတင်းဟာ အမှန်တကယ် ဖြစ်လာလိမ့်မယ်လို့ ကျုပ်ဖြင့် မထင်ထားမိခဲ့ဘူး…”
ထိုအမျိုးသမီးသည် စွဲဆောင်မှုရှိလှစွာ ပြုံး၍ ပြောသည်။
“ရှင် ဒီမှာပဲ ရှိနေတာလည်း ကောင်းတာပါပဲ။ ရှင် ထွက်သွားမယ်ဆို ကျမတို့ရဲ့ ဖောက်သည်တစ်ယောက် လျော့သွားမယ်လေ…”
ထိုအမျိုးသမီး၏ ဟန်ပန်သည် သူတို့အုပ်စုထဲမှ အမျိုးသားအများစုကို ဖမ်းစားနေလေပြီ။ အုပ်စုထဲရှိ အမျိုးသမီးနှစ်ယောက်ကမူ ဒေါသ ထွက်၍ မျက်နှာများ နီမြန်းလျက် ရှိသည်။
ထိုအမျိုးသမီးသည် သူမ၏ စွဲညှို့မှုပညာရပ် အသုံးပြုနေသည့်အပေါ် စိတ်ကသိကအောက် ဖြစ်လာ၍ ရှုယွမ်က သူမကို လှမ်းအော်သည်။
“အမျိုးသမီးမိုင်….သူတို့က ဧည့်သည်တွေပါ။ ကျေးဇူးပြုပြီး…”
“ဟားဟား…ကောင်းပါပြီ။ ဒါပေမဲ့ ဒီတောင်အိုရောင်းရင်းတွေဟာ ဒီကျွန်းပေါ်မှာ နေဖို့ ပြဿနာ မရှိလောက်ပါဘူး။ သူတို့ရဲ့ ကျင့်ကြံမှုအဆင့်ဟာလည်း ရှင်နဲ့ သိပ်မကွာလှဘူးလေ…”
အမျိုးသမီးမိုင်သည် တခစ်ခစ် ရယ်မော၏။ ထို့နောက်တွင် သူမသည် ဟန်လိနှင့် ယီကျင်းတို့ထံသို့ လှမ်းကြည့်သည်။ သည့်နောက်မှ သူမ၏ စွဲညှို့မှုပညာရပ်ကို ရုတ်သိမ်းပြီး သူမ၏အသွင်အပြင်သည် သာမန်အမျိုးသမီးတစ်ယောက်၏ ဟန်ပန် ပြန်ဖြစ်သွားသည်။ ထိုပြောင်းလဲမှုသည် မြန်ဆန်လှသဖြင့် အခြားသူများမှာ ထိုခဏ၌ ရှက်ရွှံ့ဟန် ဖြစ်ပေါ်ကုန်ကြသည်။
ထို့နောက်တွင် သူမသည် လက်ခုပ်တီးကာ အကာမျက်နှာပြင်နောက်မှ သေမျိုးမိန်းမပျိုတစ်ယောက်ကို ခေါ်သည်။
အမျိုးသမီးမိုင်က သူမကို အေးစက်စက် ပြောလိုက်၏။
“သခင်ရှုကို လေလံပွဲဆီ ခေါ်သွားလိုက်ပါ။ လေလံပွဲက သိပ်မကြာခင် စတော့မှာ…”
ထို့နောက်တွင် သူမသည် လက်ဝေ့ရမ်းပြီး ရှုယွမ်ထံ ကျောက်စိမ်းတံဆိပ်ပြားတစ်ခုကို လှမ်းပေးသည်။
ရှုယွမ်သည် ၎င်းကို လက်ခံယူပြီးနောက်မှာ သူမကို ကြည့်ပင် မကြည့်ဘဲ သေမျိုးအမျိုးသမီးငယ်နောက်သို့ တစ်ဖက်ရှိ တံခါးထံ လိုက်ပါဝင်သည်။ ဟန်လိနှင့် အခြားသူများသည်လည်း သူတို့နောက်မှ နီးနီးကပ်ကပ် လိုက်လာကြသည်။
တံခါးအတွင်း ဝင်ရောက်ပြီးသည်နှင့် ဟန်လိသည် စိတ်ဝိညာဉ်ချီလှိုင်းကို ခံစားမိသည်။ သူသည် အတားအဆီးတစ်မျိုးမျုးထဲ ဝင်လာသည့်အလား။ သူ့အမူအရာသည် ဖြတ်ခနဲ ပြောင်းလဲသွားပြီး ယင်းနောက်မှာ ပုံမှန်ပြန်ဖြစ်သွား၏။
ထိုအုပ်စုသည် အကာမျက်နှာပြင်နောက်ကွယ်မှ ရှုမောဖွယ်မြင်ကွင်းကို မြင်သည့်အခါ သူတို့၏ အကြည့်များသည် တောက်ပသွားကြသည်။
ခမ်းနားကြီးကျယ်သော အဆောက်အဦများထံ ဦးတည်သည့် ခြောက်မီတာမျှ အကျယ်ရှိ လျှောက်လမ်းရှည်တစ်ခု ရှိနေသည်။ သည်အဆောက်အဦ ခန်းမသည် တောက်ပလျက် ခပ်မြင့်မြင့် အနက်ရောင်ကျောက်တိုင်လုံးအချို့ ရှိနေသည်ကလွဲ၍ မြင်ကွင်း၌ အခြား အတားအဆီးများ ရှိမနေချေ။ ထို့အပြင် အခု သည်နေရာတွင် ကျင့်ကြံသူသုံးဆယ်ကျော်လောက် တန်းစီ၍ စောင့်နေလျက် ရှိသည်။ ထိုကျင့်ကြံသူများမှာ အမျိုးသားဖြစ်စေ၊ အမျိုးသမီး ဖြစ်စေ သူတို့၏ဘေး၌ သေမျိုးမိန်းမပျိုတစ်ယောက်စီက အတူတူ ရှိသည်။ အချို့အမျိုးသားကျင့်ကြံသူတို့သည် ထိုအလှလေးများကို သရော်သရီ လုပ်ချင်သော်ငြားလည်း အများဆုံးမှ သူတို့က စနောက်သည့်စကားအချို့ကိုသာ ပြောကြသည်။ သူတို့သည် အကျိုးဆက်ကို စိုးရိမ်နေ၍ ဖြစ်၏။
သည်ကျင့်ကြံသူတန်း၏ အဆုံးသပ်၌ အခန်းငယ်တစ်ခုရှိ၏။ ထိုအခန်း၏ တံခါးမှာ အဖြူရောင်အလင်းဖြင့် တောက်ပလျက်။ တန်းစီနေသော ကျင့်ကြံသူများသည် သူတို့၏ ကျောက်စိမ်းတံဆိပ်ပြားကို တံခါးထံ ဖိသည်နှင့် ၎င်းတံခါးသည် ပွင့်ဟလာပြီး လူတစ်ယောက်ကိုသာ ဝင်ခွင့်ပြုသည်။ ညာဘက်ရှိ အခန်းကျယ်ကြီးကိုမူ အပြာရောင်အလင်းအရံအတားတစ်ခုက ခြုံလွှမ်းထားပြီး ၎င်းကို မြင်ကွင်းမှ တားဆီးထားသည်။
“ဒီနေရာကို တောက်ပရတနာအဆောက်အဦလို့ ခေါ်တယ်။ ပြင်ပကြယ်ပင်လယ်များဆီက ရိတ်သိမ်းနိုင်ခဲ့တဲ့ဟာတွေကို ဒီမှာ ရောင်းချနိုင်တယ်။ အထူးသဖြင့် ဒီမှာ ကျင်းပတဲ့ လေလံပွဲပဲ။ ဒီလေလံပွဲမှာဆို အဖိုးတန်ပစ္စည်းတွေ ရနိုင်တယ်။ ဒါက ဒီမြို့ထဲမှာ လည်ပတ်နေတဲ့ အလားတူ စီးပွားရေးမျိုး လုပ်ငန်းတွေ ရှိတယ်။ ဒါပေမဲ့ အဲ့လုပ်ငန်းအားလုံးကို မတူညီတဲ့ အင်အားစုတွေက မောင်းနှင်နေတာ ဖြစ်ပြီး တစ်ခုစီမှာလည်း စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ဦးတော့ နောက်ခံ ရှိထားကြတယ်…”
အမျိုးသမီးလျှိုသည် သည်စကားကို ကြားသည့်အခါ သူမသည် လေအေးတစ်ချက် ရှိုက်သွင်းမိပြီး ခပ်တိုးတိုး ရေရွတ်၏။
“ဒီလောက် စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတွေ အများအပြား ရှိနေတာလား။ ဒါက ဓာတ်လေးပါးကုန်သွယ်ရေးအဖွဲ့အစည်းများ ဖြစ်နိုင်လား…”
ရှုယွမ်သည် တည်ငြိမ်စွာ ပြော၏။ “ဓာတ်လေးပါးကုန်သွယ်ရေးအဖွဲ့အစည်းလား။ သူတို့က ဒီမှာ ပါဝါ မရှိဘူး။ သူတို့ဟာ အခြား နတ်ဆိုးသားရဲကျွန်းတွေအပေါ်မှာပဲ လွှမ်းမိုးနိုင်တာ။ ဒီအံ့ဖွယ်နက်ရှိုင်းကျွန်းကတော့ အင်အားစုများစွာ အတူလက်တွဲပြီး ထိန်းချုပ်ထားတဲ့ တစ်ခုတည်းသော ကျွန်းပဲ။ ဒီအင်အားစုတွေက တစ်ခုတည်းသပ်သပ်ဆို အတွင်းကြယ်ပင်လယ်ရဲ့ ဓာတ်လေးပါးမဟာမိတ်အဖွဲ့ကို မယှဉ်နိုင်ပေမယ့် ဒီမှာ ခုလို လက်တွဲထားတဲ့ အချိန်မှာတော့ ကြယ်နန်းတော်တောင် သူတို့ကို ပေါ့ပေါ့ဆဆ မဆက်ဆံဝံ့ဘူး။ ဒါပေမဲ့လို့ ဒါဟာ အံ့ဖွယ်နက်ရှိုင်းကျွန်းပေါ်မှာသာ ဖြစ်တယ်…”
“အစ်ကိုရှုရဲ့ လေသံအရဆို ဒီအံ့ဖွယ်နက်ရှိုင်းကျွန်းပေါ်မှာ ထူးခြားတဲ့ တစ်စုံတစ်ခု ရှိနေသလိုပဲ။ များပြားလှတဲ့အင်အားစုတွေဟာ ဓာတ်လေးပါးကုန်သွယ်ရေးအဖွဲ့အစည်းကို အံတုဝံ့တဲ့ အကြောင်းရင်းလား…”
ယီကျင်းသည် လူပါးတစ်ယောက် ဖြစ်သည်။ သူသည် ရှုယွမ်၏ စကားများထဲမှ ထူးခြားနေသည်ကို ကြားသိသွားသည်။
ရှုယွမ်က ပုံမှန်အတိုင်း ရှင်းပြ၏။ “ဟားဟား…အစ်ကိုယီ ခန့်မှန်းတာ မှန်ပါတယ်။ အံ့ဖွယ်နက်ရှိုင်းကျွန်းရဲ့ အမည်ဟာ ဒီကျွန်းအနားဝန်းကျင် ပင်လယ်က ခန့်မှန်းမရအောင် နက်ရှိုင်းပြီး နတ်ဆိုးသားရဲတွေနဲ့ ပြည့်နှက်နေတာကြောင့် ခုလိုမျိုး အမည်တွင်ခဲ့တာ။ ဒီပင်လယ်တွေ အနက်ပိုင်းမှာဆို ရှားပါးလှတဲ့ အဆင့်မြင့် နတ်ဆိုးသားရဲတွေကိုပါ မကြာခဏ မြင်တွေ့ရတယ်။ အဆင့်ခုနစ်နဲ့ အဲ့ထက်မြင့်တဲ့ သားရဦတွေတောင် ပေါ်ပေါ်လာတတ်တယ်လို့ ဆိုနိုင်တယ်။ ဒီအဆင့်မြင့်သားရဲတွေအတွက်ကြောင့် စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများစွာဟာ ဓာတ်လေးပါးကုန်သွယ်ရေးအဖွဲ့အစည်းကို ဆန့်ကျင်ကြတာ။ ဒီကျွန်းကနေ သူတို့တွေ အကျိုးအမြတ် ရယူမှာကို တားဆီးထားကြတယ်လေ။ ဒီပင်လယ်အနက်ပိုင်းထဲ ရှာဖွေကြတဲ့အချိန်ဆို ဓာတ်လေးပါးကုန်သွယ်ရေး မဟာမိတ်အဖွဲ့အစည်းနဲ့ အင်အားစုအမျိုးမျိုးကြားမှာ တိုက်ပွဲတွေ ပေါက်ကွဲဖြစ်ပွားလေ့ရှိတယ်လို့တောင် ဆိုနိုင်တယ်။ နောက်ပိုင်းမှာ ကြယ်နန်းတော်က ကြားဝင်ညှိနှိုင်းပေးခဲ့တာ။ ဘယ်လို အခြေအနေတွေကြောင့်လည်း မသိရပေမယ့် ဒီကျွန်းကိုတော့ အင်အားစုအမျိုးမျိုး လက်တွဲပြီး အုပ်စိုးခွင့် ရခဲ့တယ်။ အဲ့အချိန်ကစပြီး ဒီကျွန်းရဲ့ အကြောင်းအမှန်ကို အတွင်းပိုင်းပင်လယ်တွေဆီ ပျံ့နှံ့စေမှာကို တားမြစ်ထားခဲ့တယ်။ မဟုတ်ရင်တော့ အဲ့လို ဖော်ကောင်လုပ်တဲ့သူဟာ ဒီစုပေါင်းအင်အားစုတွေကြောင့် သေလူ ဖြစ်သွားရလိမ့်မယ်…”
ထိုစကားကို ကြားသည့်အခါ ဟန်လိသည် အတော်လေး အံ့အားသင့်မိနေသည်။ အခြားသူများကမူ ပို၍ တုန်လှုပ်ကုန်၏။
“အဆင့်ရှစ်နဲ့ ဒီ့ထက်မြင့်တဲ့အဆင့်မှာရှိတဲ့ နတ်ဆိုးသားရဲတွေဟာ စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတွေနဲ့ အဆင့်တူတဲ့ တည်ရှိမှုတွေပဲ။ ဒီသားရဲတွေဟာ ဒီမှာ အမှန်တကယ်ပဲ တည်ရှိကြတာလား…”
ယီကျင်းသည် တည်ငြိမ်မှုကို ဆက်မထိန်းထားနိုင်တော့ပေ။
“ကျုပ်လည်း မသေချာလှပါဘူး။ ကိုယ်တိုင်တော့ ဒီလိုသားရဲမျိုးတွေကို တစ်ခါမျှ မမြင်ဖူးခဲ့ဘူး။ ဒါပေမဲ့လို့ အဆင့်ခုနစ်သားရဲတွေကို အမဲလိုက်တဲ့ သူတွေကတော့ တကယ် ရှိတယ်။ ဒီတောက်ပရတနာအဆောက်အဦဟာ အဆင့်ခုနစ်သားရဲအမြုတေတွေ ရောင်းချတဲ့ နေရာဖြစ်ပြီး စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတွေဟာ အံ့မခန်းဈေးနှုန်းတွေနဲ့ ဈေးပြိုင်ကြတယ်…”
ထိုသို့ ပြောပြီးနောက်မှာ ရှုချင်းသည် အထင်တကြီး ဖြစ်ဟန်ဖြင့် နှုတ်ခမ်းသပ်မိသည်။
ခုချိန်ထိ တည်ငြိမ်စွာ ရှိနေသေးသော ဟန်လိသည် မျက်မှောင်ကြုတ်ကာ ဝင်မေးသည်။
“ရောင်းရင်းရှု ဆိုလိုတာက ဒီအံ့ဖွယ်နက်ရှိုင်းကျွန်းရဲ့ အနီးဝန်းကျင် ပင်လယ်မှာ နတ်ဆိုးသားရဲတွေကို ရှာတွေ့ဖို့ ပိုလွယ်ကူတယ်လို့ ပြောချင်တာလား…”
ရှုယင်သည် ဟန်လိကို အံ့အားသင့်ဟန်ဖြင့် တချက် လှမ်းကြည့်သည်။ သူက ခဏ စဉ်းစားသွားပြီးနောက်မှာ ပြောလာသည်။
“နတ်ဆိုးသားရဲတွေဟာ အတွင်းနက်ပိုင်းမှာ ရှာတွေ့ဖို့တော့ ပိုလွယ်တယ်။ ဒါပေမဲ့ အဲ့မှာ အဆင့်မြင့်သားရဲတွေဟာ ရံဖန်ရံခါ ပေါ်လာတတ်လို့ ဒီသားရဲတွေနဲ့ တွေ့ပြီး မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေဟာ အသက်ပေးခဲ့ရတယ်…”
အခြားနတ်ဆိုးကျွန်းများကို မရောက်ဖူးသော ယီကျင်းတို့အုပ်စုသည် သည်စကားများအပေါ် လက်ခံနိုင်ရန် ခက်နေသည်။ သို့သော် ဟန်လိကမူ ကောင်းကောင်း သဘောပေါက်၏။ ကြည့်ရတာ သည်နေရာသည် အန္တရာယ်ကော၊ ကြွယ်ဝမှုကော ရောပြွမ်းနေသည့်ပုံ ရသည်။ ထို့ကြောင့်လည်း သည်နေရာမှာ ထူးခြားနေတာ ဖြစ်ရမည်။
သူတို့အုပ်စုသည် ငြိမ်သက်သွားကြစဉ် သူတို့ကို လမ်းပြခေါ်လာသော သေမျိုးမိန်းမပျိုက တလေးတစားဖြင့် မေးလာသည်။
“အရှင်တို့…ရတနာရှုမျှော်ခင်းခန်းမကို အရင်သွားချင်လား…ဒါမှမဟုတ် ရတနာညှစ်ထုတ်ခြင်းခန်းမကိုပဲ အရင်သွားမလား…”
“ရတနာရှုမျှော်ခင်းခန်းမမှာ ဘာမှ ထူးထူးခြားခြား ကြည့်စရာ မရှိဘူး။ ဒါ့ကြောင့် ရတနာညှစ်ထုတ်ခြင်းခန်းမကိုပဲ သွားကြတာပေါ့။ အဲ့နေရာက ပစ္စည်းအမယ်တွေဟာ ရောင်းရင်းတို့အားလုံးကို အမြင်ကျယ်ပါစေလိမ့်မယ်…”
ရှုယင်သည် သေမျိုးမိန်းမပျို ဦးဆောင်တာကိုပင် စောင့်မနေဘဲ ညာဘက်ရှိ ခန်းမထဲသို့ လှမ်းလျှောက်သွားသည်။ သူသည် အလင်းအရံအတားနား ရောက်သည့်အခါ ၎င်းပေါ်သို့ ကျောက်စိမ်းတံဆိပ်ပြားဖြင့် ထိကပ်သည်။ ထိုအခါ အဝိုင်းအဟတစ်ခု ပေါ်လာ၏။ ထို့နောက်တွင် သူသည် ကျန်သည့်သူများကို လက်ပြလှမ်းခေါ်ပြီး အထဲသို့ ဝင်သွားတော့သည်။
ယီကျင်းနှင့် အခြားသူများကလည်း ထိုသည်ကို မြင်သည့်အခါ သူတို့လည်း တန်းစီ၍ တစ်ယောက်ပြီးတစ်ယောက် ဝင်ကြသည်။ ဟန်လိက ထိုသည်ကို မြင်သည့်အခါ သူက အပြင်ဘက်တွင် တလေးတစား ရပ်နေသော သေမျိုးမိန်းမပျိုကို သတိပြုမိပြီး သူမအား သိချင်စိတ်ဖြင့် မေးသည်။
“နင်ကရော အထဲကို ဝင်ဖို့ မလိုဘူးလား…”
သေမျိုးမိန်းမပျိုသည် အသက်ဝင်စွာ ပြုံးပြပြီး ရှင်းပြသည်။
“ကျမတို့လို သေမျိုးတွေကို ဒီရတနာခန်းမထဲ ဝင်ခွင့် မပြုထားပါဘူးရှင့်။ ဒီအစေခံက အရှင်တို့ကို အပြင်ကနေပဲ စောင့်နေပါ့မယ်…”
ဟန်လိသည် ခေါင်းညိတ်ပြပြီး သူလည်း နောက်ထပ် စကားမဆိုတော့ဘဲ အလင်းအရံအတားထဲ ဝင်လာသည်။ ထို့နောက်မှာ ၎င်းအလင်းအရံအတားသည် ၎င်းဘာသာ ပြန်ပိတ်သွား၏။
အတွင်းပိုင်း အပြင်အဆင်သည် ရိုးရှင်း၏။ သစ်သားထိုင်ခုံ အချို့ကလွဲ၍ အခန်း၏ အဆုံးသပ်၌ ဆယ်မီတာမျှအကျယ်ရှိ စင်မြင့်တစ်ခုသာ ရှိသည်။ ထိုစင်မြင့်၏ အနောက်တွင် အဘိုးအိုတစ်ယောက် ရပ်နေသည်။ သူ့လက်ထဲ၌လည်း အပြာရောင်တောက်တောက် ကျောက်တုံးတစ်တုံးကို ကိုင်ထား၏။
သူ့အောက်ဘက်တွင်မူ အဆင့်မျိုးစုံ ကျင့်ကြံသူသုံးဆယ်ကျော်လောက် ရပ်နေကြသည်။ သူတို့မှာ ချီစုဆောင်းခြင်းနှင့် အခြေခံတည်ဆောက်ခြင်းအဆင့်များသာ။ သူတို့ထဲ၌ အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူတစ်ယောက်မျှ မပါဝင်ပေ။
ထိုအဘိုးအိုသည် တလေးတစား ပြောလာသည်။
“ဒီအပြာရောင်ကျောက်တုံးဟာ မီးဓာတ်အခြေခံ မှော်ပစ္စည်းတစ်ခုပဲ။ ဒါကို ထူးခြားတဲ့ သတ္တုကုန်ကြမ်းတွေနဲ့ သန့်စင်ထားတာ ဖြစ်တယ်။ ဒီဟာအတွက် လေလံကြမ်းခင်းဈေးကို စိတ်ဝိညာဉ်ကျောက်တုံးငါးရာနဲ့ စဖွင့်ပါမယ်။ စည်းမျဉ်းအရ လေလံကြေး တိုးပေးချင်ရင် အနည်းဆုံး စိတ်ဝိညာဉ်ကျောက်တုံး သုံးဆယ်ကနေ စတိုးပေးရမယ်။ ကဲ ကျုပ်တို့ လေလံပွဲ စလိုက်ကြရအောင်…”
“ငါးရာသုံးဆယ်…”
“ငါးရာခုနစ်ဆယ်…”
“ခြောက်ရာ…”
ထိုအဘိုးအို စကားဆုံးသည်နှင့် ကျင့်ကြံသူများသည် လေလံကြေးများ စအော်ကြသည်။ သည်လေလံကြေးများသည် မမြင့်မားလွန်းလှသော်ငြား နောက်ဆုံး၌ စိတ်ဝိညာဉ်ကျောက်တုံး ခုနစ်ရာထိပင် ရောက်သွားခဲ့သည်။ ထို့နောက်တွင် အခြေခံတည်ဆောက်ခြင်းအဆင့် လူငယ်တစ်ယောက်က လှမ်းထွက်လာပြီး စိတ်ဝိညာဉ်ကျောက်တုံးများဖြင့်သာ ၎င်းမှော်ပစ္စည်းကို ဝယ်ယူ၍ ချက်ခြင်း သိမ်းဆည်းလိုက်သည်။
“နောက်တစ်ခု။ ကျုပ်တို့မှာ မြေဓာတ်အခြေခံ မှော်ပစ္စည်းတစ်ခု ရှိပါသေးတယ်…”
ထိုအဘိုးအိုသည် နှောင့်နှေးမနေဘဲ နောက်ထပ် ပစ္စည်းတစ်ခုကို ထပ်ထုတ်ကာ လေလံပွဲ ဆက်သည်။
ဟန်လိသည် ထိုမှော်ပစ္စည်းများလောက်ကို စိတ်မဝင်စားတာ သဘာဝပင်။ ထိုအစား သူ့အကြည့်သည် အကာမျက်နှာပြင်ထံသို့သာ ဖြတ်သန်းသွားသည်။ သူက ရှုယင်နှင့် အခြားသူများသည် သည်ခန်းမ၏ ထောင့်မှာ ရှိနေတာ မြင်သည့်အခါ သူတို့ထံ ပုံမှန်အမူအရာဖြင့် လှမ်းလျှောက်သွားသည်။