← Chapters

အမျိုးသမီးကျင့်ကြံခြင်းမိတ်ဖက်

Vol. 37 Ch. 514

အမျိုးသမီးကျင့်ကြံခြင်းမိတ်ဖက်

Vol. 37 Ch. 514

အမျိုးသမီးလျှိုက သံသယဝင်ဟန်ဖြင့် ရှုယင်ကို ပြောလိုက်သည်။

“ဒါက ပုံမှန်လေလံပွဲတွေနဲ့လည်း ဘာမှ မကွာလှပါဘူး။ ကျမတို့က ဒီမှာ ထူးခြားလှတဲ့ ပစ္စည်းအမယ်တွေကို တကယ်ပဲ မြင်ရမှာလား…”

ရှုယွမ်သည် ဆန်းကြယ်သည့်ဟန်ပန်ဖြင့် ထိုသို့ ပြောသည်။ “စိတ်အေးအေးထားပါ။ လေလံပွဲတွေဟာ မကြာခဏ ကျင်းပတယ်ဆိုပေမဲ့ လေလံပွဲတစ်ခုချင်းစီမှာ ထူးခြားတဲ့ ပစ္စည်းအမယ်အချို့ကိုတော့ ထုတ်ဖော်ပြသကြတာပဲ။ သူတို့က တန်ဖိုးအရှိဆုံး သတ္တုအမယ်တွေကို လေလံမတင်ကြပေမယ့် အတွင်းကြယ်ပင်လယ်မှာ မြင်ရခဲတဲ့ဟာတွေတော့ ပါနေတုန်းပါပဲ…”

ထို့နောက်တွင် သူသည် ဟန်လိလှမ်းလာတာကို မြင်၍ ပြုံးပြသည်။

ဟန်လိလည်း နှုတ်ဆက်အသိအမှတ်ပြုဟန်ဖြင့် ခေါင်းညိတ်ပြပြီး သူတို့ကို အံ့အားသင့်သွားစေမည့် မေးခွန်းတစ်ခု မေးလိုက်သည်။

“တာအိုရောင်းရင်းရှု၊ ဒီကျောက်နက်မြို့မှာ ကျင့်ကြံသူ အရေအတွက် ဘယ်လောက်များများ ရှိလဲ။ ဒီမှာ လူအများအပြား ရှိနေတဲ့ပုံတော့ မပေါ်ဘူး…”

ရှုယွမ်သည် တည်ငြိမ်စွာဖြင့် ဝန်ခံသည်။

“အစ်ကိုဝိညာဉ်သေက တကယ်အမြင်စူးရှတာပဲ။ ဒီကျောက်နက်မြို့မှာ တည်းခိုးခန်းတွေလိုမျိုး ယာယီနေထိုင်လို့ရတဲ့ နေရာတွေ ရှိပေမယ့် ပြင်ပကျင့်ကြံသူတွေအတွက် အမြဲနေထိုင်တဲ့ နေရာတွေတော့ ရှိမနေပါဘူး။ အဆင့်မြင့်ကျင့်ကြံသူတွေဟာလည်း အခြားကျွန်းတစ်ခုပေါ်မှာ သူတို့ရဲ့ ကိုယ်ပိုင်လှိုဏ်ဂူတွေ ရှိကြတယ်။ အဆင့်နိမ့်ကျင့်ကြံသူတွေကတော့ သေမျိုးတွေနဲ့အတူ အခြားကျွန်းတွေရဲ့ ရွာငယ်၊ မြို့ငယ်တွေမှာ နေကြတာ။ ဒီကျောက်နက်မြို့ကို လာတဲ့ ကျင့်ကြံသူအားလုံးဟာ စီးပွားရေးကိစ္စအတွက်ပဲ ဖြစ်ပြီး အဆင့်နိမ့်ကျင့်ကြံသူတွေကို အများဆုံး တွေ့ရနိုင်ပါတယ်…”

ထိုအခိုက်တွင် ယိကျင်းသည် ဝင်မေး၏။ သူ့မေးခွန်းကြောင့် ဟန်လိသည်ပင် စဉ်းစားသွားသည်။

“ဒါပေမဲ့…အနည်းဆုံး အခြေခံတည်ဆောက်ခြင်း ကျင့်ကြံခြင်းအဆင့်ရှိမှ ပြင်ပကြယ်ပင်လယ်မှာ ရှင်သန်နိုင်မှာ မလား။ ဒါကို ဘာကြောင့်များ ချီစုဆောင်းခြင်းအဆင့် ကျင့်ကြံသူတွေနဲ့ သေမျိုးတွေဟာ အများအပြား ရှိနေရတာလဲ…”

ရှုယွမ်က တည်ငြိမ်စွာ ပြန်ဖြေ၏။ “အစ်ကိုယီရဲ့ မေးခွန်းကတော့ အံ့ဖွယ်နက်ရှိုင်းကျွန်းနဲ့ အခြားနတ်ဆိုးသားရဲကျွန်းတွေကြားက အကြီးမားဆုံး ကွာခြားချက်ဖြစ်တဲ့ တကယ့်အချက်အချက်ကို မေးလိုက်တာပါပဲ။ တခြားကျွန်းတွေမှာဆို အဆင့်မြင့် ကျင့်ကြံသူ အချို့ပဲ ရှိပြီး သားရဲတွေကို အမဲလိုက်ကြပြီး လုံလောက်တဲ့ ပစ္စည်းအမယ်တွေ ရပြီးတာနဲ့ ပြန်ကြတာလေ။ ဒါပေမဲ့ ဒီအံ့ဖွယ်နက်ရှိုင်းကျွန်းမှာတော့ ဒီမှာ အင်အားစုအမျိုးမျိုး အထိုင်ချပြီးတဲ့နောက် ဒီကျွန်းရဲ့ အနီးဝန်းကျင်မှာ စိတ်ဝိညာဉ်ကျောက်တွင်းအချို့ကို ရှာဖွေတွေ့ရှိခဲ့ကြတယ်။ ကျင့်ကြံဖို့အတွက် လိုအပ်တဲ့ ထုတ်လုပ်မှုလုပ်ငန်းအချို့ကို တည်ထောင်ခဲ့ကြပြီး အဲ့တာကြောင့် ဒီကျွန်းတစ်ခုစာလုံးအတွက် လုံလုံလောက်လောက် ရှိလာခဲ့တယ်။ ဒီလိုနဲ့ ကျင့်ကြံသူအချို့ဟာ ဒီမှာ နေထိုင်ကြပြီး သူတို့ရဲ့ မိသားစုဆွေမျိုးတွေကိုပါ ဒီကို ခေါ်လာခဲ့ကြတယ်။ အဲ့လိုနဲ့ပဲ ဒီမြို့မှာ အဆင့်နိမ့်ကျင့်ကြံသူတွေနဲ့ သေမျိုးတွေ တဖြည်းဖြည်း များလာခဲ့တော့တာပေါ့။ ကျောက်တုံးနက်မြို့ကို အုပ်စိုးတဲ့ အင်အားစုတွေဟာ သူတို့ရဲ့ အင်အားတွေကို ဒီမြို့ဆီ တဖြည်းဖြည်း သယ်ယူပို့ဆောင်ခဲ့တယ်လို့လည်း ကျုပ် ကြားသိဖူးတယ်။ ကျုပ်အထင် နောင်နှစ်ပေါင်းနှစ်သောင်းလောက်ဆို ဒီနေရာဟာ ဒုတိယအတွင်းကြယ်ပင်လယ်တွေလို ဖြစ်လာနိုင်လိမ့်မယ်။ ဒါပေမဲ့လို့ ကျောက်တုံးနက်မြို့ကလွဲလို့ အခြားကျွန်းတွေပေါ်မှာ ရှိတဲ့ ရွာတွေ၊မြို့ငယ်တွေဟာ နည်းနည်းလေးမျှ ဘေးမကင်းဘူးလို့ ယူဆနိုင်တယ်။ အဆင့်မြင့်သားရဲတွေရဲ့ ရုတ်တရက် တိုက်ခိုက်မှုကြောင့် ပျက်စီးသွားခဲ့ရတဲ့ ရွာတွေဟာ မနည်းလှဘူး…”

သူ ထိုသို့ ပြောပြီးသည့်နောက်မှာ သည်အုပ်စုသည် ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။

ယီကျင်းသည် အသက်ဝဝရှိုက်သွင်းလျက် မေးလာပြန်သည်။

“ကြယ်နန်းတော်နဲ့ အခြားအင်အားစုတွေဟာ ဒီနေရာနဲ့ ပတ်သက်ပြီး ဘာကြောင့်များ ဝင်မပါကြတာလဲ…”

ရှုယွမ်သည် အေးစက်စက်နှာခေါင်းရှုံ့ပြီး ထပ်ပြောသည်။

“ဒီနေရာဟာ အတွင်းကြယ်ပင်လယ်ပြင်တွေနဲ့ အလွန်ပဲ ဝေးကွာတယ်။ ဒါ့အပြင် အတွင်းကြယ်ပင်လယ်ပြင်မှာ သူတို့အတွက် လုံလောက်တဲ့ နေရာအကျယ်အဝန်းလည်း ရှိထားပြီး ဖြစ်တယ်။ ဒီလို ဝေးကွာပြီး တသီးတသန့်ဖြစ်တဲ့ နေရာကို သူတို့က ဘယ်အချိန်ထိ ချမ်းသာပေးမလဲ။ တကယ်တော့ အခြားအင်အားစုတွေဟာ ဒီကျွန်းကို အုပ်စိုးတဲ့ အင်အားစုတွေကို ဖယ်ရှားဖို့ စောင့်ကြည့်နေကြတာပဲ။ အဲ့တာက အတွင်းကြယ်ပင်လယ်ပြင်မှာ ပဍိပက္ခတွေ ဖြစ်နေစေတဲ့ အချက်တွေထဲက တစ်ခုအနေနဲ့တော ပါနိုင်တယ်…”

ရှုယွမ်သည် ကြယ်နန်းတော်မှ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို ပိတ်သိမ်းခြင်းနှင့် ပတ်သက်ပြီး မကျေမလည် ဖြစ်နေပုံ ရသည်။

ယီကျင်းတို့အုပ်စုသည် သည်အကြောင်းများကို ကြားရပြီးနောက် ဤသည်မှာ အဓိပ္ပာယ်ရှိသည်ဟု ခံစားမိကြသည်။ သူတို့က နောက်ထပ် မည်သို့မျှ ထပ်မမေးလေတော့ဘဲ တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်မိသည်။ သူတို့သည် အခြေခံတည်ဆောက်ခြင်း အနိမ့်ပိုင်းကျင့်ကြံသူများ ဖြစ်နေ၍ သူတို့ မထိန်းချုပ်နိုင်သည့် အင်အားစုများအကြောင်း ဆက်၍ ပြောမနေတာက ပိုကောင်းသည် မဟုတ်လား။ သို့မှသာ ဘေးကပ်ဆိုးတစ်ခုခုကို စွဲဆောင်မိနိုင်ခြေ နည်းပေလိမ့်မည်။

မှော်ပစ္စည်းအတော်များများနှင့် ကုန်ကြမ်းအမယ်များကို ရောင်းချပြီးသည့်နောက်မှာ လေလံပွဲ ကြီးမှူးသူ၏ နောက်တွင် အပြာရောင်ဝတ်စုံဖြင့် သက်လတ်ပိုင်းလူတစ်ယောက် ပေါ်လာသည်။ သူသည် လက်မအရွယ်ခန့်ရှိ အလုံးတစ်ခု ပါသော အနီရောင်သေတ္တာတစ်ခုကို ကိုင်ထားလျက် ရှိသည်။ ထိုအလုံး၏ ဗဟိုတွင် အဖြူရောင်ရှိပြီး အစွန်းများတွင် ခရမ်းရောင် ရှိ၏။

ရှုယွမ်သည် ထိုသည်ကို မြင်သည့်အခါ စိတ်အားတက်ကြွသွား၏။

“တာအိုရောင်းရင်းတို့…တစ်ချက် ကြည့်ကြ။ ဒါက အံ့ဖွယ်နက်ရှိုင်းကျွန်းရဲ့ လေလံပွဲတွေထဲမှာ ပါဝင်တဲ့ အရေးကြီးဆုံး ပစ္စည်းကောင်းတွေထဲက တစ်ခုပဲ။ ဒါကို နတ်ဆိုးသားရဲဥလို့ ခေါ်တယ်။ ဒါဟာ အဖိုးတန်တဲ့ ရတနာပဲ။ ဒီလို ဥတွေဟာ အတွင်းကြယ်ပင်လယ်ပြင်မှာဆို ဈေးတွေ မိုးထိုးနေလိမ့်မယ်။ ဒါပေမဲ့ ဒီအံ့ဖွယ်နက်ရှိုင်းကျွန်းပေါ်မှာတော့ အဲ့ထက် အများကြီး ပိုဈေးသက်သာတယ်။ ဘာလို့လဲဆိုတော့ တချို့ သားရဲဥအနည်းငယ်ကလွဲလို့ အများစုဟာ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်နဲ့ တည်နေရာရွှေ့ပြောင်းတာမှာ ခံနိုင်ရည် မရှိကြလို့ပဲ။ တည်နေရာရွှေ့ပြောင်းမယ်ဆို ဥအများစုဟာ သေဆုံးကုန်တယ်။ ဒါ့ကြောင့်လည်း ရှားပါးဥတွေ ပေါ်လာတဲ့ အချိန်တိုင်းမှာ စိတ်ဝိညာဉ်သားရဲဟာ အများအားဖြင့် ဒီဥကို အာဟာရ ဖြစ်စေပြီး ပျိုးထောင်ရတယ်။ ပြီးမှ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို ဖြတ်ပြီး အတွင်းပင်လယ်တွေဆီ ယူဆောင်နိုင်မှာ။ ဒါ့ကြောင့်လည်း အဆင့်မြင့်ကျင့်ကြံသူတွေဟာ ဒီဥအတွက် စိတ်ဝိညာဉ်ကျောက်တုံး အများအပြား ပေးကြတာလေ…”

“နတ်ဆိုးသားရဲဥလား…” ယီကျင်း၏ မျက်လုံးသည် အရောင်တောက်သွားသည်။ သူသည် အမြဲတမ်း အဆင့်မြင့်နတ်ဆိုးသားရဲတစ်ကောင်ကို မွေးမြူပျိုးထောင်ဖို့ စိတ်ကူး ရှိခဲ့ဖူးသည်။ အခြားသူများမှာလည်း ကျေနပ်အံ့အားသင့်ဟန် ဖြစ်ပေါ်ကုန်သည်။

ဤသို့ဖြင့် သူတို့သည် နောက်ပိုင်း၌ သူတို့၏ ကိုယ်ပိုင်စိတ်ဝိညာဉ်သားရဲကို ရရန် အခွင့်အရေးတစ်ခု ရလာနိုင်ပေသည်။ အတွင်းကြယ်ပင်လယ်များတွင် စိတ်ဝိညာဉ်သားရဲကောင်းတစ်ခုကို ရှာဖွေခြင်းသည် အလွန်အင်မတန် ခက်ခဲလှသော ကိစ္စတစ်ခု ဖြစ်သည်။

“ဒါက ခရမ်းတိမ်သိမ်းငှက်ရဲ့ ဥပဲ။ ဒီကောင်သာ အရွယ်ရောက်သွားတာနဲ့ အဆင့်လေးသားရဲ ဖြစ်လိမ့်မယ်။ ဒီသားရဲဟာ အကာအကွယ်မှော်ပညာရပ်အချို့ကိုပဲ သိတယ် ဆိုပေမဲ့ ၎င်းရဲ့ ခန္ဓာကိုယ်မှာ သံမဏိလို မာကြောတဲ့ ငှက်မွှေးတောင်တွေ ပိုင်ဆိုင်ထားတယ်။ ပြီးတော့ ဒီကောင်ဟာ ထိပ်တန်းပျံသန်းခြင်း မှော်ပစ္စည်းအချို့ထက်တောင် ပိုမြန်သေးတယ်။ ပြီးတော့ ဒီသားရဲဟာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ အကာအကွယ်တွေကိုလည်း လွယ်ကူစွာ ချိုးဖျက်နိုင်ပြီး အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူတွေအတွက်ဆို ရှားပါးနတ်ဆိုးသားရဲတစ်ကောင်အဖြစ် သံသယမရှိ ယူဆလို့ ရနိုင်တယ်။ ကြမ်းခင်းဈေးဟာ စိတ်ဝိညာဉ်ကျောက်တုံးနှစ်ထောင်။ တစ်ကြိမ် လေလံကြေးတိုးတိုင်း အနည်းဆုံး တစ်ရာ တိုးရမယ်။ ခု လေလံစ ဖွင့်ပြီ…”

အဘိုးအိုသည် ၎င်းသားရဲဥ၏ အမည်ကျော်ကြားမှုအပေါ် အတော်လေး ယုံကြည်ချက် ရှိနေသည့်ပုံပင်။ ခပ်မြန်မြန် ဒီဥအကြောင်း မိတ်ဆက်ပေးပြီးနောက်မှာ သူသည် အချိန်ဆွဲမနေဘဲ လေလံစဖွင့်သည်။

သူ့အောက်ဘက်မှ ကျင့်ကြံသူများသည် လေလံပွဲ စသည်နှင့် ချက်ခြင်းပင် ဈေးစခေါ်ကြတော့သည်။

အဆင့်လေးသားရဲများသည် အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူများအတွက် အနည်းအကျဉ်းလောက်သာ စိတ်ဝင်စားစေမည် ဖြစ်သော်ငြား အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူများအတွက်မူ အတော်လေး သင့်တော်လှသည်။

အကြောင်းမှာ သည့်ထက်အဆင့်မြင့်သော သားရဲများကို ရဖို့မှာ ပို၍လည်း ကုန်ကျစရိတ်များ မည်ဖြစ်သလို ၎င်းတို့ကို ပျိုးထောင်မွေးမြူဖို့မှာလည်း အချိန်ပိုကြာရှည်မည် ဖြစ်သည်။

“စိတ်ဝိညာဉ်ကျောက်တုံး နှစ်ထောင့်ငါးရာ…”

“နှစ်ထောင့် ခုနစ်ရာ…”

“သုံးထောင်…”

ခရမ်းတိမ်သိမ်းငှက်၏ဥသည် အလျင်အမြန်ပင် စိတ်ဝိညာဉ်ကျောက်တုံးသုံးထောင်အထိ ရောက်လာ၏။ သည့်နောက်မှာ စိတ်လှုပ်တရှား ဖြစ်နေသော အမျိုးသမီးကျင့်ကြံသူတစ်ယောက်သည် စိတ်ဝိညာဉ်ကျောက်တုံး သုံးထောင့်သုံးရာဖြင့် လေလံအောင်သွားလေ၏။

ယီကျင်းတို့အုပ်စုထဲမှ အသားမည်းနည်းနှင့်ကျင့်ကြံသူသည် ထိုအမျိုးသမီး၏လက်ထဲရှိ ဥကို ကြည့်၍ ခပ်တိုးတိုး ရေရွတ်လိုက်သည်။

“ဒါက အတွင်းကြယ်ပင်လယ်ထက် စာရင် အများအပြား ဈေးသက်သာတာပဲ။ ကောင်းကင်ကြယ်မြို့မှသာဆို ဒီလို စိတ်ဝိညာဉ်သားရဲမျိုးဟာ အနည်းဆုံး စိတ်ဝိညာဉ်ကျောက်တုံးငါးထောင် တန်လိမ့်မယ်…”

ဟန်လိကလွဲ၍ အခြားသူများသည် ဤမြင်ကွင်းကို ကြည့်၍ မျက်လုံးများ အရောင်တောက်နေကြသည်။

ရှုယွမ်က ထိုသည်ကို မြင်သည့်အခါ ပြုံးသည်။

ထို့နောက်တွင်မူ ထိုအဘိုးအိုသည် အဆင့်လေးသားရဲဥကို စိတ်ဝိညာဉ်ကျောက်တုံးသုံးထောင့်ဖြင့် လေလံပိတ်သည်။

နောက်ထပ် ကြေညာမည့် လေလံပစ္စည်းကို လှမ်းကြည့်ရင်း အမျိုးသမီးလျှို၏ မျက်နှာထက်၌ တုန်လှုပ်ဟန် မဖြစ်ပေါ်မိဘဲ မနေနိုင် ဖြစ်ရသည်။

“ဘာလိုတွေ ဖြစ်သွားတာလဲ…”

သူမတို့အုပ်စုထဲရှိ အခြားသူများသည်လည်း အံ့အားတသင့် ဖြစ်ကုန်ကြသည်။

လေလံပွဲကြီးကြပ်သူ အဘိုးအို၏ဘေးတွင် အသက်နှစ်ဆယ်ဝန်းကျင်ခန့် မိန်းမလှနှစ်ဦး ရပ်နေသည်။ သူတို့သည် ချီစုဆောင်းခြင်းအဆင့်သုံး၌ ရှိကြသည်။ သူတို့က လေလံစင်မြင့်ပေါ်၌ တက်ရောက်လာပုံအရ သည်အမျိုးသမီးနှစ်ယောက်သည် လေလံပစ္စည်းများဟု ထင်ရလေသည်။

ရှုယွမ်သည် နည်းနည်းလေးမျှ အံ့အားသင့်ဟန် မပြပေ။ သူက လေလံစင်မြင့်ပေါ်ရှိ အဘိုးအို ပြောလာမည့် စကားများကိုသာ နားစွင့်နေသည်။

“ကဲ…နောက်တစ်ခုကတော့ ကျုပ်တို့မှာ အဆင့်နိမ့်ချီစုဆောင်းခြင်းအဆင့် ကျင့်ကြံခြင်းမိတ်ဖက်နှစ်ယောက်လည်း ရှိပါသေးတယ်။ သူတို့ဟာ ဓာတ်ငါးပါးကို အခြေခံတဲ့ ကျင့်ကြံခြင်းပညာရပ်တွေကိုပဲ ကျင့်ကြံခဲ့ကြတယ်။ ပြီးတော့ သူတို့နှစ်ယောက်လုံးဟာ အပျိုစစ်စစ်။ သူတို့ရဲ့ တောင်းဆိုချက်ကတော့ အခြေခံတည်ဆောက်ခြင်းအလယ်အဆင့်၊ ဒါမှမဟုတ် အဲ့ထက် ပိုမြင့်တဲ့အဆင့်ကသူတွေဟာ သူတို့ကို လေလံဆွဲဖို့ပါပဲ။ သူတို့ တစ်ယောက်ချင်းစီအတွက် ကြမ်းခင်းလေလံဈေးဟာ စိတ်ဝိညာဉ်ကျောက်တုံးနှစ်ထောင် စပါမယ်။ တစ်ကြိမ်မှာ နည်းနည်းစီ တိုးပေးနိုင်တယ်…”

ထိုအဘိုးအိုသည် သည်အမျိုးသမီးနှစ်ယောက်ကို စင်ပေါ်သို့ ခေါ်စဉ် အောက်မှ အမျိုးသားကျင့်ကြံသူ အများအပြားက ထိုနှစ်ယောက်ကို ကြည့်နေကြသည်။ သို့ရာတွင် အဘိုးအို၏ လေလံစကားများ ထွက်ပေါ်လာပြီး အတော်ကြာသည့်အထိ မည်သူကမျှ ဈေးစမခေါ်ကြသေးပေ။ ရှေ့ဆုံးအုပ်စုတွင် ထိုင်နေသော ကျင့်ကြံသူနှစ်ယောက်ကတော့ ခပ်တိုးတိုး ဆွေးနွေးနေကြသည်။

“တတိယအဆင့် အမျိုးသမီးကျင့်ကြံခြင်းမိတ်ဖက်တစ်ယောက်ကို စိတ်ဝိညာဉ်ကျောက်တုံးနှစ်ထောင်တဲ့။ ခင်ဗျားက ကိုယ်လုပ်တော် တစ်ယောက် လိုချင်နေတယ်ဆိုရင်လည်း အခြားနေရာ သွားပြိး သေမျိုးမိန်းကလေးတစ်ယောက်ကို ဘာလို့ မဝယ်ယူတာလဲ။ သူတို့ အိုမင်းလာတဲ့အခါကျရင်လည်း ခင်ဗျားအနေနဲ့ သူတို့ကို စိတ်ဝိညာဉ်ကျောက်တုံး နည်းနည်းပါးပါး ပေးပြီး ထွက်သွားခိုင်းလို့ ရတာပဲ။ အခြေခံတည်ဆောက်ခြင်း ကျင့်ကြံခြင်းမိတ်ဖက် ဆိုရင်တော့ ကျုပ်လည်း စိတ်ဝိညာဉ်ကျောက်တုံး ဒီထက် ပိုသုံးမိချင် မိနိုင်တယ်…”

“ခင်ဗျား အိပ်မက်မက်နေတာလား။ ခင်ဗျားကိုယ်ခင်ဗျား အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူတစ်ယောက်လို့ ထင်နေတာလား။ ဒီနေရာရဲ့ ဓလေ့ကို မမေ့ပါနဲ့။ အခြေခံတည်ဆောက်ခြင်း မိတ်ဖက်တွေဟာ ကျုပ်တို့တွေ တတ်နိုင်တဲ့ အရာမျိုး မဟုတ်ဘူး။ ဒီလောက် စိတ်ဝိညာဉ်ကျောက်တုံး ပမာဏနဲ့ဆို သားရဲဥကို ဝယ်ယူတာကမှ ပို အကျိုးအမြတ် ရနိုင်ဦးမယ်…”

သူတို့၏ ပြောစကားကို ကြားသည့်အခါ ဟန်လိသည် အံ့အားသင့်သွားသော်လည်း ခဏသာ ကြာသည်။ သူ့မျက်နှာထက်၌ ထိုအံ့အားသင့်ဟန် အရိပ်အယောင်သည် ပြန်ပျောက်ကွယ်သွားသည်။ သူသည် အချို့အင်အားစုများသည် ကျင့်ကြံခြင်းမိန်းမပျိုများကို ကျင့်ကြံခြင်းမိတ်ဖက်အတွက် လျှို့ဝှက်ပျိုးထောင်ကြောင်းကို သူ ကြားသိခဲ့ဖူးတာ ကြာပြီ ဖြစ်၏။ အမျိုးသမီးကျင့်ကြံသူများကို လက်ဆောင်အဖြစ် ချီးမြှင့်ကြသည့် အချို့ အဆင့်မြင့် ကျင့်ကြံသူများသည်ပင် ရှိသည်။ သို့သော် မည်သို့ပင် ဖြစ်စေ အခုကဲ့သို့ အမျိုးသမီးမိတ်ဖက်ကို ပြောင်ပြောင်တင်းတင်း လေလံပစ်သည့် လေလံပွဲကမူ အတွင်းကြယ်ပင်လယ်များတွင် တစ်ခါမျှ မဖြစ်ပွား ခဲ့ဖူးပေ။ အခုလို ပွင့်ပွင့်လင်းလင်း လေလံတင်ခြင်းသည် ဟန်လိကို တုန်လှုပ်အံ့အားသင့်သွားစေသည်။

ယီကျင်းနှင့် အခြားသူများသည်လည်း သူတို့ကိုယ်သူတို့ တည်ငြိမ်စေသည်။ တကယ်တော့ ကျင့်ကြံခြင်းမိတ်ဖက်များသည် ကျင့်ကြံခြင်းလောက၌ လူတိုင်း သိပြီးသား အရာပင်။ သို့ရာတွင် သူတို့အုပ်စုထဲ၌ အမျိုးသမီးကျင့်ကြံသူနှစ်ယောက် ပါနေ၍ ခုလက်ရှိ အနေအထားက အတော်လေး မသက်မသာတော့ ဖြစ်စေသည်ပင်။

“တာအိုရောင်းရင်းတို့ တုန်လှုပ်မသွားကြပါနဲ့။ ဒီအမျိုးသမီးတွေ ကိုယ်တိုင်ကကို အဲ့လို လေလံတင်စေဖို့ ဆန္ဒရှိကြတာပါ။ သူတို့ရဲ့ ပါရမီဟာ ဆိုးဝါးတဲ့အတွက် သာမန်နည်းလမ်းတွေနဲ့ဆို ရှေ့ဆက်တက်နိုင်ဖို့ဟာ အလွန်ပဲ ခက်ခဲလိမ့်မယ်။ သူတို့ဟာ မှီခိုစရာ အကြီးအကဲတွေလည်း မရှိကြသလို သူတို့ကို ပျိုးထောင်ပေးမယ့် အင်အားစုနောက်ခံလည်း ကင်းမဲ့ကြတယ်။ ဒါ့ကြောင့် သူတို့ဟာ အဆင့်မြင့် အမျိုးသားကျင့်ကြံသူတွေအတွက် မိတ်ဖက် ဖြစ်လာစေပြီး အတော်အတန် ဆက်ကျင့်ကြံနိုင်ဖို့အတွက် ခုလိုမျိုး လုပ်ကြတာ။ အဲ့လိုနည်းနဲ့ သူတို့ဟာ သူတို့ရဲ့ အိမ်တွေကို စိတ်ဝိညာဉ်ကျောက်တုံး ပမာဏများများလည်း ပြန်ပေးနိုင်မှာ ဖြစ်သလို သူတို့အတွက်လည်း အထောက်အပံ့ကောင်းကောင်း ရစေနိုင်မှာ ဖြစ်တယ်။ သူတို့ဟာ အမျိုးသားကျင့်ကြံသူတစ်ယောက်ရဲ့ ချစ်ခင်စုံမက်မှုကိုပါ ရသွားခဲ့ရင်တော့ ကိုယ်လုပ်တော် ဒါမှမဟုတ် အဲ့ထက် ပိုမြင့်တဲ့ အဆင့်အတန်းတစ်ခုကို ရနိုင်ဖို့ အခွင့်အရေးလည်း ရှိလာနိုင်တယ်လေ။ အဆင့်မြင့် ကျင့်ကြံသူတွေမှာလည်း အခြားအကြောင်းရင်းတွေအတွက် ကျင့်ကြံခြင်းမိတ်ဖက် လိုအပ်ကြာတာမျိုး ရှိကြတာပဲ။ ဒါပေမဲ့ အဆင့်နိမ့် ကျင့်ကြံသူတွေကိုတော့ လေလံဝင်ဆွဲခွင့် မရှိအောင် တားမြစ်ထားကြတယ်။ ဒါက လက်ခံနိုင်ပါတယ်လေ…”

ရှုယွမ်သည် ဖြည်းဖြည်းချင်း ရှင်းပြလေ၏။ သူသည် ဤမြင်ကွင်းမျိုးနှင့် အသားကျနေပြီး ဖြစ်သည့်အလား။

All Chapters