← Chapters

နတ်ဆိုးပဲ့တင်ထပ်ခြင်းမြက်

Vol. 37 Ch. 516

နတ်ဆိုးပဲ့တင်ထပ်ခြင်းမြက်

Vol. 37 Ch. 516

ဟန်လိသည် ရှည်ရှည်ဝေးဝေး ပြောမနေဘဲ လိုရင်းကိုသာ တည့်မေးလိုက်သည်။

“တာအိုရောင်းရင်းကုအနေနဲ့ နှင်းစက်တစ်သောင်းသစ်ရွက်ကို သိပါသလား…”

“နှင်းစက်တစ်သောင်း သစ်ရွက်လား…” ကုယုသည် ခဏတော့ တုံ့ဆိုင်းသွားသေးသည်။ ထို့နောက်မှာ သူက ခပ်တိုးတိုး ရေရွတ်၍ တုန့်ပြန်သည်။

“ဒီနာမည်က ကျုပ်အပေါ်မှာ လွှမ်းမိုးမှုနည်းနည်းတော့ ရှိပါတယ်။ ဟိုးလွန်ခဲ့တဲ့ နှစ်အနည်းငယ်ကသာ စီနီယာက အဲ့နာမည်အကြောင်း မေးခဲ့ရင် ကျုပ်မှာ ဖြေစရာ မရှိပါဘူး။ လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက ဒီဂျူနီယာဟာ အဲ့သစ်ရွက်အကြောင်း ဖော်ပြထားခဲ့တဲ့ ရှေးဟောင်းမှတ်တမ်းတစ်ခုကို ရရှိခဲ့ပါတယ်။ ဂျူနီယာလည်း အဲ့ကျောက်စိမ်းပြားကို ပုံတူ ကူးထားခဲ့ပါတယ်။ စီနီယာ တစ်ချက်လောက် ကြည့်ကြည့်မလား…” ထိုသို့ ပြောပြီးနောက်မှာ ကုယုသည် သတိထားသည့်ဟန် ဖြစ်ပေါ်သည်။

ဟန်လိသည် ကျေနပ်အားရသွားသည်။ သူ့မျက်လုံးထဲ၌ စိတ်လှုပ်ရှားသည့်ဟန် မဖြစ်ပေါ်မိဘဲ မနေနိုင် ဖြစ်ရသည်။

သူ့စိတ်ထဲရှိ စိတ်လှုပ်ရှားမှုကို ဖိနှိပ်လျက် ဟန်လိသည် ပြုံး၍ ပြောသည်။

“ခင်ဗျားမှာ အဲ့လို မှတ်တမ်း ရှိထားတော့ ကောင်းတာပေါ့ဗျာ။ ကျုပ် ဒါကို ရှာတွေ့နိုင်ခဲ့မယ်ဆို ခင်ဗျားကို တကယ်ပဲ ကျေးဇူးတင်မိမှာပါ…”

ကုယုသည်လည်း အတော်လေး ကျေနပ်သွားသည်။ အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူတစ်ယောက်ထံမှ မျက်နှာသာ ပေးခံရခြင်းသည် ကံကောင်းသည့် ကိစ္စရပ်တစ်ခု မဟုတ်လား။ သူက အလျင်အမြန်ပင် သူ့ခန္ဓာကိုယ်ကို စမ်း၍ အဝါရောင်ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူပြီး ဟန်လိထံ လက်နှစ်ဖက်ဖြင့် သေချာ ပေးသည်။

ကုယုသည် တလေးတစား ပြန်ပြောသည်။

“ဒီဟာပါ။ ကျေးဇူးပြုပြီး စီနီယာ သေချာလေး စစ်ဆေးကြည့်ပေးပါ…”

ဟန်လိသည် ၎င်းကျောက်စိမ်းပြားကို လက်ခံယူပြီး သူ့စိတ်ဝိညာဉ်အာရုံဖြင့် ၎င်းကို အလျင်အမြန် စစ်ဆေးကြည့်သည်။ ခဏအတွင်း ဟန်လိ၏ အမူအရာသည် စိတ်လှုပ်ရှားဟန်မှသည် သံသယဖြစ်ဟန်၊ ထိုမှသည် စဉ်းစားတွေးတောသည့်ဟန်သို့ ပြောင်းလဲသွားသည်။

လီရှန်သည်လည်း ဟန်လိ၏ လှုပ်ရှားမှုတိုင်းကို သေချာ စောင့်ကြည့်နေသည်။ ဟန်လိ၏ အမူဟန်ပန်က အကြိမ်ကြိမ် ပြောင်းလဲလျက် ရှိနေတာ မြင်သည့်အခါ သူ့မျက်လုံးထံမှ ဖော်ပြ၍ မရသော စိတ်ခံစားချက်တစ်ခု ဖြတ်ပြေးသွားသည်။ ကုယုသည်လည်း ကျောက်စိမ်းပြားထဲ၌ ဖော်ပြထားသည့် နှင်းစက်တစ်သောင်းသစ်ရွက်သ်ည ဟန်လိ ရှာနေသော အရာနှင့် ကိုက်၊မကိုက်အပေါ် ပူပန်နေသည်။

ဟန်လိသည် ကျောက်စိမ်းပြားထံမှ သူ့စိတ်ဝိညာဉ်အာရုံကို ဖြည်းဖြည်းချင်း ပြန်ရုတ်သိမ်းလျက် ပြောလာသည်။

“အမှန်ပါပဲ။ ကျုပ် ရှာနေတာ ဒီဟာပါပဲ....” သို့ရာတွင် ဟန်လိ၏ မျက်လုံးထဲရှိ စိတ်လှုပ်ရှားမှုကမူ သိသိသာသာ လျော့ပါးသွားသည်။ အဘိုးအိုက ချောင်းဟန့်ကာ ဝင်ပြောလာသည်။

“ဘာများ ဖြစ်လို့လဲ…ဒီနှင်းစက်တစ်ထောင်သစ်ရွက်နဲ့ ပတ်သက်ပြီး တစ်ခုခုများ ပြဿနာ ရှိလို့လား…”

ဟန်လိသည် ခါးသီးစွာ ပြုံးမိ၏။

“ဒီပစ္စည်းကို ရဖို့ တအား ဒုက္ခများလိမ့်မယ်လို့ ကျုပ် မမျှော်လင့်ထားမိခဲ့ဘူး။ ဒါက အဆင့်ရှစ်နတ်ဆိုးသားရဲတွေနဲ့ အတော်လေး ဆက်စပ်နေတယ်…”

လီရှန်မှာ မယုံကြည်နိုင်ဟန်ဖြင့် ဟန်လိကို တုန်လှုပ်စွာ ကြည့်၍ ပြောသည်။

“အဆင့်ရှစ်နတ်ဆိုးသားရဲလား…”

ဟန်လိသည် သက်ပြင်းချပြီး အကူအညီမဲ့စွာဖြင့် ရှင်းပြသည်။

“အမှန်ပါပဲ။ ဒီနှင်းစက်တစ်ထောင်သစ်ရွက်ဟာ နတ်ဆိုးပဲ့တင်ခြင်းမြက်ကနေ ထုတ်ယူရတာမျိုးပါ။ အတိအကျ ဆိုရရင်တော့ နတ်ဆိုးပဲ့တင်ခြင်းမြက်ဟာလည်း အဆင့်ရှစ်သားရဲတွေ နေထိုင်ကျက်စားရာ နားမှာ ပေါက်ရောက်တာလေ…”

လီရှန်သည် ဟန်လိ၏ စကားတို့ကြောင့် စွံ့အသွားမိသည်။

သူသည် နတ်ဆိုးပဲ့တင်ထပ်ခြင်းမြက်ကို သိ၏။ ၎င်းမှာ နတ်ဆိုးသားရဲ အသိုက်များနားမှာ ပေါက်ရောက်တတ်ပြီး ၎င်း ကြီးထွားဖို့ရန် နတ်ဆိုးချီဖြင့် နှစ်ပေါင်းများစွာ ထိတွေ့ရန် လိုအပ်သည်။ သို့ရာတွင် အဆင့်ရှစ်သားရဲတစ်ကောင်၏ အသိုက်နားတွင်ရှိမည့် မြက်ကို ရှာရမည့် အဖြစ်ကမူ မတူညီသော ကိစ္စတစ်ခု ဖြစ်သွားခဲ့လေပြီ။

အဆင့်ကိုးနှင့် အဆင့်တစ်ဆယ်သားရဲများသည် ပြင်ပကြယ်ပင်လယ်များ၌ ရှိကြသည်ဟူသော ကောလဟာလ စကားများ ရှိနှင့်ထားသော်လည်း အဆုံးသပ်တွင်မူ ၎င်းသတင်းများသည် ကောလဟာလများသာ။ သူ့အနေဖြင့် ကျောက်တုံးနက်မြို့တွင် မြင်ဖူးသည်မှာ အများဆုံးအဆင့်ဆို၍ အဆင့်ခုနစ်နတ်ဆိုးသားရဲသာ ဖြစ်သည်။ အဆင့်ရှစ်သားရဲတစ်ကောင်ကိုပင် မမြင်ဖူးသေးပေ။

လီရှန်သည် ဟန်လိ၏အကြည့်၌ အံ့ဩတုန်လှုပ်ဟန်နှင့် သွေးပျက်မှု အရိပ်အယောင် မြင်ရသည်။ ထိုသူသည် မည်သို့သော ဆေးလုံးမျိုးကို ဖော်စပ်မှာ မလို့ ခုလောက်ထိ ရရန်ခက်လှသည့် ကုန်ကြမ်းအမယ်ကို လိုအပ်နေရသနည်း။

သူ့လက်ထဲ၌ ကျောက်စိမ်းပြားကို စနေရင်း ဟန်လိသည် ကုယုအံ့အားသင့်သွားစေမည့် တစ်စုံတစ်ခုကို ပြောလိုက်သည်။

“ဒီကျောက်စိမ်းပြားကို အနာဂတ်မှာ ကျုပ် နောက်ထပ် လေ့လာဖို့ လိုအပ်နိုင်သေးတယ်။ ဒါ့ကြောင့် ရောင်းရင်းကုဟာ ဒါကို ကျုပ်ဆီ ပေးလို့ ရနိုင်မလား…”

ကုယုသည် ခဏ တုန့်ဆိုင်းသွားပြီးနောက်မှာတော့ ပွင့်ပွင့်လင်းလင်း ပြောလာသည်။

“ဒါက စီနီယာအတွက် အသုံးတည့်တယ်ဆို အလကားသာ ယူလိုက်ပါဗျ…”

ကုယုဘက်က လက်ခံလာတာ မြင်သည့်အခါ ဟန်လိသည် ခေါင်းညိတ်၏။ သူ့လက်ကို ဖြန့်ပြီး ဆေးပုလင်းငယ်တစ်ခုနှင့် အဆောင်တစ်ခုတို့ကို ဆင့်ခေါ်သည်။ ထိုအဆောင်ပေါ်၌ အဝါရောင်ဓားငယ်တစ်ခု၏ ပုံကို ရေးဆွဲထားသည်။

ကျုပ်က စီနီယာ တစ်ယောက် ဖြစ်နေမှတော့ မင်းဆီက အလကား ယူလို့တော့ ဘယ်ဖြစ်မလဲ။ ဒီပုလင်းထဲမှာ မင်းရဲ့ ကျင့်ကြံခြင်းကို တိုးတက်စေမယ့် ဆေးလုံးအချို့ ရှိတယ်။ ပြီးတော့ နောက်တစ်ခုက ရတနာအဆောင်တစ်ခုပဲ။ ဒါတွေကို ယူလိုက်ပါ…”

ထိုသို့ ပြောပြီး ဟန်လိသည် ၎င်းတို့ကို ကုယုထံသို့ ပစ်ပေးလိုက်သည်။

“စီနီယာရဲ့ ရက်ရောမှုအတွက် ကျေးဇူးအများကြီး တင်ပါတယ်…” ထိုပစ္စည်းတို့ကို လက်ခံယူပြီးနောက်မှာ ကုယုသည် သူ့ပျော်ရွှင်မှုကို ထိန်းထားနိုင်ခြင်း မရှိတော့ဘဲ ဟန်လိကို ထပ်တလဲလဲ ကျေးဇူးတင်သည်။ သူကဲ့သို့ ချီစုဆောင်းခြင်း ကျင့်ကြံသူတစ်ယောက်အဖို့ သည်ပစ္စည်းတို့မှာ အမှန်တကယ် အဖိုးတန်လှပေသည်။

“စီနီယာဝိညာဉ်သေဟာ မင်းကို ဒီရတနာတွေ ချီးမြှင့်ပေးပြီးမှတော့ ထွက်သွားလို့ ရပြီ…”

လီရှန်သည် ဟန်လိ၏ ရက်ရောလှပုံကို မြင်သည့်အခါ သူသည် အတော်လေး အံ့အားတသင့် ဖြစ်သွားသည်။ သို့သော် သူက ကုယုကို တည်ငြိမ်စွာဖြင့် ထွက်သွားခိုင်းဖို့ကိုတော့ မမေ့ပေ။

မျက်စိတစ်မှိတ်အတွင်း အခန်းထဲ၌ လူနှစ်ယောက်သာ ပြန်ဖြစ်သွားပြန်သည်။

“ကျုပ်က ဒီကိစ္စကလွဲလို့ အခြား ဘာများ ကူညီပေးနိုင်မလဲဗျ။ အားမနာတမ်း မေးပါ…”

လီရှန်သည် ဘွင်းဘွင်းရှင်းရှင်း ပြောလာသည်။

“ဒီလိုဆိုမှတော့ ကျုပ်က ခင်ဗျားကို ဒုက္ခပေးရမယ့် နောက်တစ်ခု ရှိပါသေးတယ်။ ကျုပ်ကို မဟူရာသားရဲရဲ့ ဦးချို ရောင်းပေးနိုင်မလား…”

“ဟားဟား…ရောင်းရင်းက နေရာမှန် ရောက်လာတာပဲ။ ဒီမဟူရာဦးချိုဟာ ရှားပါးအရာတစ်ခုပဲ။ ပြီးခဲ့တဲ့ နှစ်လကမှ ကျုပ် ဒီဦးချိုနှစ်ခုကို ဝယ်ယူနိုင်ခဲ့တာ။ ရောင်းရင်းလိုချင်တယ်ဆိုရင်တော့ ခုချက်ခြင်း ကျုပ် တစ်ခုတော့ ရောင်းပေးနိုင်ပါတယ်…”

ထိုအဘိုးအိုသည် ပြုံး၍ လက်ခုပ်တီးပြီး ၎င်းဦးချိုကို ယူလာပေးရန် ချက်ခြင်း အမိန့်ပေးသည်။

ဟန်လိ၏ မျက်နှာထက်တွင် ကျေနပ်အံ့အားသင့်ဟန် ဖြစ်ပေါ်သွားပြီး သူက ကျေးဇူးတင်ကြောင်း အခါခါ ပြောသည်။

ခဏအကြာတွင် လူငယ်အစေခံတစ်ယောက်သည် သစ်သားသေတ္တာတစ်ခုကို တင်ထားသည့် ငွေရောင်လင်ဗန်းကို သယ်ယူ၍ အခန်းထဲ ဝင်လာသည်။

“တာအိုရောင်းရင်း…တချက်လောက် ကြည့်ကြည့်ပါ။ ဒီဦးချိုဟာ ခင်ဗျားရဲ့ မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးနိုင်လောက်လား…”

ဟန်လိသည် အလေးအနက် ခေါင်းညိတ်ပြပြီး ထိုသေတ္တာထံ လက်လှမ်းယူသည်။ ၎င်းသေတ္တာကို ဖွင့်၏။ အပြာရောင်အလင်း ထုတ်လွှတ်သွားပြီး ပေတစ်ဝက်ခန့် အရှည်ရှိ ရစ်ခွေနေသော ဦးချိုတစ်ခု ပေါ်လာသည်။ ထိုဦးချိုသည် အပြာရောင်တောက်ပလျက် ရှိ၏။

ထို့နောက်တွင် ဟန်လိသည် သေတ္တာကို ကျေနပ်သွားဟန်ဖြင့် ပြန်ပိတ်သည်။

“မဆိုးပါဘူး။ ဒါက သင့်တော်ပါတယ်။ ဒီအတွက် စိတ်ဝိညာဉ်ကျောက်တုံး ဘယ်လောက်လောက်များ ကျနိုင်မလဲဗျ…”

လီရှန်သည် ကျေနပ်စွာ ပြုံး၍ ပြောသည်။

“ကျုပ်တို့ဆိုင်က ဒီဦးချိုအတွက် စိတ်ဝိညာဉ်ကျောက်တုံး ငါးထောင် ကုန်ကျခဲ့ပါတယ်။ ရောင်းရင်းအနေနဲ့ ဒါကို လိုချင်တယ်ဆို အဲ့ကုန်ကျစရိတ်အတိုင်းပဲ ပြန်ပေးနိုင်ပါတယ်…”

ဟန်လိသည် ဈေးထပ်မစစ်တော့မှာ ပုံမှန်ပင်။ ချက်ခြင်းပင် သူက ကျေးဇူးတင်ကြောင်း ပြောပြီး အလယ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးများကို ထုတ်၍ ထိုအဘိုးအိုထံ လှမ်းပေးသည်။

အဘိုးအိုက ၎င်းတို့ကို သူ့အင်္ကျီလက်အိုးအား ဝေ့ရမ်း၍ လက်ခံယူပြီးနောက်မှာ အားပါးတရ ပြုံး၍ မေးလိုက်သည်။

“ရောင်းရင်းဝိညာဉ်သေဟာ ကျွန်းပေါ်မှာ ဆက်လုပ်ဆောင်မယ့် အစီအစဉ်တွေများ ရှိပါသလား ရောင်းရင်းရဲ့ မှော်စွမ်းအားဟာ နက်ရှိုင်းတယ် ဆိုပေမယ့် ဒီမှာ ရှိတဲ့ နတ်ဆိုးသားရဲတွေဟာ ကိုင်တွယ်ဖို့ ခက်ခဲလှတယ်။ တစ်ကိုယ်တော် သွားတဲ့အတွက် ဒီသားရဲတွေလက်ချက်ကြောင့် အပြင်းအထန် ဒဏ်ရာရသွားတဲ့ အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူ အရေအတွက်ဟာ မနည်းလှဘူး။ တခြား ရောင်းရင်းနဲ့ အဆင့်တူ ကျင့်ကြံသူအချို့နဲ့ ကျုပ် မိတ်ဆက်ပေးရမလား။ သူတို့နဲ့ အတူတူသွားမယ်ဆို ရောင်းရင်းအနေနဲ့ ပိုဘေးကင်းနိုင်လိမ့်မယ် ထင်တယ်…”

ထိုစကားကို ကြာည့်အခါ ဟန်လိသည် ပြုံးသည်။ အစတည်းက ထိုအဘိုးအို၏ ဖော်ရွှေပျူငှာနေခြင်းသ်ည အခုကဲ့သို့ သူ့ကို ပါဝင်ပူးပေါင်းစေချင်သည့် ရည်ရွယ်ချက်ကြောင့်သာ ဖြစ်နေသည်။

“ရောင်းရင်းရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့လို့ ကျုပ်က ဆေးလုံးအချို့ကို သန့်စင်ဖို့အတွက် ပြင်ဆင်ရအုံးမယ်။ ကျုပ် အဲ့ဆေးလုံးတွေကို သုံးစွဲပြီးရင်လည်း အချိန်တစ်ခုတော့ တံခါးပိတ်ကျင့်ကြံရမယ်။ ကျုပ်က တော်တော်နဲ့တော့ နတ်ဆိုးသားရဲတွေကို အမဲလိုက်ဖြစ်အုံးမှာ မဟုတ်လောက်ဘူး…”

ဟန်လိသည် အားနာသည့်ဟန်ဖြင့် ထိုသို့ ငြင်းသည်။ အမှန်တကယ်တွင်မူ သူသည် ပင်လယ်ပြင်သို့ မရင်းနှီးသည့် ကျင့်ကြံသူများနှင့် ခရီးအတူ သွားချင်စိတ် မရှိတာသာ။

အဘိုးအို၏ မျက်နှာထက်တွင် စိတ်ပျက်သွားဟန် အရိပ်အမြွက် ဖြစ်ပေါ်သွားသော်လည်း သူက ချက်ခြင်းပင် အရေးမကြီးဟန်ဖြင့် ဆက်ပြောလာသည်။

“ဒါဆိုလည်း ကောင်းပါပြီဗျာ။ မရင်းနှီးတဲ့ ဒေသတစ်ခုမှာ လူတစ်ယောက်ရဲ့ ကျင့်ကြံမှုကို တိုးတက်အောင် အရင်လုပ်တာဟာ ဖြစ်သင့်တာပဲလေ။ ဒါပေမဲ့လို့ နောက်ပိုင်းမှာ ရောင်းရင်းက ပင်လယ်ပြင်ဆီ ခရီးထွက်ဖို့ အဖော်အပေါင်း လိုတယ်ဆို ကျေးဇူးပြုပြီး ကျုပ်ကို မမေ့ပါနဲ့…”

ဟန်လိသည်လည်း သဘောတူပြီး ထိုအဘိုးအိုနှင့် နောက်ထပ် စကားခဏ ထပ်ပြောသည်။ ပြီးနောက်မှာ သူသည် ထွက်လာခဲ့တော့သည်။

အဘိုးအိုသည် ဟန်လိ အဆောက်အဦတံခါးပေါက်မှ ထွက်သွားတာကို မြင်၏။ သည့်နောက် သူက အထဲသို့ ပြန်လှည့်လာသည်။ သူသည် ထိုင်ချစဉ် တည်ငြိမ်သောအသံတစ်သံကို ရုတ်တရက် ကြားလိုက်ရသည်။

“အခြေအနေ ဘယ်လိုလဲ။ ဒီလူက ကျပ်တို့အတွက် အသုံးဝင်လောက်လား…”

မကြာခင်တွင် အခန်းနံရံရှိ ရှုခင်းပုံပန်းချီကားထံမှ ဝိုးတဝါး အရိပ်တစ်ခု မြင့်တက်လာပြီး အခန်းထဲ၌ နောက်တစ်ယောက် ပေါ်လာသည်။

အဖြူရောင်ဝတ်စုံနှင့်သူသည် လေထဲ၌ ရှိနေလျက် သူ့ကို မိုးပြာအလင်းက ဖုံးလွှမ်းထားပြီး ဆန်းကြယ်သည့်ဟန်ပန် ဖြစ်ပေါ်သည်။ အဘိုးအိုက ယုံကြည်မှု ရှိစွာ ပြောလာသည်။

“စိတ်ပူစရာ မလိုပါဘူး။ ကျုပ်တို့က အချိန်ခဏလောက် စကားပြောခဲ့ပေမယ့် သူ့ရဲ့ ပုံပန်းသွင်ပြင်ကနေ သူဟာ တကိုယ်တည်း ခရီးနှင်လာခဲ့တဲ့ လေလွင့်ကျင့်ကြံသူမှန်းလည်း သိခဲ့ရပြီ။ သူသာ ပင်လယ်အတွင်းနက်ပိုင်းတွေဆီ တစ်ယောက်တည်း သွားခဲ့ရင် အန္တရာယ်များလှတာကို တွေ့ပါလိမ့်မယ်။ အဲ့ကျရင် ကျုပ်ရဲ့ ကမ်းလှမ်းမှုက အကျိုးအမြတ်ပိုရှိနိုင်တယ်ဆိုတာ သိပြီး သူ အနှေးနဲ့အမြန် ပြန်လာပါလိမ့်မယ်…”

အဖြူရောင်ဝတ်စုံနှင့်သူသည် အေးတိအေးစက် ပြောလာသည်။

“ဟက်…ဒါက အာမခံလို့ မရပါဘူး…”

လီရှန်သည် ခေါင်းရမ်းသည်။

“ဘာလဲ။ အခြေခံတည်ဆောက်ခြင်းအစောပိုင်းအဆင့် တစ်ယောက်က တစ်ကိုယ်တည်း ပင်လယ်အတွင်းပိုင်းမှာ သားရဲတွေကို အမဲလိုက်နိုင်မယ်တဲ့လား…”

အဖြူရောင်ဝတ်စုံနှင့် ကျင့်ကြံသူသည် တိတ်ဆိတ်သွားပြီး ထို့နောက်မှာ အလေးအနက် ပြောလာသည်။

“သူက သာမန်အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူ မဟုတ်ဘူး။ ခင်ဗျား အခန်းထဲမှ စကားပြောနေတဲ့အချိန်မှာ တုန်းက ကျုပ်အပေါ် တစ်ယောက်ယောက်က ကြည့်နေတယ်ဆိုတဲ့ ခံစားချက်မျိုးကို ဘာကြောင့်မှန်း မသိရနေခဲ့တယ်။ သူက ကျုပ် ပုန်းနေတဲ့ နေရာဆီ တစ်ချက်လေးမှ လှမ်းမကြည့်ပေမယ့်လည်း သူဟာ ကျုပ်ရဲ့ တည်ရှိမှုကို သိနေတယ်လို့ ထင်တယ်…”

အဘိုးအိုသည် မင်သက်သွားသည်။ ထို့နောက်တွင် သူက အံ့အားတသင့်ဖြင့် ပြောလာသည်။

“ခင်ဗျားများ အထင်မှားနေတာလား။ ခင်ဗျားရဲ့ ပုန်းကွယ်ခြင်းပညာရပ်ဟာ ပိုအဆင့်မြင့်တဲ့ ကျင့်ကြံသူတွေတောင် ရှာမတွေ့နိုင်တဲ့ အရာမျိုးလေ။ ဒိဝိညာဉ်သေဆိုတဲ့ ရောင်းရင်းဟာ အမြုတေဖွဲ့စည်းခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူ တစ်ယောက်လိုတော့ ကျုပ်ကို လာမပြောလေနဲ့…”

အဖြူရောင်ဝတ်စုံနှင့်သူသည် သံသယဝင်ဟန်ဖြင့် ပြောသည်။

“ဒါကတော့ ပြောဖို့ ခက်တယ်။ သူဟာ ထူးခြားလှတဲ့ ကျင့်ကြံခြင်း ပညာရပ်ကို ကျင့်ကြံထားတာပဲ ဖြစ်ဖြစ် ဒါမှမဟုတ် တမူထူးတဲ့ ရတနာတစ်ခုခုကို ပိုင်ဆိုင်ထားတာလဲ ဖြစ်နိုင်တယ်…”

အခန်းထဲ လှည့်ပတ်လျှောက်နေပြီးနောက်မှာ ထိုအဘိုးအိုသည် တဖြည်းဖြည်း မျက်မှောင်ကြုတ်ကာ ပြောလာသည်။

“ထားလိုက်ပါတော့။ သူ့ကျင့်ကြံမှုဟာ ထူးခြားတာပဲ ဖြစ်ဖြစ် သာမန်ပဲ ဖြစ်ဖြစ် ကျုပ်တို့က သူနဲ့ မိတ်ဖြစ်ဆွေဖြစ် ဖြစ်အောင် ကြိုးစားပြီးပြီ။ ဒါကာဘာပဲဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်ခဲ့တာပဲလေ…”

အဖြူရောင်ဝတ်စုံနှင့်ကျင့်ကြံသူသည် လက်သင့်ခံဟန်ဖြင့် ခေါင်းညိတ်ပြသည်။ သူလည်း နောက်ထပ် စကားထပ်မပြောတော့ပေ။

All Chapters