မြူတွေကြားက ကျွန်း
Vol. 37 Ch. 517
အဖြူရောင်ဝတ်စုံဖြင့်ကျင့်ကြံသူနှင့် အဘိုးအိုတို့ ဆွေးနွေးနေချိန်တွင် ဟန်လိသည် ရွှေလက်မအဆောက်အဦ အနီးအနားရှိ သောင်းပြောင်းထွေလာကုန်ပစ္စည်းဆိုင်ထဲ ဝင်လာခဲ့သည်။ သူသည် သည်ဒေသပင်လယ်များ၏ မြေပုံနှင့် နတ်ဆိုးသားရဲများ၏ အချက်အလက်များကို မထွက်ခွာခင် ဝယ်သူသည်။ လူသူကင်းရှင်းသော နေရာတစ်ခုကို ရှာဖွေပြီးနောက်မှာတော့ ဟန်လိသည် ထိုအချက်အလက်များကို စတင် ကြည့်ရှု၏။
ထိုသို့ ကြည့်နေပြီးနောက်မှာ ဟန်လိသည် အလိုလို မျက်မှောင်ကြုတ်သွားသည်။
အံ့ဖွယ်နက်ရှိုင်းကျွန်း၏ ဝန်းကျင်၌ အန္တရာယ်များသော ဧရိယာများ အမှန်တကယ် ရှိနေပေသည်။ အဆင့်မြင့် နတ်ဆိုးသားရဲများသည် သည်ဧရိယာများကို မကြာခဏ လာသောင်းကြမ်းကြတာများလား။
ဟန်လိသည် သူ သွားမည့် နေရာတစ်ခုကို သတ်မှတ်၏။ ၎င်းမှာ သည်ကျွန်းနှင့် သိပ်မဝေးလှပေ။ သို့ရာတွင် ပင်လယ်အတွင်းနက်ပိုင်းဧရိယာသည် အလွကျယ်ပြောပြီး ကီလိုမီတာ ငါးသန်းကျော်လောက် ရှိရော့မည်။ သည်ဒေသ၏ အနက်ကို ခန့်မှန်း၍ မရနိုင်တာကိုတော့ ထည့်ပြောနေရန်ပင် မလိုပေ။ မည်သူကမျှ အခုထိ ၎င်းဧရိယာ၏ အဝေးဆုံးထိ မရောက်ဖူးကြသေးပေ။
ဟန်လိသည် ကျောက်စိမ်းပြားကို တချက်ကြည့်ကြည့်ပြီးနောက်မှာ ပြန်သိမ်းသည်။ သူသည် နေရာတွင် အလေးအနက်အသွင်ဖြင့် ရပ်နေပြီး ခေါင်းငုံ့လျက် အလေးအနက် စဉ်းစားနေသည်။
အချိန်မည်မျှကြာမှန်း မသိပြီးနောက်မှာ ဟန်လိသည် ခေါင်းမော့လာပြီး မထူးခြားနားဟန် ဖြစ်ပေါ်သည်။ ထို့နောက်တွင် သူသည် ကျောက်တုံးနက်မြို့မှ တိုက်ရိုက် ပျံသန်းထွက်လာတော့သည်။ မြို့ထဲမှ ထွက်သည်နှင့် သူသည် မိုးပြာအလင်းတန်းအဖြစ်သို့ ပြောင်း၍ ကောင်းကင်ယံကို ထိုးခွင်းလာ၏။
အံ့ဖွယ်နက်ရှိုင်းကျွန်းသည် အလယ်အလတ်စား ကျွန်းတစ်ခု ဖြစ်သည်။ သို့သော် ကျောက်တုံးနက်မြို့ကလွဲ၍ သည်ကျွန်းသည် လုံးဝ လွင်တီးခေါင်ကဲ့သို့ နေရာမျိုးပင်။ ရွာတစ်ရွာ သို့မဟုတ် မြို့ငယ်တစ်မြို့ကိုပင် မမြင်ရနိုင်ပေ။
မည်သည့်အတွက်ကြောင့်မှန်း မသိရလေဘဲ ကျင့်ကြံသူများနှင့် သေမျိုးများသည် သည်ကျွန်း၏ အခြားအစိတ်အပိုင်းများတွင် အထိုင်ချ နေထိုင်ကြခြင်း မရှိနေချေ။
ဟန်လိသည် အံ့ဖွယ်နက်ရှိုင်းကျွန်းမှ လျင်မြန်စွာ ပျံသန်းလာနေသည်။ သူသည် ကောင်းကင်ထက်သို့ ခေါင်းမော့ကြည့်၍ သူ့ဦးတည်ရာကို ဆုံးဖြတ်ပြီး မြောက်ဘက်အရပ်သို့ ဦးတည်လာခဲ့တော့သည်။
ခုလက်ရှိတွင် သူသည် ကျင့်ကြံသူများ အသွားအလာကျဲသော ကျွန်းတစ်ခုကို ရှာချင်နေသည်။ သူသည် လူထူသော နေရာ၊ အများအာရုံစိုက်စေမည့် ဧရိယာများကို မကြိုက်ပေ။ သို့ဖြစ်၍ ဟန်လိသည် အံ့ဖွယ်နက်ရှိုင်းကျွန်းနှင့် အဝေးသို့ ပျံသန်းလာရန်ကိုသာ ရွေးချယ်ခြင်း ဖြစ်သည်။
အံ့ဖွယ်နက်ရှိုင်းကျွန်း ပတ်ပတ်လည်တွင် ကျင့်ကြံသူ အများအပြား ရှိမနေပေ။ ထို့အပြင် ကျွန်းအားလုံးတွင် ကျင့်ကြံသူများနှင့် သေမျိုးများက နေထိုင်ကြသည်။ ဟန်လိသည် ၎င်းတို့ကို ဖြတ်ကျော်၍ ဆက်ပျံသန်းလာခဲ့သည်။ သူ ထင်ထားသည့်အတိုင်းပင် မြောက်ဘက်ပိုင်းပင်လယ်ပြင်များ၌ ကျင့်ကြံသူ အရေအတွက်က နည်းပါးလွန်းလှသည်။
ဆယ့်နှစ်ရက်လောက် ပျံသန်းလာပြီးနောက်မှာ သူသည် ကျင့်ကြံသူများကို တွေ့ရတာ ပိုနည်းပါးလာသည်။ ထို့အပြင် သူသည် ထိုသူတို့နှင့် တွေ့ကြုံတိုင်း အဆင့်နိမ့်ကျင့်ကြံသူများသည် သူ့ကို ချက်ခြင်း လမ်းဖယ်ပေးပြီး အဆင့်မြင့် ကျင့်ကြံသူများကမူ သူ့ကို သတိထား၍ စောင့်ကြည့်ကြသည်။ အခြားနတ်ဆိုးသားရဲကျွန်းများကဲ့သို့ပင် ရတနာများအတွက် တစ်ဦးကိုတစ်ဦး သတ်ဖြတ်ခြင်းသည် ဖြစ်နေကျ တစ်ခုပင်။
ဟန်လိလည်း အလားတူ သတိထားနေသည်ပင်။
နောက်ထပ် နှစ်ရက်လောက် ပျံသန်းလာပြီးနောက်မှာ သူသည် အခြားမည်သည့်ကျင့်ကြံသူများ၏ အရိပ်အယောင်ကိုမျှ မတွေ့ရတော့ချိန်တွင် သူ ဦးတည်ရာကို ပြောင်း၍ အနောက်ဘက်သို့ စတင် ပျံသန်းသည်။
မြေပုံအရဆို ထိုအရပ်တွင် စိတ်ဝိညာဉ်သွေးကြောငယ်များနှင့် ကျွန်းအချို့ ရှိနေသည်။ ထိုကျွန်းများပေါ်ရှိ စိတ်ဝိညာဉ်သွေးကြောများသည် အဆင့်နိမ့်လှပြီး အံ့ဖွယ်ကျွန်းနှင့်လည်း ဝေးကွာလှသလို ဘေးကင်းမှုလည်း မရှိခြင်းနှင့် အခြားအကြောင်း အမျိုးမျိုးကြောင့် ကျင့်ကြံသူအချို့ကသာ ထိုနေရာတွင် လာနေကြသည်။ သေမျိုးများကမူ အံ့ဖွယ်နက်ရှိုင်းကျွန်း၏ အနီးဝန်းကျင်ရှိ ကျွန်းများပေါ်တွင်သာ နေထိုင်ကြပြီး သို့မှသာ သူတို့အတွက် ဘေးကင်းနိုင်ခြေ ပိုများမည် မဟုတ်လား။
တကယ်တော့ ဟန်လိသည် ထိုအခြေအနေများနှင့် ပတ်သက်ပြီး ဂရုမစိုက်ချေ။ သူသည် သူ သဘောကျမည့် ကျွန်းတစ်ခုခု ရှိလေမလားဟု ရှာချင်စိတ်သာ ရှိသည်။
…
သူ၏ ရှေ့တည့်တည့် ကီလိုမီတာသုံးဆယ်လောက် အကွာတွင် ကျွန်းငယ်တစ်ခုကို ထောက်လှမ်းမိသည်။
ထိုကျွန်းသည် သိပ်မကြီးမားချေ။ သို့သော် ၎င်း၏ ဝန်းကျင်ပုံစံကမူ တွေ့နေမြင်နေကျပုံစံမျိုး မဟုတ်ပေ။ ကျွန်းတွင် နေရာလွတ်များ ရှိသလို မည်သည့်အပင်မှန်း မသိရသော အပင်များနှင့် တောအုပ်တစ်ခုလည်း ရှိသည်။ ပန်းပင်အလှများလည်း ရှိပြီး တောင်တန်းငယ်တစ်ခုပင် သည်ကျွန်းပေါ်တွင် ရှိ၏။
ဟန်လိသည် သူ့စိတ်ဝိညာဉ်အာရုံဖြင့် သည်ကျွန်းပေါ် ဝေ့ခတ်ကြည့်ရှုရာ ဤနေရာတွင် နေသော မည်သည့်ကျင့်ကြံသူကိုမျှ မတွေ့ရပေ။
သည်ကျွန်းပေါ်ရှိ စိတ်ဝိညာဉ်သွေးကြောမှာလည်း အနိမ့်ကြီး မဟုတ်ချေ။ ၎င်းက အရွယ်အစား သေးသော်ငြား အလယ်အလတ်ထိပ်ဆုံးအဆင့် စိတ်ဝိညာဉ်သွေးကြောတစ်ခု ဖြစ်နေသည်။ ထိပ်တန်းအဆင့် စိတ်ဝိညာဉ်သွေးကြော မဟုတ်သော်ငြား ၎င်းသည် ချီပမာဏ အမြောက်အများကို ထုတ်လွှတ်ပေးနိုင်တုန်းပင်။
သည်ကျွန်းနှင့် ပတ်သက်ပြီး ဟန်လိ သဘောကျသည့် အချက်တစ်ချက်လည်း ရှိသေးသည်။ ၎င်းမှာ သည်ကျွန်းကို အဖြူရောင်မြူများက ဝန်းရံထားခြင်းပင်။ ထိုမြူများသည် သဘာဝအရ မဟုတ်ပေ။ အနီးအနားရှိ ရေကန်အချို့ထံမှ ထုတ်လွှတ်တာသာ ဖြစ်သည်။ ထိုမြူတို့သည် ကျွန်း၏ အဘက်ဘက်ကို ခြုံလွှမ်းထားသော်လည်း အပေါ်စီးတွင်မူ လွှမ်းခြုံနေခြင်း မရှိချေ။
ထိုမြင်ကွင်းကြောင့် ဟန်လိသည် အတော်လေး အံ့အားသင့်သွားသည်။ သို့သော် သူသည် ရေကန်အနီးအနားသို့ လာချိန်တွင်မူ သည်မြူများ၏ ဇစ်မြစ်နှင့် ပတ်သက်ပြီး ရှင်းလင်းသွားတော့သည်။
ထိုကျွန်း၏ အောက်ခြေတွင် အပေါက်ငယ်များစွာ ရှိနေပြီး ၎င်းတို့၌ ရှည်မြောမြော ငွေရောင်ငါးများက ကူးခတ်နေကြသည်။ ထိုငါးများသည် သာမန်ငါးငယ်များနှင့် ဆင်တူသည်။ ဟန်လိသည် သူ့လက်နှစ်ဖက်ထဲ စိတ်ဝိညာဉ်စွမ်းအားကို ဖုံးလွှမ်းလျက် ငါးတစ်ကောင်ကို ဖမ်းယူကြည့်သည်။ ထိုငါး၌ ကြေးခွံလုံးဝ မရှိတာကို သူ တွေ့ရသည်။ ကြေးခွံအစား ၎င်း၌ ထက်ရှသည့် ငွေရောင်ကျောရိုးတစ်ခုသာ ပိုင်ဆိုင်ထားသည်။ သာမန်လူတစ်ဦးကသာ ၎င်းကို ဆုပ်ကိုင်ဖမ်းဖို့ ကြိုးစားပါက လက်ထဲမှ ချောထွက်သွားပေလိမ့်မည်။
ထိုငါးသည် အဆင့်တစ်သားရဲများ ဖြစ်ကြသည်။ ၎င်းတို့သည် ပင်လယ်မျက်နှာပြင်ထက်သို့ ရေများ ထွေးထုတ်ပြီး ပျော်မြူးကျက်စားလေ့ ရှိသော သားရဲများပင်။ ၎င်းတို့ကို ၎င်းတို့၏ခန္ဓာကိုယ်မှ ငေါထွက်နေသော သံမဏိကဲ့သို့ စူးများကြောင့် ဖြတ်စက်ငါးများဟု ခေါ်ကြသည်။
သည်ကျွန်းဝန်းကျင်တွင် ၎င်းအမျိုးအစား ငါးများစွာ ရှိနေ၍ ၎င်းတို့သည် လုံလောက်သော ပင်လယ်ရေကို ထွေးထုတ်ပြီး ကျွန်းတစ်ခုလုံးကို မြူများဖြင့် ခြုံလွှမ်းစေတာပင်။ ဤသည်မှာ အမှန်တကယ် မြင်ရခဲသော မြင်ကွင်းမျိုးတည်း။
ဟန်လိသာ လာသည့်လမ်း၌ ငွေတောင်ပံငှက်တစ်ကောင်နှင့် မကြုံရဘဲ မြူထဲသို့ ဖြတ်၍ ၎င်းနောက်သို့ လိုက်လံလာခြင်း မရှိခဲ့လျှင် သည်ကျွန်းကို လုံးဝ ရှာတွေ့လိမ့်မည် မဟုတ်ပေ။
ကျွန်းပတ်ပတ်လည်သို့ လေးငါးကြိမ်လောက် လှည့်ပတ်ကြည့်ရှုပြီးနောက်မှာတော့ သည်ကျွန်းပေါ်တွင်သာ သူ့လှိုဏ်ဂူကို တည်ဆောက်မည်ဟု အလျင်အမြန် ဆုံးဖြတ်ချက် ချတော့သည်။
သည်ကျွန်းပေါ်ရှိ စိတ်ဝိညာဉ်သွေးကြောကမူ ငါးကီလိုမီတာ အကျယ်ရှိ တောင်တန်းတစ်ခု ပေါ်၌ တည်ရှိသည်။ သည်တောင်တန်း၏ အမြင့်ဆုံးတောင်ထွတ်မှာ မီတာ တစ်ရာနှစ်ဆယ်လောက်သာ အမြင့်ရှိသည်။ သို့ဖြစ်၍ ဟန်လိသည် တောင်ကြော၏ အောက်ခြေရှိ တောင်ကြားငယ်တစ်ခုကို ရှာပြီး ကျောက်သားများကို ထွင်းဖောက်၍ ဥမင်တစ်ခု စတင်တူးသည်။
ခုလက်ရှိ သူ၏ ကျင့်ကြံမှုအဆင့်ကြောင့် သူ့ အရင်က လှိုဏ်ဂူနှင့် အလားတူ လှိုဏ်ဂူပုံစံမျိုးကို ပုံဖော်ဖို့မှာ သူ့အတွက် သိပ်အားစိုက်ထုတ်ရန် မလိုပေ။ ရက်အနည်းငယ်ကြာပြီးနောက်မှာ ဟန်လိသည် သူ၏ နေအိမ်လှိုဏ်ဂူအသစ်၏ အကြမ်းထည်ကို ပုံဖော်ပြီး ဖြစ်သည်။
ဟန်လိသည် သူ၏လှိုဏ်ဂူကို အသေးစိတ် မွန်းမံနေရန် စိတ်မဝင်စားပေ။ ထိုအစား သူက သူ ကိုယ်တိုင် သန့်စင်ထားသော အစီအရင်မှော်ပစ္စည်းအချို့ကို အထိုင်ချပြီး သူ့လှိုဏ်ဂူနှင့် တောင်ကြောတို့ကို အတားအဆီးမန္တာန်ဖြင့် ဖုံးလွှမ်းသည်။
အကွာအဝေးတစ်ခုမှကြည့်ပါက သည်တောင်တန်းကို ထပ်ပြီး မြင်နိုင်တော့မည် မဟုတ်ဘဲ ၎င်းနေရာ၌ တောအုပ်တစ်အုပ်ကသာ အစားထိုးနေတာကိုသာ တွေ့ရပေလိမ့်မည်။ ပုံရိပ်ယောင်တောအုပ်သည် အနီးအနားရှိ တောအုပ်တစ်ခုနှင့်ပင် ထိစပ်နေသေးသည်။
လေပေါ်မှာ ရပ်၍ ဟန်လိသည် သည်တောင်တန်းကို သေချာ စူးစမ်းကြည့်နေသည်။ သူက မလွယ်ကူမှုကို ခံစားမိ၏။ အဆင့်မြင့်ကျင့်ကြံသူတစ်ယောက်ကသာ သူကဲ့သို့ သည်မြူထုကို ဖြတ်သန်းသွားခဲ့လျှင် ဤအတားအဆီးလောက်သည် သူတို့ကို အရူးလုပ်ရန် မလုံလောက်ချေ။ တစ်ကိုယ်တည်း တီးတိုးရေရွတ်နေပြီးနောက်မှာ သူ့စိတ်ထဲ အကြံတစ်ခု ပေါ်လာသည်။
ဟန်လိသည် သူ့လှိုဏ်ဂူအသစ်ထံ ပြန်၍ ပျံသန်းလာပြီး သူ့လက်ဝယ်ရှိနေသော သတ္တုအမယ်များကို ထပ်စစ်ဆေးကြည့်သည်။ ထို့နောက်တွင် သူသည် ၎င်းပစ္စည်းတို့နှင့် လျှို့ဝှက်အခန်းတစ်ခုကို စတင်တောက်ဆောက်သည်။ ခုနစ်ရက်ကြာပြီးနောက်မှာ ဟန်လိသည် ဆင်တူသော အစီအရင်မှော်ပစ္စည်းများ ဒါဇင်ချီရှိနေသော သူ့လှိုဏ်ဂူထံမှ ထပ်မံ ပေါ်ထွက်လာသည်။
ထိုအစီအရင်အလံများနှင့် အစီအရင်သတ္တုပြားများသည် အလွန်တရာ အကြမ်းထည်ဆန်ပြီး မည်သို့မျှ အထင်ကြီးဖွယ် မရှိချေ။ သို့သော် ဟန်လိသည် ၎င်းတို့ကို ကျွန်းငယ်ပေါ်ရှိ နေရာအနှံ့တွင် နေရာချပြီးနောက်မှာမူ မြူတန်းများသည် အစီအရင်တစ်ခုစီမှ မြင့်တက်လာသည်။ မကြာမီတွင် အသစ်ထိုးထွက်လာခဲ့သော မြူများသည် ပေါင်းစည်းလျက် ကျွန်းကို မြင်ကွင်းမှ ပျောက်ကွယ်စေသည်။ ထိုနည်းနှင့်ဆို သူတို့သာ ခပ်နိမ့်နိမ့်ကနေ ပျံသန်းလာခြင်း မရှိခဲ့လျှင် မည်သည့်ကျင့်ကြံသူမဆို သည်ကျွန်းအား သတိပြုထောက်လှမ်းမိရန် ခက်ခဲသွားပေလိမ့်မည်။
ရှုထောင့်ပေါင်းစံမှ ၎င်းကို လေ့လာကြည့်နေပြီးနောက်မှာ ဟန်လိသည် နောက်ဆုံး၌ စိတ်အေးနိုင်တော့သည်။ သူသည် အစီအရင်များစွာကို အသက်သွင်းဖို့ရာ ကုန်ကျခဲ့သည့် စိတ်ဝိညာဉ်ကျောက်တုံး ပမာဏသည် မနည်းလှသော်ငြား နည်းနည်းလေးမျှ ဂရုမစိုက်ပေ။ သူက သူ့ကိုယ်သူ ကြုံလာနိုင်မည့် ဘေးကပ်ဆိုးများထံမှ တားဆီးနိုင်တာကိုသာ ပို ဖြစ်ချင်သူ မဟုတ်လား။
ထို့နောက်တွင် ဟန်လိသည် သူ့လှိုဏ်ဂူနေအိမ်ထံသို့ ပြန်လာပြီး သူ့အင်းဆက်ခန်း၊ ဆေးဥယျာဉ်၊ စသဖြင့် နေရာများကို ထပ်မွန်းမံသည်။ နောက်နှစ်ရက်ကြာသည့်အခါ ဟန်လိသည် ကျောက်သားအခန်းတစ်ခုထဲ၌ လေးနက်တည်ကြည်စွာ ထိုင်နေ၏။ သူ၏ စိတ်ဝိညာဉ်အာရုံကမူ ကုယု သူ့ကို ပေးခဲ့သော ကျောက်စိမ်းပြားထဲ၌ နစ်မြုပ်လျက် ရှိပြီး ၎င်း၏ အကြောင်းအရာများကို သေချာ ကြည့်ရှုနေသည်။
သူ့မျက်နှာထက်တွင် မျက်စိမျက်နှာပျက်ဟန် ပေါ်လာပြီး ၎င်းကျောက်စိမ်းပြားထံမှ သူ့စိတ်ဝိညာဉ်အာရုံကို ထုတ်နှုတ်ယူပြီး သူက စဉ်းစားခန်းဝင်သည်။
ခဏအကြာတွင် သူ ထရပ်ပြီး အခန်းထဲမှာ လှည့်ပတ်လျှောက်နေသည်။ သူ့ထံ၌ စိတ်ဖိစီးလေးလံနေသည့်ပုံ ပေါ်နေ၏။
ထို့နောက်တွင် သူသည် သိုလှောင်အိတ်ထဲမှ အဖြူရောင်ကျောက်စိမ်းသေတ္တာတစ်ခုကို ထုတ်ယူသည်။ ဟန်လိသည် ၎င်းကို ခဏ ကြည့်၏။ ပြီးနောက်မှာ သူက ထိုသေတ္တာကို ဖြည်းဖြည်းချင်း ဖွင့်သည်။ သက်တံရောင်စုံပုတီးစေ့အချို့ ပေါ်ထွက်လာသည်။