← Chapters

မီးတောက်တံလျှပ်ပိုးဖလံ

Vol. 37 Ch. 518

မီးတောက်တံလျှပ်ပိုးဖလံ

Vol. 37 Ch. 518

ဟန်လိသည် သေတ္တာအတွင်းရှိ ပုတီးစေ့များထဲမှ တစ်ခုကို ယူပြီး သူ့လက်ကြားထဲ၌ ညှပ်၍ မျက်လုံးနား တေ့ကြည့်သည်။ ၎င်းကို ခဏ စူးစိုက်ကြည့်ပြီးနောက်မှာ ဟန်လိသည် ဖြည်းဖြည်းချင်း မျက်လုံးမှိတ်ပြီး ကျောက်စိမ်းပြားအတွင်း၌ သူ တွေ့မြင်ခဲ့ရသော မြင်ကွင်းကို ပြန်စဉ်းစားပုံဖော်သည်။

ထိုပုံရိပ်သည် သက်တံအလင်း ထုတ်လွှတ်နေသော လက်သီးအရွယ်အစားခန့် ပုလဲတစ်လုံး ဖြစ်ပြီး ၎င်းပတ်ပတ်လည်၌ ပုံစံငယ်ပုတီးစေ့ဆယ်ခုကျော်က လှည့်ပတ်လျက် ရှိသည်။ ထိုပုတီးစေ့ငယ်များသည် သူ့လက်ထဲ၌ ခုလက်ရှိတွင် ကိုင်ထားသော တစ်ခုနှင့် ချွတ်ဆွတ်တူသည်။ သက်တံပုလဲကြီးကမူ ကောင်းကင်လေဟာနယ်ဒယ်စောက်မှ ထိုးထွက်လာခဲ့ချိန် သူ တွေ့မြင်ခဲ့ဖူးသော ကောင်းကင်ဖာထေးခြင်းဆေးလုံးပင်။

ဟန်လိသည် ကုယုထံမှ သူ ရခဲ့သော ကျောက်စိမ်းပြားထဲရှိ ပုံရိပ်ကို စိတ်ဖြင့် ဝေ့ခတ်ကြည့်ခဲ့ချိန်က သူ့အဖို့ အံ့အားသင့် တုန်လှုပ်ခဲ့ရသည်။ ၎င်းပုံရိပ်ကြောင့်လည်း သူသည် ထိုကျောက်စိမ်းပြားအတွက် ရတနာအဆောင်တစ်ခုကို ပေးရန် ဆုံးဖြတ်ခဲ့တာ ဖြစ်၏။ သို့မဟုတ်ပါက သူသည် အများဆုံးမှ ကုယုကို ဆေးလုံးများသာ ပေးဖြစ်ခဲ့ပေလိမ့်မည်။

သည်ကျောက်စိမ်းပြားထဲတွင် အံ့ဖွယ်ပုံရိပ်များ ပါနေသည်။ သို့သော် တစ်ခုစီ၌ ရှင်းပြချက်များ လုံးဝ မပါဝင်နေချေ။ မှော်ရတနာများနှင့် မှော်ပစ္စည်းများ၏ ပုံရိပ်များ၊ ဟန်လိ အရင်က လုံးဝ မမြင်ဖူးခဲ့သော နတ်ဆိုးသားရဲများနှင့် တစ္ဆေဆန်သော မွန်းစတားများ၏ ပုံရိပ်များ စသဖြင့် ပါဝင်သည်။ ၎င်းပုံရိပ်များထဲမှ ကောင်းကင်ဖာထေးခြင်းဆေးလုံး၏ ပုံရိပ်ကို မြင်သည့်အခါ အနှီပုံရိပ်များသည် အလွန် အရာရောက်လိမ့်မည်ဟူ သူ ခံစားမိသည်။

ထိုပုံရိပ်များကို သေချာ မှတ်သားထားပြီး နောက်အနာဂါတ်၌ ၎င်းတို့ကို မြင်ရတွေ့ရလျှင် သေချာ အရေးတကြီး ပြုမူရမည်ဟု သူက စိတ်ကူးထားသည်။

သို့ပေမည့် ဟန်လိသည် သေတ္တာထဲရှိ ပုတီးစေ့များကို တမျိုးတမည် ဖြစ်စွာဖြင့် တစ်ချက်လှမ်းကြည့်သည်။

ထိုသက်တံပုတီးစေ့များသည် ကောင်းကင်ဖာထေးခြင်းဆေးလုံးနှင့် ပတ်သက်မှု ကြီးကြီးမားမား ရှိမှာကိုတော့ သံသယ ဖြစ်စရာ မရှိချေ။ သို့မဟုတ်ပါက ၎င်းတို့သည် ပုံရိပ်ထဲ၌ အတူတကွ မည်သို့ ပေါ်လာပါ့မည်နည်း။ ထိုပုတီးစေ့များကို ကျိနစ်တောက်ပခြင်း၏ အရိုးစုမှ သန့်စင်ထားသည်ဟု ယူဆပြီးနောက် ဟန်လိသည် ကျိနစ်တောက်ပခြင်း၏ သွေးကျောက်စိမ်းပင့်ကူများအကြောင်းကို ရုတ်တရက် ပြန်စဉ်းစားမိသွားသည်။ အရိုးသခင်၏ သစ္စာဖောက်တပည့်မှာ ထိုပင့်ကူများဖြင့် ကောင်းကင်လေဟာနယ်ခန်းမသို့ ဝင်ရောက်ခဲ့ပြီး ကောင်းကင်ဖာထေးခြင်းဆေးလုံးတစ်လုံးကို ရရှိခဲ့တာများ ဖြစ်နေနိုင်လား။

ဤသည်မှာ ကျိနစ်တောက်ပခြင်း၏ အရိုးများက သက်တံရောင်သို့ ပြောင်းသွားရခြင်း၏ အကြောင်းရင်းကို ရှင်းပြုနိုင်သည့် ဖြစ်နိုင်ခြေတစ်ခုပင်။

ဆေးလုံးများစွာ သောက်ဖူးသုံးဖူးသည့် ဟန်လိ၏ အတွေ့အကြုံအရ သည်ကောင်းကင်ဖာထေးခြင်းဆေးလုံးသည် အပြည့်အဝ မသန့်စင်ရသေးခြင်း သို့မဟုတ် ၎င်း၏ ဆေးလုံးသဘာဝသည် သောက်ပြီးမှ လူတစ်ယောက်အနေဖြင့် ဆက်ပြီး သန့်စင်ရန်လိုခြင်းမျိုး ဖြစ်နိုင်ကြောင်း သူ သိသည်။

ကျောက်စိမ်းပြားထဲရှိ ပုံရိပ်များအရ ထိုသက်တံပုတီးစေ့များသည် ကောင်းကင်ဖာထေးခြင်းပုလဲနှင့် ကြီးကြီးမားမား ပတ်သက်မှု ရှိနိုင်ကြောင်းကို ပြသနေ၏။

ကျင့်ကြံသူတစ်ယောက်၏ ခန္ဓာကိုယ်ကို အသုံးပြု၍ ဆေးလုံးများကို ထုတ်ဖော်ခြင်းးသည် ကျင့်ကြံခြင်းလောက၌ မြင်ရခဲသော်လည်း ဟန်လိသည် ၎င်းဖြစ်အင်မျိုးကို အရင်က ကိုယ်တိုင် မြင်ဖူးခဲ့သည်။ မိစ္ဆာနက်ကျောင်းတော်၏ သွေးခဲဓာတ်ငါးပါးအမြုတေများသည် ထိုသို့သော ဖြစ်အင်၏ သိသာသော ဥပမာတစ်ခုပင်။

သို့သော် မည်သို့ပင် ဖြစ်စေ ဤသည်မှာ ဟန်လိ၏ စဉ်းစားချက် သပ်သပ်မျှသာ။ သူသည် မချိန်ဆဘဲနှင့် ၎င်းတို့ကို အလောတကြီး သောက်ဦးမည် မဟုတ်ချေ။

နောက်ထပ် ထပ်စဉ်းစားပြီးနောက်မှာ သူက သည်လျှို့ဝှက်ခန်းထဲမှ ထွက်ပြီး အင်းဆက်အခန်းထံ သွားရန် ဆုံးဖြတ်သည်။

သူ၏ ခုလက်ရှိ အင်းဆက်အခန်းများသည် ကောင်းကင်ကြယ်မြို့မှာလောက် မရိုးရှင်းတော့ပေ။ ၎င်းတို့ကို မတူညီသော အရွယ်အစားရှိ ကျောက်သားအခန်းငါးခုအဖြစ် ခွဲထား၏။ ထိုအခန်းများထဲမှ နှစ်ခန်းတွင် ဟန်လိသည် ရွှေဝါးမြိုခြင်းပိုးတောင်မာများကို အုပ်စုနှစ်စုခွဲ၍ ထားထားသည်။

အုပ်စုတစ်စုမှာ ကောင်းကင်လေဟာနယ်ခန်းမ၌ ဟန်လိနှင့် အတူ ပါလာခဲ့ပြီး သံမီးပုရွတ်ဆိတ်များစွာကို စားသုံးခဲ့သော ပိုးတောင်မာများ ဖြစ်၏။ အခြားအုပ်စုကမူ ကောင်းကင်ကြယ်မြို့ရှိ သူ့လှိုဏ်ဂူတွင် ကျန်ခဲ့သော ပိုးတောင်မာများပင်။

သံမီးပုရွတ်ဆိတ်များစွာကို စားသုံးခဲ့ခြင်းကြောင့်လားမသိ ထိုအင်းဆက်တစ်သောင်းသည် မျိုးပွားမည့် အရိပ်အယောင်များ ပေါ်နေ၏။ ၎င်းတို့သည် တစ်ကောင်နှင့်တစ်ကောင် စတင်၍ ဝါးမြိုနေကြပြီး ဖြစ်၍ ဟန်လိမှာ များစွာ ကျေနပ်အံ့အားသင့်ရသည်။

အခြားကျောက်သားအခန်းများတွင်မူ ဟန်လိသည် သူ၏ တစ်ကောင်တည်းသောသွေးကျောက်စိမ်း ပင့်ကူကို ထားထားပြီး နောက်ထပ်အခန်းတစ်ခုတွင်မူ အိပ်စက်နေသော ငိုကြွေးဝိညာဉ်သားရဲကို ထားထား၏။ နောက်ဆုံးအခန်းတွင်မူ သူ ကောင်းကင်လေဟာနယ်ခန်းမမှ ရရှိခဲ့သော ရွှေမျှင်ပိုးကောင်များကို ထားရှိ၏။

ဟန်လိသည် သူ့လက်ထဲ၌ ငိုကြွေးဝိညာဉ်သားရဲကို ထိန်းချုပ်နိုင်သည့် ပုလဲ ရှိနှင့်ထားသော်လည်း ၎င်းကို သန့်စင်ဖို့မူ တွေဝေနေမိသေးသည်။ သူက အချိန်တစ်ခုထိ ထိုပုလဲကို သည်အတိုင်း ဆက်သိမ်းထားဦးမည်ဟု ဆုံးဖြတ်ထားသည်။ ထို့အပြင် ၎င်းကို သန့်စင်ဖို့ အချိန်ပိုကြာသွားခြင်းသည် စိတ်ဝိညာဉ်သားရဲအပေါ် များများစားစား သက်ရောက်မှု ရှိပုံ မရပေ။

ရွှေမျှင်ပိုးကောင်မားကမူ သွေးကျောက်စိမ်းပင့်ကူနှင့် မယှဉ်နိုင်သော်လည်း ၎င်းတို့၌ ဒုတိယကြိမ်မြောက် ဆင့်ကဲတိုးတက်နိုင်ခြေ ရှိ၏။ အချိန်လုံလုံလုံလောက်လောက် ပေးလျှင် ၎င်းတို့သည် မီးတောက်တံလျှပ်ပိုးဖလံများအဖြစ်သို့ ပြောင်းနိုင်လိမ့်မည်။ ၎င်းတို့သည် ရွှေဝါးမြိုခြင်းပိုးတောင်မာများထက် အားနည်းသော်ငြားလည်း အင်းဆက်အဆင့်ဇယား၌ အဆင့်ဆယ့်ခုနစ်ရှိလာမည် ဖြစ်၍ အသွင်ပြောင်းလဲခြင်း မွေးရာပါစွမ်းရည်တစ်ခုကို ပိုင်ဆိုင်ထားသည်။

၎င်းစွမ်းအားသည် အားကောင်းသော်လည်း ၎င်းနှင့် ပတ်သက်သည့် ဖော်ပြချက်များကမူ ဝေဝေဝါးဝါးမျှသာ ရှိသည်။ ကြည့်ရတာ ထိုအင်းဆက်သည် ရှေးဟောင်းအချိန်များတည်းကပင် တွေ့ရခဲတာမျိုး ဖြစ်ပုံ ရသည်။ မီးတောက်တံလျှပ်ပိုးဖလံများ၏ အဆင့်သည် အတိအကျ မရှိသော်ငြား ပမွှားတော့ မဟုတ်နိုင်ချေ။

ကောင်းကင်လေဟာနယ်ခန်းမမှာတုန်းက စဦးစိတ်ဝိညာဉ်အဆင့် လူအိုကြီးများသည် သူ့ကို မပြတ်တမ်း စောင့်ကြည့်နေသော်လည်း ဟန်လိသည် သေအံမူးမူး ဖြစ်နေသော ရွှေမျှင်ပိုးကောင်များကို သိမ်းယူဖို့ကို ရွေးချယ်ခဲ့ပေသည်။ ဝမ်ထျန်မင်က ၎င်းပိုးကောင်များကို စွန့်ပစ်ခဲ့စဉ်က ထိုပိုးကောင်များသည် ချီဓာတ်ကုန်ခမ်းနေခဲ့ပြီ ဖြစ်သည်။

ထိုပိုးကောင်များကို ရလာပြီးနောက်မှာ ဟန်လိသည် ဝိညာဉ်အားဖြည့်ဆေးလုံးများနှင့် အခြားရှားပါးဆေးများကို အဆက်မပြတ် ကျွေးခဲ့သည်။ သို့ပေမည့်လည်း ၎င်းတို့သည် ပိုးကောင်မာများကို ထိန်းထားပေးနိုင်ရုံလောက်သာ။ တစ်ရက်ကုန်ကုန်လာတိုင်း ၎င်းတို့၏ သေနှုန်းသည် ပိုမြင့်လာခဲ့ခြင်းကို ဟန်လိသည် အကူအညီမဲ့စွာသာ ကြည့်နေခဲ့ရသည်။

အခုချိန်၌ သူ့တွင် စိတ်ကူးတစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။ သူသည် ရွှေမျှင်ပိုးကောင်များ ထားသော အခန်းသို့ တန်းလာပြီးနောက်မှာ မန္တာန်အတားအဆီးအရ့အတားကို ဖြတ်ကျော်ကြည့်ကာ မျက်မှောင်ကြုတ်သွားသည်။

ဤအခိုက်တွင် အစိမ်းရင့်ရောင်ပိုးကောင်များသည် ကြမ်းပြင်ပေါ်၌ မလှုပ်မယှက် လဲလျောင်းနေကြသည်။ ၎င်းတို့သည် အသက်မဲ့နေသည့်အလား။ ၎င်းတို့၏ခန္ဓာကိုယ်ထံမှ ခပ်ရေးရေး ထွက်ပေါ်နေသော စိတ်ဝိညာဉ်ချီကြောင့်သာ မဟုတ်ပါက သူသည် ထိုပိုးကောင်များက သေသွားလောက်ပြီဟု ထင်မိမည်သာ။

ဟန်လိသည် အခန်းထဲသို့ ချက်ခြင်း ဝင်လာပြီး ၎င်းပိုးကောင်များကို ခဏ လှည့်ပတ်ကြည့်သည်။ ထို့နောက်တွင် ၎င်းတို့ထဲမှ အသန်မာဆုံးစိတ်ဝိညာဉ်ရှိသည့် ပိုးကောင်အထီးအမ တစ်ကောင်စီကို ရွေးထုတ်သည်။ ကျောက်စိမ်းသေတ္တာထဲမှ သက်တံပုတီးစေ့နှစ်စေ့ကိုလည်း ထုတ်ယူပြီး တစ်ကောင်စီကို ကျွေး၏။ ထို့နောက်မှာ သူက အခန်းထဲမှ ပြန်ထွက်လာခဲ့သည်။

ဟန်လိ၏ အတွေးကမူ ရိုးရှင်းသည်။ ထိုအင်းဆက်များကို ကယ်တင်နိုင်ခဲ့ခြင်း မရှိလျှင်ပင် သူသည် သက်တံပုတီးစေ့များ၏ ဆေးအာနိသင်ကို စမ်းသပ်နိုင်မည် ဖြစ်၏။ ကောင်းကင်ဖာထေးခြင်းဆေး၏ အမည်ဂုဏ်သတင်းအရဆို ၎င်း၏ ဆေးစွမ်းအင်သည် အံ့ဖွယ်ဖြစ်ရမည်သာ။

ထိုပုတီးစေ့များသည် သူ စိတ်ကူးထားသည့်အတိုင်း အမှန်တကယ် ကောင်းကင်ဖာထေးခြင်းဆေးလုံးများ ဖြစ်ခဲ့လျှင် ရွှေပိုးမျှင်ပိုးကောင်များကို မကယ်တင်နိုင်ခဲ့လျှင်ပင် သူသည် အကျိုးအမြတ် ရနိုင်မည် ဖြစ်သည်။

အလားတူပင်။ ရွှေမျှင်ပိုးကောင်များသည် ထိုပုတီးစေ့များအပေါ် အဆိုးဘက်မှ တုန့်ပြန်ခဲ့လျှင်တော့ သူသည် ပုတီးစေ့များအပေါ် အာရုံထပ်စိုက်တော့မည် မဟုတ်ပေ။

လာမည့်နေ့များ၌ ဟန်လိသည် ရွက်လွှာကိုးခုဂျင်ဆင်းအပေါ်၌သာ အာရုံထားဖြစ်တာ များသည်။ ထိုဂျင်ဆင်းသည် နောက်ပိုင်း၌ သူ၏ စဦးစိတ်ဝိညာဉ်ကို ဖွဲ့စည်းရာတွင် အလွန်အရေးကြီးသည် မဟုတ်လား။ သူ့ဆေးဥယျာဉ်အလယ်၌ ဟန်လိသည် မြေနေရာအနည်းငယ် ရွေးကာ အစီအရင်အလံများကို ၎င်းဝန်းကျင်တွင် နေရာချသည်။ ထိုအခါ ၎င်းမြေကွက်သည် ထွင်းဖောက်၍ မရသော ရွှေသားကျောက်အလွှာတစ်ခု ဖြစ်လာခဲ့သည်။

ထိုသို့ ပြုလုပ်ပြီးမှသာ သူသည် ၎င်းမြေကွက်ပေါ်၌ ရွက်လွှာကိုးခုဂျင်ဆင်းကို ယုံကြည်မှု ရှိရှိ နေရာချထားနိုင်တော့သည်။ ဂျင်ဆင်း၏ စိတ်ဝိညာဉ်ဝင်စားခြင်း ဖြစ်သော ယုံဖြူကိုမူ ကျောက်စိမ်းသေတ္တာထဲ၌သာ ပိတ်ထားဆဲ ဖြစ်သည်။ သူသည် ၎င်းကို သေတ္တာထဲ၌ ကြာကြထားရန်တော့ စိတ်ကူး မရှိပေ။ တကယ်တော့ ဂျင်ဆင်းနှင့် ၎င်း၏ စိတ်ဝိညာဉ်ကို ကြာကြာ ခွဲထားခြင်းသည် ဆိုးကျိုးသက်ရောက်စေနိုင်သည် မဟုတ်လား။

ထို့နောက်တွင် ဟန်လိသည် ဆေးဥယျာဉ်ထဲသို့ ၎င်းယုန်ဖြူထည့်ထားသော သေတ္တာကို ယူလာပြီး ဂျင်ဆင်းပင်နားမှာ ထားသည်။ သေတ္တာပေါ်ရှိ အဆောင်များကို ဖယ်ရှားပြီး ဖွင့်လှစ်ပြီးနောက်မှာ သေတ္တာအတွင်းမှ အဖြူရောင်အလင်းတန်းတစ်ခု ထိုးထွက်လာပြီး ဂျင်ဆင်းပတ်လည်၌ လှည့်ပတ်လျက် ၎င်းအတွင်းသို့ ပျောက်ကွယ်သွားလေ၏။

ထိုသည်ကို မြင်သည့်အခါ ဟန်လိသည် ပြုံး၏။

သို့ပေမည့် ဟန်လိသည် သည်ရွက်လွှာကိုးခုဂျင်ဆင်းပင်၏ ကိုယ်ထည်ကို ကြည့်နေပြီး ၎င်းပေါ်၌ အစိမ်းရောင်အရည်က အံ့ဩဖွယ် သက်ရောက်မှု ရှိနိုင်မလားဟု စတင် စဉ်းစားကြည့်သည်။

ထို့နောက်တွင် သူက ထိုကိစ္စကို အချိန်တစ်ခုထိတော့ ဘေးဖယ်ထားဦးမည်ဟုသာ စဉ်းစားမိ၏။ ထိုစမ်းသပ်မှုကို နောက်ပိုင်းမှ သေချာ လုပ်ကြည့်ရမည် ဖြစ်သည်။ ထို့အပြင် အစိမ်းရောင်အရည်ကသာ ရွက်လွှာကိုးခုစိတ်ဝိညာဉ်ဂျင်ဆင်း၏ စွမ်းရည်များကို အကြီးအကျယ် တိုးတက်သွားစေသည် ဆိုလျှင် အစီအရင်မန္တာန်ထံမှ လွတ်မြောက်နိုင်ခြေ ရှိသွားနိုင်သည်။ သို့အခါကလျှင် ဟန်လိမှာ ပူဆွေးသွားရနိုင်၏။

၎င်းမှာ သာမန်အပင် တစ်ပင် မဟုတ်ပေ။ ဒဏ္ဍာရီလာ နတ်ဆေးပင် ဖြစ်၏။ ၎င်းကို ဂရုစိုက်တာကသာ အကောင်းဆုံး ဖြစ်မည်။

ထိုအတွေးဖြင့် ဟန်လိသည် ဂျင်ဆင်းပင်နှင့် ပတ်သက်ပြီး အာရုံထပ်မထားတော့ပေ။

အစိမ်းရောင်အရည်ကိုမူ ခုလက်ရှိ၌ ဟန်လိသည် စိတ်ဝိညာဉ်အားဖြည့် သစ်ပင်ကို ရင့်မှည့်အောင် လုပ်ရန် အသုံးပြုထားသည်။ ၎င်းသစ်ပင်မှာလည်း နတ်သစ်ပင်သုံးမျိုးထဲမှ တစ်မျိုးပင်။ ၎င်းသည် အမြစ်ငယ်တစ်ခုသာ ဖြစ်သော်ငြားလည်း လေးငါးနှစ်အတွင်း ၎င်းသည် နှစ်ပေါင်းတစ်ထောင် သက်တမ်းရှိ သစ်ပင်တစ်ပင်အဖြစ်သို့ ကြီးထွားလာလိမ့်မည်ဟု ဟန်လိက ယုံကြည်မှု ရှိနေသည်။

အစတုန်းက ဟန်လိသည် ကောင်းကင်လေဟာနယ်ဒယ်စောက်ကို လေ့လာရန် စိတ်ကူးထားသေးသည်။ သူက ၎င်းကို ဖွင့်လှစ်နိုင်မည့် နည်းလမ်းတစ်ခုခုများ တွေ့ရနိုင်မလားဟု ရှာကြည့်ရန်ပင်။ သို့သော် ထိုသို့ ကြံဆနေစဉ်အတွင်း သူက အမှတ်မထင် အရိုးသခင်၏ အရိုးပိုင်းငယ်တစ်ခုကို သွားတော့၏။ ထိုအခါ သူ့အာရုံက ၎င်းအရိုးပိုင်းပေါ် ကျရောက်သွားသည်။ ၎င်းသည် ကြောက်မက်ဖွယ်ကောင်းလှသည့် မြင့်မြတ်သောမိုးပြာမီးတောက်များကိုပင် ခံနိုင်ရည် ရှိမှတော့ သာမန်မဟုတ်တာ သိသာသည်။

အိပ်ယာပေါ်တွင် လဲလျောင်းလျက် ဟန်လိသည် လက်ထဲ၌ တလက်လက်တောက်ပနေသော အဖြူရောင်အရိုးပိုင်းငယ်တစ်ခုကို ဆကြည့်နေရင်း ၎င်းကို တစ်ချက်တစ်ချက် စူးစမ်းချင်စိတ်ဖြင့် ကြည့်လျက် ရှိသည်။

All Chapters