အဆုံးသတ်
Vol. 71 Ch. 981
ဘုန်း...
အရိုးစု စစ်မြင်း၏ ဦးခေါင်းက သိုင်းဝိညာဉ် ရှန့်ထို၏ ညာဘက် ရင်အုံ တည့်တည့်ကို ဝင်တိုက်သွား၏။ လူ့ဘီလူးကြီး၏ ခန္ဓာကိုယ်မှာ မည်သို့မှ ထိန်းနိုင်ခြင်း မရှိပဲ နောက်သို့ လွင့်စဉ် သွားသည်။ မိုင်ထောင်ပေါင်းများစွာ အကွာသို့ ရောက်မှ သူ ဟန်ချက်ကို ပြန်လည် ထိန်းနိုင်လိုက်၏။ သို့သော်လည်း သူ၏ နှုတ်ခမ်းက သွေးစများဖြင့် စိုရွှဲနေခဲ့ပြီ ဖြစ်သည်။
သိုင်းဝိညာဉ် ရှန့်ထိုမှာ တုန်လှုပ် ချောက်ချားစွာပင် စစ်မြင်းကို လှမ်းကြည့် လိုက်မိ၏။ ထိုအရာက မည်ကဲ့သို့သော သားရဲနည်း။ အဘယ်ကြောင့် အရိုးစု ဖြစ်နေရသနည်း။ သို့တည်းမဟုတ်... ၎င်းက နတ်ဆိုး တစ်ကောင်လော။
သံသယများ၊ မေးခွန်းများစွာ ရှိနေသည့်တိုင် သိုင်းဝိညာဉ်မှာ တွေဝေနေခြင်း မရှိပါချေ။ သူက ချက်ချင်းပင် အချိန် ပြောင်းပြန်လှန်ခြင်း စွမ်းအားကို သုံးကာ ကိုယ်တွင်း အင်္ဂါ ထိခိုက်မှုများကို ပြန်လည် ကုသဖို့ ကြိုးပမ်း လိုက်၏။ သို့သော်လည်း... ထူးဆန်းသည့် အင်အား တစ်ခုက သူ့အချိန် စွမ်းအင်များကို မသုံးနိုင်အောင် ကန့်သတ်ထားကြောင်း သတိထားမိလိုက်သည်။ အချိန် စွမ်းအင်များသာ မက၊ အလင်းစွမ်းအင်၊ အာကာသ စွမ်းအင်တို့ကိုလည်း သူ အသုံးပြုနိုင်စွမ်း မရှိပါချေ။
သိုင်းဝိညာဉ်ရှန့်ထိုက အသက်ကို ခပ်ပြင်းပြင်း ရှူရင်း ခန္ဓာကိုယ် အတွင်းပိုင်းကို စစ်ဆေးကြည့် လိုက်၏။ ထိုအခါ သူ၏ ခန္ဓာကိုယ် အတွင်းပိုင်း အင်္ဂါများမှာ အနက်ရောင် မီးတောက်များဖြင့် ဝန်းရံနေကြောင်း တွေ့ရှိ လိုက်ရသည်။ ၎င်းတို့က သူ့ယန်စွမ်းအင်များကို လောင်ကြွမ်း ဝါးမြိုကာ ပိုမို၍ ကြီးထွား လာနေခဲ့၏။
“ဘာလဲ...”
သိုင်းဝိညာဉ် ရှန့်ထို တုန်လှုပ် ချောက်ချားစွာ အော်ဟစ်လိုက်မိ၏။ ထိုအနက်ရောင် မီးတောက်များက မည်သည့် နေရာမှ ရောက်လာသနည်း။ အရိုးစု စစ်မြင်းကရော အဘယ်နည်း။ ရန်သူများ၏ ဗျူဟာများ၊ နည်းလမ်းများက သူ့နားလည်မှုထက် အဆပေါင်းများစွာ ကျော်လွန်နေပေသည်။ သူ လျှို့ဝှက် စွမ်းအင်ဖြင့် မီးတောက်များကို ငြိမ်းသတ်ဖို့ ကြိုးစားလိုက်စဉ်မှာပင်...
“တော်လောက်ပြီ...”
အလွန် ကျယ်လောင်သည့် အော်ဟစ်သံကြီး တစ်ခုမှာ ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေ တစ်ခုလုံးကို ဖြတ်သန်းကာ ထွက်ပေါ်လာခဲ့၏။ ၎င်းက အလွန် လွှမ်းမိုးနိုင်စွမ်း ရှိကာ ကြီးစွာသော သြဇာ အာဏာများနှင့် ပြည့်နှက် နေပေသည်။
“သူ အသက်ရှင် နေသေးတယ်...”
ဖေးယဲ့လီယင်မှာ အသံရှင်ကို ချက်ချင်းပင် မှတ်မိလိုက်၏။ ထိုအရာက ဝိညာဉ်ရှန့်ထို ဧကရာဇ်၏ အသံပင် ဖြစ်သည်။ ထို့အပြင်... ၎င်းက အနည်းငယ်မျှ အားနည်းခြင်း မရှိလေရာ ထိခိုက် ဒဏ်ရာ မရထားကြောင်း သိသာလှပေသည်။
ဘုန်း...
ပေါက်ကွဲသံ တစ်ခုနှင့် အတူ လှိုင်းတစ်ခုမှာ ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေ တစ်ခုလုံးကို ဖြတ်သန်းသွား၏။ ဝိညာဉ် ထစ်ချုန်းခြင်း ရှန့်ထိုကို ဝန်းရံနေသည့် မီးတောက်များက ရုတ်ချည်းပင် ပျောက်ကွယ်သွားကာ ဝိညာဉ် ကျဆင်းခြင်း ရှန့်ထိုကို အမြစ်ဖြတ်ရန် ကြိုးပမ်းနေသည့် ဓားကြီးမှာလည်း ပျောက်ကွယ်သွား၏။
သိုင်းဝိညာဉ်ရှန့်ထိုကို ဝါးမြိုရန် ကြိုးပမ်းနေသည့် စစ်မြင်း၏ မဟူရာ မီးတောက်များမှာလည်း တမုဟုတ်ချင်း ပျောက်ကွယ်သွးသည်။
ဟူး... ဟူး...
မျက်စိကျိန်းလောက်သည့် အလင်းတန်းများမှာ ဖြည်းညင်းစွာပင် ပြယ်လွင့်သွားကာ ဝိညာဉ် ရှန့်ထို ဧကရာဇ်၏ ပုံရိပ် ပေါ်လာခဲ့၏။ သူ၏ အဝတ်အစားများက အကောင်းအတိုင်း ရှိနေဆဲ ဖြစ်ကာ ကြယ်ကိုးပွင့် ရောင်စဉ်ဓားကို ဂုဏ်ယူဝင့်ကြွားစွာ ဆွဲကိုင်ထားဆဲ ဖြစ်သည်။ သူ၏ အစိမ်းရောင် မျက်လုံးများနှင့် ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေကို လွှမ်းခြုံကာ ကြည့်လိုက်၏။
“ဒီမိုက်မဲမှုတွေ တော်လောက်ပြီ... မင်းတို့ အားလုံး သွားကြတော့...”
သူက လက်ထဲရှိ ကြယ်ကိုးပွင့် ရောင်စဉ်ဓားကို ဝှေ့ယမ်းလိုက်၏။ တောက်ပသော အလင်းများက ဓားအတွင်းမှ ထွက်ပေါ်လာကာ လျှို့ဝှက် အာဏာရှင် တစ်ထောင်ကို ရစ်ပတ်၍ ကြယ်တာရာ နယ်မြေ အပြင်ဘက်ဆီ ပို့လွှတ် လိုက်၏။ ၎င်းက ဝေ့ဝူယင်ရှိသည့် အရပ် မျက်နှာပင် ဖြစ်လေသည်။
လျှို့ဝှက် အာဏာရှင် တစ်ထောင်ကို ကိုင်တွယ်ပြီးနောက် ဝိညာဉ်ရှန့်ထို ဧကရာဇ်က ဝေ့ဝူယင်နှင့် အတူ လိုက်ပါလာသည့် မြေကြီး ရှန့်ထိုများကို လှမ်းကြည့်လိုက်၏။
“မင်းတို့လည်း ပါတယ်...”
သူက အေးစက်စွာ ပြောကာ ဓားကို နောက်တစ်ကြိမ် ဝှေ့ယမ်းလိုက်သည်။ တူညီသည့် အလင်းတန်းများ ထွက်ပေါ်လာကာ မြေကြီး ရှန့်ထိုကိုပါ ကြယ်တာရာ နယ်မြေ အပြင်ဘက် လွှင့်ပစ်လိုက်သည်။
မကြာခင် ဖမ်းဆီးခံ မြေကြီး ရှန့်ထိုများ၊ သေမျိုးတစ်ပိုင်း အရှင်များ အပါအဝင် မည်သူမှ ကျန်ရစ်တော့ခြင်း မရှိချေ။ မသိပါက... ဝိညာဉ်ရှန့်ထို ဧကရာဇ်မှာ သူ့ကြယ်တာရာ နယ်မြေကို ညစ်ပတ်စေသည့် အမှိုက်သရိုက်များအား ရှင်းလင်းပစ်လိုက်သည်နှင့်ပင် တူနေပေသေးသည်။
လောကကွဲပျက်လထက်၌ ယွီလီရှင်း၊ ယွီစွန်းလီနှင့် စွန်းယွင်ဟိုင်တို့မှာ နားမလည်နိုင်စွာပင် ကောင်းကင်ကို ငေးကြည့် နေမိကြသည်။ မည်သည့် အရာများ ဖြစ်ပျက် သွားခဲ့သနည်း။
ဝှစ်...
မကြာခင်မှာပင် အနက်ရောင် အလံနှင့် အတူ ကျန့်ကျန့်မှာလည်း ပျောက်ကွယ်သွား၏။ အနက်ရောင် အလံ ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် ဝိညာဉ်ရှန့်ထို ဧကရာဇ်မှာ ကြယ်ကိုးပွင့် ပေါင်းဆုံခြင်း အစီအရင်နှင့် သူ့အကြားရှိ ဆက်သွယ်မှုကို ပြန်လည် ခံစားလိုက်ရသည်။
သူ အစိမ်းရောင် မျက်ဝန်းများနှင့် ဝေ့ဝူယင် ရှိသည့် အရပ်ကို လှမ်းကာ ငေးမော နေခဲ့မိသည်။ လွန်ခဲ့သည့် နှစ်မိနစ်အတွင်း ဖြစ်ပျက်သွားသည့် အရာများကို ပြန်လည် သတိရမိသော အခိုက်၌ သူ့နှလုံးသားက တုန်ရီသွား၏။
အဆုံးသတ်၌ သူ သက်ပြင်းတစ်ချက်သာ ချရင်း ပြင်းထန်သည့် ကိုယ်တွင်း ဒဏ်ရာများကို ဖိနှိပ်လိုက်၏။ ထို့နောက် အခြား ဝိညာဉ် ဧကရာဇ် သုံးယောက်ထံ ပျံသန်းသွားခဲ့တော့သည်။
တစ်ချက် ဝှေ့ကြည့်လိုက်ရုံမျှဖြင့်ပင် ဝိညာဉ်ရှန့်ထို ဧကရာဇ်မှာ မဟာမိတ်များ အခြေအနေကို ခန့်မှန်းနိုင်လိုက်၏။ သိုင်းဝိညာဉ် ရှန့်ထိုမှာ အနည်းငယ် အားနည်းနေရုံမှ အပ ကြီးကြီးမားမား ဒဏ်ရာ ရရှိထားပုံ မပေါ်ချေ။
သို့သော်လည်း ဝိညာဉ် ကျဆင်းခြင်း ရှန့်ထိုကတော့ သန်ရာ လက်တစ်ဖက် ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။ အချိန်ပြောင်းပြန်လှန်ခြင်းက စောင့်ရသည့် အချိန် ကြာလေလေ ကုသရန် ကုန်ကျမှုက ပိုမို မြင့်မားလေလေ ဖြစ်သည်။ သူက ဖြည်းညင်းစွာပင် ပတ်ဝန်းကျင်ရှိ အချိန် စွမ်းအင်များကို ထိတွေ့ကာ အချိန် ပြောင်းပြန်လှန်ခြင်းကို အမြန်ဆုံး အကောင်အထည် ဖော်ဖို့ ကြိုးပမ်းနေ၏။
အခြားတစ်ဖက်၌ ဝိညာဉ် ထစ်ချုန်းခြင်း ရှန့်ထိုကတော့ အတည်ငြိမ်ဆုံးနှင့် ထိခိုက်မှု အနည်းဆုံး ဖြစ်သည်။ သူက ခံစစ်ကိုသာ အပြည့်အဝ အာရုံစိုက်ကာ လျှို့ဝှက် အာဏာရှင် အဆင့် သုံးရာကို ဘေးအကင်းဆုံး နည်းလမ်းဖြင့် ရင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။
“ဝိညာဉ်ရှန့်ထို ဧကရာဇ်...”
ဝိညာဉ် ကျဆင်းခြင်း ရှန့်ထိုက ဝိညာဉ် ရှန့်ထို ဧကရာဇ် အနားသို့ ပျံသန်းလာကာ နှုတ်ဆက်လိုက်၏။ ထို့နောက် သူက နားမလည်နိုင်စွာပင် မေးလိုက်သည်။
“ဒီနေရာမှာ ဘာတွေ ဖြစ်သွားတာလဲ...”
ဝိညာဉ် ထစ်ချုန်းခြင်း ရှန့်ထိုနှင့် သိုင်းဝိညာဉ်ရှန့်ထိုတို့ကလည်း အလားတူပင် ပျံသန်းလာကာ မေးလိုက်ကြလေသည်။
“အဲဒီ သံချပ်ကာနဲ့ ကျင့်ကြံသူတွေက ဘယ်သူတွေလဲ...”
“အင်ပါယာ မျိုးနွယ်ကရော ငါတို့ ကြယ်တာရာ နယ်မြေ အပြင်ဘက်မှာ ရောက်နေတာလဲ...”
သူတို့စိတ်ထဲ၌ မရေမတွက်နိုင်သည့် မေးခွန်းများ ရှိနေသည့်တိုင် ထိုအရာက အရေး အကြီးဆုံး သုံးခု ဖြစ်သည်။
“...”
ဝိညာဉ်ရှန့်ထို ဧကရာဇ်က ခန္ဓာကိုယ် အတွင်းရှိ လျှို့ဝှက် စွမ်းအင်များကို လှည့်ပတ်ရင်း ပင့်သက်တစ်ချက် ရှိုက်လိုက်၏။ ထို့နောက် သူက ဖြည်းညင်းစွာ စတင် ရှင်းပြ လိုက်လေတော့သည်။
ဝိညာဉ် ဧကရာဇ် သုံးယောက်မှာ ငြိမ်သက်စွာပင် နားထောင် နေကြ၏။ တဖြည်းဖြည်းနှင့် သူတို့ အားလုံး၏ အမူအရာများက ထိတ်လန့်မှု၊ တုန်လှုပ်မှု၊ မယုံကြည်နိုင်မှုများနှင့် ပြည့်နှက် သွားကြ၏။ အစစ်အမှန် မွေးဖွားခြင်းက ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေ၏ နှလုံးသည်းပွတ် ဖြစ်သည့် ဝိညာဉ်ရှန့်ထို နယ်မြေကို တိုက်ခိုက်ခဲ့သည်လား။
ဘယ်လောက်တောင် ရဲတင်းလိုက်သနည်း။ ဘယ်လောက် ဆိုးရွားလိုက်သနည်း။
“သူတို့ အားလုံးကို သတ်ပစ်ရမယ်...”
သိုင်းဝိညာဉ် ရှန့်ထိုက ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။ သူ၏မျက်လုံးများက သတ်ဖြတ်လိုသည့် အလင်းတန်းများဖြင့် အရှိန်အဟုန် ပြင်းစွာ လောင်ကြွမ်းလာသည်။ အခြား မြေကြီး ရှန့်ထို နှစ်ယောက်မှာလည်း သိုင်းဝိညာဉ်ရှန့်ထိုလောက် မပြင်းထန်သည့်တိုင် အလားတူ တုန့်ပြန် လာကြ၏။
‘မင်းတို့ကရော သူတို့ထဲက တစ်ယောက် မဖြစ်နိုင်ဘူး လို့ ဘယ်သူ ငြင်းနိုင်မှာလဲ...’
ဝိညာဉ် ရှန့်ထို ဧကရာဇ်မှာ စိတ်ထဲမှ တွေးလိုက်မိ၏။ ယခင်က သူ အစစ်အမှန် မွေးဖွားခြင်း၏ လှုပ်ရှားမှုများကို စိတ်မဝင်စားခဲ့သာ်လည်း ယခုတွင်တော့ သူတို့က ကြယ်ကိုးပွင့် ရှန့်ထို ခန်းမ၏ အချုပ်အချာ အာဏာကိုပင် စိန်ခေါ် နေခဲ့ပြီ ဖြစ်သည်။ သူ လျှင်မြန်စွာပင် ဆုံးဖြတ်ချက် တစ်ခု ချလိုက်၏။
ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေ အတွင်းရှိ အရိပ်ဥ အားလုံး ပျက်စီးရပေမည်။ အစစ်အမှန် မွေးဖွားခြင်းနှင့် သက်ဆိုင်သူ အားလုံး အမြစ်ပြုတ်ရမည်။
“ဒါပေမဲ့... ဒီလောက် မြေကြီး ရှန့်ထို အများကြီးက မိန်းကလေး တစ်ယောက် အတွက်...”
ဝိညာဉ် ထစ်ချုန်းခြင်း ရှန့်ထိုက နားမလည်နိုင်စွာဖြင့် ရေရါတ်လိုက်၏။ ယွီစွန်းလီမှာ လှပသည်မှာ မှန်သည်။ သို့သော်လည်း... မြေကြီး ရှန့်ထို ခြောက်ယောက်နှင့် သေမျိုးတစ်ပိုင်း အရှင် အဆင့်များ အတူတကွ လှုပ်ရှားရသည် အထိ အရေးကြီးသလော။
“ယွီစွန်းလီက နဂါး ဖြစ်လာနိုင်တဲ့ ငါးတစ်ကောင်လို့ သူတို့ ယူဆ ထားတာ ဖြစ်နိုင်တယ်...”
ဝိညာဉ် ကျဆင်းခြင်း ရှန့်ထိုက ချင့်ချင့်ချိန်ချိန်ဖြင့် ပြောလိုက်သည်။
“ငါတို့ ယွီစွန်းလီကို သေသေချာချာ စစ်ဆေးသင့်တယ်... သူ့ဆီမှာ ရှိတဲ့ ထူးခြားတဲ့ဟာကို ငါတို့ ဖော်ထုတ် ကြတာပေါ့”
သိုင်းဝိညာဉ် ရှန့်ထိုက ပြောလိုက်၏။
“တစ်ခုခု ထူးခြားတာ ရှိရင်...”
ဝိညာဉ် ကျဆင်းခြင်း ရှန့်ထို၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်း သွား၏။ သို့သော်လည်း... သူ့စကား မဆုံးခင်မှာပင် ဝိညာဉ်ရှန့်ထို ဧကရာဇ်က ဖြတ်ပြောလိုက်လေသည်။
“ယွီစွန်းလီကို ထားလိုက်... သူ့ကိစ္စက သူနဲ့ပဲ ဆိုင်တယ်... ငါတို့မှာ ပိုပြီး အရေးကြီးတဲ့ စစ်ဆေးစရာ ကိစ္စတွေ ရှိတယ်”
“...”
ဝိညာဉ် ဧကရာဇ် သုံးယောက်မှာ တိတ်ဆိတ် သွားကြ၏။ သို့သော်လည်း... ဝိညာဉ်ရှန့်ထို ဧကရာဇ်၏ စကားက မမှားကြောင်း သူတို့ သိပေသည်။
မြေကြီး ရှန့်ထို ခြောက်ယောက် ဝိညာဉ်ရှန့်ထို နယ်မြေ အတွင်း ဝင်ရောက်လာမှုတွင် ဝိညာဉ် ဧကရာဇ် တစ်ယောက် ကျိန်းသေ ပါဝင် ပတ်သက် နေပေလိမ့်မည်။ ထိုတစ်ယောက်က သူတို့ သုံးယောက်ထဲမှ တစ်ယောက်ပင် ဖြစ်ကောင်း ဖြစ်နိုင်ချေ ရှိသည်။
“ငါ စွမ်းအင် အကြွင်းအကျန်တွေကို ခြေရာခံလိုက်ဦးမယ်... မင်းတို့ သုံးယောက် ဒီမှာနေပြီး ယွီလီရှင်းနဲ့ ယွီစွန်းလီတို့ကို စောင့်ကြည့်ထား... နောက်ထပ် ပြဿနာ ဖြစ်တာမျိုး မကြာချင်ဘူး”
ဝိညာဉ် ရှန့်ထို ဧကရာဇ်က မှာကြာလိုက်ပြီးနောက် ပျံသန်း ထွက်ခွာသွား၏။ ဝိညာဉ် ဧကရာဇ် သုံးယောက်မှာ လေးပင်စွာပင် နေရာများ၌ ရပ်နေမိကြသည်။ မကြာခင် စုံစမ်း စစ်ဆေးမှုများ ရောက်ရှိလာတော့မည် ဖြစ်ကြောင်း သူတို့ သိလိုက်ကြပြီ ဖြစ်လေသည်။
***