အဆုံးသတ် (၂)
Vol. 71 Ch. 982
ပဋိပက္ခများ အဆုံးသတ်သို့ ရောက်ရှိသွားပြီ ဖြစ်လေရာ ဝေ့ဝူယင်၏ စိတ်မှာ တဖြည်းဖြည်း ပြန်လည် တည်ငြိမ် သွားခဲ့၏။ အရာအားလုံးက ချောချောမွေ့မွေ့ပင် ပြီးဆုံးသွားခဲ့ကာ သူနှင့် အတူ လိုက်ပါလာသည့် မဟာမိတ် အားလုံးမှာလည်း သူ့ဘေးသို့ ပြန်လည် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
တိုက်ပွဲမှာ မိနစ် အနည်းငယ်သာ ကြာမြင့်ခဲ့သည့်တိုင် သူ့အတွက် များစွာသော သင်ခန်းစာများကို သင်ကြားပေးခဲ့သည်။ လောက၌ မည်မျှပင် အဆက်အသွယ်ကောင်းစေကာမူ ကိုယ်ပိုင် ခွန်အားကသာ အရေးအကြီးဆုံး ဖြစ်ကြောင်း သူ့ကို မီးမောင်း ထိုးပြခဲ့သည်။ ထို့အပြင် ကိုယ်တိုင် ဖန်တီးထားသည့် အင်အားစုများမှ လွဲ၍ အခြားလူများကို ယုံကြည်၍ မရကြောင်းလည်း သူ့ကို သင်ကြားပေးခဲ့ပေသည်။
မာ့ကျန်းမှာ ချိပ်ပိတ်ခံထားရသည့် မြေကြီး ရှန့်ထိုများကို လိုက်လံ ဖြည်ပေးနေခဲ့၏။ လျှို့ဝှက် သင်္ကေတကိုးခု ပိုင်ဆိုင်ထားသည့် မြေကြီး ရှန့်ထို တစ်ယောက် အနေဖြင့် ထိုအလုပ်က သူ့အတွက် သိပ်မခက်ခဲလှပါချေ။
“ကျန်းကျိရီ ဘယ်မှာလဲ...”
ရုတ်တရက် ဝေ့ဝူယင်က မေးလိုက်၏။ အခြား မြေကြီး ရှန့်ထို အားလုံး စုံလင်သော်လည်း ကျန်းကျိရီကို ယခု အထိ သူ မတွေ့ရသေးချေ။ ဝေ့ဝူယင်၏ မေးခွန်းကို ပြန်မဖြေခင် မာ့ကျန်း၏ အမူအရာက အနည်းငယ် သုန်မှုန်သွား၏။
“ဝိညာဉ်ရှန့်ထို ဧကရာဇ်က အတားအဆီးတွေကို ဖျက်ဆီးလိုက်တဲ့ အချိန်မှာ ပြန်ကန်အားကြောင့် သူ အတော်လေး ဒဏ်ရာ ရသွားပါတယ်... အခု သူ သတိလစ်နေတယ်... ဒါပေမဲ့ စိတ်မပူပါနဲ့... ကျုပ်ရဲ့ အတွင်းပိုင်း လောကထဲမှာ လုံလုံခြုံခြုံ ရှိနေပါတယ်...”
ထိုကဲ့သို့ ပြောပြီးနောက် မာ့ကျန်းက လက်တစ်ဖက် ဝှေ့ယမ်းလိုက်၏။ အမှောင် ဟင်းလင်းပြင်ထဲ၌ အလင်း မျက်နှာပြင် တစ်ခု ပေါ်လာကာ ငြိမ်သက်စွာ လှဲလျောင်းနေသည့် ကျန်းကျိရီ၏ ပုံရိပ်ကို ပြသလိုက်သည်။
“သတိလစ်နေတာလား...”
ဝေ့ဝူယင်က မျက်မှောင်ကြုတ်ကာ ကျန်းကျိရီ၏ ပုံရိပ်ကို ကြည့်လိုက်၏။ မာ့ကျန်းက သက်ပြင်း တစ်ချက် ချကာ အလင်း မျက်နှာပြင်ကို ပြန်လည် ရုတ်သိမ်းလိုက်သည်။
“ကျုပ် အမြင်ပြောရရင် ကိုမာနဲ့ ပိုတူတယ်...”
လူအိုကြီးက လေးပင်သည့် လေသံဖြင့် ဆက်လက် ရှင်းပြလိုက်သည်။
“သူ့ရဲ့ ဒဏ်ရာက ပေါ့သေးသေး မဟုတ်ဘူး... လျှို့ဝှက် ဝိညာဉ်နဲ့ အသိစိတ် ပင်လယ်မှာ ဒဏ်ဖြစ်သွားတဲ့ သဘောနဲ့ ဆင်တူတယ်... ဘာဖြစ်ဖြစ် သူ ကံကောင်းပါတယ်... အင်ပါယာ ဧကရာဇ် မူယန်နဲ့ ကောင်းကင် ဧကရာဇ် ချောင်ယွီတို့သာ မကူညီဘူး ဆိုရင် သူ ခုလို ကိုမာ ဖြစ်ခွင့်တောင် ရမှာ မဟုတ်ဘူး”
လျှို့ဝှက် သင်္ကေတ တစ်ခုကိုသာ ပိုင်ဆိုင်ထားသည့် မြေကြီး ရှန့်ထို တစ်ယောက် အနေဖြင့် ကျန်းကျိရီမှာ အတော်လေး အားနည်းလှသည်။ တန်ပြန် ရိုက်ခတ်မှု ဒဏ်အောက်တွင် ထျန်းမူယန်၊ ယန်ချောင်ယွီနှင့် မာ့ကျန်းတို့လည်း ဒဏ်ရာ အသီးသီး ရရှိကြသည့်တိုင် ကျန်းကျိရီကတော့ အဆိုးရွားဆုံး သက်ရောက် ခံလိုက်ရခြင်း ဖြစ်သည်။
“ကိုမာ...”
ဝေ့ဝူယင် သက်ပြင်းတစ်ချက် ချလိုက်၏။ ကျန်းကျိရီ အပြင်းအထန် ဒဏ်ရာရသွားခြင်းက သူ့အတွက် ဆုံးရှုံးမှု တစ်ခု ဖြစ်ပေသည်။ အကယ်၍ သူမ ဆက်လက် အသက်ရှင်သန်နိုင်မည် ဆိုပါက သူ့ဘက်က ပြန်လည် ပေးဆပ်ရလိမ့်မည် ဖြစ်သည်။
“ခင်ဗျားတို့ရဲ့ ကူညီမှု အတွက် ကျေးဇူးတင်ပါတယ်...”
ဝေ့ဝူယင် ထျန်းမူယန်နှင့် ယန်ချောင်ယွီတို့ဘက်ကို လှည့်ကာ ပြောလိုက်၏။ သူတို့၏ အကူအညီများက တိုက်ပွဲတွင် မရှိမဖြစ် အရေးပါခဲ့ပေသည်။
ထျန်းမူယန်က ပြုံးရုံသာ ပြုံးကာ တုန့်ပြန်လိုက်၏။ သို့သော်လည်း... ယန်ချောင်ယွီကတော့ မခံယူလိုဟန်ဖြင့် ကပျာကယာပင် လက်ကို ခါပြလိုက်သည်။
“မဟုတ်တာ... ကိစ္စသေးသေးပါပဲ... အာဏာရှင် အင်ပါယာဝေ့...”
ထျန်းမူယန်က သူမကို စောင်းကြည့်လိုက်သည်။ ထိုမိန်းမက အကဲ မပိုလွန်းဘူးလော။
‘အာဏာရှင် အင်ပါယာဝေ့...’
ထျန်းမူယန် စိတ်ထဲမှ လိုက်လံ ရေရွတ်လိုက်မိသည်။ ထိုနာမည်က ဝေ့ဝူယင်နှင့် လိုက်ဖက်ညီသယောင် ပထမဆုံး အကြိမ် သူ ခံစားလိုက်ရ၏။
“နောက်မှ ကျုပ်တို့ ပြန်ဆုံကြတာပေါ့...”
ထျန်းမူယန်က ပြောလိုက်၏။ အရာအားလုံး ပြီးဆုံးသွားပြီ ဖြစ်လေရာ သူတို့ ဤနေရာ၌ ဆက်နေစရာ အကြောင်း မရှိတော့ချေ။ ထို့အပြင် သူတို့မှာ အင်ပါယာ ကလန်သားများ ဖြစ်လေရာ ကြာကြာဆက်နေပါက ရှုပ်ထွေးသည့် ကိစ္စများ ပေါ်လာနိုင်ပေသည်။
ဝှစ်... ဝှစ်...
ထျန်းမူယန်နှင့် ယန်ချောင်ယွီတို့မှာ ဝေ့ဝူယင်ကို အသီးသီး နှုတ်ဆက်လိုက်ကြပြီးနောက် ရှေ့ဆင့် နောက်ဆင့်ပင် ထွက်ခွာသွားကြတော့၏။
ဝေ့ဝူယင် အခြားလူများဘက်သို့ ပြန်လှည့်လိုက်သည်။ စွန်းလီ အပါအဝင် မြေကြီး ရှန့်ထိုများမှာ သူတို့၏ ကျင့်ကြံခြင်း အခြေခံများကို ပြန်လည် လည်ပတ်ဖို့ ကြိုးစား နေကြပုံ ပေါ်ကာ အစစ်အမှန် မွေးဖွားခြင်း၏ မျက်နှာဖုံးတပ် လျှို့ဝှက် အာဏာရှင် အဆင့်များကတော့ ချိပ်ပိတ်ထားသည့် အတိုင်းပင် ခပ်လှမ်းလှမ်း၌ လွင့်မြော နေကြ၏။
ဝေ့ဝူယင်နှင့် ပိုင်လင်တို့မှာ မြေကြီး ရှန့်ထိုများကို မနှောက်ယှက်တော့ပဲ ဖမ်းဆီးခံ သုံ့ပန်းများဆီကိုသာ ပျံသန်း သွားလိုက်၏။ ထို့နောက် ဝေ့ဝူယင်က ကောင်းကင်ဘုံ နတ်မျက်လုံး ကျင့်စဉ်ကို အကန့်အသတ်ထိ တင်ကာ စစ်ဆေးဖို့ ကြိုးပမ်း လိုက်သည်။
သူတို့ ဝတ်ဆင်ထားသည့် ဝတ်စုံများ၊ မျက်နှာဖုံးများမှာ လျှို့ဝှက် အဆင့် ရတနာများ ဖြစ်ကာ အရိပ် အခြေပြု ဒြပ်ထုများနှင့် ဖွဲ့စည်းထာကြခြင်း ဖြစ်သည်။ ဟုန်ယန်လျဲ့လန် လောင်ကြွမ်း ပစ်လိုက်သည့် မြေကြီး ရှန့်ထို ပင်လျှင် သူ၏ အသွေးများများကို ဆက်လက် ဖုံးကွယ်ထားဆဲ ဖြစ်သည်။
ဘယ်လိုပဲ ဖြစ်ဖြစ်... ဝေ့ဝူယင် သူတို့ထံမှ ကမ္မ အပြစ် အငွေ့အသက်များကို ခံစားမိလိုက်သည်။ သူတို့က ကောင်းချီးခံများ အတွက် လောင်စာများ သဖွယ်ပင် ဖြစ်သည်။
“သူတို့ မျက်နှာဖုံးတွေကို ချွတ်လိုက်ရအောင်...”
ဝေ့ဝူယင်က တည်ငြိမ်စွာပင် ကြေညာလိုက်၏။
ဝှစ်... ဝှစ်...
တမုဟုတ်ချင်းပင် အခြားမြေကြီး ရှန့်ထိုများမှာ ဝေ့ဝူယင် နံဘေးတွင် စုစည်း လာကြ၏။ သူတို့ အားလုံး၏ မျက်လုံးများက စိတ်ဝင်စားမှုများဖြင့် တဖျပ်ဖျပ် တောက်ပနေသည်။
မဟာစက်ဝန်း ကြယ်ကွင်းပြင်၏ ထိပ်တန်း ရှန့်ထို များစွာမှာ အစစ်အမှန် မွေးဖွားခြင်း အဖွဲ့သားများ ဖြစ်နေနိုင်ကြောင်း သူတို့ သိရှိပြီး ဖြစ်သည်။ ထိုမျက်နှာဖုံးတပ်များမှာ သူတို့နှင့် အရင်းနှီးဆုံး လူများ ဖြစ်နေနိုင်သလို၊ အင်ပါယာ မျိုးနွယ်ဝင်များပင် ဖြစ်နေနိုင်ချေ ရှိသည်။
ထို့အပြင်... ဝေ့ဝူယင်က အစစ်အမှန် မွေးဖွားခြင်းကို အဘယ်ကြောင့် ရင်ဆိုင်လိုနေကြောင်းလည်း သူတို့ သိရှိလိုပေသည်။ မျက်နှာဖုံးတပ် မြေကြီး ရှန့်ထိုများမှာ ထိုအဖြေအတွက် သဲလွန်စ ဖြစ်ကောင်း ဖြစ်နေနိုင်ပေသည်။
ဝေ့ဝူယင်က မာ့ကျန်းကို ကြည့်ကာ ခေါင်းတစ်ချက် ညိတ်ပြလိုက်၏။ လူအိုကြီးက အသက်ပြင်းပြင်း ရှူလိုက်ရင်း မျက်နှာဖုံးတပ် မြေကြီး ရှန့်ထို တစ်ယောက် အနားသို့ ချဉ်းကပ်သွားလိုက်သည်။
ထို့နောက် သူက လက်ကို မြှောက်ကာ မျက်နှာဖုံးကို ခွာဖို့ ပြင်လိုက်၏။ မျက်နှာဖုံးမှာ မည်သည့် သင်္ကေတ၊ အမှတ်အသားမှ မပါဝင်သည့် ပြောင်မျိုးဖြစ်ကာ မီးခိုးရောင် အဆင်း ရှိသည်။ ၎င်းက မျက်လုံး အပါအဝင် မျက်နှာပြင် တစ်ခုလုံးကို ပြင်ချပ်ကြီး တစ်ခုလို ဖုံးအုပ်ထားလေရာ ယောက်ျားလား၊ မိန်းမလား ခွဲခြားရန်ပင် ခက်လှသည်။
မာ့ကျန်းက လက်ကို လျှို့ဝှက် စွမ်းအင်ဖြင့် ဝန်းရံကာ မျက်နှာဖုံးကို ထိလိုက်သည်။ ထိုအခိုက်တွင်ပင် ဝေ့ဝူယင်၏ အသိစိတ် ပင်လယ်မှာ ပြင်းထန်စွာ တုန်ခါ သွားခဲ့၏။
“ရပ်လိုက်...”
အသံတစ်ခုက သူ့စိတ်အတွင်း ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။ တစ်ချိန်တည်း၌ ရင်းနှီးပြီးသား ဖြစ်သည့် စိတ်စွမ်းအင် စုပ်ယူမှုများကို သူ ခံစားလိုက်ရ၏။ သို့သော်လည်း... ယခင်တစ်ကြိမ်ကလိုမျိုး မူးဝေမှုကိုတော့ သူ မခံစားရတော့ချေ။
ဝေ့ဝူယင် စိတ်ကိုယ်ပွား တစ်ခု ဖွဲ့စည်းလိုက်ကာ ဧဒင်၏ အမြစ်များ ကြား၌ ရှိနေသည့် ရွှေရောင်ဥကို ကြည့်လိုက်၏။ ၎င်းက အသိစိတ် ပင်လယ် အတွင်းရှိ စိတ်စွမ်းအင်များကို လေပွေတစ်ခုလိုမျိုး စုပ်ယူ နေသည်။ မြေဆွဲအား လွတ်မြောက်ခြင်း အဆင့်တွင်သာ ထိုနှုန်းအတိုင်း စုပ်ယူခံရပါက သူ မူးမေ့ကာ သတိလစ်သွား လောက်ပြီ ဖြစ်သည်။ ကံကောင်းထောက်မစွာပင် လောကသခင် အဆင့်ကို ရောက်ရှိပြီးနောက် သူ့စိတ်စွမ်းအင်များမှာ အရည်အသွေးပိုင်းတွင်ရော၊ အရေအတွက်ပိုင်းတွင်မှာပါ ကြီးမားသော တိုးတက်မှုများနှင့် ကြုံတွေ့ခဲ့ရပေသည်။
“ရပ်ရမှာလား...”
ဝေ့ဝူယင်က နားမလည်နိုင်စွာပင် ရွှေရောင်ဥကို မေးလိုက်၏။ သို့သော်လည်း... အပြင်လောကတွင်တော့ ကောင်းကင်စစ်ဝိညာဉ် သတိပေးကတည်းက သူ မာ့ကျန်းကို အော်ဟစ် တားဆီးခဲ့ပြီး ဖြစ်ပေသည်။
“နေဦး...”
အားလုံးမှာ နားမလည်စွာဖြင့် ဝေ့ဝူယင်ကို ကြည့်လိုက်ကြ၏။ မာ့ကျန်းကလည်း သူ၏လက်ကို ခပ်မြန်မြန်ပင် ပြန်ရုတ်လိုက်သည်။ သူက မျက်မှောင်ကြုတ်ကာ မျက်နှာဖုံးကို ကြည့်လိုက်မိ၏။ အဘယ်ကြောင့်မှန်း မသိသော်လည်း... မျက်နှာဖုံးအောက်ရှိ မျက်နှာက ပြုံးနေသလို သူ ခံစားလိုက်ရသည်။
အသိစိတ် ပင်လယ် အတွင်းတွင်တော့ ဝေ့ဝူယင်၏ စိတ်ကိုယ်ပွားမှာ ရွှေရောင် ဥကလေးကို ကြည့်နေခဲ့၏။ ကောင်းကင် စစ်ဝိညာဉ်မှာ စစ်ဝိညာဉ်ပေါင်း ၅၀၀၀၀၀၀ ပေးဝယ် ရသည် အထိ အလွန်ပင် ဆန်းကြယ်လှသော တည်ရှိမှုမျိုး ဖြစ်သည်။ ၎င်းက အကြောင်းရင်း မရှိပဲ တားဆီးလိမ့်မည် မဟုတ်ကြောင်း သူ သိပေသည်။
ရွှေရောင်ဥကလေးမှာ ပိုမို များပြားသည့် စိတ်ဝိညာဉ်များကို စုပ်ယူလိုက်၏။ ထို့နောက် သူမက ပကတိ မိန်းကလေးသံလေးဖြင့် တုံးတိပင် ပြောလိုက်သည်။
“အဲ့ကောင်မကို သတ်လိုက်...”
***