လျောင်ရှုယု
Vol. 71 Ch. 983
“ကောင်မ ဟုတ်လား... သူက မိန်းမလား... ဘာလို့ သတ်ခိုင်းတာလဲ...”
ဝေ့ဝူယင် နားမလည်နိုင်စွာဖြင့် မေးလိုက်၏။ သို့သော်လည်း ကောင်းကင်စစ်ဝိညာဉ်မှာ ပြန်ဖြေခြင်း မရှိပါချေ။ သူ ဘာမပြောခဲ့သလို တိတ်ဆိတ်နေ၏။
“...”
ဝေ့ဝူယင် အသိစိတ် ပင်လယ် အတွင်းရှိ ရွှေရောင်ဥကလေးကို စိုက်ကြည့် နေမိခဲ့သည်။ အချိန် အတန်ကြာသည် အထိ တုန့်ပြန်မှု ကင်းမဲ့နေပြီးနောက် ကောင်းကင် စစ်ဝိညာဉ်ကို နားလည်နိုင်စွမ်း မရှိသလို သူ ခံစားလိုက်ရသည်။
အပြင်လောကတွင်တော့ မြေကြီးရှန့်ထိုများမှာ ဝေ့ဝူယင်ကို စိတ်ရှည်စွာပင် စောင့်ဆိုင်း နေခဲ့ကြသည်။ သို့သော်လည်း... သူတို့၏ မျက်လုံးများက နားမလည်နိုင်မှုများနှင့် ပြည့်နှက်နေ၏။ ဝေ့ဝူယင်က အဘယ်ကြောင့် မျက်နှာဖုံးကို မချွတ်ရန် တားရသနည်း။ မကြာသေးခင်ကပင် မျက်နှာဖုံးကို ချွတ်ရန် သူ မာ့ကျန်းကို အမိန့်ပေးခဲ့သေးသည် မဟုတ်ပါလော။
သူတို့ သိပ်ကြာကြာ မစောင့်လိုက်ရပါချေ။ ဝေ့ဝူယင်၏ မျက်လုံးများမှာ ဖျပ်ခနဲ ပြန်လည် ပွင့်လာခဲ့၏။ ထို့နောက် သူက ပိုင်လင်၏ ကျောထက်မှ နေ၍ မာ့ကျန်းနှင့် မျက်နှာဖုံးတပ်တို့ အနားသို့ ဆင်းသက်လိုက်သည်။ ကုန်သည် လူအိုကြီးက ဝေ့ဝူယင်ကို လှည့်ကြည့်လိုက်၏။
လူငယ်က အကြောင်းရင်း မရှိပဲ ရပ်ခိုင်းလိမ့်မည် မဟုတ်ကြောင်း သူသိပေသည်။ ထို့အပြင်... စောစောပိုင်းက မျက်နှာဖုံးတပ် ပြုံးနေသည်ဟု ခံစားခဲ့ရခြင်းမှာလည်း အတော်လေး ထူးဆန်းလှသည်။
အခြားလူများကတော့ ဇဝေဇဝါ ဖြစ်နေကြ၏။ ဝေ့ဝူယင်က မျက်နှာဖုံးကို ကိုယ်တိုင် ဖွင့်ချင်သည်လော။ ထို့အပြင်... ဝေ့ဝူယင်က အစစ်အမှန် မွေးဖွားခြင်းကို အဘယ်ကြောင့် ထိုမျှ ပြင်းပြင်းထန်ထန် အမဲလိုက် နေရသည်ကို သူတို့ သိလိုသည်။
ဝေ့ဝူယင်က မျက်နှာဖုံးတပ်၏ အရှေ့ ပေအနည်းငယ်ခန့် အကွာတွင် ရပ်လိုက်၏။ သူ၏ ငွေရောင် မျက်လုံးများက တည်ငြိမ်စွာပင် မျက်နှာဖုံးတပ်ကို စိုက်ကြည့်နေသည်။ ထို့နောက် သူက ဖြည်းညင်းစွာပင် စစ်အမတေဖြင့် ဖန်တီးထားသည့် လျှို့ဝှက်လောက တစ်ပိုင်း အဆင့် ဆေဘာကို ထုတ်ယူ လိုက်သည်။
“...”
မြေကြီး ရှန့်ထိုများမှာ မျက်တောင် မခပ် စိုက်ကြည့် နေမိကြ၏။
“ဝှစ်...”
အားလုံး၏ အကြည့်များ ရှေ့တွင်ပင် ဝေ့ဝူယင်က ဆေဘာကို မျက်နှာဖုံးတပ်၏ ထျန်းတျန် တည့်တည့်ဆီ ထိုးစိုက်လိုက်၏။ သေမျိုးအဆင့်များ အတွက် မြေကြီး ရှန့်ထိုများ၏ ခန္ဓာကိုယ်ကို ထိခိုက်အောင် လုပ်ရန် ခက်ခဲသော်လည်း... သူ့အတွက်ကတော့ ချောချောမွေ့မွေ့ပင်။
“အား...”
အံ့သြတုန်လှုပ်သည့် အော်ဟစ်သံနှင့် အတူ ရောင်စုံသွေးများမှာ မျက်နှာဖုံး၏ အောက်ခြေမှ စီးထွက်လာ၏။ ဝေ့ဝူယင်၏ မျက်လုံးများက ခံစားချက် ကင်းမဲ့နေကာ ဓားသွားကို ချိပ်ပိတ်ခံထားရသည့် လျှို့ဝှက် ဝိညာဉ်ထံ ရောက်သည် အထိ စိုက်လိုက်သည်။
မျက်နှာဖုံးတပ် မြေကြီး ရှန့်ထို၏ ခန္ဓာကိုယ်မှာ တဆတ်ဆတ် တုန်ရီလာကာ ခုခံရန် ကြိုးပမ်းလာ၏။ တစ်ချိန်တည်း၌ လျှို့ဝှက် ဝိညာဉ်က ပြင်းထန်စွာ ဟိန်းဟောက်လာသည်။ သို့သော်လည်း ချိပ်စည်းမှာ အလွန်ပင် သန်မာလွန်းလှကာ တော်ရုံတန်ရုံ ရုန်းကန်မှုမျိုးဖြင့် လွတ်မြောက်နိုင်သည့် တည်ရှိမှု မဟုတ်ပါချေ။
ဆေဘာ၏ အဖျားမှာ လျှို့ဝှက် ဝိညာဉ်နှင့် ထိတွေ့သွားကာ အထဲသို့ ဖောက်ဝင်သွား၏။ ထို့နောက် ဝေ့ဝူယင်က အရိုးကို လှည့်လိုက်သည်။
ရုတ်တရက် ထူးဆန်းသော စွမ်းအား တစ်ခုမှာ အသိစိတ် ပင်လယ်ထဲမှ စီးထွက်လာကာ သွေးကြောများကို ဖြတ်သန်း၍ ဆေဘာထံ ဝင်ရောက်သွား၏။ ထို့နောက် လျှို့ဝှက်ဝိညာဉ် အတွင်းကို ဝင်ရောက် သွားသည်။ ထို့နောက် အားလုံးမှာ တိတ်ဆိတ်သွား၏။
မျက်နှာဖုံးတပ်၏ ခန္ဓာကိုယ်က ငြိမ်ကျသွားသလို အော်ဟစ်သံများမှာလည်း တိတ်ဆိတ် သွားသည်။ လျှင်မြန်စွာပင် သူ၏ ခန္ဓာကိုယ်မှာ သက်မဲ့ အလောင်း တစ်ခု အဖြစ် ပြောင်းလဲ သွား၏။
ဝေ့ဝူယင်၏ နှလုံးသားမှာ တုန်ရီသွား၏။ အခြားလူများ အတွက် ရှင်းရှင်းလင်းလင်း မမြင်နိုင်သည့်တိုင် သူကတော့ ကောင်းကင်ဘုံ နတ်မျက်လုံးများနှင့် ဧဒင်စိတ်စွမ်းအင်တို့မှ တစ်ဆင့် မျက်နှာဖုံးတပ် မြေကြီး ရှန့်ထို လုံးလုံးလျားလျား ဝါးမြိုခံလိုက်ရသလို ခံစားလိုက်ရသည်။ အသက်အင်အား၊ အသိစိတ် ပင်လယ်နှင့် လျှို့ဝှက် ဝိညာဉ်ထံမှ စွမ်းအင်များပင်လျှင် တစ်ခဏ အတွင်း ခမ်းခြောက်သွားခြင်း ဖြစ်သည်။
မြေကြီး ရှန့်ထိုကို သတ်ဖြတ်ပြီးနောက် ဝေ့ဝူယင် ဆေဘာကိုပြန်လည် ရုတ်သိမ်းလိုက်၏။
ဟူး... ဟူး...
ဖုံးကွယ်ခြင်း စွမ်းအင်များ ကွယ်ပျောက်သွားသည့် အလား မျက်နှာဖုံးတပ်၏ ခန္ဓာကိုယ်မှာ ထင်ရှားစွာ ပေါ်လွင် လာခဲ့၏။ ရင်သား မို့မို့၊ တင်ပါး စွင့်စွင့်၊ ရှည်လျားသော ပေါင်တံများနှင့် နက်မှောင်နေသည့် ဆံပင်ရှည်များ... သူမက မိန်းမ တစ်ယောက် ဖြစ်ကြောင်း ရှင်းလင်းလှပေသည်။
မြေကြီး ရှန့်ထို အားလုံး၏ စိတ်နှလုံးများမှာ ထိတ်လန့် ချောက်ချားခြင်းများနှင့် ပြည့်နှက် သွား၏။ မည်သည့် အရာများ ဖြစ်ပျက် သွားခဲ့သနည်း။
ဝေ့ဝူယင် နောက်ကို ခြေတစ်လှမ်း ဆုပ်လိုက်ရင်း အသိစိတ် ပင်လယ် အတွင်း ပြန်လည် ဝင်ရောက် လိုက်သည်။ ထို့နောက် ကောင်းကင် စစ်ဝိညာဉ်ကို အကဲခတ်လိုက်၏။ ရွှေရောင်ဥကလေး၏ အထက်၌ ပါးလွှာသည့် ရောင်စဉ် စက်ဝန်း တစ်ခု ဖြစ်ပေါ်နေကာ အလင်းအမှုန်အမွှားများမှာ ဥထံ အဆက်မပြတ် စီးဝင်နေ၏။
“...”
ဝေ့ဝူယင် မျက်မှောင်ကြုတ် လိုက်၏။
"စစ်ပွဲရဲ့ သုံ့ပန်းတွေက တကယ် အရသာ ရှိတာပဲ..."
မိန်းမငယ်လေး၏ အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာ၏။ အတန်ကြာပြီးနောက် ဥက သူ့ကိုကြည့်လာသလို ဝေ့ဝူယင် ခံစားလိုက်ရ၏။ ကောင်းကင် စစ်ဝိညာဉ်က နောက်တစ်ကြိမ် စကားပြောတော့မည့်ပုံ ပေါ်သည်။ သို့သော်လည်း... ထူးဆန်းစွာပင် စိတ်စွမ်းအင် စုပ်ယူမှုများကို မခံစားရပါချေ။
“မင်း ကံကောင်းတယ်... ဒီလျှို့ဝှက် အာဏာရှင် အဆင့်တွေ အားလုံးရဲ့ ခန္ဓာကိုယ် ပေါ်မှာ အကာအကွယ် အလွှာတွေ ရှိတယ်... တကယ်လို့ သူတို့ရဲ့ မျက်နှာဖုံးတွေ၊ ဝတ်စုံတွေကို ချွတ်ဖို့ ကြိုးစားမယ် ဆိုရင် ယန္တရားလို အဆောင် တစ်ခု အသက်ဝင်လာပြီးတော့ သူတို့ရဲ့ လျှို့ဝှက် ဝိညာဉ်တွေကို ပေါက်ကွဲစေလိမ့်မယ်”
“...”
ဝေ့ဝူယင် ထိတ်လန့် တုန်လှုပ်မှုကို ခံစားလိုက်ရ၏။ လျှို့ဝှက် ဝိညာဉ် တစ်ခုကို ဖောက်ခွဲခြင်းကား ဘယ်တော့မှ အထင်မသေးသင့်သည့် တိုက်ခိုက်မှု ဖြစ်သည်။ ၎င်းက ကြယ်တာရာ နယ်မြေ တစ်ခုကိုပင် အပြီးတိုင် ပျက်စီး သွားစေနိုင်စွမ်း ရှိသည်။
တစ်ခဏမျှ ငြိမ်သက်ပြီးနောက် ကောင်းကင် စစ်ဝိညာဉ်က ထပ်ပြောလိုက်သည်။
“ငါ လေ့လာရသလောက် ဟိုမြေကြီး ရှန့်ထို သုံးယောက်မှာတော့ မရှိဘူး...”
သူမ စကားထဲမှ မြေကြီး ရှန့်ထို သုံးယောက် ဆိုသည်မှာ (လွန်ခဲ့သည့် လပိုင်းက ဝိညာဉ်မြှင့်တင်ခြင်း နယ်မြေတွင်) ကျန့်ကျန့်နှင့် တိုက်ခိုက်ခဲ့သည့် သုံးယောက်ပင် ဖြစ်ကြောင်း ထင်ရှားပေသည်။
“ဒါပေမဲ့ သူတို့က အဖွဲ့အစည်း တစ်ခုတည်းကပဲ”
သူမက ဆက်ပြောလိုက်၏။
ဝေ့ဝူယင် တိတ်တဆိတ်ပင် တွေးနေမိသည်။ အစစ်အမှန် မွေးဖွားခြင်းထဲသို့ ဝင်ရောက်သွားသည့် မြေကြီး ရှန့်ထိုတိုင်းမှာ ယခင်ကတည်းက ကျော်ကြားထားပြီးသူများ ဖြစ်သည်။ အကယ်၍ အကျိုးအမြတ်ကြောင့် လုပ်သည် ဆိုလျှင်ပင် အဘယ်ကြောင့် ကိုယ့်ကိုယ်ကို သေကြောင်း ကြံစေနိုင်မည့် အစီအစဉ်မျိုးကို လက်ခံရသနည်း။ အစစ်အမှန် မွေးဖွားခြင်းနှင့် ပတ်သက်၍ သူ၏ နားလည်မှုများက ပိုမို၍ အားနည်းလာသလို ခံစားလိုက်ရသည်။
ဝေ့ဝူယင် ကောင်းကင် စစ်ဝိညာဉ်နှင့် စကားပြောနေသည့် တစ်ချိန်တည်းတွင် ဟုန်ယုန်လျဲ့လန်မှာ မျက်နှာဖုံးတပ်၏ အလောင်းထံ လျှင်မြန်စွာ ပြေးဝင် သွား၏။ သူမ၏ လက်များက အနည်းငယ် တုန်ရီနေကာ မျက်နှာဖုံးကို ဆွဲချွတ်လိုက်သည်။ မျက်နှာဖုံး၏ နောက်မှ မျက်နှာ အပြည့်အဝ ပေါ်လာသော အခိုက်၌ သူမ၏ မျက်နှာ တစ်ခုလုံးမှာ မယုံကြည်နိုင်မှုများနှင့် ပြည့်နှက် သွားတော့၏။
“ဒေါ်လေးလျောင်...”
လူတိုင်းမှာ ဟုန်ယန်လျဲ့လန်ကို နားမလည်နိုင်စွာ ကြည့်လိုက်မိကြ၏။ ဒေါ်လေးလျောင်က မည်သူနည်း။ မဟာစက်ဝန်း ကြယ်ကွင်းပြင်၏ မြေကြီး ရှန့်ထို အားလုံးကို သူတို့ သိသည့်တိုင် ထိုနာမည်ကို သူတို့ တစ်ခါမှ မကြားဖူးချေ။
ဟုန်ယန်လျဲ့လန်က တုန်ရီနေသည့် လက်ချောင်းများဖြင့် မျက်နှာဖုံးတပ်ကို ပွေ့ပိုက်လိုက်သည်။ သူမ၏ မျက်ဝန်းများက ခံစားချက်များနှင့် ပြည့်နှက် နေ၏။
“ဒေါ်လေးလျောင် ဆိုတာ ဘယ်သူလဲ...”
ချင်းဖုန်းမှာ အားလုံးထဲ၌ တိုက်ရိုက် အဆန်ဆုံးလူ ဖြစ်လေရာ မေးရန် အားနာခြင်း မရှိမပါချေ။ မာ့ကျန်းက လေးပင်စွာဖြင့် သက်ပြင်း တစ်ချက် ချလိုက်၏။ ဒေါ်လေးလျောင်က မည်သူ ဖြစ်ကြောင်း သူ သိရှိထားသည်မှာ ရှင်းလင်းပေသည်။
ဝေ့ဝူယင် အလောင်းကို လှမ်းကာ ငေးကြည့် လိုက်မိ၏။ ထိုအမျိုးသမီးက တိုင်းတန်ပြည်တန် အလှတရား တစ်ခုတော့ မဟုတ်ပါချေ။ သူမက အသက်လတ် အရွယ်ခန့် ရှိကာ မီးခိုးရောင် သွေးကြောများ ပေါ်လွင်နေသည့် မျက်နှာကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ သူမ၏ အသားအရည်က နေရောင်ခြည်နှင့် နှစ်ပေါင်း တစ်ထောင်လောက် မထိတွေ့ရသည့် အလျား ဖြူရော်နေကာ နှုတ်ခမ်းများကို အနီတောက်တောက် ဆေးရောင်ခြယ်ထား၏။
အဂ္ဂိရတ် ပညာရှင် တစ်ယောက် အနေဖြင့် ထိုနှုတ်ခမ်းနီမှာ သွေးအမတေကို သန့်စင်ကာ ပြုလုပ်ထားခြင်း ဖြစ်ကြောင်း ဝေ့ဝူယင် တန်းကာ သိလိုက်သည်။ ပြင်းထန်သည့် တိုက်ပွဲ၏ အကျိုးဆက် အဖြစ် သူမ၏ အနက်ရောင် ဆံပင်ရှည်များက ရှုပ်ထွေး ပွေလီနေ၏။
“ဒေါ်လေးလျောင်...”
ဟုန်ယန်လျဲ့လန်က အလောင်း၏ ဖြူဖပ်ဖြူရော် မျက်နှာလေးကို ပွတ်သပ် လိုက်သည်။ ဒေါ်လေးလျောင်၏ အရေပြားက အလွန်အမင်း အေးစက်နေသည်ကို သူမ သတိထားမိလိုက်၏။ သေပြီးခါစ အလောင်း တစ်ခုက ထိုမျှလောက် မအေးသင့်ကြောင်း သူမ တွေးလိုက်မိသည်။
“...”
စွန်းလီမှာ ဟုန်ယန်လျဲ့လန် ထိုမျှလောက် စိတ်ခံစားချက် ပြင်းထန်နေသည်ကို တစ်ခါမှ မတွေ့ဖူးချေ။ မာ့ကျန်းက သက်ပြင်းတစ်ချက် ချကာ ဟုန်ယန်လျဲ့လန်၏ ပခုံးကို နှစ်သိမ့်ဟန် ပုတ်လိုက်၏။
“သူက မင်းသိတဲ့ ဒေါ်လေးလျောင် မဟုတ်တော့ဘူး...”
အခြားလူများမှာ ထိုစကားလုံးများကို နားမလည်နိုင်သလို ခံစားလိုက်ရ၏။ အတွင်းရေး ဇာတ်လမ်း တစ်ပုဒ်တော့ ကျိန်းသေ ရှိနေပြီ ဖြစ်သည်။
“ဒေါ်လေးလျောင် ဆိုတာက ဘယ်သူလဲ...”
နောက်ဆုံး၌ ဝေ့ဝူယင်က စကားပြောရန် ဆုံးဖြတ်လိုက်၏။ ဟုန်ယန်လျဲ့လန်က ဝေ့ဝူယင်ကို မော့ကြည့် လိုက်သည်။ သူမ၏ မျက်ဝန်းများက ခံစားချက် အငွေ့အသက်များနှင့် ပြည့်နှက်နေဆဲ ဖြစ်ပေသည်။
မာ့ကျန်းက သက်ပြင်းတစ်ချက် ချကာ အဖြေပေးလိုက်၏။
“လျောင်ရှုယု... မီးတောက်ခြောက်ခု ကြယ်တာရာ နယ်မြေ၊ တော်ဝင် ကုန်းမြေမှာ ရှိတဲ့ အင်ဖာနို နေအလင်း ဘုရားကျောင်းရဲ့ လက်ထောက် သင်းအုပ် တစ်ယောက်ပဲ...”
ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေ၊ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေတို့နှင့် ခြားနားစွာပင် မီးတောက် ခြောက်ခု ကြယ်တာရာ နယ်မြေမှာ စနစ်တကျ ဖွဲ့စည်းထားသည့် နေရာ တစ်ခု မဟုတ်ချေ။ ၎င်းကို အစွမ်း အထက်ဆုံး အင်အားစုက အုပ်စိုးကာ တစ်သွေးတစ်သံ တစ်မိန့်ဖြင့် အုပ်စိုးသည်။
အင်ဖာနို နေအလင်း ဘုရားကျောင်းမှာ မီးတောက်ခြောက်ခု ကြယ်တာရာ နယ်မြေတွင် အုပ်စိုးသူ အင်အားစု ဖြစ်ကာ ဟုန်ယန်လျဲ့လန်မှာ အဖွဲ့ဝင် တစ်ယောက် ဖြစ်သည်။ သူမ၏ အဖိုးကတော့ ထိုဘုရားကျောင်း တစ်ခုလုံး၏ ခေါင်းဆောင် ဖြစ်၏။
“လက်ထောက် သင်းအုပ်...”
လက်ထောက်သင်းအုပ် ဆိုသည်မှာ အင်ဖာနို နေအလင်း ဘုရားကျောင်း၏ အဆင့်အတန်း ခွဲခြား သတ်မှတ်မှုအရ လျှို့ဝှက် အာဏာရှင် အဆင့်တွင် အနိမ့်ဆုံး ဖြစ်သည်။ တစ်နည်းအားဖြင့်... လက်ထောက် သင်းအုပ်တိုင်းမှာ လျှို့ဝှက်ကြယ်တာရာ အဆင့်များ ဖြစ်သည်။ လျှို့ဝှက် ကြယ်တာရာ အဆင့် တစ်ယောက်က မည်ကဲ့သို့ မြေကြီး ရှန့်ထို ဖြစ်လာရသနည်း။
“နောက်ပြီး သူ သေသွားတာ နှစ်ပေါင်း ကိုးထောင်ကျော်လောက် ရှိပြီ...”
မာ့ကျန်းက ထပ်ပေါင်းပြောလိုက်၏။
“ဘာကြီး...”
ဝေ့ဝူယင် အပါအဝင် အားလုံးမှာ ထိတ်လန့် တုန်လှုပ် သွားကြတော့၏။
***