← Chapters

နက်ခရို စွမ်းအင်

Vol. 71 Ch. 984

နက်ခရို စွမ်းအင်

Vol. 71 Ch. 984

အားလုံးမှာ တိတ်ဆိတ် ငြိမ်သက် နေကြ၏။ ဖေးယဲ့လီယင်မှာ အမျိုးမျိုးသော ခံစားချက်များ အတွင်း နစ်မြုပ်နေဆဲ ဖြစ်သည်။ လျောင်ရှုယုမှာ သွေးသား မတော်စပ်သည့်တိုင် သူမ၏ အဒေါ် အရင်း သဖွယ် ဖြစ်သည်။ သူမ အပါအဝင် ညီအကို မောင်နှမများမှာ မွေးကင်းစတည်းက ဒေါ်လေးလျောင်၏ လက်ပေါ်၌ ကြီးပြင်းလာခဲ့ခြင်း ဖြစ်သည်။

‘လွန်ခဲ့တဲ့ နှစ်ကိုးထောင်...’

ဝေ့ဝူယင်မှာ အချိန်ကာလ အပိုင်းအခြားကို တွေးတောကာ စိတ်ထဲမှ အံ့အားသင့် နေခဲ့မိ၏။ သူဆိုလျှင် အသက် တစ်ရာမျှပင် မပြည့်သေးချေ။ သူ မဆိုထားနှင့်...။ နဂါးငွေ့တန်း ကြယ်ကွင်းပြင်တွင် ဒဏ္ဍာရီ သဖွယ် ဖြစ်ခဲ့သည့် ထာဝရ ဧကရာဇ်နှင့် ဝူယုတို့ပင် လွန်ခဲ့သည့် နှစ်ရှစ်ထောင်၊ ကိုးထောင်‌လောက်ကမှ မွေးဖွားခဲ့ခြင်း ဖြစ်သည်။ ထိုကဲ့သို့ ရှေးပဝေဏသီက သေဆုံးသွားသည့် သေမျိုး ကြယ်တာရာ အဆင့် တစ်ယောက်မှာ မြေကြီး ရှန့်ထို တစ်ယောက် အဖြစ် ပြန်ပေါ်လာခဲ့သည်လား။

ဝေ့ဝူယင်က ဝိညာဉ်အာရုံဖြင့် ကောင်းကင် စစ်ဝိညာဉ်ထံ ဆက်သွယ်လိုက်၏။

“သူ့မျက်နှာမှာ ဘာလို့ အနက်ရောင် သွေးကြောတွေ ရှိနေတာလဲ... ခင်ဗျားကြောင့်လား...”

ကောင်းကင် စစ်ဝိညာဉ်မှာ လျောင်ရှုယု၏ လျှို့ဝှက် ဝိညာဉ်နှင့် စွမ်းအင်များကို ဝါးမြိုခဲ့ကြောင်း သူ သိပေသည်။ ထိုအရာကပင် သွေးကြောများ အသွင်ပြောင်းလဲမျုကို ဖြစ်ပေါ် စေခဲ့သလော သူ စိတ်ဝင်စား နေမိ၏။

ထို့အပြင်... ဒေါ်လေးလျောင် မသေဆုံးသေးကြောင်း သူ သိပေသည်။ အမှန်တကယ် သေဆုံးပါက ကမ္မ ကံကောင်းမှုများကို သူ ရရှိသင့်သည် မဟုတ်ပါလော။

ကောင်းကင် စစ်ဝိညာဉ် ဝါးမြိုနေသည့် ‌‌ရောင်စဉ် စက်ဝန်းမှာ လျောင်ရှုယု၏ လျှို့ဝှက်ဝိညာဉ် ဖြစ်ပုံ ရသည်။ ခန္ဓာကိုယ် တစ်ခုလုံး ဖျက်ဆီးခံခဲ့ရသည့်တိုင် မသေခဲ့သည့် ထာဝရ သူရဲကောင်းကို ဝေ့ဝူယင် ပြန်လည် သတိရလိုက်မိ၏။ လျောင်ရှုယုမှာလည်း အလားတူ အခြေအနေမျိုး၌ ရှိနေခြင်း ဖြစ်ပေလိမ့်မည်။ သို့သော်လည်း ကောင်းကင် စစ်ဝိညာဉ်၏ ဝါးမြိုမှု ပြီးဆုံးသည်နှင့် သူမလည်း သေဆုံး သွားပေလိမ့်မည်။

“မဟုတ်ဘူး... သူ့သွေးပြန်ကြောတွေထဲက အနက်ရောင် အရည်တွေက နက်ခရို စွမ်းအင် အကြွင်းအကျန်တွေ... အဲဒီစွမ်းအင်မျိုးက မကောင်းဘူး”

ကောင်းကင် စစ်ဝိညာဉ်က ရွံရှာဟန်ဖြင့် နှာခေါင်းရှုံ့ရင်း ဖြေလိုက်၏။ ဝေ့ဝူယင် စိတ်ထဲမှ ပြုံးလိုက်မိ၏။ မိန်းမငယ်လေး တစ်ယောက်၏ စူးစူးရှရှ အသံလေးကို ထိုကဲ့သို့ ပုံစံမျိုးဖြင့် ကြားရခြင်းက အတော်လေး ရယ်စရာ ‌ကောင်းသလို သူ ခံစားလိုက်ရသည်။

“နက်ခရို စွမ်းအင် ဟုတ်လား...”

အပြင်ပန်းတွင်တော့ သူက တည်ငြိမ်စွာ မေးလိုက်၏။ ထိုအရာက ပထမဆုံး အကြိမ် အဖြစ် နက်ခရို စွမ်းအင် ဟူသော နာမည်ကို သူ ကြားဖူးခြင်း ဖြစ်သည်။ ဂျိုးငှက်နီ မြို့တော်တွင် နေထိုင်စဉ် အခါကတော့ “နီခရို” ဟု ခေါ်သည့် နတ်ဆိုးတစ်ကောင် အကြောင်းကို လူကြီးများထံမှ သူကြားဖူးသည်။ နီခရိုမှာ သေပြီးသား လူများ၏ အလောင်းများကို ထိန်းချုပ်နိုင်သည်ဟု ဆိုသည်။

"နက်ခရို စွမ်းအင်က ဝိညာဉ်စွမ်းအင်နဲ့ ပြိုင်စံရှား ရည်ရွယ်ချက် တစ်မျိုး ရောနှောပြီး မွေးဖွားလာတဲ့ စွမ်းအင် တစ်မျိုးပဲ... ဟိုသားရဲရဲ့ နိဗာန မီးတောက် ရည်ရွယ်ချက်လိုမျိုးပေါ့”

“ပြိုင်စံရှား ရည်ရွယ်ချက်...”

ဝေ့ဝူယင် ‌ခေါင်းတစ်ချက် ညိတ်လိုက်၏။ တစ်ခါတုန်းက မာ့ကျန်းမှာ နိဗာန မီးတောက် ရည်ရွယ်ချက် အပါအဝင် ပြိုင်စံရှား ရည်ရွယ်ချက်များ အကြောင်း သူ့ကို ရှင်းပြခဲ့ဖူးသည်။ ၎င်းတို့မှာ သမာရိုးကျ ရည်ရွယ်ချက်များနှင့် မတူလှပဲ သွေးအမျိုးဆက် အမတေ သို့မဟုတ် သီးသန့် လေ့ကျင့်ထားသည့် သွေးမျိုးဆက် အမတေများမှ တစ်ဆင့်သာ နားလည်နိုင်ပေသည်။ ပိုင်လင်နှင့် ရွှယ်ရီဖေးတို့မှာ ထိုကဲ့သို့ ရည်ရွယ်ချက်မျိုးကို ပိုင်ဆိုင်ထားကြပေသည်။

“သူ သေသွားပြီလား...”

ဝေ့ဝူယင်က အလောင်း၏ မျက်နှာထက်ရှိ အနက်ရောင် သွေးကြောများကို လေ့လာရင်း မေးလိုက်၏။

“သူ သေတော့မှာပါ...”

ကောင်းကင် စစ်ဝိညာဉ်က ဖြေလိုက်သည်။ ဝေ့ဝူယင် ခေါင်းတစ်ချက် ညိတ်လိုက်သည်။ သူ့အတွေးများက မှန်ကန်ပေသည်။ ခန္ဓာကိုယ် သေဆုံးသွားပြီ ဖြစ်သည့်တိုင် လျှို့ဝှက် ဝိညာဉ်က သူမကို မသေအောင် ထိန်းသိမ်းထားခြင်း ဖြစ်သည်။

သို့သော်လည်း ထိုအရာက သူ အဓိက သိချင်သည့် မေးခွန်း မဟုတ်ပါချေ။

“သူ အရင်က သေဖူးလား...”

ဝေ့ဝူယင် မေးလိုက်၏။ ကောင်းကင် စစ်ဝိညာဉ်က တုန့်ဆိုင်းခြင်း မရှိပဲ ချက်ချင်းပင် ပြန်ဖြေလိုက်သည်။

“တစ်ခါမှ မသေဖူးဘူး... ဒါပေမဲ့ သူ့ခန္ဓာကိုယ်ကတော့ တစ်ခါ သေဖူးတယ်... နက်ခရို စွမ်းအင် အကြွင်းအကျန်တွေက အဲဒီ သေဆုံးမှုကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေပေါ့... အဲဒါက ခန္ဓာကိုယ်ထဲမှာ ပြုန်းတီးမှုနဲ့ တိုက်စားမှုတွေကို ဖြစ်ပေါ်စေပြီးတော့ အပျက်သဘောဆောင်တဲ့ အသက်နဲ့ ဝိညာဉ် အမတေကို ဆက်သွယ်စေတယ်... မင်းတို့ သေမျိုး အသုံးအနှုန်းနဲ့ ရှင်းပြဖို့ ခက်တယ်”

ကောင်းကင် စစ်ဝိညာဉ်မှာ ထိုစကားလုံးများကို ရှင်းပြရာ၌ အနည်းငယ် ထောက်နေခဲ့၏။ သို့သော်လည်း အပျက်သဘောဆောင်သည့် အသက်နှင့် ဝိညာဉ် ဆိုသည့် အသုံးအနှုန်းက ဝေ့ဝူယင်ကို စိတ်ဝင်စား သွားစေခဲ့သည်။

သူ ကောင်းကင် စစ်ဝိညာဉ်ကို ထပ်မံ ရှင်းပြခိုင်းသော်လည်း ရလာသမျှက မရေမလည် အဖြေများသာ ဖြစ်သည်။ သူ ကောက်ချက် ချနိုင်သမျှ နှစ်ချက်တည်းသာ ရှိသည်။ နံပတ်တစ်... ဒေါ်လေးလျောင် မသေချေ။ နံပတ်နှစ်... သူမ ခန္ဓာကိုယ်ထဲတွင် နက်ခရို စွမ်းအင် ရှိသည်။

သို့သော်လည်း... ထိုနက်ခရို စွမ်းအင်များက မည်သည့် နေရာမှ လာသနည်း။ သူမက အဘယ်ကြောင့် အသက်ပြန်ရှင် လာခဲ့သနည်း။ အစစ်အမှန် မွေးဖွားခြင်းမှ တစ်ယောက်ယောက်က သူမကို ကယ်ခဲ့သလော။ ‌

ဝူယုနှင့် ဟုန်ယုတို့မှာလည်း သေရာမှ ပြန်ရှင်လာသူများ ဖြစ်သည်။ သူတို့ထံတွင်ရော နက်ခရို စွမ်းအင်များ ရှိနေမည်လော။

အဆုံးသတ်၌ ဝေ့ဝူယင်မှာ အသိစိတ် ပင်လယ်ထဲမှ ပြန်လည် ထွက်လာခဲ့၏။ ဟုန်ယန်လျဲ့လန်မှာ လျောင်ရှုယု၏ အလောင်းကို ပွေ့ပိုက်ထားကာ မျက်ရည်များ ကျဆင်းနေဆဲ ဖြစ်သည်။ မြေကြီးရှန့်ထို တစ်ယောက် ထိုမျှ စိတ်ခံစားချက် ပြင်းထန်နေသည်ကို သူ တစ်ခါမှ မတွေ့ဖူးချေ။ ကြည့်ရသည်က အန်တီလျောင်မှာ သူမ အတွက် အလွန် အရေးပါသူ ဖြစ်ရပေမည်။

“ဒေါ်လေးလျောင်ကို ကျွန်မ အိမ်ပြန် ခေါ်သွားပေးမယ်...”

ဟုန်ယန်လျဲ့လန်က လျောင်ရှုယုကို ပြောဟန်ဖြင့် ခပ်တိုးတိုး ရေရွတ်လိုက်၏။ စွန်းလီ အပါအဝင် မြေကြီး ရှန့်ထိုများမှာ တိတ်ဆိတ်စွာဖြင့် အခြား မျက်နှာဖုံးတပ်များကို ကြည့်လိုက်ကြသည်။ ထိုကျင့်ကြံသူများကရော သေဆုံးသွားသည့် သူတို့၏ ဆွေမျိုးများ ဖြစ်နေနိုင်သလော။

“မဖြစ်ဘူး... သူတို့ရဲ့ မူလဇစ်မြစ်ကို စစ်ဆေးစရာ ရှိသေးတယ်...”

ဖေးယဲ့လီယင်က ကြားဖြတ်ကာ ပြောလိုက်၏။ ဝေ့ဝူယင်မှာ အစစ်အမှန် မွေးဖွားခြင်းကို စစ်ကြေညာခဲ့ကာ သူတို့ထဲမှ တစ်ယောက်ကို မျက်တောင် မခပ်ပဲ သတ်ဖြတ်ပစ်ခဲ့သည်။ ဝေ့ဝူယင်က သူတို့ အားလုံးကို သေမိန့်ချထားကြောင်း ရှင်းလင်းလှသည်။ ဟုန်ယန်လျဲ့လန်သာ လျောင်ရှုယုကို ခေါ်ဆောင်သွားပါက မေးခွန်းများစွာ ဖြစ်ပေါ်လာနိုင်ပေသည်။

“ဒီကိစ္စက ငါတို့ ဆုံးဖြတ်ရမယ့် ကိစ္စ မဟုတ်ဘူး...”

ဟန်ယုဟိုင်င ကြားဖြတ်ကာ ပြောလိုက်၏။ ဖေးယဲ့လီယင်က မျက်မှောင်ကြုတ်ကာ ဝေ့ဝူယင်ကို လှမ်းကြည့် လိုက်သည်။ ထိုချောမောသော လူငယ်လေးမှာ အားလုံးကို ဆုံးဖြတ်နိုင်သူ ဖြစ်ကြောင်း သူမ သိပေသည်။

"ခင်ဗျား ထပ်စုပ်ယူဖို့ လိုသေးလား...”

ဝေ့ဝူယင် ကောင်းကင်စစ်ဝိညာဉ်ကို မေးလိုက်၏။ မြေကြီးရှန့်ထိုများ၏ လျှို့ဝှက် ဝိညာဉ်နှင့် စွမ်းအင်များကို စုပ်ယူခြင်းဖြင့် သူမက တစ်ခုခု ဆင့်ကဲ ပြောင်းလဲပစ်နိုင်မလား သူ သိလိုသည်။ သို့သော်လည်း အံ့အားသင့်ဖို့ ကောင်းစွာပင် ကောင်းကင် စစ်ဝိညာဉ်က ငြင်းဆန်လိုက်၏။

“အဲဒါတွေကို ငါပျော်လို့ စုပ်ယူတယ်လို့ ထင်နေတာလား... မင်း လုံခြုံဖို့ အတွက် လုပ်နေရတာကွ”

ခပ်စွာစွာ အသံကလေးက ချစ်စဖွယ် ကောင်းသော်လည်း ယခုတစ်ကြိမ်တွင်တော့ ဝေ့ဝူယင်မှာ ထိုအရာကို သတိမမူနိုင်ပါချေ။

“ကျုပ် လုံခြုံဖို့ အတွက် ဟုတ်လား...”

သူက မျက်မှောင်ကြုတ်ကာ မေးလိုက်၏။

“ဘာအဓိပ္ပာယ်တုံး...”

“အဆောင်က သူတို့ရဲ့ လျှို့ဝှက် ဝိညာဉ်တွေထဲမှာ ရှိနေတာ... သူတို့ကို သတ်ဖို့ ကြိုးစားတာနဲ့ လျှို့ဝှက် ဝိညာဉ်က ပေါက်ကွဲသွားမှာ... အဆောင်ဖို့ ဖယ်ရှားဖို့ ကြိုးစားမယ် ဆိုရင်လည်း ရလဒ်က အတူတူပဲ”

ကောင်းကင် စစ်ဝိညာဉ်၏ အဖြေစကားက ဝေ့ဝူယင် စိတ်ကို လေးပင် သွားစေ၏။ အကယ်၍ သူမသာ သတိမပေးခဲ့ပါက သူတို့ အားလုံး သေလျှင်သေ၊ မသေလျှင် အကြီးအကျယ် ဒဏ်ရာ ရနေလောက်ပြီ ဖြစ်သည်။ သူတို့ အားလုံးမှာ သတိမထားမိခင်မှာပင် ကပ်ဘေးကြီး တစ်ခုကို ကျော်လွှား နိုင်ခဲ့ခြင်း ဖြစ်သည်။

“ငါ့ရဲ့ လက်ရှိ အဆင့်နဲ့ နောက်တစ်ကြိမ် မစုပ်ယူနိုင်တော့ဘူး... ငါ့အဆင့်က သိပ်မမြင့်သေးဘူး”

ကောင်းကင် စစ်ဝိညာဉ်က ပွင့်လင်းစွာပင် ဝန်ခံလိုက်သည်။ ဝေ့ဝူယင် ခေါင်းတစ်ချက် ညိတ်လိုက်၏။ အပြင်လောကတွင်တော့ သူက မာ့ကျန်းကို လျှို့ဝှက်အာရုံဖြင့် ဆက်သွယ်ကာ အကျိုးအကြောင်း အစုံကို ပြောပြလိုက်သည်။

မာ့ကျန်း၏ အမူအရာက ပြောင်းလဲ သွား၏။ ရုတ်တရက်... မျက်နှာဖုံးနောက်ရှိ မျက်နှာက ပြုံးနေသယောင် ခံစားချက်ကို သူ ပြန်လည် အမှတ်ရလိုက်မိသည်။ ဒေါ်လေးလျောင်က သေချင်နေခဲ့သလော။

မာ့ကျန်း သုံ့ပန်းများကို လှမ်းကြည့် လိုက်မိ၏။ သူတို့ အားလုံး၏ မျက်လုံးများက လျောင်ရှုယုကို ကြည့်ကာ အလွန်အမင်း အံ့သြနေကြောင်းသူ သတိထားမိလိုက်သည်။ သေမျိုးတစ်ပိုင်း အရှင် အဆင့်များ ဆိုလျှင် ဝေ့ဝူယင်ကို မွန်းစတား တစ်ကောင်လိုမျိုး ထိတ်လန့်စွာ ‌ငေးကြည့် နေခဲ့၏။

“သူတို့က အဆောင်အကြောင်း သိနေကြတာလား...”

ထူးဆန်းသော အတွေးတစ်ခုက သူ့စိတ်အတွင်း ဝင်ရောက်လာ၏။

***

All Chapters