← Chapters

နိဗာန မီးတောက်

Vol. 71 Ch. 985

နိဗာန မီးတောက်

Vol. 71 Ch. 985

“အဲဒီ အဆောင်တွေကို အဝေးကနေရော ထိန်းချုပ်လို့ ရလား...”

မာ့ကျန်းက ဝိညာဉ်အာရုံဖြင့် မေးလိုက်၏။ ဝေ့ဝူယင်၏ မျက်လုံးများက ကျဉ်းမြောင်းသွားကာ ထိတ်လန့်မှုများနှင့် ပြည့်နှက် သွားသည်။ ထိုအချက်ကို သူ တစ်ချိန်လုံး မတွေးမိခဲ့ချေ။

ကံကောင်းထောက်မစွာပင် ကောင်းကင် စစ်ဝိညာဉ်၏ ကူညီတတ်သည့် သဘာဝက အငြိမ်မနေခဲ့ပါချေ။

“မရဘူး...”

ဝေ့ဝူယင် စိတ်သက်သာရာ ရသွားခဲ့၏။ မြေကြီး ရှန့်ထိုများကို ဖောက်ခွဲရေး ပစ္စည်းများ အဖြစ် အသုံးပြုသည့် အယူအဆက အလွန်ပင် ကြောက်စရာ ကောင်းလွန်းလှသည်။

သို့သော်လည်း... ထိုအရာက အဓိပ္ပာယ် ရှိပေသည်။ အကယ်၍ သူသာ အဝေးထိန်း ခလုတ်ကို ကိုင်ဆောင်ထားသူ ဖြစ်ပါက အစောကြီးတည်းကပင် ဖောက်ခွဲပစ်လိုက်ပြီ ဖြစ်သည်။

ဝေ့ဝူယင် မာ့ကျန်းကို ခေါင်းခါပြလိုက်သည်။ လူအိုကြီးမှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။ စောစောလေးကတင် ဝေ့ဝူယင်၏ မျက်လုံးထဲမှ ထိတ်လန့် တုန်လှုပ်မှုများကို သူ ခံစားလိုက်ရသေးသည် မဟုတ်ပါလော။ သို့သော်လည်း မာ့ကျန်းက ခပ်မြန်မြန်ပင် သူ့အတွေးများကို ပြန်လည် ရုတ်သိမ်းကာ လက်ခံလိုက်သည်။ သူ့ကို သေမင်းချောက်ကမ်းပါးမှ ကယ်တင်ခဲ့ပြီး ကတည်းက ဝေ့ဝူယင်၏ နည်းလမ်းများ အပေါ် သူ သံသယ မရှိတော့ချေ။ မာ့ကျန်း၏ စိတ်က လျှင်လျှင်မြန်မြန်ပင် ပြန်လည် တည်ငြိမ်သွားခဲ့၏။

“ဘာလို့လဲ...”

ဟန်ယုဟိုင်က ဘေးနားမှ နေ၍ စိုးရိမ်စွာဖြင့် မေးလိုက်၏။ ဝေ့ဝူယင်၏ မျက်လုံးထဲမှ ထိတ်လန့်မှုများကို မာ့ကျန်းသာ မက သူလည်း ခံစားခဲ့ရသည်။ အစစ်အမှန် မွေးဖွားခြင်းဘက်မှ စစ်ကူ လာ၍လော။ လျောင်ရှုယု၏ သေဆုံးမှုက သူတို့ကို အချက်ပြလိုက်၍လော။

မာ့ကျန်းက ဒြပ်စင် ကာကွယ်သူဘက်ကို လှည့်ကြည့်ကာ သက်တောင့်သက်သာ ရှိသည့် အပြုံးတစ်ခု ပြုံးပြလိုက်၏။

“ကြိုတင် ကာကွယ်ဖို့ အတွက်ပါပဲ...”

ဝေ့ဝူယင်မှာ အဆောင်အကြောင်း လူတိုင်းကို မပြောလေရာ သူသည်လည်း ပြောပြရန် ဆန္ဒ မရှိပါချေ။ ထို့အပြင်... သူ့အမြင်အရ ထိုပြဿနာကို ဖြေရှင်းရန် နည်းလမ်း မရှိချေ။

မာ့ကျန်းမှာ သုံ့ပန်းများကို နောက်တစ်ကြိမ် ကြည့်လိုက်၏။ အဆောင်၏ ရည်ရွယ်ချက် အကြောင်း မေးချင်သော်လည်း ထိုမျက်နှာဖုံးတပ်များမှာ ယခုအချိန်အထိ စကားတစ်ခွန်းမှ မဆိုကြသေးချေ။ လျောင်ရှုယု သေဆုံးသွားချိန်တွင်ပင် သူတို့က အော်ဟစ် တောင်းပန်ခြင်း မပြုပဲ တည်ငြိမ်နေဆဲ ဖြစ်သည်။ သူတို့ထံတွင် လွတ်မြောက်ရန် နည်းလမ်း တစ်ခုခု ရှိနေသလော။

ဝေ့ဝူယင်မှာလည်း စဉ်းစားရခက်နေ၏။ ကောင်းကင် စစ်ဝိညာဉ် ပြောသည့် အတိုင်းဆိုလျှင် သူ့အဖြစ်က ပစ်ရမှာလည်း အဆီတဝင်းဝင်း၊ စားရမှာလည်း သဲတရှပ်ရှပ် ဖြစ်သည်။ ထိုသုံ့ပန်းများကို သူ သည်အတိုင်းတော့ ပြန်မလွှတ်ပေးနိုင်ချေ။ သူတို့ အားလုံးမှာ လျှို့ဝှက် အာဏာရှင် အဆင့်များ ဖြစ်သည်။ သူတို့ကို လွှတ်ပေးလိုက်ပါက နောက်ဖြစ်ပေါ်လာမည့် အကျိုးဆက်များမှာ မတွေးရဲစရာပင်။

သေမျိုးတစ်ပိုင်း အရှင်အဆင့်များကိုတော့ သတ်ပစ်လို့ ရနိုင်သည်။ အကယ်၍ သူတို့ ပေါက်ကွဲလျှင်ပင် မြေကြီး ရှန့်ထိုများမှာ ထိုပေါက်ကွဲမှုကို အသာလေး ဖိနှိပ်နိုင်သည်။ စစ်ဝိညာဉ် တစ်ထောင်ပင်လျှင် ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေမှာတုန်းက ပေါက်ကွဲခဲ့သည့် သေမျိုးတစ်ပိုင်း အရှင် အဆင့် လေးယောက်ကိုပင် အသာတကြည် ဖိနှိပ်နိုင်ခဲ့သည်။

မြေကြီးရှ့န်ထို လေးယောက်က အဓိက ပြဿနာ ဖြစ်သည်။ သူတို့ကို လုံလုံခြုံခြုံ ဖမ်းဆီးထားဖို့လည်း မဖြစ်နိုင်သလောက် ဖြစ်သည်။ အစစ်အမှန် မွေးဖွားခြင်း၏ လက်တံများဖြင့် တွေ့အောင် ရှာနိုင်လိမ့်မည်ဟု သူယုံကြည်သည်။

ဝေ့ဝူယင် အချိန် အတန်ကြာ ဆက်လက် တွေးတော နေမိ၏။ မြေကြီး ရှန့်ထိုများမှာ တစ်ယောက်မှ ထွက်ခွာသွားခြင်း မရှိသေးချေ။ သူတို့က ဝေ့ဝူယင် မည်ကဲ့သို့ ဆုံးဖြတ်မည်ကို စောင့်ဆိုင်း နေကြသည်။

လူငယ်က အခြား မျက်နှာဖုံးတပ်များကိုရော သတ်မည်လော။ ထိုလူများကရော သူတို့ သိကျွမ်းဖူးသည့် လူများ ဖြစ်နေမည်လော။ အစစ်အမှန် မွေးဖွားခြင်းက သေပြီးသား လူတိုင်းကို ပြန်ခေါ်နိုင်သလော။ အမျိုးမျိုးသော မေးခွန်းများက သူတို့စိတ်ကို လွှမ်းမိုးထား၏။

“...”

မိနစ်အနည်းငယ် ကြာသည် အထိ ဝေ့ဝူယင်မှာ ငြိမ်သက်စွာဖြင့် ဆက်လက် တွေးတောနေဆဲ ဖြစ်သည်။ သူ၏ စိတ်က အရှိန်အဟုန် ပြင်းစွာဖြင့် ပြေးလွှာနေကာ စက္ကန့်တိုင်း၌ စိတ်စွမ်းအင် ပမာဏ မြောက်များစွာ ကုန်ဆုံး နေခဲ့၏။

ပိုင်လင်က ဝေ့ဝူယင် နံဘေးသို့ ရောက်ရှိလာ၏။ ဤသည်က သူ့အတွက်တော့ ဝေ့ဝူယင် ငေးငိုင်နေသည်ကို ပထမဆုံး အကြိမ် မြင်ရခြင်း မဟုတ်ချေ။ ကျင့်စဉ်များ၊ အစီအရင်များ၊ နည်းလမ်းများ၊ အဂ္ဂိရတ် ဆေးညွှန်းများ အကြောင်း တွေးတောစဉ် အခါတိုင်း၌လည်း ဝေ့ဝူယင်မှာ အလားတူ အခြေအနေမျိုးထဲ ကျဆင်းသွားစမြဲ ဖြစ်သည်။

ပိုင်လင် ဟုန်ယန်လျဲ့လန်ကို လှမ်းကြည့်လိုက်၏။ သူမ၏ ‌ရွှေရောင် မျက်ဝန်းများက လိုချင် ဆန္ဒများနှင့် လောင်ကြွမ်းနေသည်။ ဟုန်ယန်လျဲ့လန် ထုတ်ဖော်ခဲ့သည့် ငှက်မွေးကို သူမ ယခုတိုင် မမေ့သေးချေ။ ထိုမိန်းမ ထွက်ခွာမသွားခင် ဝေ့ဝူယင်ကို သတိပေးသင့်သည်ဟု ပိုင်လင် ယူဆနေခြင်း ဖြစ်သည်။ သို့သော်လည်း ဝေ့ဝူယင်မှာ အတွေးဖြစ်စဉ် တစ်ခုထဲ ကျရောက်နေလေရာ သူမ တတ်နိုင်သည့် အရာ မရှိပါချေ။

ဝေ့ဝူယင်၏ မသိစိတ်မှာ ပိုင်လင် ချဉ်းကပ်လာသည်ကို သတိထားမိလိုက်ရာ လက်ကို ဆန့်ထုတ်၍ သူမ၏ နူးညံ့သော အမွေးများကို ပွတ်သပ်လိုက်၏။

“နေဦး...”

ရုတ်တရက်... လျှပ်စီးလက်သည့် အလား ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများက ပြူးကျယ်သွားသည်။ သူ ဟုန်ယန်လျဲ့လန်ကို လှမ်းကြည့် လိုက်မိသည်။

ယွီစွန်းလီထံ ရောက်ရှိလာသည့် အစစ်အမှန် မွေးဖွားခြင်း၏ မြေကြီး ရှန့်ထို ခြောက်ယောက်တွင် ငါးယောက်ကို လက်ရ ဖမ်းဆီးရရှိခဲ့ကာ ကျန်တစ်ယောက်မှာ သေဆုံးခဲ့သည်။ ထိုတစ်ယောက်ကို သတ်ပစ်လိုက်သူက ဟုန်ယန်လျဲ့လန်ပင် ဖြစ်ကာ မည်သည့် ပေါက်ကွဲမှုမှ ဖြစ်ပေါ်လာခဲ့ခြင်း မရှိချေ။ ငှက်မွေးမှ ထုတ်လွှတ်ခဲ့သည့် နိဗာန မီးတောက်များကို ဝေ့ဝူယင် ပြန်လည် အမှတ်ရလိုက်၏။

ပိုင်လင်၏ နိဗာန မီးတောက်များမှာရော အလားတူ စွမ်းဆောင်နိုင်မည်လော။ သူ ချက်ချင်းပင် စမ်းသပ်ဖို့ ဆုံးဖြတ်လိုက်သည်။

“ပိုင်လင်...”

ကမ္မအပြစ် အများဆုံး စုဆောင်းထားသည့် သေမျိုးတစ်ပိုင်း အရှင် အဆင့်ကို ဝေ့ဝူယင် လက်ညိုးထိုးပြလိုက်၏။ ထိုပုဂ္ဂိုလ်၏ အပြစ်သား အော်ရာက အလွန်ပင် ပြင်းထန်ကာ ထူထဲလွန်းလှသည်။ သူက ကောင်းကင်တာအို ကန့်သတ်ထားသည့် ပြစ်မှုများကို အရေအတွက် အများဆုံး ကျူးလွန်ထားကြောင်း ထင်ရှားလှပေသည်။

"သူ့ကို သင်္ဂြိုဟ်လိုက်...”

သေမျိုးတစ်ပိုင်း အရှင် အဆင့်၏ ခန္ဓာကိုယ်က ‌တုန်ရီသွား၏။ သို့သော်လည်း သူက စကားမပြောသလို တောင်းပန်ခြင်းလည်း မပြုချေ။

ဂီး...

ပိုင်လင်က ရွှင်မြူးစွာပင် တွန်သံတစ်ချက် ပြုလိုက်၏။ ထို့နောက် သူမက မတုန့်မဆိုင်းပင် ပါးစပ်ကို ဟကာ နိဗာန မီးတောက်များဖြင့် သေမျိုးတစ်ပိုင်း အရှင် အဆင့်ကို ဝန်းရံလိုက်တော့သည်။

ရှဲ... ရှဲ...

တစ်စက္ကန့်မျှ မကြာခင် အချိန်အတွင်းမှာပင် သေမျိုး တစ်ပိုင်း အရှင် အဆင့်မှာ ကမ္ဘာလောကမှ ပျောက်ကွယ် သွားခဲ့၏။ ထိုမြင်ကွင်းက အလွန်တရာ မြန်ဆန်ကာ ရက်စက်လွန်းလှ၏။

သို့သော်လည်း ဝေ့ဝူယင်၏ မျက်လုံးများကတော့ တောက်ပသွားသည်။ သူက အချိန်ဆွဲ မနေတော့ပဲ ပိုင်လင်ကို ထိလိုက်၏။

ခရက်...

ရုတ်တရက် လောကကြီးမှာ အေးခဲ သွားသည်။ ထို့နောက်... မကြာခင် ရင်းနှီးပြီးသား ဖြစ်သည့် ကောင်းကင်တာအို၏ ကောင်းချီးပေးမှုမှာ ရောက်ရှိလာခဲ့၏။

ကမ္မတန်ဖိုး... ၄၄၆၅၉.၉ → ၄၄၈၃၄.၂

ပထမကပ်ဘေး လွတ်မြောက်ခြင်း... ၇/၇

ဒုတိယ ကပ်ဘေး အောင်မြင်ခြင်း... ၁/၁

တတိယကပ်ဘေး တားဆီးခြင်း... ၁၅ နှစ်...

“၁၇၃.၃...”

အချိန်က ပုံမှန်အတိုင်း ပြန်လည် စီးဆင်းလာ၏။ ဝေ့ဝူယင်၏ မျက်လုံးများက တောက်ပသွားကာ ခေါင်းတစ်ချက် ညိတ်လိုက်သည်။

“ဆိုတော့ကာ ဒီလိုပေါ့...”

နိဗာန မီးတောက်များမှာ အဆောင်ကို ဖျက်ဆီးနိုင်သည်။ ဝေ့ဝူယင် ပိုင်လင်ကို နောက်တစ်ကြိမ် အမိန့်ပေးရန် ပြင်လိုက်၏။ ဖြေရှင်းနည်း ရရှိသွားပြီ ဖြစ်လေရာ ဘာကို စဉ်းစားနေဖို့ လိုတော့သနည်း။

“မလုပ်နဲ့ဦး...”

ရုတ်တရက် အသံတစ်ခုမှာ သူ့စိတ်အတွင်း ထွက်ပေါ်လာ၏။ ကောင်းကင် စစ်ဝိညာဉ်မှ တစ်ပါးမည်သူ ဖြစ်နိုင်ပါမည်နည်း။ ဝေ့ဝူယင် အသိစိတ် ပင်ကိုယ်ထဲ၌ စိတ်ကိုယ်ပွားကို နောက်တစ်ကြိမ် ဖန်ဆင်းလိုက်သည်။ လျောင်ရှုယု၏ လျှို့ဝှက်ဝိညာဉ်မှာ သုံးပုံတစ်ပုံခန့် အထိ စုပ်ယူခံထားရပြီး ဖြစ်သည်။ ထိုအရာက အတော်လေး မြန်လွန်းလှ၏။

ကောင်းကင် စစ်ဝိညာဉ်က အလိုက်တသိပင် ဝေ့ဝူယင်ကို ရှင်းပြလိုက်၏။

“မင်းပိုင်ထားတဲ့ ဆပ်စပ်မှု စစ်အလံက အဲဒီ သုံ့ပန်းတွေကို စစ်သားတွေဖြစ်အောင် ပြောင်းလဲ ပေးနိုင်တယ်... သူတို့ရဲ့ တန်ဖိုးကို မဖြုန်းတီးနဲ့”

“ဘာကြီး...”

ဝေ့ဝူယင်မှာ အံ့အားသင့် သွားခဲ့၏။ ဆက်စပ်မှု စစ်အလံက ထိုမြေကြီး ရှန့်ထိုများကို စစ်သားများ အဖြစ် ပြောင်းလဲ ပေးနိုင်သလော။ မည်ကဲ့သို့နည်း။

“သူတို့အားလုံးကို မင်းဘာသာမင်း သတ်လိုက်... ကောင်းကင်အောက်မှာ ရှိတဲ့ စစ်ပွဲရဲ့ ဥပဒေသ အရ သူတို့ အားလုံးကို မင်းပိုင်လိမ့်မယ်... သူတို့ရဲ့ စစ်ဝိညာဉ်တွေက ထာဝရ မင်းအပိုင် ဖြစ်သွားလိမ့်မယ်... ဆက်စပ်မှု စစ်မြေပြင်ရဲ့ အောင်နိုင်သူ အနေနဲ့ အဲဒါက မင်းရဲ့ အခွင့်အရေးပဲ”

ကောင်းကင် စစ်ဝိညာဉ်၏ စကားက ဝေ့ဝူယင်ကို ကျောရိုးများပင် စိမ့်တက်သွားစေခဲ့၏။ ဆပ်စပ်မှု စစ်အလံက ထိုကဲ့သို့လည်း လုပ်ဆောင်ပေးနိုင်သည်လော။ ၎င်းတွင် အခြားသော စွမ်းရည်များလည်း ရှိသေးသလော။ ဆက်စပ်မှု စစ်အလံပင် ထိုမျှ အသုံးဝင်လျှင် အဆပေါင်းများစွာ ပိုမို အဖိုးတန်သည့် ကောင်းကင် စစ်ဝိညာဉ်ကရော။

ဝေ့ဝူယင် ဆက်လက် စဉ်းစား မနေတော့ပဲ စစ်ပွဲ၏ အကျိုးအမြတ်များကို သိမ်းပိုက်ရန် ဆုံးဖြတ်လိုက်၏။ ထိုမြေကြီးရှန့်ထိုများကို ကိုယ်ပိုင် စစ်သားများ အဖြစ် သန့်စင်နိုင်ပါက သူ့အင်အားက နှစ်ဆသုံးဆ တိုးသွားမှာ သေချာပေသည်။

“မင်း ကိုယ်တိုင် သူတို့ကို သတ်ရမှာနော်... မမေ့နဲ့... မင်း သတ်တာကိုပဲ မင်းရမယ်... မင်းရဲ့ လူတွေ သတ်လို့ မရဘူး”

ကောင်းကင် စစ်ဝိညာဉ်က နောက်ဆုံး အနေဖြင့် သတိထပ်ပေးလိုက်၏။ ဝေ့ဝူယင် ခေါင်းတစ်ချက် ညိတ်ကာ အသိစိတ်ပင်လယ်ထဲမှ ပြန်လည် ထွက်ခွာလာခဲ့၏။

အပြင်လောကတွင်တော့ ပိုင်လင်မှာ ဝေ့ဝူယင်ထံမှ နောက်ထပ် အမိန့်ကို စောင့်ဆိုင်းနေကာ သတ်ဖြတ်ရန် အဆင်သင့် ဖြစ်နေသည်။ သူမက တစ်ခါတစ်ရံ ဟုန်ယန်လျဲ့လန်ကို လိုချင် တပ်မက်သည့် မျက်လုံးများဖြင့် လှမ်းကြည့် နေခဲ့၏။

ဝေ့ဝူယင်၏ မျက်လုံးများက ဖျပ်ခနဲ ပြန်ပွင့်လာကာ မာ့ကျန်းကို ကြည့်လိုက်သည်။ ထို့နောက် သူက ဝိညာဉ်အာရုံဖြင့် ဆက်သွယ်လိုက်၏။

“အဘိုကြီးမာ့... ကျုပ် ထန်မျိုးနွယ်ရဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ချင်တယ်... ခင်ဗျား စီစဉ်ပေးနိုင်မလား”

“ဘာလို့လဲ...”

မာ့ကျန်းက မေးလိုက်၏။ ပိုင်လင်အား ဖမ်းဆီးရန် ကြိုးပမ်းခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ ဝေ့ဝူယင်နှင့် ထန်မျိုးနွယ် အကြားတွင် ပြဿနာများ ရှိကြောင်း သူ သိပေသည်။ ဝေ့ဝူယင်က အဘယ်ကြောင့် ဆိုင်းမဆင့်၊ ဗုံမဆင့် သူတို့နှင့် တွေ့ချင်ရသနည်း။

ဝေ့ဝူယင်က ဖုံးတွယ်နေခြင်း မရှိချေ။

“နိဗာန မီးတောက်ကို ကျင့်ကြံဖို့...”

ထန်မျိုးနွယ်တွင် မီးဖီးနစ်နှင့် ပတ်သက်၍ ပြိုင်စံရှားကျင့်စဉ် တစ်ခု ရှိကြောင်း အားလုံး သိရှိပြီး ဖြစ်ပေသည်။ ထိုကျင့်စဉ်ကြောင့်ပင် သူတို့မှာ အဆုံးမဲ့ ကောင်းကင်၏ သေမျိုးတစ်ပိုင်း အရှင် အဆင့် အများဆုံး ဂုဏ်ပုဒ်ကို ရရှိခဲ့ခြင်း ဖြစ်သည်။

မာ့ကျန်း၏ အမူရာက အနည်းငယ် အံ့သြသွားဟန် ရလေ၏။ သို့သော်လည်း... ချက်ချင်းဆိုသလိုပင် သူ့ မျက်နှာထက်၌ အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

“အဲဒါအတွက်ဆိုရင်တော့ မလိုဘူး... ကျုပ်ဆီမှာ အဲဒီ နည်းလမ်း ရှိတယ်”

ဝေ့ဝူယင်က အားရပါးရပင် ရယ်မောလိုက်လေ၏။

“ကွက်တိပဲပေါ့ဗျာ...”

***

All Chapters