ချိပ်ပိတ်ခြင်း
Vol. 71 Ch. 987
“ဘာတွေဖြစ်ကုန်တာလဲ...”
စွန်းလီက ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေ အတွင်းကို လှမ်းမျှော်ကြည့်ရင်း ဘာကိုမှ နားမလည်နိုင်တော့ဟန်ဖြင့် မေးလိုက်၏။ ဖေးယဲ့လီယင် ထွက်ခွာသွားပြီး မကြာခင်မှာပင် သူတို့ အုပ်စုမှာ ပြန်လည် စုစည်းခဲ့ပြီး ဖြစ်သည်။
“သူ ငါတို့ကို သစ္စာဖောက်သွားတာ... ခွေးမ... အစတည်းက ငါ ထင်တော့ ထင်မိသား...”
ချင်းဖုန်းက ကျိန်ဆဲရင်း ပြောလိုက်၏။ သူမ၏ မျက်ဝန်းများက ဒေါသအလင်းများဖြင့် မီးတဝင်းဝင်း တောက်နေခဲ့သည်။
ဟုန်ယန်လျဲ့လန်ကတော့ လျောင်ရှုယု၏ အလောင်းကို ပွေ့ချီထားဆဲ ဖြစ်သည်။ အခြားလူများနှင့် ယှဉ်ပါက သူမ၏ အမူအရာက တည်ငြိမ်နေကာ မာ့ကျန်းကို ကြည့်လိုက်၏။
“သူက အစစ်အမှန် မွေးဖွားခြင်းကလား...”
ထိုမိန်းကလေးမှာ မာ့ကျန်း၏ လူယုံ တစ်ယောက် ဖြစ်ကြောင်း နန်းတော်သခင် နေရာ စိန်ခေါ်ပွဲမှာ ကတည်းက အတည်ပြုခဲ့ပြီး ဖြစ်သည်။
မာ့ကျန်းက သက်ပြင်းတစ်ချက် ချလိုက်၏။ အကယ်၍ ဖေးယဲ့လီယင်သာ အစစ်အမှန် မွေးဖွားခြင်းမှ လူတစ်ယောက်သာ ဆိုပါက သူ့ကို ကူညီခဲ့လိမ့်မည် မဟုတ်ပါချေ။ သို့သော်လည်း... သူ ဘာမှ ပြန်မဖြေပါချေ။
ဟန်ယုဟိုင်ကတော့ အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။ ထိုမိန်းမ မူမမှန်ကြောင်း အစောကြီးကတည်းက သူ သိရှိပြီး ဖြစ်သည်။ ထို့ကြောင့်ပင် သူ တစ်ချိန်လုံး မျက်ခြေမပြတ် စောင့်ကြည့် အကဲခတ် နေခြင်း ဖြစ်၏။ သို့သော်လည်း... သူမ အမှန်တကယ် လှုပ်ရှားခဲ့ချိန်တွင်တော့ သူ ဘာမှ မတတ်နိုင်ခဲ့ချေ။ ဟန်ယုဟိုင် နောက်တစ်ကြိမ် ကိုယ့်အားနည်းမှု အပေါ် ကိုယ်အပြစ်တင် လိုက်မိ၏။ သူသာ ဝူယုလို အစွမ်းထက်ပါက ဖေးယဲ့လီယင် ဘယ်တော့မှ ထွက်ပြေးနိုင်လိမ့်မည် မဟုတ်ပါချေ။
ဟန်ယုဟိုင် လက်သီးကို တင်းကြပ်စွာ ဆုပ်လိုက်မိ၏။ အကယ်၍ အမှောင် ဟင်းလင်းပြင်၏ အတားအဆီးကြောင့်သာ မဟုတ်ပါက တဖျစ်ဖျစ်မြည်သံများ ထွက်ပေါ်လာမှာ သေချာပေသည်။
“သူက အစစ်အမှန် မွေးဖွားခြင်းက မဟုတ်ဘူး...”
ဝေ့ဝူယင်က သက်ပြင်းတစ်ချက် ချရင်း ပြောလိုက်၏။ မြေကြီး ရှန့်ထိုများ၏ အမူအရာများက အမျိုးမျိုး ကွဲပြား သွားကြသည်။ သို့သော်လည်း သူတို့မှာ ဝေ့ဝူယင်၏ အမြင်အပေါ် လေးစားမှု ရှိပေမည်။ မည်သို့ပင် ဆိုစေ... ဝေ့ဝူယင်မှာ သူတို့အားလုံးထဲတွင် အတည်ငြိမ်ဆုံး ပုဂ္ဂိုလ် ဖြစ်သည်။ မာ့ကျန်းမှာ ငြိမ်သက်နေပုံ ပေါ်သည့်တိုင် သူ၏ မျက်လုံးများက ဒေါသမီးတောက်များဖြင့် လောင်ကြွမ်းနေသည်။ သူ၏ ဒေါသက ဟန်ယုဟိုင်ထက် မပိုလျှင်ပင် လျော့နည်းလိမ့်မည် မဟုတ်ချေ။
“ဟုတ်ရင်... သူက ဘာလို့ သစ္စာဖောက်သွားတာလဲ... ဝိညာဉ်ရှန့်ထို ဧကရာဇ်ရဲ့ သူလျှို မလို့လား...”
ချင်းဖုန်းက လက်မခံလိုဟန်ဖြင့် မေးခွန်းထုတ်လိုက်၏။ ဝေ့ဝူယင်က ခေါင်းခါယမ်း လိုက်သည်။
“ဝိညာဉ်ရှန့်ထို ဧကရာဇ်က ခင်ဗျားတို့ အားလုံးကို သူ ကိုယ်တိုင် ကြယ်တာရာ နယ်မြေ အပြင်ဘက် ပို့လိုက်တာပဲ...”
စွန်းလီက ခေါင်းညိတ်လိုက်၏။ ဝိညာဉ်ရှန့်ထို ဧကရာဇ်သာ ဆန္ဒ ရှိပါက သုံ့ပန်းများ အပါအဝင် သူတို့ အားလုံးကို ဖမ်းဆီးထားနိုင်ပေသည်။ သူလျှိုတစ်ယောက်ကို ဖော်ထုတ်ခံစရာ မလိုပါချေ။
“ခေါင်းမာပြီး သက်သက် ရူးတာ...”
မာ့ကျန်းက ပထမဆုံး အကြိမ် အဖြစ် စကားပြောလိုက်၏။
“သူက သုံ့ပန်းတွေကို မသတ်ပဲ စစ်ဆေး မေးမြန်းချင်တာ”
အခြားလူများ မသိသည့် ဖေးယဲ့လီယင်၏ အကြောင်းများကို သူ သိထားပေသည်။ ဘယ်လိုပဲ ဖြစ်ဖြစ်... ထိုမိန်းကလေးမှာ သူတို့ အားလုံး၏ ယုံကြည်မှုများကို မတုန့်မဆိုင်းပင် ဖျက်ဆီး သွားခဲ့ပြီ ဖြစ်သည်။ အခြားလူများမှာ သူမကို သစ္စာဖောက် တစ်ယောက်၊ ရန်သူ တစ်ယောက် အဖြစ်ပင် သတ်မှတ်ထားလောက်ပြီ ဖြစ်သည်။
ဝေ့ဝူယင်က တိတ်တဆိတ်ပင် ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေကို ငေးမောကြည့် နေခဲ့၏။ မိနစ် အနည်းငယ် ကြာပြီးနောက် သူက ပြုံးလိုက်သည်။
“အလုပ်ဖြစ်သားပဲ...”
သူက ရေရွတ်ရင်း ခေါင်းညိတ်လိုက်၏။ သုံ့ပန်းများကို ထိုနေရာတွင် ဖမ်းဆီးထားတာလည်း ကောင်းပေသည်။ ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေမှာ ယခင်ကထက် ပိုမို သတိရှိနေမည့် အပြင်... ကျန့်ကျန့်မှာလည်း ထိုနေရာ၌ ရှိနေလေရာ စိတ်ချရသလောက် ဖြစ်သည်။
‘ငါ နိဗာန မီးတောက် ရည်ရွယ်ချက်ကို အပြည့်အဝ နားမလည်ခင် အချိန်အထိ ဝိညာဉ်ရှန့်ထို ဧကရာဇ်နဲ့ အယ်နီယာ အဂ္ဂိရတ် ရှန့်ထိုတို့မှာ သူတို့ကို လုံခြုံအောင် ချုပ်နှောင်ထားနိုင်မယ့် နည်းလမ်းတွေ ရှိမှာပါ”
ဝေ့ဝူယင် တုန့်ဆိုင်းခြင်း မပြုတော့ပဲ အိုရီကို သုံးကာ နိဗာန မီးတောက် အမတေကို စတင် စုပ်ယူ ကျင့်ကြံလိုက်တော့၏။ ထိုအရာက ဘယ်လောက် ကြာမည်လဲ မသိလေရာ ခုတည်းက စထားတာ အကောင်းဆုံး ဖြစ်သည်။
ဟုန်း... ဟုန်း...
မကြာခင်မှာပင် ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေဆီမှ ထူးဆန်းသော အသံတစ်ခု ထွက်ပေါ်လာ၏။ နေကြယ်ကိုးစင်းမှာ တောက်ပသော ရောင်စဉ်များနှင့် အတူ စတင်ကာ လင်းလက် လာခဲ့သည်။ မြေကြီးရှန့်ထိုများမှာ ချက်ချင်းပင် ထိုအပြောင်းအလဲကို သတိထားမိလိုက်ကြ၏။ တမုဟုတ်ချင်းပင် သူတို့၏ မျက်လုံးများက အမျိုးမျိုးသော အလင်းများနှင့် တောက်ပသွားကာ အမြင်အာရုံ အစီအရင်များကို အသက်သွင်း လိုက်ကြလေသည်။
“သူက သူတို့ကို ချိပ်ပိတ်နေတာလား...”
ချင်းဖုန်းက အံ့သြတကြီး ရေရွတ်လိုက်၏။ ဝိညာဉ်ရှန့်ထို ဧကရာဇ်မှာ အစစ်အမှန် မွေးဖွားခြင်း၏ ကျင့်ကြံသူများကို နေကြယ်များထဲသို့ ပစ်ထည့်နေခြင်း သူမ မြင်တွေ့နေရပေသည်။
ဝေ့ဝူယင် ခေါင်းညိတ်လိုက်၏။ နေကြယ်များ၏ လျှို့ဝှက် အလင်းရောင်ပြန် ခါးပတ်များမှာ သူတို့ကို အဆက်မပြတ် ဖိနှိပ်ထားလိမ့်မည် ဖြစ်ကာ ကိုယ့်ကိုယ်ကို ဖောက်ခွဲပစ်ခြင်းမျိုးကိုပင် တားဆီးထားလိမ့်မည် ဖြစ်သည်။
ဝိညာဉ်ရှန့်ထို ဧကရာဇ်က ထိုမျှနှင့် ရပ်တန့်ခြင်း မရှိချေ။ သူက ဖေးယဲ့လီယင်ကိုပါ လျှို့ဝှက်စွမ်းအင် သံကြိုးများနှင့် ချည်နှောင်ကာ နေကြယ်တစ်စင်းထဲ ပစ်သွင်းလိုက်၏။
“သူက ဖေးယဲ့လီယင်ကိုပါ ချိပ်ပိတ်လိုက်တာလား...”
ချင်းဖုန်းမှာ မယုံကြည်နိုင်အောင် ဖြစ်သွားခဲ့၏။ မာ့ကျန်းပင်၏ အမူအရာက အနည်းငယ် မှောင်မည်းသွားကာ ဝေ့ဝူယင်ကို လှည့်ကြည့် လိုက်သည်။
ဝေ့ဝူယင်ကတော့ ထိုအရာကို မျှော်လင့်ထားပြီးသည့် အလား တည်တည်ငြိမ်ငြိမ်ပင် ရှိနေဆဲ ဖြစ်သည်။ သူက မာ့ကျန်းကို အသာအယာ ပြုံးပြကာ တုန့်ပနြ်လိုက်၏။သို့သော်လည်း... မာ့ကျန်းနှင့် ဖေးယဲ့လီယင်တို့ အကြားရှိ ဆက်ဆံရေးက သူတို့ သိထားတာထက် နက်ရှိုင်းကြောင်း သူ အကဲခတ်လိုက်နိုင်၏။
“သူ အဆင်ပြေသွားလိမ့်မယ်...”
သူက ဝိညာဉ်အာရုံဖြင့် ဆက်သွယ်ကာ ပြောလိုက်၏။ ဘယ်လိုပဲ ဖြစ်ဖြစ်... ဖေးယဲ့လီယင်၏ သဘာဝက ရင်းနှီးမြှုပ်နှံရန် မသင့်တော်ဟု သူ ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။ သူမက ဆက်ဆံရေးများ၊ အကျိုးဆက်များကိုပင် ထည့်မတွက်ပဲ လုပ်တတ်သူ ဖြစ်သည်။ ထိုကဲ့သို့ လုပ်ရပ်များက အမှန်တကယ် အလုပ်ဖြစ်လိမ့်မည်ဟု သူမက ထင်နေသည်လား။
မာ့ကျန်းက တိတ်တဆိတ်ပင် ဖေးယဲ့လီယင်အား ဝါးမြိုသွားသည့် နေကြယ်ကို ငေးကြည့် နေခဲ့ကြသည်။ မကြာခင် အရာအားလုံး ပြီးဆုံး သွားခဲ့ပြီ ဖြစ်၏။
“...”
မြေကြီး ရှန့်ထိုများမှာ နေရာတွင်ပင် အဓိပ္ပာယ် မဲ့စွာ ရပ်နေမိကြသည်။ ဘာဆက်လုပ်ရမည်လဲ သူတို့ စဉ်းစား မရကြချေ။
ဝေ့ဝူယင်က အင်္ကျီလက်အိုးကို မကာ သူ၏ အပြစ်သား တက်တူးကို ကြည့်လိုက်၏။
ကမ္မတန်ဖိုး... ၄၄၈၃၄.၂
ပထမကပ်ဘေး လွတ်မြောက်ခြင်း...၇/၇
ဒုတိယကပ်ဘေး အောင်မြင်ခြင်း... ၁/၁
တတိယကပ်ဘေး တားဆီးခြင်း... ၁၅ နှစ်
ဝေ့ဝူယင် အင်္ကျီလက်ကို ပြန်ချလိုက်၏။ သူ၏ ခန္ဓာကိုယ်က ဖိအားကြီး တစ်ခုပြီးဆုံးသွားသည့် အလား ပြေလျော့ သွားခဲ့သည်။
“တာဝန်တွေ ပြီးသွားပြီ... ကျုပ်တို့ ကတိထားခဲ့ကြတဲ့ အတိုင်း တန်ရာတန်ကြေးကို ခင်ဗျားတို့ ရစေရပါမယ်... ရွှေရောင် အသက်နန်းတော်မှာ သွားပြီး ယူနိုင်ပါတယ်... တကယ်လို့ အဆင့်ရှစ် အဆင့်ကိုး ထုတ်ကုန်တွေကို လိုချင်တယ် ဆိုရင်တော့ နန်းတော်သခင်မာ့ကိုပဲ အကြောင်းကြားပေးပါ”
စွန်းလီနှင့် ဟုန်ယန်လျဲ့လန်တို့မှာ ခေါင်းညိတ်လိုက်ကြ၏။ ချင်းဖုန်းကတော့ ဝေ့ဝူယင်ကိုသာ ကြည့်လိုက်မိသည်။ ထိုလူငယ်နှင့် ပတ်သက်ပါက နားမလည်နိုင်သလို သူမ ခံစားလိုက်ရသည်။ အာရုဏ်ဦး အာဏာရှင် ဧကရာဇ်က မည်ကဲ့သို့ စဉ်းစားနေသနည်း။
သူက အစစ်အမှန် မွေးဖွားခြင်းမှ သုံ့ပန်းများကို ပြန်လည် ရယူဖို့ မကြိုးစား တော့သည်လော။ ဝိညာဉ်ရှန့်ထို ဧကရာဇ်လက်တွင် သည်အတိုင်း ထားခဲ့တော့မည်လော။ နဂါးခေါင်းဆောင်းနှင့် မြေကြီး ရှန့်ထိုကရော မည်သည့် နေရာသို့ ရောက်သွားသနည်း။
ထို့အပြင်... ဖေးယဲ့လီယင်၏ သစ္စာဖောက် လုပ်ရပ်ကိုရော ဝေ့ဝူယင်က သည်အတိုင်း လျစ်လျူ ထားတော့မည်လော။ သူမကတော့ ထိုမိန်းက နှစ်တစ်သောင်း အကျဉ်းချခံရမည် ဆိုလျှင်ပင် မကျေနပ်နိုင်ပါချေ။ ထိုလုပ်ရပ် အတွက် အနည်းဆုံး တစ်ခုခု လုပ်သင့်သည်ဟု သူမ ခံစားရသည်။
“ညီလာခံက သိပ်မကြာခင် စတော့မယ်... ခင်ဗျားတို့ အဖွဲ့တွေဆီ ပြန်သွားသင့်ပြီလို့ ကျုပ် ထင်တယ်”
ဝေ့ဝူယင်က ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေကို နောက်ဆုံး အနေဖြင့် တစ်ကြိမ် လှမ်းကြည့်ရင်း အကြံပြုလိုက်၏။ သူ၏ အကြံပြုချက်က စွန်းလီ၊ ချင်းဖုန်းနှင့် ဟုန်ယန်လျဲ့လန်တို့ကို ရည်ညွှန်းလိုက်ခြင်းပင် ဖြစ်သည်။
မိန်းကလေး သုံးယောက်မှာ ဝေ့ဝူယင်၏ ရည်ရွယ်ချက်ကို သဘောပေါက်လိုက်ရာ ချက်ချင်းပင် တစ်ယောက်ပြီး တစ်ယောက် နှုတ်ဆက် ထွက်ခွာသွားကြ၏။
“ရှင် သူတို့ကို နောက်တစ်ကြိမ် တိုက်ခိုက်ချင်တယ် ဆိုရင် ကျွန်မကိုပါ ထည့်တွက်လိုက်...”
ချင်းဖုန်းကတော့ မထွက်ခွာခင် ဝေ့ဝူယင်ကို ဝိညာဉ်အာရုံဖြင့် သတင်းစကား တစ်ခု ပါးခဲ့၏။ ဝေ့ဝူယင် စိတ်ထဲမှ သဘောကျစွာ ပြုံးလိုက်မိသည်။ ဝူယု ထိုမိန်းကလေး အပေါ် မျက်စိကျတာ မထူးဆန်းတော့ချေ။ ရန်သူလက်၌ ချိပ်ပိတ်ခံရသည့် အခြေအနေ အထိ ရောက်ခဲ့သည့်တိုင် သူမက နောက်တစ်ကြိမ် စွန့်စားရန် ဆန္ဒ ရှိနေဆဲ ဖြစ်သည်။ ဝူယု၏ သဘာဝနှင့် အတော်လေး လိုက်ဖက်ညီလှသည်။
မကြာခင်မှာပင် ဝေ့ဝူယင်၊ မာ့ကျန်း၊ ဟန်ယုဟိုင်၊ ပိုင်လင်နှင့် သတိလစ် မေ့မြောနေသည့် ကျန်းကျိရီတို့သာ အမှောင်ဟင်းလင်းပြင်ထဲတွင် ကျန်ရစ်ခဲ့တော့၏။ သူတို့က စောင့်ဆိုင်း နေကြခြင်း ဖြစ်ပေသည်။ မိနစ် အနည်းငယ် ကြာပြီးနောက် အလောင်းတစ်ခုနှင့် ပုံရိပ် တစ်ခုမှာ သူတို့ရှေ့တွင် ပြန်လည် ပေါ်လာခဲ့ကြ၏။ သူမက ဟုန်ယန်လျဲ့လန်ပင် ဖြစ်သည်။
“ဘာကိစ္စလဲ...”
ဟုန်ယန်လျဲ့လန်က ခံစားချက် ကင်းမဲ့သည့် မျက်ဝန်းများဖြင့် ဝေ့ဝူယင်ကို ကြည့်လိုက်၏။
“ခင်ဗျားရဲ့ ဖီးနစ်ငှက်မွေး အတွက် ဘယ်လောက် လိုချင်လဲ...”
ဝေ့ဝူယင်က တုန့်ဆိုင်းနေခြင်း မပြုပဲ တိုက်ရိုက်ပင် ကမ်းလှမ်းလိုက်တော့သည်။
***