← Chapters

တန်ကြေး

Vol. 71 Ch. 988

တန်ကြေး

Vol. 71 Ch. 988

“ခင်ဗျားရဲ့ ဖီးနစ်ငှက်မွေး အတွက် ဘယ်လောက် လိုချင်လဲ...”

ဝေ့ဝူယင်၏ ကမ်းလှမ်းမှုက ဟုန်ယန်လျဲ့လန်၏ မျက်ဝန်းများကို ထူးဆန်းသော အလင်းတန်းများနှင့် ပြည့်နှက် သွားစေခဲ့သည်။ သို့သော်လည်း သူမက အေးစက်စက်ဖြင့် ပြန်လည် အဖြေပေးလိုက်၏။

“အဲဒါကို အဖိုးမဖြတ်နိုင်အောင် တန်တယ်”

ထို့နောက် သူမက နောက်တစ်ကြိမ် ထွက်ခွာရန် ပြင်လိုက်သည်။ ဖီးနစ်ငှက်မွေးမှာ မြေကြီးရှန့်ထို အဆင့် အလွန် ခွန်အားကို ပိုင်ဆိုင်ထားသည့်‌ ရှေးဟောင်း ဖီးနစ်တစ်ကောင်၏ အမွေး ဖြစ်သည်။ သည်အတိုင်း အမွေးတစ်ခုသာ ဖြစ်သည့်တိုင် ထိုအထဲ၌ စွမ်းအင် အကြွင်းအကျန်များစွာ ကျန်ရှိနေပေသေးသည်။ ၎င်းက အစားထိုးလို့ မရသည့် ဝှက်ဖဲတစ်ခုပင်။

ဝေ့ဝူယင်က သူမကို တားလိုက်၏။

“ဘယ်ပစ္စည်းပဲ ဖြစ်ဖြစ် အဖိုးရှိပါတယ်...”

ပိုင်လင်၏ မျက်လုံးများမှာ လိုချင်ဆန္ဒများနှင့် ပြည့်နှက် နေ၏။ ထိုငှက်မွေးမှာ တတိယမြောက် နိဗာန အသွင်ပြောင်းခြင်း အဆင့် သားရဲ၏ အစိတ်အပိုင်း တစ်ခု ဖြစ်လေရာ သူမ အတွက် အလွန် အသုံးဝင်သည်။ ၎င်းကို စားသုံးရုံဖြင့်ပင် သူမ၏ သွေးမျိုးဆက်က မြင့်တက်လာနိုင်သည်။

“အဖိုးရှိတယ်...”

ဟုန်ယန်လျဲ့လန်က ရပ်လိုက်၏။ ထို့နောက် သူမက နောက်သို့ ပြန်လှည့်ကာ ဝေ့ဝူယင်ကို ကြည့်လိုက်သည်။ မည်သည့် နည်းလမ်းဖြင့် ဖြစ်စေ ဝှက်ဖဲကို ဆုံးရှုံးခံရန် သူမ ဆန္ဒ မရှိပါချေ။

“အဲဒါဆိုရင်...”

သူမက လက်ထဲရှိ လျောင်ရှုယု၏ အလောင်းကို အနည်းငယ် မြှောက်ပြလိုက်၏။

“သူ့ကို ပြန်ခေါ်ပေး... အဲဒါက ကျွန်မ သတ်မှတ်တဲ့ စျေးနှုန်းပဲ”

“...”

ဝေ့ဝူယင်မှာ တိတ်ဆိတ်သွား၏။ ဟုန်ယန်လျဲ့လန်က အနည်းငယ် မဲ့ပြုံး ပြုံးလိုက်၏။

“ပစ္စည်းတိုင်းမှာ အဖိုးရှိတယ်... ဒါပေမဲ့ လူတိုင်း မတတ်နိုင်ကြဘူး...”

ဟန်ယုဟိုင်၏ မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့၏။ ထိုအမျိုးသမီးက အနည်းငယ် တရားလွန်သည်ဟု သူ တွေးလိုက်မိသည်။ သေပြီးသား လူတစ်ယောက်ကို ပြန်အသက်သွင်းဖို့ကို လောကရှန့်ထို တစ်ယောက်ပင် တတ်နိုင်လိမ့်မည် မဟုတ်ချေ။

မာ့ကျန်းမှာ လေးပင်စွာဖြင့် ခေါင်းခါယမ်း လိုက်မိ၏။ ပထမက ဖေးယဲ့လီယင်... ယခု ဟုန်ယန်လျဲ့လန် ထိုမိန်းမများမှာ အဘယ်ကြောင့် တစ်ယောက်ပြီး တစ်ယောက် ဝေ့ဝူယင်ကို ကစားချင်နေရသနည်း။ တကယ်ဆိုလျှင် ဖီးနစ်မွေး အစား အလားတူ တန်ကြေးရှိသည့် တစ်စုံတစ်ရာကို တောင်းနိုင်ပေသည်။ ထို့အပြင်... ငှက်မွေးအတွင်းရှိ စွမ်းအားမှာ ထာဝရ တည်ရှိနေလိမ့်မည် မဟုတ်ပါချေ။ အကယ်၍ သူသာ သူမနေရာတွင် ဆိုပါက အနာဂတ် ကျင့်ကြံခြင်း အတွက် အလားအလာရှိမည့် ကတိတစ်ခုကို တောင်းဆိုမိလိမ့်မည် ဖြစ်သည်။ မည်သို့ပင် ဆိုစေ... ဝေ့ဝူယင်မှာ အဂ္ဂိရတ် ရှန့်ထို ကျိန်းသေ ဖြစ်လာမည့်လူ မဟုတ်ပါလော။

သို့သော်လည်း... ဝေ့ဝူယင်၏ နောက်ထပ် စကားလုံးများက သူတို့ အားလုံးကို အရိုးများခိုက်သည် အထိ တုန်လှုပ် သွားစေခဲ့တော့သည်။

“‌မျှတတဲ့ စျေးနှုန်းပါပဲ... မဆိုးပါဘူး... ကျုပ် တတ်နိုင်တယ်... ဆိုတော့ ကျုပ်တို့ ဖလှယ်လိုက်ကြတာပေါ့”

ဝေ့ဝူယင် သဘောတူလိုက်သည်နှင့် တစ်ပြိုင်နက် ပိုင်လင်၏ မျက်လုံးများမှာ ပျော်ရွှင်မှုများနှင့် တောက်ပသွားခဲ့၏။ နောက်ဆုံး၌ သူမ ငှက်မွေးကို ရရှိနိုင်ပြီ မဟုတ်ပါလော။

သို့သော်လည်း... ဟုန်ယန်လျဲ့လန် တစ်ယောက်ကတော့ ဘာမှ ပြန်မပြောနိုင်အောင် ပါးစပ် အစောင်းသား ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သူမက အတည်ပြုဟန်ဖြင့် မာ့ကျန်းကို လှမ်းကြည့်လိုက်မိ၏။ ဝေ့ဝူယင်က ဟာသ လုပ်နေသည်လော။

မျှတသည့် စျေးနှုန်း...

သေပြီးသား လူတစ်ယောက်ကို ပြန်အသက်သွင်းခိုင်းခြင်းက မျှတသည့် စျေးနှုန်းလော။

ဟုန်ယန်လျဲ့လန်သာလျှင် မက... မာ့ကျန်းနှင့် ဟန်ယုဟိုင်တို့မှာလည်း ဝေ့ဝူယင်၏ တုန့်ပြန်မှု အပေါ် မယုံကြည်နိုင်အောင် ဖြစ်နေကြသည်။,သူတို့က ဝိညာဉ်အာရုံများကို ဆန့်ထုတ်ကာ အလျှင်အမြန်ပင် ဟုန်ယန်လျဲ့လန်၏ အေးစက်စက် အလောင်းကို စစ်ဆေး လိုက်ကြ၏။ ဟုန်ယန်လျဲ့လန်မှာ သေတာထက်ပင် ပိုသေနေခဲ့ပြီ ဖြစ်သည်။ သူမ၏ ခန္ဓာကိုယ်ထဲတွင် မည်သည့် သက်ရှိစွမ်းအင်မှ မကျန်ရှိတော့ချေ။ ယုတ်စွအဆုံး လျှို့ဝှက်ဝိညာဉ်ကိုပင် မတွေ့ရတော့ချေ။

ဝေ့ဝူယင်က အနည်းငယ် ပြုံးကာ ဟုန်ယန်လျဲ့လန်ကို ကြည့်လိုက်၏။

“မူလမီးတောက်ခြောက်ခု ဧကရီ... ဒီကမ်းလှမ်းမှုက ကြာရှည်ခံမှာ မဟုတ်ဘူးနော်... ခင်ဗျားမှာ ဆုံးဖြတ်ဖို့ အချိန် တစ်မိနစ် ရှိတယ်... အဲဒီ တစ်မိနစ် အတွင်းမှာ လက်မခံဘူး ဆိုရင် ခင်ဗျားရဲ့ ဒေါ်လေးလျောင်က တကယ် သေသွားလိမ့်မယ်”

ဟုန်ယန်လျဲ့လန်၏ အမူအရာက မယုံကြည်နိုင်မှု၊ သံသယ၊ မသေချာ မရေရာမှုများနှင့် လွှမ်းခြုံနေ၏။ ရုတ်တရက်... သူမ အရှေ့၌ ရှိနေသည့် ငွေ‌ရောင် မျက်ဝန်းများနှင့် လူငယ်က ယခင်ကထက် အဆပေါင်း တစ်ထောင် ပိုမို လျှို့ဝှက် ဆန်းကြယ်လာသလို သူမ ခံစားလိုက်ရသည်။ ဝေ့ဝူယင်က ဆုံးဖြတ်ရန် အချိန် ကန့်သတ်လိုက်သော အခိုက်တွင်တော့ သူမ၏ နှလုံးသားမှာ ပိုမို တုန်ရီ၍ပင် လာခဲ့၏။

ဟုန်ယန်လျဲ့လန် မာ့ကျန်းကို နောက်တစ်ကြိမ် ကြည့်လိုက်သည်။ လူအိုကြီး၏ အမူအရာကလည်း အလားတူပင် ဝေ့ဝူယင်၏ ကမ်းလှမ်းမှု အပေါ် မယုံကြည်နိုင် ဖြစ်နေပုံ ပေါ်သည်။ ဟန်ယုဟိုင်ကတော့ ဘာမှ မပြောပဲ အေးစက်စက် အလောင်းကိုသာ စိုက်ကြည့် နေ၏။

အချိန်ဆယ့်လေး စက္ကန့် ကြာမြင့် သွားခဲ့ပြီ ဖြစ်သည်။ ဟုန်ယန်လျဲ့လန်မှာ တဖြည်းဖြည်း ပြန်လည် တည်ငြိမ်လာ၏။ သူမက မျက်လုံးကို ဖြည်းညင်းစွာ ပိတ်ကာ အသက်ကို တစ်ဝကြီး ရှူသွင်းလိုက်သည်။ ထို့နောက် ပြန်လည် ဖွင့်ကာ ငြိမ်းချမ်းသည့် အမူအရာနှင့် လှဲလျောင်းနေသည့် အလောင်းကို ကြည့်လိုက်၏။ အတိတ်ရှိ ပုံရိပ်များစွာမှာ သူမ မှတ်ဉာဏ်ထဲတွင် ပြန်လည် နိုးထလာခဲ့၏။

သို့သော်လည်း ကျင့်ကြံခြမ်း လမ်းစဉ် တစ်လျှောက်လုံး၌ မရေမတွက်နိုင်သည့် ချစ်ရသူများကို သူမ ဆုံးရှုံးခဲ့ပြီး ဖြစ်သည်။ သူမ၏ မိဘ၊ ဆွေမျိုး၊ မောင်နှမသားချင်း၊ ရင်သွေးများထဲ၌ မည်မျှ များများက လျှို့ဝှက် အာဏာရှင် အဆင့်ကို တက်လှမ်းနိုင်ခဲ့သနည်း။ ဒေါ်လေးလျောင်ကို သူမ ချစ်ပါသည်။ သို့သော်လည်း...

ဖီးနစ်ငှက်မွေးမှာ အဖိုးဖြစ်သူက သူမကို ချီးမြှင့်ထားသည့် ရတနာ တစ်ခု ဖြစ်သည်။ ထိုအရာက သူမ အတွက် နှစ်ထောင်ပေါင်းများစွာ ဝှက်ဖဲ တစ်ခု ဖြစ်ခဲ့သည်။ ထိုငှက်မွေးလေးကြောင့်ပင် အသက် ဘေးအန္တရာယ်များစွာမှ သူမ လွတ်မြောက် ခဲ့သည်။

စောစောပိုင်းက သူမ ထိုတန်ကြေးကို မဖြစ်နိုင်ဘူး ထင်၍ သတ်မှတ်ခဲ့ခြင်းသာ ဖြစ်သည်။ သုံးဆယ့် နှစ်စက္ကန့်မြောက်သို့ အရောက်၌ သူက ခေါင်းကို ပြန်မော့ကာ ဝေ့ဝူယင်ကို ကြည့်လိုက်၏။

“အဲဒါက မလုံလောက်သေးဘူး...”

လျောင်ရှုယုမှာ အစစ်အမှန် မွေးဖွားခြင်း၏ အဖွဲ့ဝင် တစ်ယောက် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ တစ်နည်းနည်းဖြင့် ပြန်လည် မွေးဖွားလာသည် ဆိုလျှင်ပင် သူမက ထိုအဖွဲ့အစည်းနှင့် ဆက်စပ် နေခဲ့ပြီ ဖြစ်သည်။ ထို့အပြင်... ဒေါ်လေးလျောင်နှင့် မတွေ့ရတာ နှစ်ပေါင်း ကိုးထောင် ကြာမြင့်ခဲ့ချေပြီ။ သူမက ယခင်က ဒေါ်လေးလျောင် ဟုတ်ချင်မှ ဟုတ်ပေတော့မည်။

ဝေ့ဝူယင်မှာ ဟုန်ယန်လျဲ့လန်၏ ငြင်းပယ်မှု အပေါ် အံ့အားသင့်ပုံ မပေါ်ချေ။ သူက ခေါင်းတစ်ချက် ညိတ်ကာ တည်ငြိမ်စွာ ထပ်မံ ကမ်းလှမ်းလိုက်၏။

“ကျုပ် နားလည်ပါတယ်... ဒီလိုဆိုရင်ရော... ကျုပ် လျှို့ဝှက် မြေကြီး တစ်ဒါဇင်ရယ်၊ အနည်းဆုံး အရည်အသွေးနိမ့် အဆင့်မှာ ရှိစေရမယ်ဗျာ... နောက်ပြီး လျှို့ဝှက်ကျောက်တုံး သုံးထောင်ရယ်၊ လျှို့ဝှက် မြေကြီး အထွတ်အထိပ် အဆင့် တာရာ သတ္တုရိုင်း ဆယ်တန်ရယ် ထပ်ပေါင်းပေးမယ်... ခင်ဗျားမှာ စဉ်းစားဖို့ စက္ကန့်နှစ်ဆယ် အချိန်ရသေးတယ်...”

ဟုန်ယန်လျဲ့လန်၏ နှလုံးသားက တဒိတ်ဒိတ် ခုန်လာခဲ့၏။ လျှို့ဝှက်မြေကြီး အဆင့် အဂ္ဂိရတ် ထုတ်ကုန် တစ်ဒါဇင်... အနိမ့်ဆုံး အရည်အသွေးနိမ့် အဆင့်...

ထိုအရာအား ထည့်မတွက်လျှင်ပင် လျှို့ဝှက် ကျောက်တုံး သုံးထောင်မှာ အလွန်ပင် များပြားလွန်း နေခဲ့ပြီ ဖြစ်သည်။ ၎င်းက လျှို့ဝှက်မြေကြီး အဆင့်မြင့် လျှို့ဝှက်ဆန္ဒပေါင်းစပ်ခြင်း ဆေးလုံးများကိုပင် ဝယ်ယူဖို့ လုံလောက်သည်။ ရွှေလေလံပွဲ၏ သတ်မှတ်ချက် အရ ထိုဆေးလုံး တစ်လုံးချင်းမှာ လျှို့ဝှက်ကျောက်တုံး သုံးရာစီ တန်ကြေး ရှိသည်။

သို့သော်လည်း... သူမကို အမှန်တကယ် တုန်လှုပ်စေသည့် အရာက လျှို့ဝှက်တာရာ သတ္တုရိုင်းပင် ဖြစ်သည်။ ထို့အပြင် ၎င်းက အရည်အသွေးနိမ့်ပင် မဟုတ်ပဲ အရည်အသွေး အထွတ်အထိပ် အဆင့် ဖြစ်သည်။ ထိုဝေ့ဝူယင်မှာ မည်မျှ အထိ ချမ်းသာနေရသနည်း။

ထိုအဆင့် တာရာသတ္တုရိုင်း တစ်တန်ချင်းစီမှာ လျှို့ဝှက်ကျောက်တုံး ရှစ်ဆယ်စီ တန်ကြေး ရှိသည်။ သို့သော်လည်း... ကျွမ်းကျင်သည့် အဂ္ဂိရတ် ပညာရှင်၊ ပန်းပဲ ပညာရှင် တစ်ယောက်၏ လက်ထဲသို့ ရောက်ရှိသွားပါက တစ်တန်ချင်းစီ၏တန်ဖိုးမှာ သန်းနှင့်ချီသည် အထိ မြင့်တက်သွားလိမ့်မည် ဖြစ်သည်။ ဤနေရာတွင် တစ်ခုသိထားရမည်က အထွတ်အထိပ် အဆင့် တာရာ သတ္တုရိုင်းများမှာ အလွန်ပင် ရှားပါးကာ ပိုက်ဆံရှိတိုင်း ဝယ်ချင်လျှင်ပင် မရချေ။

“ရှင်... ရှင် တကယ် ပြောနေတာလား...”

ဟုန်ယန်လျဲ့လန်က အထစ်ထစ် အငေါ့ငေါ့ဖြင့် မေးလိုက်၏။

"ခင်ဗျားမှာ စဉ်းစားဖို့ စက္ကန့် နည်းနည်းပဲ ကျန်ပါတော့တယ်... မူလ မီးတောက်ခြောက်ခု ဧကရီ... မြန်မြန် ဆုံးဖြတ်ပါ”

ဝေ့ဝူယင်က သူမကို လောဆော်လိုက်၏။ သို့သော်လည်း... ဟုန်ယန်လျဲ့လန်၏ ဆုံးဖြတ်ချက် အပေါ် သူ မည်သည့် ဖိအားမှ ပေးမည် မဟုတ်ချေ။

ဒိတ်... ဒိတ်... ဒိတ်...

ဟုန်ယန်လျဲ့လန်၏ နှလုံးသားမှာ အရှိန်အဟုန် ပြင်းစွာဖြင့် တုန်ရီလာခဲ့၏။ အထွတ်အထိပ် အဆင့် လျှို့ဝှက် တာရာ သတ္တုရိုင်းများနှင့်ဆိုပါက လျှို့ဝှက်လောကတစ်ပိုင်း အဆင့် ဝတ်စုံတစ်ခုကို ထုလုပ်နိုင်လိမ့်မည် ဖြစ်သည်။ ထို့အပြင်... လျှို့ဝှက်မြေကြီး အဆင့် အဂ္ဂိရတ် ထုတ်ကုန်များ၊ လျှို့ဝှက် ကျောက်တုံးများလည်း ရှိပေသေးသည်။

ထိုအခါကျလျှင် သူမ ပိုင်ဆိုင်လာမည့် ခွန်အားမှာ ငှက်မွေးထက် ပိုမို မြင့်မား သွာလိမ့်မည် ဖြစ်သည်။ ထို့အပြင်... ငှက်မွေး အတွင်းရှိ စွမ်းအားမှာ ထာဝရ တည်ရှိလိမ့်မည် မဟုတ်ချေ။ တစ်နေ့တစ်ချိန်ကျ နိဗာန မီးတောက်များ ကုန်ဆုံးကာ ဖုန်မှုန့်အဖြစ် ပြောင်းလဲ သွားလိမ့်မည် ဖြစ်သည်။ ဤသည်က တစ်သက်တွင် တစ်ခါ ရခဲသည့် အခွင့်အရေး ဖြစ်သည်။

ဟုန်ယုန်လျဲ့လန်က မာ့ကျန်းကို လှမ်းကြည့်လိုက်၏။ မာ့ကျန်းက ‌ထောက်ခံဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။ သူက ဆုံးဖြတ်လိုက်၏။

“သဘောတူတယ်...”

“ကောင်းပြီလေ...”

ဝေ့ဝူယင်က ခေါင်းညိတ်လိုက်၏။ ထို့နောက် သူက လောကနယ်မြေကို ပိုမို ကျယ်ပြန့်အောင် ဖြန့်ကျက်ကာ ဟုန်ယန်လျဲ့လန်ကိုပါ လွှမ်းခြုံလိုက်သည်။ ဟုန်ယန်လျဲ့လန်က အလိုက်သတိပင် လျောင်ရှုယု၏ အလောင်းကို ဝေ့ဝူယင်ထံ အနည်းငယ် တွန်းထုတ် ပေးလိုက်သည်။

ဝေ့ဝူယင် ခပ်မြန်မြန်ပင် အလောင်းကို စစ်ဆေးလိုက်၏။ ဟုန်ယုန်လျဲ့လန်ကို တစ်မိနစ်သာ အချိန်ပေးခဲ့ခြင်းမှာ သက်သက် တွက်ကပ်ခြင်း မဟုတ်ပါချေ။ သူ့တွင်လည်း အချိန် အကန့်အသတ် ရှိပေသည်။

နက်ခရို စွမ်းအင်များမှာ အလွန် လျှင်မြန်စွာပင် ကင်ဆာ‌ရောဂါ တစ်ခုလိုမျိုး သူမ၏ အသွေး၊ အသား၊ အရိုးနှင့် သွေးကြောများထဲ ပျံ့နှံ့ နေခဲ့ပြီ ဖြစ်သည်။ သူမ၏ မျက်နှာ တစ်ခုလုံးဆိုလျှင် မည်းနက်နေခဲ့ပြီ ဖြစ်၏။ ထိုပျံ့နှံ့မှုက သဘာဝ မကျအောင်ပင် မြန်ဆန်လွန်းလှသည်။

ဤအတိုင်းဆိုပါက... လျောင်ရှုယု၏ ခန္ဓာကိုယ်မှာ တကယ့်ကို သေသွားခဲ့ပြီ ဖြစ်သည်။ ထိုကဲ့သို့ ပုံစံမျိုးဖြင့် သူမ ပြန်အသက်မရှင်နိုင်တော့ချေ။

***

All Chapters