ထူးဆန်းသည့် ခြိမ်းခြောက်မှု
Vol. 71 Ch. 989
ဝေ့ဝူယင် မျက်လုံးများကို မှိတ်၍ အသိစိတ် ပင်လယ်ထဲ ဝင်ရောက်လိုက်ကာ လျောင်ရှုယု၏ လျှို့ဝှက် ဝိညာဉ်ကို စစ်ဆေးလိုက်၏။ ကမ်းလှမ်းမှုကို လက်ခံလိုက်ကတည်းက ကောင်းကင် စစ်ဝိညာဉ်မှာ ဝါးမြိုမှုကို ရပ်တန့် ထားခဲ့ပြီး ဖြစ်သည်။
အစစ်အမှန် ဝိညာဉ်များမှာ လျှို့ဝှက် ဝိညာဉ်နှင့် တစ်နည်းတစ်ဖုံ ချိတ်ဆက်ထားရာ လျောင်ရှုယု အသက်ရှင် နေသေးကြောင်း သူသိပေသည်။ တစ်ချိန်တစ်ခါတုန်းက ဝူယု၏ လျှို့ဝှက် ဝိညာဉ်မှာလည်း လုံချန်၏ လက်စွပ် အတွင်း ဖုံးကွယ်နေထိုင်ကာ အသက်ရှင်ခဲ့ဖူးသည်။
လျှို့ဝှက်ဝိညာဉ် အပြည့်အဝ စုပ်ယူခံလိုက်ရမှသာ လျောင်ရှုယု၏ အစစ်အမှန် ဝိညာဉ်မှာ ကောင်းကင်တာအို၏ ပြန်လည် မွေးဖွားခြင်း စက်ဝန်းထဲ ကျဆင်းသွားလိမ့်မည် ဖြစ်သည်။ အပြစ်သား အော်ရာ အရ လျောင်ရှုယုမှာ အဆင့်မြင့် ငရဲများသို့ ရောက်မှာ မလွဲမသွေပင် ဖြစ်သည်။
“ဒီလျှို့ဝှက် ဝိညာဉ်က အရမ်းကို အားနည်းနေပြီ... နှစ်တစ်ထောင် အတွင်း လျှို့ဝှက် အာဏာရှင် အဆင့် ခွန်အားကို ပြန်ရရင် ကံကောင်းပဲ... နောက်ပြီး အဲဒီ ခန္ဓာကိုယ်ကလည်း အသုံးမဝင်တော့ဘူး”
ရွှေရောင်ဥကလေးက ပြောလိုက်၏။ ဝေ့ဝူယင် ခေါင်းတစ်ချက် ညိတ်လိုက်သည်။ နက်ခရို စွမ်းအင်များနှင့် ပြည့်နှက်နေသည့် လျောင်ရှုယု၏ ခန္ဓာကိုယ်ကို လျှို့ဝှက် ဝိညာဉ်နှင့် ပြန်လည် ဆက်သွယ်ရန် မဖြစ်နိုင်ကြောင်း သူ ကိုယ်တိုင်လည်း အတည်ပြုခဲ့ပြီး ဖြစ်သည်။
ကံကောင်းထောက်မစွာပင် ထိုအရာက သူ့အတွက်တော့ ပြဿနာကြီး တစ်ခု မဟုတ်ခဲ့ပါချေ။ ဝေ့ဝူယင် ထာဝရ ပြန်လည် မွေးဖွားခြင်း ဆေးလုံးကို ထုတ်ယူလိုက်၏။
ထာဝရ ပြန်လည် မွေးဖွားခြင်း ဆေးလုံးမှာ ထာဝရ ဧကရာဇ် ဖန်တီးခဲ့သည့် ဆေးလုံး တစ်မျိုး ဖြစ်ကာ ဝိညာဉ်ကို အသုံးပြု၍ ခန္ဓာအသစ် တစ်ခု ပြန်လည် တည်ဆောက်ပေးနိုင်စွမ်း ရှိသည်။ ခန္ဓာကိုယ် အသစ်မှာ မူယင်း ခန္ဓာကိုယ်နှင့် ခြားနားလိမ့်မည် မဟုတ်ပဲ ဆေးလုံး အရည်အသွေး မြင့်မားလျှင် မြင့်မားသလို ပိုမို၍ပင် အစွမ်းထက် လိမ့်မည် ဖြစ်သည်။ ထာဝရ ပြန်လည် မွေးဖွားခြင်း ဆေးလုံး အကြောင်းကို တွေးမိတိုင်း ဝေ့ဝူယင်မှာ ထာဝရ ဧကရာဇ်၏ ဉာဏ်ရည်ကို မချီးကျူးပဲ မနေနိုင် ဖြစ်ရ၏။
ဝေ့ဝူယင် လျောင်ရှုယု၏ ခန္ဓာကိုယ်ကို သူ ကိုယ်တိုင်ကိုယ်ကျ ပြန်လည် တည်ဆောက်ပေးမည်တော့ မဟုတ်ချေ။ သူ့ထံတွင် ထိုကဲ့သို့ လုပ်ဆောင်နိုင်သည့် စွမ်းရည်လည်း မရှိချေ။
ဝူယုတုန်းကဆိုလျှင်လည်း ထိုလူအိုကြီးမှာ သူ့ကိုယ်ပိုင် လျှို့ဝှက် စွမ်းအားကို သုံးကာ ခန္ဓာကိုယ်ကို ပြန်လည် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း... လျောင်ရှုယုမှာ ထိုကဲ့သို့ လုပ်ဆောင်နိုင်သည့် အခြေအနေ တစ်ခု၌ ရှိမနေပါချေ။ သို့ဖြစ်လေရာ... သူမ၏ ခန္ဓာကိုယ်ကို ပြန်လည် တည်ဆောက်ရန် အစွမ်းထက် လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက်၏ အကူအညီကို လိုအပ်လိမ့်မည် ဖြစ်သည်။
ဝေ့ဝူယင် လက်ဖဝါးကို ဆန့်ထုတ်လိုက်၏။ ထို့နောက်... အရာအားလုံးကို ကောင်းကင် စစ်ဝိညာဉ်ထံ လွှဲအပ် ထားလိုက်သည်။
ဝှစ်...
စက္ကန့်မခြားပင် သူ့နဖူးမှ လျှို့ဝှက် အလင်း တစ်ခု စီးထွက်လာကာ လက်ဖဝါးထံ စီးဆင်း သွား၏။ ထို့နောက် ဖြည်းညင်းစွာပင် လျှို့ဝှက် အလင်း ရောင်စဉ်တစ်ခု အဖြစ် ဖွဲ့စည်းသွားသည်။ ၎င်းက အလွန်တရာ လှပသည့်တိုင် ဝေ့ဝူယင်ကတော့ မြင်နိုင်စွမ်း မရှိပါချေ။
အခြားလူများကတော့ လျှို့ဝှက်ရောင်စဉ်ကို ကြည့်ကာ အံ့သြ တုန်လှုပ် သွားကြ၏။ ဟုန်ယန်လျဲ့၏ မျက်ဝန်းများကတော့ ချက်ချင်းပင် စိတ်လှုပ်ရှားမှု၊ တုန်လှုပ်မှု၊ မယုံကြည်နိုင်မှုများနှင့် ပြည့်နှက် သွားခဲ့၏။
‘ဒေါ်လေးလျောင်... တကယ့်ကို ဒေါ်လေးလျောင်ပဲ...’
ထိုအော်ရာကို သူမ သိပေသည်။ လုံးဝကို သူမ သိသည်။
ဝေ့ဝူယင်က ရောင်စဉ်စက်ဝန်းနှင့် ထာဝရ ပြန်လည် မွေးဖွားခြင်း ဆေးလုံးကို သူမထံ လွှဲပေးလိုက်၏။
“ဆေးလုံးကို သုံးပြီး ခင်ဗျား ဒေါ်လေးလျောင်ကို ပြန်အသက်သွင်းလိုက်... သူ့ရဲ့ အခု ခန္ဓာကိုယ်က မတည်ငြိမ်တော့ဘူး... အထဲကို ပြန်ထည့်ရင် သေမှာ ကျိန်းသေတယ်”
ထိုကဲ့သို့ ရှင်းပြပြီးနောက် သူက ကျောက်တုံး၊ သတ္တုရိုင်းနှင့် အဂ္ဂိရတ် ထုတ်ကုန်များကို ဝိညာဉ်ရှန့်ထို လက်စွပ်ထဲမှ ထုတ်လိုက်၏။ ပြီးသည်နှင့် သည်အတိုင်းပင် သူမကို ပေးလိုက်သည်။ ရှန့်ထို လက်စွပ် တစ်ခုကိုတော့ သူ ထည့်မပေးနိုင်ပါချေ။ ရှန့်ထိုလက်စွပ်များမှာ အလွန်ပင် တန်ဖိုးကြီးကာ သူ့တွင်ပင် သုံးကွင်းသာ ရှိသည်။
“...”
ဟုန်ယန်လျဲ့လန်မှာ ပစ္စည်းများကို ကြည့်ကာ ဆွံ့အနေခဲ့၏။ ထိုအရာက အမှန်တကယ်ကြီးလော။ အမှန်အတိုင်း ဝန်ခံရပါက ၎င်းမှာ သူမ ဘဝ တစ်လျှောက်လုံး မျှော်လင့် မထားခဲ့သည့် ပမာဏမျိုး ဖြစ်ပေသည်။
“မြန်မြန်လုပ်... မဟုတ်ရင် လျောင်ရှုယုရဲ့ လျှို့ဝှက် ဝိညာဉ်က ပြိုကွဲ သွားလိမ့်မယ်”
ဝေ့ဝူယင်က တိုက်တွန်းလိုက်၏။ လျှို့ဝှက်ဝိညာဉ်က ဘယ်လောက် ကြာကြာ ခံနိုင်မည်လည်း သူ ကိုယ်တိုင်လည်း မသိပါချေ။ ဟုန်ယန်လျဲ့လန်မှာ သတိဝင်လာကာ ဒေါ်လေးလျောင်၏ လျှို့ဝှက် ဝိညာဉ်ကို ကိုယ်ပိုင် လျှို့ဝှက် စွမ်းအင်ဖြင့် ဝန်းရံလိုက်သည်။
“ငှက်မွေးကရော...”
ဝေ့ဝူယင်က တိုက်ရိုက်ပင် မေးလိုက်၏။ ဘာကြောင့်မှန်း မသိသော်လည်း လောသည့် ခံစားချက်တစ်ခုက သူ့နှလုံးသား အတွင်း ဖြစ်ပေါ်နေသည်။
ဟုန်ယန်လျဲ့လန်က ဝေ့ဝူယင်ကို ကြည့်လိုက်၏။ သူမ၏ မျက်ဝန်းများထဲ၌ အံ့အားသင့်သည့် အငွေ့အသက်များ စွဲထင်နေ၏။ သူမထံတွင် မေးခွန်းပေါင်း မရေမတွက်နိုင်အောင် ရှိပေသည်။ လျှို့ဝှက် အဆင့် ပစ္စည်းများအား သိမ်းဆည်းထားနိုင်သည့် လက်စွပ်၊ မရေမတွက်နိုင်သည့် လျှို့ဝှက် အဆင့် သတ္တုရိုင်းများ၊ လျှို့ဝှက်ကျောက်တုံးများ...
သို့သော်လည်း... သူမ ဘာကိုမှ မမေးတော့ချေ။ ရွှေရောင်ငှက်မွေး ကလေးကိုသာ ထုတ်ယူကာ ခံစားချက် ပြည့်နှက် နေသည့် မျက်ဝန်းများနှင့် ကြည့်လိုက်သည်။
“ဂီး...”
ပိုင်လင်က စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်၏။ သူမ၏ မျက်ဝန်းများက ဆန္ဒမီးတောက်များနှင့် တောက်လောင် နေပေသည်။ ဝေ့ဝူယင်က ၎င်းကို ကိုယ်တိုင်ကိုယ်ကျ ယူခြင်း မပြုချေ။ ပိုင်လင်ကိုသာ ခေါင်းမော့ ပြလိုက်၏။
ပိုင်လင်က ရှေ့သို့ ပျံသန်းသွားကာ ငှက်မွေးကို အကြောက်အလန့် ကင်းမဲ့စွာပင် စုပ်ယူလိုက်၏။ ထို့နောက် တစ်ခါတည်း စားသုံး ပစ်လိုက်သည်။
ဒိတ်... ဒိတ်... ဒိတ်...
ဝေ့ဝူယင်၏ နှလုံးသားထဲမှ လောသည့် ခံစားချက်မှာ ပိုမို ပြင်းထန်လာခဲ့၏။ အမှောင် ဟင်းလင်းပြင်၏ အဝေး တစ်နေရာကို လှမ်းကြည့်ရင်း သူ့ မျက်လုံးများက ကျဉ်းမြောင်း သွားခဲ့သည်။
“လာနေပြီ...”
ခရာတိုက ဟိန်းလိုက်၏။
“ဒီနေရာက ထွက်ကြမယ်...”
ဝေ့ဝူယင်က အော်ဟစ်လိုက်ရင်း ပိုင်လင်၏ ကျောပေါ်သို့ ခုန်တက်လိုက်၏။ မာ့ကျန်း၊ ဟန်ယုဟိုင်နှင့် ဟုန်ယန်လျဲ့လန်တို့မှာ အံ့သြသွားကြသည်။ သို့သော်လည်း မာ့ကျန်းမှာ ဝေ့ဝူယင်၏ ဆုံးဖြတ်ချက် အပေါ် တုန့်ဆိုင်းနေခြင်း မရှိပါချေ။
လူအိုကြီးက ချက်ချင်းပင် လမ်းစဉ်ကိုးခု လျှို့ဝှက် အာဏာရှင် အဆင့် အော်ရာကို ထုတ်ဖော်လိုက်ကာ ဟန်ယုဟိုင်၊ ဟုန်ယန်လျဲ့လန်၊ ပိုင်လင်နှင့် ဝေ့ဝူယင်တို့ကို ဖမ်းဆုပ်လိုက်၏။ ထိုအခိုက်အတန့် ကလေးတွင်ပင် မြေကြီး ရှန့်ထို အားလုံးမှာ ဝေ့ဝူယင်နှင့် အလားတူ ခံစားချက်ကို ခံစားလိုက်ကြရသည်။ အားလုံး၏ မျက်လုံးများက ထိတ်လန့် တုန်လှုပ်မှုများဖြင့် ပြည့်နှက် သွား၏။ အစစ်အမှန် မွေးဖွားခြင်းက လူများ ရောက်ရှိလာပြီလော။
မာ့ကျန်း မတုန့်မဆိုင်းပင် အာကာသ ရွှေ့ပြောင်းခြင်း ကျင့်စဉ်ကို အသက်သွင်းလိုက်သည်။
ဘုန်း...
သူတို့ ငါးယောက်စလုံး ငွေရောင် အလင်းတန်းများ အဖြစ် ပြောင်းလဲသွားကာ ထိုနေရာမှ ပျောက်ကွယ်သွားကြ၏။
မိနစ် အနည်းငယ် ကြာပြီးနောက် အလွန် ပြင်းထန်သည့် အာကာသလှိုင်းများမှာ သူတို့ ရပ်တန့်ခဲ့သည့် နေရာတွင် ပေါ်ထွက် လာခဲ့လေသည်။ ပြန်လည် ပျောက်ကွယ်သွားသည့် အချိန်မတိုင်ခင် အထိ ၎င်းတို့မှာ အရှိန်အဟုန် ပြင်းထန်စွာဖြင့် ကြီးထွားလာခဲ့၏။
၎င်းတို့ထံမှ မြွေတွန်သံကဲ့သို့ လေချွန်သံများ ထွက်ပေါ်လာကာ အမှောင်ဟင်းလင်းပြင် တစ်ခုလုံးကို ပျံ့နှံ့သွား၏။ အကယ်၍ တစ်စုံတစ်ယောက်သာ ထိုအသံကို ကြားပါက ပြင်းထန်သည့် ဒေါသ အငွေ့အသက်များနှင့် ပြည့်နှက်နေကြောင်း သတိထားမိလိမ့်မည် ဖြစ်၏။
...
ဟူး...
ငွေရောင် အလင်းတန်း တစ်ခုမှာ အမှောင် ဟင်းလင်းပြင်ကို ဖြတ်သန်းကာ အရှိန်အဟုန် ပြင်းစွာဖြင့် ဖြတ်သန်း သွား၏။ ၎င်းက မျက်တောင်တစ်ခပ်စာ အတွင်းမှာပင် ထူးဆန်းသော နေရာများ၊ ဂြိုဟ်အသိုက်များ၊ သေဆုံးနေသည့် နေကြယ်များ၊ တစ်ခြမ်းပဲ့လများကို ဖြတ်ကျော်သွားသည်။ ထူးဆန်းသည့် ဖြစ်စဉ်များစွာကို ကျော်လွန်ပြီးနောက် ငွေရောင် အလင်းတန်းမှာ မဟာစက်ဝန်း ကြယ်ကွင်းပြင်၏ အစွန်အဖျားတွင် ရပ်တန့် သွားခဲ့၏။
လူအိုကြီး တစ်ယောက်က လက်ကို ဝှေ့ယမ်းကာ ငွေရောင် အလင်းတန်းများကို ရုတ်သိမ်းလိုက်၏။ ငွေရောင် အလင်းတန်းများက လျှင်မြန်စွာပင် ပြိုကွဲသွားကာ နောက်ထပ် ပုံရိပ် လေးခု ဖြစ်ပေါ်လာခဲ့သည်။ လက်ကို ပြန်လည် ချလိုက်သော အခိုက်၌ လူအိုကြီး၏ လက်များက အနည်းငယ် တုန်ရီနေကြောင်း တွေ့မြင်ရလိမ့်မည် ဖြစ်သည်။
ဟုန်ယန်လျဲ့လန်၏ မျက်လုံးများမှာ ပြူးကျယ်နေကာ ခန္ဓာကိုယ် တစ်ခုလုံး တုန်ခါနေသည်။ သူမက မာ့ကျန်းကို မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်မိ၏။
“အဟွတ်... အဟွတ်...”
ဟန်ယိုဟိုင်ကတော့ ချောင်းများ ဆိုးလိုက်ရသည်။ သူ၏ မျက်နှာ တစ်ခုလုံးမှာ စက္ကူတစ်စနှယ် ဖြူရော်နေ၏။ မာ့ကျန်း၏ အာကာသ ရွှေ့ပြောင်းခြင်းက အလွန်ပင် အစွမ်းထက်လွန်းကာ သေမျိုးတစ်ယောက် အလင်းထက် မြန်သည့် နှုန်းဖြင့် ခရီးသွားရသလိုပင် ခံစားခဲ့ရသည်။ ပို၍ဆိုးသည်က ထိုသေမျိုးမှာ အစောကတည်းက ဒဏ်ရာ အကြီးအကျယ် ရရှိထားခဲ့ခြင်း ဖြစ်သည်။
လူသား လေးယောက်ထဲ၌ ဝေ့ဝူယင်မှာ တည်ငြိမ်မှု ရှိသည့် တစ်ဦးတည်းသော ပုဂ္ဂိုလ် ဖြစ်သည်။ အစစ်အမှန် နဂါး သွေးမျိုးဆက်ကြောင့် မည်သည့် အာကာသ ခရီးသွားလာမှုကို မဆို သူ ချိန်ညှိနိုင်ပေသည်။
ပိုင်လင်ကတော့ မျက်လုံးများကို မှိတ်ထားကာ ရွှေရောင် မီးတောက်များမှာ သူမ ခန္ဓာကိုယ်ကို ဝန်းရံထား၏။ သူမက ပတ်ဝန်းကျင်ကို သတိပြုမိဟန်ပင် မရပဲ ငှက်မွေးအား ချေဖျက်ရန် တစ်ခုတည်းကိုသာ အာရုံစိုက် ထားပေသည်။
“အဲဒါက ဘာလဲ...”
မာ့ကျန်းက ဝေ့ဝူယင်ကို မေးလိုက်၏။ ပထမ၌ ထိုအရာက အစစ်အမှန် မွေးဖွားခြင်း၏ လှုပ်ရှားမှု တစ်ခုဟု သူ ထင်မှတ် နေခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း... သူခံစားခဲ့ရသည့် ခံစားချက်က အလွန်ပင် ပြင်းထန်လွန်းသည်။ မသိပါက လောကရှန့်ထို တစ်ယောက် ရောက်ရှိလာသလိုမျိုးပင်။
“ဘာဖြစ်ရမှာလဲ... ရှင်ပဲ ကျွန်မတို့ကို ဒီနေရာ ခေါ်လာခဲ့တာ မဟုတ်ဘူးလား...”
ဟုန်ယန်လျဲ့လန်က ဒေါသတကြီး လေသံဖြင့် ပြောလိုက်၏။ သို့သော်လည်း... သူမ၏ မျက်လုံးများက မာ့ကျန်းကို ထူးဆန်းစွာပင် စိုက်ကြည့် နေခဲ့သည်။
ယခုမတိုင်ခင် အချိန်အထိ သူမမှာ မာ့ကျန်းကို သေမျိုးတစ်ပိုင်း အရှင် အဆင့် တစ်ယောက် အဖြစ် သိထားခဲ့ခြင်း ဖြစ်သည်။ ရှန်းကျီးကျိနှင့် တိုက်ပွဲ၌ မာ့ကျန်းမှာ လျှို့ဝှက် ရည်ရွယ်ချက်လိုမျိုး စွမ်းအားကို ထုတ်သုံးခဲ့သည့်တိုင် ပြိုင်စံရှား ရတနာ တစ်ခု ဟုသာ ထင်မှတ်နေခဲ့ခြင်း ဖြစ်သည်။ သူက မြေကြီး ရှန့်ထို တစ်ယောက် ဖြစ်ကြောင်း သူမ ဘယ်တုန်းကမှ မသိခဲ့ချေ။
မာ့ကျန်းက ဖြူရော်စွာ ပြုံးလိုက်၏။ အင်ပါယာ မျိုးနွယ်နှင့် အစစ်အမှန် ဒြပ်စင်ဂိုဏ်းမှ လွဲ၍ သူ၏ အစစ်အမှန် ကျင့်ကြံခြင်း အဆင့်ကို မည်သူမှ မသိခဲ့ကြချေ။ သူ ကိုယ်တိုင်ကလည်း ထိုကဲ့သို့ ထင်အောင် ရတနာများဖြင့် ဖုံးကွယ် ထားခဲ့ခြင်း ဖြစ်သည်။
ဝေ့ဝူယင်ကတော့ မျက်မှောင်ကြုတ်ကာ ပိုင်လင်ကို အသေအချာ စစ်ဆေးနေဆဲ ဖြစ်သည်။ နောက်ဆုံး၌ သူက သက်ပြင်းတစ်ချက် ချလိုက်၏။ ပိုင်လင်မှာ တတိယမြောက် နိဗာန အသွင်ပြောင်းခြင်း အဆင့်ကို ဝင်ရောက်ခြင်း မရှိသေးပါချေ။ သူမက ငှက်မွေးထဲမှ အကြွင်းအကျန် စွမ်းအင်များကို စုပ်ယူရင်း ခွန်အားကို မြှင့်တင်ဖို့ ကြိုးပမ်းနေခြင်းသာ ဖြစ်ပေသည်။
ဝှစ်...
ဝေ့ဝူယင် ဟင်းလင်းပြင် အင်အားဖြင့် ပိုင်လင်ကို ရစ်ပတ်လိုက်၏။ ထိုနည်းဖြင့် သူမမှာ ပြင်ပ အနှောက်အယှက် မရှိပဲ လွတ်လပ်စွာ ကျင့်ကြံနိုင်လိမ့်မည် ဖြစ်သည်။
***