← Chapters

မာ့ကျန်းနှင့် ဟုန်ယန်လျဲ့လန်

Vol. 71 Ch. 990

မာ့ကျန်းနှင့် ဟုန်ယန်လျဲ့လန်

Vol. 71 Ch. 990

“ရှင် ဘယ်တုန်းက မြေကြီး ရှန့်ထို ဖြစ်သွားတာလဲ...”

ဟုန်ယန်လျဲ့လန်က မေးလိုက်၏။ မာ့ကျန်းမှာ စကားလုံး တစ်လုံးချင်းစီမှ ပြင်းထန်သည့် ဖိအားများကို ခံစားလိုက်ရသည်။

ဟန်ယုဟိုင်မှာ ဒဏ်ရာများကို ကုသရန် ကြိုးပမ်းနေချိန်တွင် ဟုန်ယန်လျဲ့လန်၏ ကျယ်လောင်သော အသံကြောင့် စိတ်အနှောက်အယှက် ဖြစ်သွား၏။

“ခင်ဗျားနဲ့ ဘာဆိုင်လဲ...”

သူက ခပ်တင်းတင်း ဝင်ပြောလိုက်သည်။ သူတို့ ဆွေးနွေးချင်လျှင်ပင် လျှို့ဝှက်အာရုံဖြင့် ဆွေးနွေး၍ မရသည်လော။

ဟုန်ယန်လျဲ့လန်က ဟန်ယုဟိုင်ကိုပါ ရန်လိုစွာဖြင့် ကြည့်လိုက်၏။

“တိတ်တိတ်နေ... လူကြီးတွေ စကားပြောနေတယ်”

ထို့နောက် သူမက မာ့ကျန်းကိုသာ ထက်ရှစွာ ပြန်ကြည့်လိုက်သည်။ ဟန်ယုဟိုင်မှာ ဘာပြန်ပြောရမှန်း မသိ ဖြစ်သွားခဲ့၏။ မာ့ကျန်းမှာ သူ့ထက် နှစ်နှစ်သောင်းကျော် ကြီးလေရာ လူကြီး ဖြစ်သည်။ သို့သော်လည်း ဟုန်ယန်လျဲ့လန်ကတော့ သူ့ထက် နှစ်တစ်ထောင်ကျော် နှစ်ထောင်လောက်သာ ကြီးပေလိမ့်မည်။ သူမက လူကြီး မဟုတ်ချေ။

ဟုန်ယန်လျဲ့လန် အမှန်တကယ် ရည်ညွှန်းချင်သည့် လူကြီး ဆိုသည်က အသက်အရွယ်ကို မဟုတ်ပဲ ခွန်အားကိုသာ ဖြစ်ကြောင်း ဟန်ယုဟိုင် သိပေသည်။ သူမက သူ့အားနည်းမှုကို လှောင်ပြောင်နေခြင်းသာ ဖြစ်ပေသည်။

သူ တုန့်ပြန်ရန် ဟန်ပြင်လိုက်စဉ်မှာပင် ဝေ့ဝူယင်က မာ့ကျန်း၏ မေးခွန်းကို ပြန်လည် အဖြေပေးလိုက်၏။

“ကျုပ်ကလည်း ခင်ဗျားသိမယ် ထင်နေတာ...”

မျက်လုံးများထဲမှ ကြောက်လန့်မှုများအရ မာ့ကျန်းသည်လည်း ထိုအရာကိုလည်း ခံစားခဲ့ရကြောင်း ထင်ရှားပေသည်။ ဆက်စပ်မှု အာကာသ ဝိညာဉ်နှင့် အတူ လူအိုကြီးမှာ သူ့ထက် ရှင်းလင်းစွာပင် ခံစားရနိုင်ကြောင်း ဝေ့ဝူယင် တွက်ဆ ထားခဲ့ခြင်း ဖြစ်သည်။

မာ့ကျန်းက ခေါင်းခါလိုက်၏။ အနှစ်သုံးသောင်း နီးပါး သက်တမ်း အတွင်း ထိုကဲ့သို့ ဖြစ်စဉ်မျိုး သူ တစ်ခါမှ မကြုံတွေ့ဖူးချေ။

“ဘာကို သိတာလဲ...”

ဝေ့ဝူယင်နှင့် မာ့ကျန်းတို့၏ စကားဝိုင်းကြောင့် ဟန်ယုဟိုင်၏ ဒေါသများမှာ စိတ်ဝင်စားမှုများနှင့် အစားထိုး သွားသည်။

အစပိုင်းတုန်းက သူသည်လည်းပဲ မာ့ကျန်းလိုပင် အစစ်အမှန် မွေးဖွားခြင်း၏ တိုက်ခိုက်မှု တစ်ခုဟု ထင်မှတ် ထားခဲ့ခြင်း ဖြစ်သည်။ ထိုအရာက အစစ်အမှန် မွေးဖွားခြင်း၏ တိုက်ခိုက်မှု မဟုတ်သည်လား။ ဝေ့ဝူယင်နှင့် မာ့ကျန်းတို့က အဘယ်ကြောင့် သတ္တဝါ တစ်ကောင်သဖွယ် ပြောနေရသနည်း။

"ရှင်ဘယ်တုန်းက မြေကြီး ရှန့်ထို ဖြစ်သွားတာလဲ...”

ထိုအခိုက်တွင်ပင် ဟုန်ယန်လျဲ့လန်မှာ နှောင့်ယှက်လာပြန်၏။ သူမက စောစောပိုင်းက အဖြစ်အပျက်ထက် မာ့ကျန်း မြေကြီး ရှန့်ထို ဖြစ်သွားသည်ကိုသာ ပိုမို စိတ်ဝင်စားနေဟန် ရသည်။ မိန်းမများကား တကယ် ခက်လှသည်။

ဝေ့ဝူယင် သူမကို နားမလည်နိုင်ဟန်ဖြင့် ကြည့်လိုက်မိ၏။ မာ့ကျန်းကလည်း သူမဘက်ကို မျက်မှောင်ကြုတ်ကာ လှည့်ကြည့်လိုက်သည်။

“ငါတို့ နောက်မှ ပြောကြမယ်”

သို့သော်လည်း... ကံဆိုးစွာပင် ဟုန်ယန်လျဲ့လန်၏ ဒေါသများက အရှိန်အဟုန်ဖြင့် ပိုမို၍သာ တိုးလာ နေခဲ့၏။

“အခုပြော...”

သူမက တင်းမာစွာဖြင့် အော်ဟစ်လိုက်လေ၏။ ဟန်ယုဟိုင်က ခေါင်းခါလိုက်ရင်း ပိုင်လင်ဘက်ကို လှည့်ကြည့်လိုက်သည်။

ပိုင်လင်၏ ခန္ဓာကိုယ်ကို ထူးဆန်းသည့် အာကာသ စွမ်းအင်များဖြင့် ရစ်ပတ်ထားကြောင်း သူ သတိထားမိလိုက်၏။ ထိုစွမ်းအင်က ဝေ့ဝူယင် ဟင်းလင်းပြင် ပေါ်တယ်များ ဖန်တီးရာ၌ အသုံးပြုသည့် စွမ်းအင်နှင့် ဆင်တူကြောင်း သူ ခံစားမိလိုက်သည်။ ထိုအရာက အစီအရင်၊ အဆောင် တစ်ခုခုမှ မဟုတ်ပဲ ဝေ့ဝူယင် ပိုင်ဆိုင်သည့် စွမ်းအင် ဖြစ်ကြောင်း ရှင်းလင်းပေသည်။ ထို့အပြင်... ၎င်းစွမ်းအင်ထံမှ ဟိန်းသံ တစ်ခု ထွက်ပေါ်နေသလို သူ ခံစားရ၏။

‘ထူးဆန်းတယ်..’

ဟန်ယုဟိုင် စိတ်ထဲမှ အံ့သြစွာဖြင့် မှတ်ချက်ချလိုက်မိသည်။ အခြားတစ်ဖက်၌ လူအိုကြီး မာ့ကျန်းမှာတော့ ဟုန်ယန်လျဲ့လန်၏ ဒေါသများကြောင့် အခက်တွေ့ နေခဲ့လေသည်။

“လွန်ခဲ့တဲ့ နှစ်ဝက်လောက်က... ငါ နောက်မှ ရှင်းပြပါမယ်ဆို”

“လွန်ခဲ့တဲ့ နှစ်ဝက်က...”

ဟုန်ယန်လျဲ့လန်၏ အမူအရာက အံ့အားသင့် သွားပုံ ပေါ်၏။ ဤသို့ဆိုလျှင် နန်းတော်သခင် ပြိုင်ပွဲ မတိုင်ခင်ပေါ့။ သူက ထိုအချိန်ကတည်းက မြေကြီး ရှန့်ထို ဖြစ်နေခဲ့သည်လား။ သူမက မာ့ကျန်းကို သည်းကြီးမည်းကြီး စိုက်ကြည့် လိုက်၏။

ဝေ့ဝူယင်မှာ မာ့ကျန်းနှင့် ဟုန်ယန်လျဲ့လန်တို့ကို ကြည့်ရင်း ဘတ်ငွေ ဘတ်ထားသည့် ယောက်ျားကို ဇနီးမယားက တစောင်းမည်းမည်း ဖြစ်နေသည်နှင့် ဆင်တူသလို ‌တွေးလိုက်မိသည်။ သူ သက်ပြင်းတစ်ချက်သာ ချလိုက်မိ၏။

“ကျုပ်လည်း အာရုံခံ မရဘူး...”

တစ်ခဏ ကြာပြီးနောက် ခရာတိုက ပြောလိုက်၏။ ၎င်းက မည်သည့် သတ္တဝါဖြစ်စေ... အလွန်တရာ ကြောက်ဖို့ ကောင်းတာတော့ သေချာသည်။ ထို့အပြင်... ၎င်းက သူတို့နှင့် အလွန်ပင် နီးကပ် သွားခဲ့သည်။

"ဒါပေမဲ့... ကျုပ် အထင်ပြောရရင် အဲဒီ ကောင်ကြီးက ကျုပ်တို့နဲ့ အာကာသ အလွှာ တစ်ခုတည်းက မဟုတ်ဘူး... သီးခြား အာကာသ အလွှာ တစ်ခုမှာ ရှိနေတာ...”

ခရာတိုက စဉ်းစားဟန်ဖြင့် ပြောလိုက်၏။ ဝေ့ဝူယင် တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။ ဟင်းလင်းပြင်၊ အာကာသတို့နှင့် ပတ်သက်ပါက ခရာတို၏ အမြင်ကို သူ ဘယ်တော့မှ လျှော့မတွက်ရဲပါချေ။

“အဲဒါက ဘာလဲ...”

ဝေ့ဝူယင် မေးလိုက်၏။ ထိုထူးဆန်းသော ဖြစ်တည်မှုမှာ သူ့ကို နှစ်ကြိမ် တိုင်တိုင် တွေ့ရှိခဲ့သည်။ ၎င်းက သူ့ကို ခြေရာခံနေသလော။ ခြေရာခံနေသည် ဆိုလျှင်ရော မည်ကဲ့သို့နည်း။ သူ၏ သွေးမျိုးဆက် ရနံ့ ကြောင့်လော။

“...”

ခရာတိုက မဖြေချေ။ သူ ထိုအရာကို မသိတာ ရှင်းလင်းလှပေသည်။

“ရှင် ကျွန်မနဲ့ မီးတောက်ခြောက်ခု ကြယ်တာရာ နယ်မြေကို ပြန်လိုက်ရမယ်...”

ထိုအခိုက်တွင်ပင် ဟုန်ယန်လျဲ့လန်၏ အသံ နောက်တစ်ကြိမ် ထွက်ပေါ်လာ၏။ ဝေ့ဝူယင် လှည့်ကြည့်လိုက်တော့ မာ့ကျန်းက မျက်မှောင်ကြုတ်နေတာ တွေ့လိုက်ရသည်။

“ခင်ဗျားတို့ကြားမှာ ဘာကိစ္စတွေ ရှိနေတာလဲ... ဖြေနိုင်မှ ဖြေပါ”

ဝေ့ဝူယင် မာ့ကျန်းကို မေးလိုက်၏။ လူအိုကြီးက ဖုံးကွယ်ခြင်း မပြုပါချေ။ လျှို့ဝှက် ဝိညာဉ်နှင့် ဆက်သွယ်ကာ ရှင်းပြလိုက်သည်။

“မာ့ဆုကျင်း မမွေးခင် အချိန်တည်းက နန်းတော်ကို ပြန်ယူဖို့ ကျုပ် စီစဉ်ထားခဲ့တာ... ဒါပေမဲ့ ထိုင်ခုံကို ယူဖို့ အတွက် ဆိုရင် သဘောတူညီချက် တစ်ခု ပြဖို့ လိုတယ်... ဒီအတွက် မီးတောက်ခြောက်ခု ကြယ်တာရာ နယ်မြေနဲ့ ကျုပ် ပူးပေါင်းဖို့ သဘောတူခဲ့တယ်... နန်းတော်ကို ရယူဖို့တော့ အခြေအနေ နှစ်ခု ရှိတာပေါ့လေ... ပထမ တစ်ခုက ကျုပ်နဲ့ မီးတောက်ခြောက်ခု ကြယ်တာရာ နယ်မြေရဲ့ သွေးသားကို ကျုပ် သေပြီးတဲ့ နောက်မှာ နန်းတော်သခင် ဖြစ်လာဖို့... နောက်တစ်ခုက ကျုပ် သက်တမ်း အတွင်း နန်းတော်သခင် ဖြစ်လာရင် လက်ထပ်ဖို့”

ဝေ့ဝူယင်က ခေါင်းတစ်ချက် ညိတ်လိုက်၏။ မာ့ဆုကျင်း၏ မူလဇစ်မြစ် အကြောင်းကို မာ့ကျန်းထံမှ သူ ကြားခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း... ထိုကဲ့သို့ ရှုပ်ထွေးသည့် နောက်ဆက်တွဲများ ရှိနေလိမ့်ဦးမည်ဟု သူ ထင်မှတ် မထားခဲ့ပါချေ။

“ခင်ဗျား ဝိညာဉ်ကျိန်ဆိုခဲ့တာပေါ့...”

“ဟုတ်တယ်...”

မာ့ကျန်းက မငြင်းပါချေ။ ဝေ့ဝူယင်မှာ အနည်းငယ် နားမလည် ဖြစ်သွားခဲ့၏။ ဤသို့ဆိုလျှင် အဘယ်ကြောင့် ခက်ခဲနေမည်နည်း။ လက်ထပ်ရန် တာဝန်ရှိသည် ဆိုလျှင်လည်း လက်ထပ် လိုက်ရုံသာ ရှိသည်။ ငြင်းနေလို့ရော ဘာထူးမည်နည်း။

နေဦး...။

“ခင်ဗျားရဲ့ သက်တမ်း အတွင်း ဟုတ်လား...”

ဝေ့ဝူယင်မှာ မျက်ခုံးကို ပင့်လိုက်၏။ မာ့ကျန်းက ခေါင်းညိတ်ပြလိုက်သည်။ ဝေ့ဝူယင် သဘောပေါက် သွားခဲ့၏။ ယခုဆိုလျှင် မာ့ကျန်းမှာ လျှို့ဝှက် အာဏာရှင် စတုတ္ထအဆင့်ကို တက်လှမ်း သွားခဲ့ပြီ ဖြစ်သည်။ သူ၏ ပထမ သက်တမ်းက ကုန်ဆုံး သွားခဲ့ပြီ ဖြစ်သည်။ ဤသို့ဆိုလျှင် ကျိန်စာကို ထိုယိုပေါက်ကို အသုံးပြု၍ ဖျက်လို့ ရပေသည်။

ကြည့်ရသည်က သူမကို လက်ထပ်ရန် သူ့တွင် ဝတ္တရား မရှိတော့ပုံပင်။ သို့သော်လည်း... ဟုန်ယန်လျဲ့လန်ကတော့ ထိုကဲ့သို့ တွေးပုံ မရချေ။

ဝိညာဉ်အာရုံဖြင့် ဆက်သွယ်ပြောဆို နေသည့် ဝေ့ဝူယင်နှင့် မာ့ကျန်းတို့ကို ကြည့်ကာ ဟုန်ယန်လျဲ့လန်၏ အမူအရာက မည်းမှောင်လာ၏။

“ငါ ဘယ်လို လျော်ကြေးမျိုးကိုမှ လက်ခံမှာ မဟုတ်ဘူးနော်”

ဝေ့ဝူယင်နှင့် မာ့ကျန်းတို့က တူညီစွာပင် ပြုံးလိုက်မိကြ၏။ ထိုအမျိုးသမီး၏ ခေါင်းမာမှုကတော့ လက်မှိုင်ချရလောက်အောင်ပင်။

“အေးပါ... ငါတို့ နောက်မှ ထပ်ပြောကြမယ်”

မာ့ကျန်းက ပြောလိုက်၏။ ရှန့်ထို ညီလာခံမှာ မကြာခင် ကျရောက်လာတော့မည် ဖြစ်သည်။ ထိုအတောအတွင်း မည်သည့် ကိစ္စ အပြောင်းအလဲများ ဖြစ်ပျက်ဦးမည် မသိရသေးချေ။ အကယ်၍ စွန်းလီ ရှာတွေ့ထားသည့် အရာသာ အမှန်တကယ် ဆိုပါက...။

ဝေ့ဝူယင်က ပတ်ဝန်ကျင်ကို လှည့်ပတ် အကဲခတ်လိုက်၏။ လက်ရှိ၌ သူတို့မှာ မဟာ စက်ဝန်း ကြယ်ကွင်းပြင်၏ အစွန်အဖျား တစ်နေရာတွင် ရှိနေကြခြင်းဖြစ်သည်။ မာ့ကျန်းမှာ အမြင့်မားဆုံးသော စွမ်းရည်နှင့် အတူ အာကာသ ရွှေ့ပြောင်းလာခဲ့ခြင်း ဖြစ်သည်။

သူတို့ အားလုံး ခွန်အားများကို ပြန်လည် ဖြည့်ပြီးနောက်မှ ဟင်းလင်းပြင် ပေါ်တယ်နှင့် ပြန်ရန် ဝေ့ဝူယင် ဆုံးဖြတ်လိုက်၏။

“ကျုပ်တို့ အနားယူရအောင်...”

ဝေ့ဝူယင်က သူတို့ထံမှ သဘောတူညီမှုကို စောင့်ဆိုင်း မနေပဲ ကြယ်တာရာ အင်အားနှင့် ကောင်းကင်နန်းတော် တစ်ခု ဖန်တီးလိုက်သည်။

ဟုန်ယန်လျဲ့လန်က မျက်မှောင်ကြုတ်လိုက်၏။ သို့သော်လည်း သူမ ဘာမှ မပြောရသေးခင်မှာပင် မာ့ကျန်းက မြေကြီး ရှန့်ထို အဆင့် ကျင့်ကြံခြင်း အခြေခံကို ဖော်ထုတ်ကာ ပတ်ဝန်းကို ဝင်္ကပါ တစ်ခုဖြင့် လွှမ်းခြုံလိုက်သည်။ ရှန့်ထိုညီလာခံကို သွားရန် သူ အလျင်မလိုပါချေ။ ၎င်းက အနည်းဆုံး ငါးနှစ် ကြာမြင့်လိမ့်မည် ဖြစ်သည်။ အရေးအကြီးဆုံး အစိတ်အပိုင်းများကို မလွဲလျော်လျှင် လုံလောက်နေပြီ ဖြစ်သည်။

ဟန်ယုဟိုင်က ဝေ့ဝူယင်တို့၏ ဆုံးဖြတ်ချက်ကို ချွင်းချက် မရှိ သဘောတူလိုက်၏။ သူနှင့် ကျန်းကျိရီတို့ နှစ်ယောက်စလုံးမှာ ဒဏ်ရာ အပြင်းအထန် ရထားပေသည်။ ထိုအခြေအနေဖြင့် ရှန့်ထို ညီလာခံကို သူ မသွားချင်ပေ။ သူတို့အတွက် အနားယူချိန် လိုအပ်ပေသည်။

သူက လျှို့ဝှက် စွမ်းအင်ဖြင့် မိုင်တစ်ရာလောက် ကျယ်ကာ တစ်မိုင်ခန့် ထူသည့် ကုန်းမြေတိုက်ကြီး တစ်ခုကို ဖန်တီးလိုက်သည်။ ထို့နောက် ၎င်း၏ အလယ်ဗဟို၌ ထိုင်ချကာ သစ်သားနှင့် ယန်စွမ်းအင်များကို သုံး၍ စတင် ကျင့်ကြံလိုက်တော့သည်။

ဟုန်ယန်လျဲ့လန်၏ မျက်လုံးများမှာ ပိုမို၍ ကျဉ်းမြောင်းလာ၏။ လက်ရှိ အခြေအနေက သူမ မဖြစ်သနေ လက်ခံရတော့မည့် သဘောမျိုး ဖြစ်သည်။ သို့သော်လည်း သူမက အဝေးသို့ သွားခြင်း မပြုပဲ မာ့ကျန်း အနားတွင်သာ ကပ်နေတော့၏။ လူအိုကြီးကို သူမ မျက်လုံးအောက်မှ အပျောက်မခံနိုင်တော့ပုံပင်။

***

All Chapters